ရှဲ့လင်ဖုန်း "ငါကျင့်ကြံတာက အတုအယောင်သိုင်းပညာလား(၂)"
Vol. 7 Ch. 97
ဟူရှန်း၏ နှုတ်ခမ်းများက တုန်ရီနေ၏။ သူ၏ မျက်နှာက ထိတ်လန့်မှုဖြင့် ဖြူရော်နေကာ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်နေပါသည်။
ဤသည်မှာ သူ၏ မူလဖန်တီးမှု ဖြစ်၏။ ယခုအချိန်၌ အသုံးပြုရုံသာ ရှိသေးသည်။ တစ်ဖက်လူက ချက်ချင်း ခိုးယူသွားသည်လား။
ထို့အပြင် အသုံးပြုမှုမှာလည်း သူ့ထက်ပိုမို ကောင်းမွန်ကာ သန်မာနေပါသည်။ ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်သနည်း။ ယခုကဲ့သို့သော စွမ်းရည်မျိုးနှင့် လောကရှိ ဓားသမားများ အကြားတွင် သူ့ကိုယှဉ်ပြိုင်နိုင်သူ မည်သူ ရှိမည်နည်း။ မည်သူက သူ့ကို ဆန့်ကျင်ကာ ဓားထုတ်ရဲမည်နည်း။
အဆင့်ပိုမိုမြင့်မားကာ အကြွင်းမဲ့ စွမ်းအားနှင့် နင်းချေမှုသာ မဟုတ်ပါက အဆင့်တူတွင် သူက ပြိုင်ဘက်ကင်းနေမှာပါ။
"မဟုတ်ဘူး.."
တစ်ဖက်လူသည် အဆင့်များကို ကျော်လွန်ကာပင် တိုက်ခိုက်နိုင်လောက်ပါသည်။
ထိုအချိန်၌ ရွှီယန်၏ စကားများအား အမှန်တကယ် ဖြစ်သည်ဟု သူ့အနေနှင့် ယုံကြည်လာခဲ့သည်။ သူ၏ ဓားသိုင်းကို နေရာမှာတင် သင်ကြားကာ စိတ်ကြိုက်အသုံးပြုခဲ့၏။
ရှဲ့လင်ဖုန်းမှာ အနည်းငယ် စိတ်ဓာတ်ကျစွာ ရှိနေပါသည်။ ဒီတိုက်ပွဲက သူ့ကိုကြီးစွာ ထိုးနှက်မှု ဖြစ်စေခဲ့၏။ သူ၏ ဘဝကို စတင် မေးခွန်းထုတ်လာမိသည်။
ဓားလမ်းစဉ်အတွက် ယုံကြည်မှုအပြည့်ရှိခဲ့သည့် သူ၏ပါရမီက စတင်ယိုင်နဲ့လာခဲ့သည်။
ခဏအကြာမှ သူ၏စိတ်တို့ အနည်းငယ် ပြန်လည် တည်ငြိမ်လာ၏။ ဓားကို ဓားအိမ်အတွင်းသို့ ထည့်ကာ အသက်ကို နက်ရှိုင်းစွာရှူပြီး ဦးညွှတ်သည်။
"ညီလေးရွှီ.. ငါရှုံးပါတယ်.."
သူ့အနေနှင့် အမှန်တကယ် ရှုံးနိမ့်ခြင်း မရှိသေးပေမယ့် တစ်ဖက်လူအား အနိုင်ယူနိုင်မည် မဟုတ်ကြောင်းကို ရှဲ့လင်ဖုန်း သိပါသည်။ သူ၏ ဓားသိုင်းကို တစ်ဖက်လူက လုံးဝနားလည်နေပြီး ဖြစ်၏။ သူကား ပိုမိုသန်မာသည့် သိုင်းအဆင့်အပေါ်သာ မှီခိုပြီး မရှုံးနိမ့်အောင် နေနိုင်ပေတော့မည်။
"မင်းမရှုံးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါမင်းကို အနိုင်ယူနိုင်သေးတာမှ မဟုတ်တာ.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ရိုးသားစွာ ပြောသည်။
ရှဲ့လင်ဖုန်းက သန်မာပါသည်။ သူ၏ ဓားပညာက အလွန်ကျွမ်းကျင်ပြီး ယခုအချိန်၌ လိုအပ်နေသည်မှာ သန့်စင်သည့် ဓားနှလုံးသားသာ ဖြစ်သည်။
သူသည် ရှဲ့လင်ဖုန်း၏ ဓားသိုင်းမှ အားနည်းချက်များကို တွေ့မြင်နိုင်ပေမယ့် လက်ရှိခွန်အားနှင့် ခဏတာ ပေါ်လာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားတတ်သည့် အခွင့်အရေးများကို ဖမ်းဆုပ်နိုင်မည်ဟု အာမခံနိုင်ခြင်း မရှိပေ။
ထို့အပြင် ရှဲ့လင်ဖုန်းမှာ ပြောင်းလဲမှုများကို ရင်ဆိုင်ရာ၌ ထူးချွန်သည့် လူတစ်ယောက် ဖြစ်၏။ သူ့အနေနှင့် အားနည်းချက်ကို ဖမ်းဆုပ်ကာ တန်ပြန် တိုက်ခိုက်နိုင်လျှင်တောင် ရလဒ်မှာ အနိုင်ယူနိုင်ခြင်း သေချာပေါက် ဖြစ်နေမည် မဟုတ်ပါ။
သို့ရာတွင် တကယ်တမ်း တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားပါက ရွှီယန်သည် နောက်ဆုံးတွင် အနိုင်ရနိုင်သည်ဟု ခံစားရဆဲ ရှိ၏။
သို့ပေမယ့် ယခုအချိန်၌ ရန်သူက စိတ်ဓာတ်ကျနေပြီးဖြစ်ရာ တစ်ဖက်လူအတွက် ထွက်ပေါက်တစ်ခုကို ချန်ထားပေးတာ ပိုကောင်းပါသည်။
ရှဲ့လင်ဖုန်းက ခါးသက်သည့် အပြုံးတစ်ခုဖြင့် ပြုံးသည်။ သူ၏ ဓားသိုင်းကို တစ်ဖက်လူက လုံးဝ နားလည်နေ၏။
ဤသည်မှာ သူ့အတွက် အနိုင်ယူရန် မဖြစ်နိုင်သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ရှုံးနိမ့်ခြင်းသာ ဖြစ်ပွားလာနိုင်ခြေရှိပြီး အချိန်တစ်ခုသာ လိုအပ်မှာပါ။
ရွှီယန်က သူ့ကို နှစ်သိမ့်နေခြင်းသာ ဖြစ်၏။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရှဲ့လင်ဖုန်းက ပြောသည်။
"ငါအသက်၆နှစ်မှာ ဓားသိုင်းကို စပြီးတော့ သင်ယူခဲ့တယ်။ နှစ်၂၀ကြာပြီးတဲ့နောက်မှာ ဓားသခင်ချောက်ကမ်းပါးမှာ နှစ်၁၀၀၀မှ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင် တစ်ယောက်လို့ အမည်တွင်ပြီး အငယ်ဆုံး ဓားသခင်တစ်ယောက် ဖြစ်လာခဲ့တယ်.."
"အတွင်းဘက်နယ်မြေမှာ ငါနဲ့မျိုးဆက်တူထဲမှာ ငါ့ကိုအနိုင်ယူနိုင်တဲ့လူ မရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ညီလေးရွှီနဲ့ တိုက်ပွဲတစ်ခု အပြီးမှာ လူတစ်ယောက်ထက် သာတဲ့လူက အမြဲတမ်း ရှိနေဦးမယ် ဆိုတာကို နားလည်လာခဲ့တယ်.."
"ဒါပေမယ့် ငါ့ရဲ့စိတ်ထဲမှာ သံသယတွေ အများကြီး ရှိနေတယ်။ ညီလေးရွှီက ညွှန်ကြားပေးနိုင်မလား မသိဘူး.."
ရွှီယန်က ခဏတာ စဉ်းစား၏။ ရှဲ့လင်ဖုန်း၏ ပြောဆိုဆက်ဆံပုံက ရီမွန်ကာ မောက်မာခြင်း မရှိပေ။
ရွှီယန်လည်းပဲ တစ်ဖက်လူဆီမှ အတွင်းဘက်နယ်မြေ၏ အကြောင်းများကို သိရှိလိုနေ၏။ သူသည် အနာဂတ်တွင် ထိုနေရာသို့ သွားရောက်လှည့်ပတ်ရန် ပြင်ဆင်ထားသည်။
ထို့ကြောင့် ခေါင်းငြိမ့်ကာ ပြော၏။
"ကောင်းပြီလေ.."
ရှဲ့လင်ဖုန်းက ရွှီယန်ကို စိုက်ကြည့်ပြီးနောက် မေးသည်။
"ညီလေးရွှီ.. မင်းက စွန့်ပစ်ဒေသရဲ့ ဒေသခံ တစ်ယောက်လား.."
ရွှီယန်က ပြုံးကာ ပြော၏။
"မင်းမေးချင်တာကို ငါသိတယ်။ ဖြေဖို့လည်း ပြဿနာမရှိပါဘူး။ ငါက မင်းတို့ပြောတဲ့ စွန့်ပစ်ဒေသက လူတစ်ယောက်ပဲ.."
"ငါဘယ်လိုလုပ်ပြီး သိုင်းသမားတစ်ယောက် ဖြစ်လာလဲလို့ မင်းသေချာပေါက် မေးချင်နေတယ်မလား.."
"စွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီမရှိဘူး။ အဲ့ဒါကြောင့် သိုင်းပညာရှင်တစ်ယောက် အဖြစ် ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်မလား.."
ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်ကာ ပြောသည်။
"အတိအကျပဲ.."
သူက လုံးဝ နားမလည်နိုင်အောင် ဖြစ်နေပါသည်။
စွန့်ပစ်ဒေသတွင် သိုင်းသမားတစ်ယောက် ရှိနေပြီးခွန်အားကလည်း အလွန် သန်မာလွန်းလှ၏။
"စစ်မှန်တဲ့ သိုင်းပညာက ဘယ်နေရာမှာပဲဖြစ်ဖြစ် လောကရဲ့ ချည်နှောင်မှုကို မခံရဘူး။ ဒီလောကကြီးမှာ လင်းကျီမရှိရင်တောင် ကိုယ့်ကိုယ်ကို တံတားအဖြစ် အသုံးပြုပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်မှုပြုနိုင်တယ်။ အဲ့ဒါဆိုရင် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်တယ်..."
ရွှီယန်က လေးနက်စွာ ပြောသည်။
"စစ်မှန်တဲ့ သိုင်းပညာ.."
ရှဲ့လင်ဖုန်း၏ မျက်ခုံးများက ကြုံ့သွား၏။
စစ်မှန်သော သိုင်းပညာဟူသည် မည်သည်ကို ဆိုလိုသနည်း။ ဖြစ်နိုင်တာက သူကျင့်ကြံနေသည်မှာ အတုအယောင် သိုင်းပညာလေလား။ သူ၏ နှလုံးသားထဲတွင် မယုံကြည်နိုင်စရာ ကောင်းလှသည့် အတွေးတစ်ခု မြင့်တက်လာခဲ့၏။
"ဟုတ်တယ်။ စစ်မှန်တဲ့သိုင်းပညာ... မင်းတို့ အတွင်းဘက်နယ်မြေမှာ ကျင့်ကြံတာက တကယ်တော့ အတုအယောင် သိုင်းပညာပဲ.."
ရွှီယန်က ခေါင်းငြိမ့်၏။
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး.."
ဟူရှန်းက ခုန်ဝင်လာပြီး အော်၏။ မည်မျှ မဖြစ်နိုင်လှသနည်း။
အတွင်းဘက်နယ်မြေက ကျင့်ကြံသည်မှာ အတုအယောင် သိုင်းပညာလေလား။ စွန့်ပစ်ဒေသမှာ ကျင့်ကြံသည်ကတော့ အစစ်အမှန် သိုင်းပညာလား။ ဤသည်မှာ ကောင်းကင်အောက်တွင် အကြီးမားဆုံး မဟုတ်သုတ်ခတစ်ခု ဖြစ်ပေလိမ့်မည်။
"မင်းတို့တွေ လက်ခံဖို့ ခဲယဉ်းနေမယ် ဆိုတာကို ငါသိတယ်။ ဒါပေမယ့် ဒါကအမှန်ပဲ.."
ရွှီယန်က သူတို့၏ တုံ့ပြန်မှုအတွက် အံ့သြခြင်း မရှိပါ။
ဘဝ၏ အချိန်အများစုတွင် ကျင့်ကြံခြင်း၌ နှစ်မြုပ်ထားသည့် ဘယ်သူမဆို ရုတ်တရက် သူတို့ ကျင့်ကြံနေသည်မှာ အတုအယောင်သာ ဖြစ်သည်ဟု အပြောခံရပါက မည်သူ လက်ခံနိုင်မည်နည်း။
ရှဲ့လင်ဖုန်း၏ မျက်နှာက ပိုမို မဲမှောင်လာခဲ့သည်။ နက်ရှိုင်းသည့် အသံဖြင့်ပြော၏။
"ညီလေးရွှီ.. မင်းဘာလို့ ဒီလိုပြောရတာလဲ။ ငါတို့ရဲ့သိုင်းပညာက ဘယ်လိုလုပ်ပြီး အတုအယောင် သိုင်းပညာ ဖြစ်မှာလဲ။ နှစ်ခုအကြားမှာ ခြားနားချက်တွေ ရှိနေရင်တောင် အတုနဲ့အစစ်ဆိုပြီး သမုတ်လို့တော့ မရဘူးမလား.."
သူတို့ ကျင့်ကြံသည့် သိုင်းပညာသာ အတုအယောင်ဖြစ်ပါက ဓားသခင် ချောက်ကမ်းပါးမှ အမွေအနှစ်များလည်း အတုအယောင် သိုင်းပညာများ ဖြစ်သွားမည် မဟုတ်ပါလား။ အတွင်းဘက်နယ်မြေရှိ သိုင်းပညာအားလုံးတို့ အတုအယောင်များ ဖြစ်သွားမည် မဟုတ်ပါလား။
ထိုကဲ့သို့သော သုံးသပ်ချက်ကို သူ့အနေနှင့် လက်ခံနိုင်ခြင်းမရှိပေ။ ဤသည်သာ ပျံ့နှံ့သွားပါက သိုင်းသမားမည်မျှတို့ ဒေါသတကြီးဖြစ်ကာ.. အမွေအနှစ် ကြွယ်ဝသည့် ဂိုဏ်းမည်မျှတို့ လူသတ်ချင်စိတ် ပေါက်လာမည်နည်း။
ဤသည်က အတွင်းဘက်နယ်မြေရှိ သိုင်းလောကတစ်ခုလုံး၏ အခြေခံကို လှုပ်ခါသွားစေမှာ ဖြစ်သည်။
"အဲ့ဒါဆိုလည်း လာခဲ့ကြ။ သိုင်းပညာချင်း ဆွေးနွေးရအောင်။ မင်းတို့ကျင့်ကြံတဲ့ သိုင်းပညာကို အတုအယောင်လို့ ဘာလို့ပြောလဲ ဆိုတာကို ရှင်းလင်းသွားလိမ့်မယ်.."
ရွှီယန်၏ စိတ်အခြေအနေက တက်ကြွလာပြီး သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။
"သိုင်းပညာ ဆွေးနွေးမယ်.."
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့လည်း အားတက်သရော ဖြစ်သွားကြ၏။
"ကောင်းပြီ.."
ရှဲ့လင်ဖုန်းက တင်ပျဥ်ခွေ ထိုင်လိုက်သည်။
"ဘယ်သူအရင် စမလဲ။ မင်းတို့ဘက်က စမှာလား.."
ရွှီယန်က ကမ်းလှမ်းစွာ ပြော၏။
နောက်ဆုံးတွင် သူနှင့်သိုင်းပညာအား ဆွေးနွေးရန် လူရလာလေပြီ။ သူသည် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့အား စစ်မှန်သည့် သိုင်းပညာဟူသည်မှာ မည်သည်ဖြစ်သည်ကို ပြောကြားလိုနေ၏။
"ငါအရင်ပြောမယ်.."
ရှဲ့လင်ဖုန်းက စတင်ပြော၏။
"ကောင်းပြီ။ ကျေးဇူးပြုပြီး.."
ရွှီယန်က ခေါင်းငြိမ့်၏။
"သိုင်းပညာက အဆင့်၉ကနေ စတင်တယ်။ ပြီးရင် အဆင့်တစ်အထိ သွားတယ်။ အဲ့ဒါဆိုရင်ပဲ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ။ အဆင့်တစ်ကို ချိုးဖျက်ပြီးတဲ့နောက်မှာ သဘာဝရဲ့ စိတ်ဝိဉာဥ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲကို စုပ်ယူပြီး သိုင်းပညာ အတွင်းအားချီအဖြစ် စုစည်းနိုင်လာတယ်။ ဆိုလိုတာက ချီသန့်စင်ခြင်း သိုင်းသခင်တစ်ယောက် ဖြစ်လာတယ်လို့ပဲ။ အဲ့ဒါက သိုင်းသမားတွေ အကြားမှာ သန်မာတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးပြီ။ ချီသန့်စင်ခြင်း သိုင်းသခင်ရဲ့ အထက်မှာ ချီသန့်စင်ခြင်း စစ်ဘုရင်အဆင့် ရှိတယ်..."
"ချီသန့်စင်ခြင်း စစ်ဘုရင်တစ်ယောက်ရဲ့ အတွင်းအားချီက မြစ်လိုပဲ စီးဆင်းပြီး ခန္ဓာကိုယ်တစ်လျှောက်မှာ သွေးလိုပဲ လှည့်လည်နေတယ်..."
ရှဲ့လင်ဖုန်းက သိုင်းပညာ၏ စတင်ခြင်းဖြစ်သည့် အဆင့်၉မှ စစ်ဘုရင်အဆင့်အထိ အားလုံးကို ရှင်းလင်းပြ၏။ ဤသည်မှာ အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ် ဖြစ်သည်။
ရွှီယန်က စိတ်အားထက်သန်စွာဖြင့် နားထောင်နေ၏။
ရှဲ့လင်ဖုန်း၏ ရှင်းပြချက်များမှာ ရွှယ့်ဝူရှင်းထက် ပိုမိုအသေးစိတ်ကျကာ ပြည့်စုံ၏။ သူ့ကို အတွင်းဘက်နယ်မြေရှိ သိုင်းပညာ အကြောင်းအား စစ်မှန်သည့် နားလည်မှု ရလာစေသည်။
အတွင်းဘက်နယ်မြေရှိ သိုင်းပညာသည်လည်း ပေါ့ပေါ့တန်တန် မဟုတ်ပေ။ သို့ပေမယ့် ရွှီယန်အနေနှင့် သူတို့၏ သိုင်းပညာကို အတုအယောင် ဖြစ်သည်ဟု ယုံကြည်နေဆဲ ရှိ၏။ ထို့အပြင် ထိုယုံကြည်မှုက ပိုမို သန်မာလာခဲ့သည်။
လီရွှမ်က တိတ်ဆိတ်စွာ ကြည့်နေ၏။ ရှဲ့လင်ဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
'အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာစနစ်က အမှန်တကယ်ပဲ သန်မာတယ်။ ဒါပေမယ့် ငါဖန်တီးလိုက်တဲ့ သိုင်းပညာ စနစ်လောက် မကောင်းဘူး။ ငါ့ရဲ့သိုင်းပညာစနစ်သာ ပျံ့နှံ့သွားရင် ပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာစနစ်ကို သိသာတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာမယ် ထင်တယ်.."
သိုင်းသမားအားလုံးတို့သည် စွမ်းအားကို မျှော်လင့်တောင့်တကြ၏။ သူတို့အားလုံးသည် ပိုမိုစွမ်းအားကြီးသည့် ကျင့်စဉ်များကို ကျင့်လိုကြသည်။
သူဖန်တီးလိုက်သည့် သိုင်းစနစ်မှာ အတွင်းဘက်နယ်မြေရှိ သိုင်းစနစ်ထက် ပိုမိုသန်မာနေ၏။ ပျံ့နှံ့သွားပါက အတွင်းဘက်နယ်မြေရှိ သိုင်းစနစ်ကို တဖြည်းဖြည်းနှင့် စွန့်လွှတ်လာကြမှာပါ။
ထိုအခါ ရှည်လျားသည့် အမွေအနှစ်တို့ဖြင့် အဖွဲ့အစည်းများက ဤသည်ကို အလွယ်တကူ လက်ခံကြမည် မဟုတ်ပေ။
ထို့အပြင် အတွင်းဘက်နယ်မြေ၏ သိုင်းပညာစနစ်အား များပြားလှသည့် ယုံကြည်သူများရှိရာ အတုအယောင်နှင့် အစစ်အမှန် သိုင်းစနစ်နှစ်ခု အကြားတွင် ပြင်းထန်သည့် အငြင်းပွားမှုများ ပေါ်လာမှာ အသေအချာ ဖြစ်သည်။
သို့ပေမယ့် ဤသည်မှာ သူ၏ သိုင်းစနစ်အား ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်မှသာ ဖြစ်လာပေလိမ့်မည်။
.....
ရှဲ့လင်ဖုန်းတို့ နှစ်ယောက်သည် အတွင်းဘက်နယ်မြေမှ လာခြင်းအတွက် အထူးမောက်မာသည့် မည်သည့်အပြုအမူမှ လုပ်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ဒီခရီးစဉ်တွင် ရွှီယန်အတွက် အန္တရာယ်မရှိပေ။
လီရွှမ်က ဆက်လက် နေမနေတော့ပါ။ သိုင်းပညာ ဆွေးနွေးပွဲ၏ နောက်ဆုံးရလဒ်မှာတော့ သူ့အနေနှင့် ခန့်မှန်းပြီးဖြစ်၏။
"ညီလေးရွှီ.. မင်းအလှည့်ပဲ.."
ရှဲ့လင်ဖုန်းက စကားဆုံးပြီးနောက် ရွှီယန်ကို လေးနက်စွာဖြင့် ခေါင်းလှည့်ကြည့်သည်။
"ကောင်းပြီ.."
ရွှီယန်က ခေါင်းငြိမ့်ကာ စတင်ပြော၏။
"သိုင်းပညာကို ကျင့်ကြံဖို့အတွက် ပထမဆုံး ခိုင်မာတဲ့ အခြေခံကို လိုအပ်တယ်။ အဲ့ဒီအခြေခံက အရေပြားသန့်စင်ခြင်းကနေ စတင်တယ်... ရွှေအရိုးအထိ သန့်စင်နိုင်တဲ့လူတွေက ရှေးခေတ်ရဲ့ ပါရမီရှင်တွေနဲ့ ညီမျှတယ်။ ရွှေအရိုးကို ဖွဲ့စည်းပြီးရင် သေဆုံးပြီးတဲ့အခါ မြေကြီးထဲမှာ နှစ်၁၀၀၀၀လောက် မြုပ်ထားရင်တောင် ရွှေအဖြစ်နဲ့ တောက်ပနေနိုင်သေးတယ်။ ပြီးတော့ သူတို့ရဲ့ မာကျောမှုကလည်း သံမဏိကို ကျော်လွန်တယ်..."
"နေဦး.."
ရှဲ့လင်ဖုန်းက ကဗျာကယာ ကြားဖြတ်၏။ ဒီအချိန်၌ သူ၏ ဦးနှောက်က အသံများ မြည်နေပါသည်။
သိုင်းပညာ၏ အခြေခံက အရေပြားသန့်စင်ခြင်း လေလား။ အရေပြား သန့်စင်ပြီးနောက် သာမန်ဓားများ ဆေဘာများနှင့် ထိခိုက်အောင်လုပ်ရန် ခက်ခဲသည်လား။
ထို့အပြင် အရိုးသန့်စင်ခြင်းတွင် သံအရိုး၊ ကြေးအရိုးနှင့် ရွှေအရိုးဟူ၍ ခွဲခြားထားသည်လား။ ရွှေအရိုးကို သန့်စင်ပြီးနောက် သေဆုံးပြီးသည့်အခါ မြေကြီးထဲတွင် နှစ်၁၀၀၀၀ကြာအောင် မြှုပ်နှံထားလျှင်တောင် အရိုးက ရွှေရောင်တောက်ပနေဆဲ ဖြစ်ပြီး သံမဏိထက် မာကျောနိုင်သည်လား။
ဤသည်က နားထောင်ရတာ အလွန် ပုံပြင်ဆန်လွန်းပါသည်။ မယုံကြည်နိုင်စရာ ကောင်းလှ၏။
သူ၏ဦးခေါင်းက အသံများမြည်နေပြီး ဦးနှောက်၌ မီးတောက်နေသကဲ့သို့ လောင်ကျွမ်းမှု အနည်းငယ်ကိုတောင် ခံစားလာရသည်။
"မင်းပြောတာ ရွှေအရိုးက မြေကြီးထဲမှာ မြုပ်ထားရင်တောင် နှစ်၁၀၀၀၀ကြာပြီးတဲ့ အထိ ရွှေရောင်တောက်ပနေတယ်လို့လား.."
"ဒါက သိုင်းပညာရဲ့ အခြေခံအဆင့်လား.."
"ဟုတ်တယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ခိုင်မာတဲ့ အခြေခံက သိုင်းပညာရဲ့ အုတ်မြစ်ပဲ။ ရွှေအရိုးပြီးရင် သူ့အထက်မှာ ကျောက်စိမ်းအရိုး ရှိသေးတယ်။ အဲ့ဒါက အပြစ်အနာအဆာ ကင်းမဲ့ပြီး ထာဝရတည်ရှိနိုင်တယ်.."
ရှဲ့လင်ဖုန်းက ခေါင်းကိုကုပ်ဆွဲသည်။ အလွန်ကြီးမားလှသည့် အံ့သြမှုအောက်တွင် သူ၏ ဦးနှောက်က လောင်ကျွမ်းနေသည်ဟု ခံစားရ၏။
"ဒီလို သိုင်းပညာမျိုး ရှိသေးတာလား။ အရမ်းကို မှော်ဆန်လွန်းသွားပြီမလား.."
"ငါကျင့်ကြံတာက တကယ်ပဲ အတုအယောင် သိုင်းပညာလား.."
"အကိုရှဲ့.. အဆင်ပြေရဲ့လား.."
ရွှီယန်က ဆံပင်များ စုတ်ဖွာနေသည့် ရှဲ့လင်ဖုန်းကို ကြည့်သည်။ တစ်ဖက်လူ၏ မျက်နှာက နီရဲနေပြီး လူတစ်ကိုယ်လုံးက အရူးတစ်ယောက်နှယ် ဖြစ်လာခဲ့၏။
'သူကျင့်ကြံနေတာ အတုအယောင် သိုင်းပညာဆိုတာ သိသွားရတဲ့ ထိုးနှက်ချက်က အရမ်းကို ကြီးမားလွန်းတယ်။ ဟူး... ငါသူ့ကို ဒီတိုင်းတိုက်ရိုက်ကြီး မပြောလိုက်သင့်ဘူး..'
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချ၏။