ရုတ်တရက် မိုးကြိုးမုန်တိုင်း၊ လေမိုးကြိုး လက်သီးသိုင်း
Vol. 7 Ch. 98
ရှဲ့လင်ဖုန်းက အကြိမ်ကြိမ် အသက်ကို နက်ရှိုင်းစွာရှူပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်၏။ ပြီးနောက် ပြောသည်။
"ညီလေးရွှီ.. ဆက်ပြောပါ.."
"မင်းငါ့ကို ဆက်ပြောစေချင်တာ သေချာရဲ့လား.."
ရွှီယန်က တုံ့ဆိုင်းနေ၏။
"ဆက်ပြောပါ.."
ရှဲ့လင်ဖုန်းက အံကိုကြိတ်ကာ ပြောသည်။
"ကောင်းပြီ.."
ရွှီယန်က ခေါင်းငြိမ့်ကာ ဆက်လက်ပြောသည်။
"အရိုးသန့်စင်မှု အဆင့်အပြီးမှာ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုအဆင့် လာတယ်... အရိုးနဲ့ ကြွက်သားတွေက မိုးခြိမ်းသလို အသံမြည်လာပြီး ချီနဲ့သွေးကို သန်မာတဲ့ အားတစ်ခုအဖြစ် ထုတ်လွှတ်နိုင်တဲ့အခါမှာ သိုင်းပညာရဲ့ စတင်ခြင်းကို ဝင်ရောက်နိုင်တယ်။ အဲ့ဒါကို ချီနဲ့သွေးအဆင့်လို့ ခေါ်တယ်။ ငါက ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိနေပြီးပြီ.."
ရွှီယန်၏ စကားဆုံးပြီးနောက် ရှဲ့လင်ဖုန်းတစ်ယောက် ဦးခေါင်းတို့ ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။
ခေါင်းထဲတွင် အသံများ မြည်နေပြီး မီးများတောက်လာသည့်နှယ် ခံစားရ၏။ သူ၏ဦးနှောက်သည် မီးမြိုက်ခြင်း ခံရသကဲ့သို့ ရှိနေပါသည်။
အသက်ကို ထိန်းကာ ရှူနေရပြီး မျက်လုံးများက တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ သူ၏ တည်ရှိမှုတစ်ခုလုံးကို စတင် မေးခွန်းထုတ်လာမိ၏။
သူသည် အသက်၆နှစ်တွင် သိုင်းပညာကို စတင် ကျင့်ကြံခဲ့ပြီး အသက်၆နှစ်တွင်ပင် ဓားတာအို၏ လမ်းကြောင်းအပေါ်သို့ ဝင်ရောက်နိုင်ခဲ့သည်။
လူတိုင်းက သူ့ကိုဓားပါရမီရှင် တစ်ဦးအဖြစ် ချီးကျူးကြပြီး နှစ်ပေါင်း၁၀၀၀ အတွင်းတွင် တစ်ယောက်သာ ပေါ်ထွန်းသည့် ပါရမီရှင်အဖြစ် ခေါ်ဆိုကြ၏။
သူလည်းပဲ ထိုကဲ့သို့သာ ထင်ခဲ့မိသည်။ အတွင်းဘက်နယ်မြေတွင် သူနှင့် ပုခုံးချင်းယှဥ်ကာ ရပ်နိုင်သည့် ပါရမီရှင်မှာ အနည်းငယ်သာ ရှိပါသည်။
ဓားတာအိုအရာတွင် သူသည် မျိုးဆက်တူများ အကြား၌ အကောင်းဆုံးဖြစ်၏။ သို့ပေမယ့် ဒီစွန့်ပစ်ဒေသသို့ ရောက်ရှိလာမှု အပြီးတွင် သူ့ကိုယ်သူ ဓားတာအို၏ တံခါးဝသို့ ဝင်ရောက်ပြီးမှု မရှိသည့် ရက်စက်သည့် အမှန်တရားကို ရှာဖွေတွေ့ရှိ လာခဲ့သည်။
ထို့အပြင် ပိုမိုဆိုးရွားသည်မှာ သူကျင့်ကြံသည့် သိုင်းပညာမှာ အတုအယောင် သိုင်းပညာ စနစ်တစ်ခုဖြစ်ကြောင်းအား သိလိုက်ရ၏။
ဟူရှန်းလည်းပဲ လေးပင်စွာ အသက်ရှူနေရပြီး သူ၏မျက်လုံးများက သွေးလွှမ်းနေပါသည်။ အံကိုကြိတ်ကာ လှိုဏ်ခေါင်းသံဖြင့် ပြော၏။
"မဟုတ်တာတွေ ပြောတာကို ရပ်လိုက်တော့။ ငါတို့ ဓားသခင်ချောက်ကမ်းပါးက အမွေအနှစ်တွေက အတုအယောင် သိုင်းပညာ မဟုတ်ဘူး.."
ရွှီယန်က မည်သည့် ဒေါသကိုမှ မပြပါ။ သူ၏အကြည့်တွင် သနားမှုတို့ဖြင့်သာ ပြည့်နှက်နေ၏။
ဘဝ၏ အချိန်အများစုတို့တွင် အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့သည့် သိုင်းပညာက အတုအယောင် သိုင်းပညာ ဖြစ်ကြောင်းကို သိလိုက်ရချိန်၌ ထိုကဲ့သို့ တုံ့ပြန်ခြင်းမှာ ပုံမှန်သာ ဖြစ်၏။
ဤသည်မှာ အမှန်တကယ်ကို သနားဖို့ကောင်းလှပါသည်။ လက်ခံဖို့ ခက်ခဲနေမည်အား နားလည်ပေးလို့ရ၏။
သူက မနေနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်မိသည်။
'ငါပြောတာ အရမ်းကြီးမြန်း တည့်တိုးဆန်သွားလား..'
သို့ပေမယ့် စိတ်၏ လှုံ့ဆော်မှုကြောင့် ဆက်လက်ပြောသည်။
"မင်းတို့ကို ငါပြောပြမယ်။ ငါ့က ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်နေပြီ။ ဒါပေမယ့် အဲ့ဒါက သိုင်းပညာရဲ့ စတင်ခြင်း အဆင့်လေးပဲ ရှိတယ်.."
"ပြောရရင် မင်းတို့ကတော့ သိုင်းသခင်အဆင့်ကို ရောက်နေပြီးပြီ။ သိုင်းလောကရဲ့ ထိပ်တန်းအဆင့်ကို ရောက်နေပြီးပြီဆိုပြီး ဘာလို့ ခွန်အားက ငါ့ထက် နိမ့်ကျနေရတာလဲ.."
"အဲ့ဒါက အတုအယောင်နဲ့ အစစ်အမှန်အကြား ရှင်းလင်းနေပြီးပြီ မဟုတ်ဘူးလား.."
"ငါ..."
ဟူရှန်းက ပြန်လည်ချေပရန် စကားလုံးများ ပျောက်ကွယ်နေ၏။
တစ်ယောက်က သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့သာ ဝင်ရောက်သေးပြီး အခြားတစ်ယောက်ဟာတော့ ထိပ်တန်းသို့ ရောက်ရှိနေပါသည်။ အဆုံးသတ်တွင် ထိပ်တန်းအဆင့်မှ လူက စတင်ခြင်းအဆင့်မှ လူလောက် သန်မာခြင်းမရှိဘဲ ဖြစ်နေ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မည်သူက အစစ်အမှန်သိုင်းပညာစနစ်ကို ကျင့်ကြံပြီး မည်သူက အတုအယောင် သိုင်းပညာစနစ်ကို ကျင့်ကြံသည်ဟူသည်မှာ အလွန်ရှင်းလင်းနေပြီး ဖြစ်သည်။
ရှဲ့လင်ဖုန်းက ငိုင်တိုင်စွာဖြင့် မတ်တပ်ရပ်ကာ စိတ်ဝိဉာဥ်တို့ ပျောက်ဆုံးနေသည့် အသွင်ဖြင့် ပြော၏။
"ညီလေးရွှီ.. မင်းရဲ့ ရှင်းလင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ.. အချိန်အချို့လောက် တိတ်တိတ်ဆိတ်ဆိတ် နေချင်သေးလို့.. နောက်နေ့မှပဲ မင်းဆီကို လာလည်ပြီး ကျေးဇူးတင်ပါ့မယ်.."
"ရပါတယ် အကိုရှဲ့.. သွားပါ.."
ရွှီယန်က တောက်ပသည့် အပြုံးတစ်ခုဖြင့် ပြောသည်။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် လေထဲသို့ ပျံသန်းကာ ချီနိုင်ငံ၏ အင်ပါရီယာ မြို့တော်ဆီသို့ ဦးတည်ခဲ့သည်။
သူတို့၏ ဒီစွန့်ပစ်ဒေသသို့ ခရီးစဉ်သည် အစက ရွှယ့်ဝူရှင်းကို ရှင်းလင်းရန် ရည်ရွယ်ထားခဲ့၏။ သို့ပေမယ့် တစ်ဖက်လူက သေဆုံးပြီး ဖြစ်နေလေသည်။
မထင်မှတ်စွာပင် ဒီစွန့်ပစ်ဒေသတွင် သိုင်းသမားများ ရှိနေ၏။ သို့ပေမယ့် ထိုသိုင်းသမားနှင့် တိုက်ခိုက်မှု ရလဒ်မှ သူတို့၏ တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် သိုင်းပညာများ အတုအယောင် ဖြစ်နေကြောင်းကို အံ့သြစရာကောင်းလောက်အောင် သိရှိလာခဲ့လေသည်။ သူတို့၏ လောကအသိအမြင်များ ပြိုလဲကုန်၏။
အင်ပါရီယာ မြို့တော်သည် ယခုအချိန်၌ ဆူညံစွာဖြင့် တက်ကြွလှုပ်ရှားစွာ ရှိနေပါသည်။ ဧကရာဇ်ချီနှင့် အမတ်ကြီးများသည် တိုက်ပွဲ၏ ရလဒ်ကို စောင့်စားနေကြ၏။
နောက်ဆုံးတွင် ပုံရိပ်နှစ်ခုတို့ ပြန်လာကြပုံကို တွေ့လိုက်ရသည်။ ထိုပုံရိပ် နှစ်ခုတို့သည် နန်းတော်အတွင်းရှိ သူတို့၏ ယာယီနေထိုင်ရာဆီသို့ တည့်မတ်စွာ ပြန်သွားကြ၏။
ဧကရာဇ်ချီက ဝမ်းသာသွားသည်။
"မြန်မြန်လေး.. လက်ဆောင်ပဏ္ဏာတွေ ပြင်ဆင်ပြီး စွမ်းအားကြီး ဆရာသခင်တွေကို.. သွားပြီး ကျေးဇူးတင်ဖို့ ပြင်ဆင်ကြ.."
သူက ကောရုန်ရှန်ကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်ကာ "ကြည့်နေလိုက်.." ဟူ၍ ပြောနေသကဲ့သို့ ရှိ၏။
ကောရုန်ရှန်၏ နှလုံးသားက လေးလံစွာ ခံစားလိုက်ရသည်။
ဧကရာဇ်ချီ ထွက်ခွာသွားပြီးနောက် အခြားအမှုထမ်းများကလည်း ရောဂါကပ်ဘေး တစ်ခုကို ရှောင်ကြဉ်သည့်အလား ကောရုန်ရှန်နှင့် သူ့သား၏ အဝေးမှ ရှောင်ထွက်သွားကြသည်။
သူတို့သည် ဧကရာဇ်ချီ၏ အနောက်မှ နီးကပ်စွာ လိုက်ပြီး ဉာဏ်ပညာကြီးရင့်မှုနှင့် ရဲရင့်မှုအတွက် ချီးကျူးထောပဏာ ပြုနေကြ၏။
"အဖေ.."
ကောယွင်ကိုင်က စိုးရိမ်စွာ ကြည့်သည်။
"ယန်အာ ပြန်လာပြီ.."
ကောရုန်ရှန်က ရုတ်တရက် ပြော၏။ သူ၏ခန္ဓာကိုယ်က ပြန်လည် ပြေလျော့လာခဲ့၏။
ရွှီယန်က ပျံသန်းလာခဲ့သည်။
"ယန်အာ.. မင်းအဆင်ပြေလို့ တော်သေးတယ်။ ရလဒ်က ဘယ်လိုရှိလဲ.."
ကောရုန်ရှန်က စိတ်သက်သာရာ ရသွား၏။
"အဖိုး.. စိတ်မပူပါနဲ့။ ရှဲ့လင်ဖုန်းနဲ့ သူ့လူ လေ့ကျင့်တဲ့ သိုင်းပညာက အတုအယောင် သိုင်းပညာထက် မပိုပါဘူး။ သူတို့က အန္တရာယ်မရှိဘူး။ သူတို့လည်း အဲ့အကြောင်းကို နားလည်သွားကြပြီ.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။
ကောရုန်ရှန်က အံ့သြသွား၏။ ထို့နောက် နန်းတော်ဘက်သို့ ခေါင်းလှည့်ကြည့်ကာ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"ယွင်ကိုင်.. မနက်ဖြန်ကျရင် နန်းတော်ခုံရုံးမှာ အစည်းအဝေးလုပ်ဖို့ အမိန့်တစ်ခု ထုတ်ပြန်လိုက်.."
"ဟုတ်ကဲ့ပါ အဖေ.."
ကောယွင်ကိုင်လည်း ပျော်ရွှင်နေ၏။ ရွှီယန်က အနိုင်ရခဲ့လေသည်။
နန်းတော်အတွင်းရှိ သီးသန့်နေရာ တစ်ခုတွင်...
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က ပြန်လာပြီးနောက် ကျောက်ထိုင်ခုံများပေါ်တွင် ထိုင်နေကြပြီး ငိုင်တိုင်စွာ ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ထုံထိုင်းစွာ ရှိနေ၏။
ရွှီယန်နှင့် သိုင်းပညာအကြောင်း ဆွေးနွေးမှုက သူတို့အပေါ် ကြီးမားသည့် ထိုးနှက်ချက်အား ဖြစ်စေခဲ့သည်။
သူတို့၏ သိုင်းပညာအပေါ် အသိအမြင်များ အားလုံး ပြိုလဲသွားပြီး ကိုယ်ကိုယ်တိုင်၏ တည်ရှိမှုများကိုပင် မေးခွန်းထုတ်မိကြ၏။
အထူးသဖြင့် ရှဲ့လင်ဖုန်း ဖြစ်သည်။ ရွှီယန်၏ စကားများကို စိတ်ထဲတွင် ဆက်လက် တွေးတောနေပြီး ပိုမိုစဉ်းစားလေလေ ရှုပ်ထွေးလေလေ ဖြစ်လာခဲ့သည်။
သူတို့ ကျင့်ကြံသည်မှာ အစစ်အမှန် မဟုတ်ပေ။ ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် ဦးခေါင်းတစ်ခုလုံး လောင်ကျွမ်းလာ၏။
သို့ပေမယ့် တစ်ဖက်လူပြောသည့် ဆန်းကျယ်နက်နဲလှသည့် သိုင်းပညာစနစ်ကို မည်ကဲ့သို့ ကျင့်ကြံနိုင်သည်အား နားမလည်နိုင်ဘဲ ရှိနေ၏။
"ဂုဏ်သရေရှိ ဧည့်သည်တို့.. ဂုဏ်သရေရှိ ဧည့်သည်တို့ ... ရွှီယန်ရဲ့ ဦးခေါင်းကို ပြန်ယူလာကြလား မသိဘူး.."
ဧကရာဇ်ချီက စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာ၏။ သူ၏နောက်တွင် အကြီးဆုံးမင်းသားလည်း လိုက်ပါလာပါသည်။
တတိယမင်းသားမှာတော့ သူသည် လျစ်လျူရှု့ ခံထားရပြီး ဖြစ်၏။
"ဂုဏ်သရေရှိ ဧည့်သည်တို့.."
ဧကရာဇ်ချီက ပဟေဠိဖြစ်စွာ ကြည့်သည်။
အဘယ်ကြောင့် ဒီစွမ်းအားကြီးပုဂ္ဂိုလ်များသည် စိတ်ဓာတ်ကျနေသည့်ပုံ ပေါ်နေရသနည်း။ အနီးသို့ လူများ ချဉ်းကပ်လာသည့် တိုင်အောင် တုံ့ပြန်ခြင်း မရှိသေးပေ။
"ဂုဏ်သရေရှိ ဧည့်သည်တို့... ဆရာသခင် နှစ်ယောက်တို့.."
သူက လက်ကိုဆန့်ကာ ရှဲ့လင်ဖုန်း၏ မျက်လုံးများရှေ့တွင် ဝှေ့ရမ်းကြည့်သည်။
"ငါရှေ့ကနေ ထွက်သွား.."
နောက်ဆုံးတွင် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်က တုံ့ပြန်လာ၏။ သို့ပေမယ့် ထိုလူက ဧကရာဇ်ချီကို ဂုတ်မှဆွဲကာ လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။
အကြီးဆုံးမင်းသား၏ မျက်နှာက ဖြူရော်သွား၏။ တံတွေးများကို မျိုချကာ စိတ်ဓာတ်ကျစွာဖြင့် အလျှင်အမြန် ထွက်ခွာသွားသည်။ အပြင်ဘက်သို့ ရောက်လာပြီးနောက် ဧကရာဇ်ချီ၏ နာကျင်နေသည့် မျက်နှာနှင့် ထလာမှုကို တွေ့ရ၏။
"အဖေ.."
သူက ကူညီပေးရန်အတွက် အမြန် ရှေ့သို့သွားသည်။
ဧကရာဇ်ချီက မဲမှောင်သည့် မျက်နှာနှင့် ရှိနေပြီး ဒေါသတကြီး ပြော၏။
"မင်းဖိတ်ခေါ်ခဲ့တဲ့ လူတွေက..."
"ရှူး.."
အကြီးဆုံးမင်းသား၏ မျက်နှာက ကြောက်ရွံ့မှုဖြင့် ဖြူရော်သွား၏။ လက်ချောင်းကို အမြန် မြှောက်ကာ ဧကရာဇ်ချီကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ဧကရာဇ်ချီလည်း သူ၏ပါးစပ်ကို အမြန်ပိတ်သွားပြီး မိန်းမစိုးခေါင်းဆောင်၏ တွဲထူမှုအောက်တွင် မဲမှောင်သည့် မျက်နှာဖြင့် ထွက်ခွာသွားသည်။
"အရှင်မင်းကြီး.. အမတ်ချုပ်ကြီးကောက မနက်ဖြန်ကျရင် နန်းတော် အစည်းအဝေးတစ်ခုကို ကျင်းပဖို့ ပြောပါတယ်.."
မိန်းမစိုးတစ်ယောက်က သတင်းနှင့်အတူ အလျှင်အမြန် ရောက်ရှိလာ၏။
ဧကရာဇ်ချီက ဒေါသတကြီး ဖြစ်သွားသည်။
"အဲ့ဒီကော..."
"အရှင်မင်းကြီး.. ရွှီယန် ပြန်လာပါတယ်.."
မိန်းမစိုးက လျှင်မြန်စွာ ထပ်မံပြော၏။
ဧကရာဇ်ချီက တံတွေးများကို မျိုချလိုက်သည်။သူ၏မျက်နှာက ဒေါသဖြင့် နီရဲနေပြီး အံကိုကြိတ်ကာ ပြော၏။
"မနက်ဖြန်ကျရင် အမတ်ကြီးများ အားလုံးကို ရုံးတော်ကို တက်ရမယ်လို့ ခေါ်လိုက်.."
ဤသည်မှာ အလွန်ကြီးမားသည့် စော်ကားမှုပင်။ ဧကရာဇ်သာ် အလွန် ဒေါသထွက်နေ၏။
သူက ဘေးတွင် ရပ်နေသည့် အကြီးဆုံးမင်းသားကို ကြည့်ကာ အသက်ကို နက်ရှိုင်းစွာရှူပြီး မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
"မင်း.. မသိတတ်တဲ့သား... ဒီလူတွေကို ဘယ်ကနေရှာလာတာလဲ။ သူတို့လုပ်တာ ငါရူးတော့မယ်.."
အကြိမ်ပေါင်းများစွာ ကန်ပြီးမှ သူက အနည်းငယ် စိတ်သက်သာရာ ရလာပြီး ထိုနေရာမှ ထွက်ခွာသွား၏။