← Chapters

ရုတ်တရက် မိုးကြိုးမုန်တိုင်း၊ လေမိုးကြိုးလက်သီးသိုင်း(၂)

Vol. 7 Ch. 99

ရုတ်တရက် မိုးကြိုးမုန်တိုင်း၊ လေမိုးကြိုးလက်သီးသိုင်း(၂)

Vol. 7 Ch. 99

အိမ်ရှေ့စံမင်းသားသည် အလွန်ဒေါသထွက်နေပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။ သူက စိတ်ထဲတွင် ကျိန်ဆဲသည်။

"အဘိုးကြီး.. ဒေါသထွက်ရင် ကိုယ့်သားအပေါ် ပုံချဖို့ပဲ သိတယ်။ တကယ့်ကို အမှိုက်ပဲ.."

....

ရွှီယန်သည် ချီဘုရင်စံအိမ်တွင် နေထိုင်ကာ ရှဲ့လင်ဖုန်း၏ လာရောက်လည်ပတ်မှုကို စောင့်နေ၏။ သူက အလွန် ပျော်ရွှင်နေပါသည်။ ဒီခရီးစဉ်သည် အမှန်တကယ်ကို အလကား မဖြစ်ခဲ့ပေ။

အတွင်းဘက်နယ်မြေရှိ သိုင်းသခင်တစ်ဦးနှင့် ယှဉ်ပြိုင်မှုပြုကာ ဓားတာအိုတွင် ဉာဏ်အလင်းပွင့်မှု အသစ်များ ရရှိခဲ့သည်။ ဤသည်က သူ၏ ဓားဆန္ဒအပေါ် နားလည်သဘောပေါက်မှုအတွက် အလွန် အကူအညီ ဖြစ်၏။

အတွင်းဘက်နယ်မြေရှိ သိုင်းပညာရှင်များ ကျင့်ကြံနေသည့် သိုင်းပညာမှာ အတုအယောင် သိုင်းပညာဖြစ်ကြောင်းကိုလည်း ပြသခဲ့၏။

နန်းတော်အတွင်းရှိ....

ဘေးဘက်မှ နန်းဆောင်တစ်ခုတွင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့မှာ တစ်နေကုန် ထိုင်နေဆဲရှိ၏။ သူတို့၏ စိတ်များက ဗလောင်ဆူနေပြီး လုံးဝကို လမ်းပျောက်စွာ ခံစားနေရသည်။

မိမိကျင့်ကြံသည့် သိုင်းပညာအပေါ် ယုံကြည်ချက်တို့ ပြိုလဲသွားခြင်းမှာ ကြီးမားသည့် ထိုးနှက်ချက် ဖြစ်၏။

သူတို့အနေနှင့် တစ်ဖက်လူကို ငြင်းဆန်မှုပြုကာ သူတို့ကျင့်ကြံနေသည်မှာ အတုအယောင် မဟုတ်ဟု ပြန်ပြောချင်၏။

သို့ပေမယ့် ရွှီယန်၏ သိုင်းပညာအပေါ် ရှင်းပြချက်များကို တွေးမိသည့် အချိန်တိုင်းတွင် ၎င်းက်ု ပိုမိုနက်နဲကာ အံ့ဩစရာ ကောင်းလှသည်ဟု ခံစားရဆဲရှိ၏။

ဤသည်က သူတို့ကို နှိုင်းယှဉ်ကြည့်ရန် အားအင်တို့ ကုန်ခမ်းသွားစေသည်။ ရွှီယန်မှာ သိုင်းပညာ၏ စတင်သူတစ်ယောက်သာ ရှိသေး၏။ သို့ပေမယ့် သိုင်းသခင်တစ်ယောက်နှင့် တိုက်ခိုက်နိုင်နေပြီး ဖြစ်သည်။ ဤသည်မှာ မည်သည်က အစစ်အမှန် မည်သည်က အတုအယောင်ဖြစ်သည်ကို သက်သေပြနေပြီး ဖြစ်၏။

ယနေ့တွင် ဧကရာဇ်ချီ၏ စိတ်အခြေအနေက တိမ်ဖျားဆီမှ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ရသည်။ သူ၏ အင်ပါရီယာ ကြီးမြတ်မှုကို ပြန်လည် တည်ဆောက်မည်ဟု တွေးထားခဲ့တာပါ။ သို့ပေမယ့် အရာအားလုံးသည် စိတ်ကူးများသာ ဖြစ်နေခဲ့၏။

နောက်တစ်နေ့တွင် အင်ပါရီယာနန်းတော် အတွင်း၌ အစည်းအဝေး စတင်သည်။ အမှုထမ်းများ၏ မျက်နှာများက ဖားရားသည့် အပြုံးများကို ဆင်မြန်းထားကြပြီး ကောရုန်ရှန်ကို မကြာခဏ လာရောက်နှုတ်ဆက်ကြသည်။ ဧကရာဇ်ချီထပ်ပင် ပိုမိုလေးစားစွာ ပြုမူနေ၏။

လက်ရှိချီနိုင်ငံတွင် ဧကရာဇ်ချီမှာ မည်သည့် စစ်မှန်သည့် စွမ်းအားမှ မရှိသည့် လူတစ်ယောက်သာ ဖြစ်ကြောင်းကို လူတိုင်းနီးပါး သိရှိကြသည်။ နိုင်ငံ၏ အရေးကိစ္စအားလုံးတို့ကို ကောရုန်ရှန်က ဆုံးဖြတ်၏။

အကြီးဆုံးမင်းသားက ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သို့ပေမယ့် တတိယမင်းသားကို ဖြတ်သွားသည့်အချိန်၌ ခြေထိုးခံရပြီး လဲကျမှုလုမတတ် ဖြစ်သွားခဲ့၏။သူက ချက်ချင်းပင် တတိယမင်းသားကို စူးစိုက်စွာ လှည့်ကြည့်ကာ ရန်ပြုတော့မှာပါ။

"အရှင်မင်းကြီး အကြီးဆုံးမင်းသားက အစည်းအဝေးမှာ မသင့်တင့်စွာ ပြုမူနေပါတယ်..."

ကောရုန်ရှန်က မတ်တတ်ရပ်ပြီး လေးနက်စွာဖြင့် ဧကရာဇ်ချီကို ဦးညွှတ်သည်။

သူ၏ စကားမဆုံးခင် ဧကရာဇ်ချီက ဒေါသတကြီး ဖြစ်နေပြီးဖြစ်၏။ ကြိမ်းမောင်းစွာ ပြောသည်။

"လာခဲ့ကြ.. ဒီငါ့ရဲ့ ရိုင်းပြတဲ့သားကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ်အချက်၃၀ ပြင်းပြင်းရိုက်ကြ.."

အကြီးဆုံးမင်းသားက ချက်ချင်းပင် ထိတ်လန့်သွားသည်။ နောက်ထပ် ကြိမ်ဒဏ်အချက်၃၀လား။

သူက စိတ်ထဲတွင် ကျိန်ဆဲမိသည်။

"အရှုံးသမားအိုကြီး.. ကိုယ့်သားအပေါ် ဒေါသပုံချတာကလွဲပြီး ခင်ဗျားမှာ အခြားဘာသိတာ ရှိသေးလဲ.."

ကောရုန်ရှန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး သူက တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်သည်။ အစက ဒီအခွင့်အရေးကို အသုံးပြုပြီး အကြီးဆုံးမင်းသားအား အိမ်ရှေစံနေရာအတွက် အရွေးချယ်ခံ အဖြစ်မှ အရည်အချင်း မပြည့်မီစေရန် တစ်လအတွင်း အိမ်ထဲမှ ထွက်နိုင်မှု မရှိခြင်း စသဖြင့်.. အပြစ်ပေးခိုင်း မလို့ပါ။

ဧကရာဇ်ချီက ယခုကဲ့သို့ ပြင်းထန်သည့် အပြစ်မျိုးကို တစ်ခါတည်း ချမှတ်မည်ဟု ထင်မထားခဲ့ပေ။ ထင်ထားသည့် အတိုင်းပင်။ တော်ဝင်မိသားစုသည် အမှန်တကယ်ကို ရက်စက်လှ၏။

ကောရုန်ရှန်က ကိုယ့်ကိုယ်ကို သက်ပြင်းချမိသည်။

အစည်းအဝေးပွဲ အတွင်းတွင် နိုင်ငံရေးရာ ကိစ္စများ၊ အမှုထမ်းများ၏ ရာထူးချခြင်းနှင့် ရာထူးမြှင့်တင်ခြင်းများ အကြောင်းကို ဆွေးနွေးခဲ့သည်။

ဧကရာဇ်ချီက လုံးဝ ပါဝင်ခြင်း မရှိပေ။ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာမှာ ထိပ်ဆုံးတွင်ထိုင်ပြီး နားထောင်စွာ အမိန့်ပြန်ကြားခြင်းသာ ရှိ၏။

အစည်းအဝေး ပြီးဆုံးပြီးနောက် ကောရုန်ရှန်က ချီနိုင်ငံ၏ အုပ်ချုပ်ရေးရာကိစ္စများကို လုံးဝ ထိန်းချုပ်ပြီးဖြစ်သည်။

ဧကရာဇ်ချီတစ်ယောက် သူ၏ အင်ပါရီယာ စာကြည့်ခန်းဆီသို့ ပြန်ပြီးနောက် အလွန် ဒေါသထွက်စွာ ခံစားနေရ၏။ သည်းခံနိုင်စွမ်း မရှိဘဲ ဘေးဘက်ရှိ နန်းဆောင်သို့ သွားရောက်လည်ပတ်ပြန်သည်။

သို့ပေမယ့် ရှဲ့လင်ဖုန်းက နောက်တစ်ကြိမ် လွှင့်ပစ်လိုက်ပြန်၏။ ဧကရာဇ်ချီမှာ သေလောက်အောင် ဒေါသထွက်နေပါပြီ။

ဤသည်မှာ မည်ကဲ့သို့သော ဆရာသခင် ဖြစ်သနည်း။ အလွန် လွန်ကျူးသွားပါပြီ။

"လာခဲ့ကြ.. ငါ့ရဲ့ ပုန်ကန်ထကြွတဲ့သားကို နောက်ထပ် ကြိမ်ဒဏ်အချက်၃၀ ထပ်ပြီးတော့ အပြစ်ပေးကြ.."

ဧကရာဇ်ချီက အမိန့်ကို ပေးလိုက်၏။

မိန်းမစိုးခေါင်းဆောင်က အကြီးဆုံးမင်းသားအတွက် ဝမ်းနည်းစွာ ခံစားရပြီး တီးတိုးစွာ ပြောသည်။

"အရှင်မင်းကြီး.. ဒီတစ်ခေါက်ထပ်ပြီး ကြိမ်ဒဏ်အချက်၃၀ရိုက်ရင် အကြီးဆုံးမင်းသား မခံနိုင်မှာကိုစိုးရပါတယ်.."

ဧကရာဇ်ချီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြော၏။

"ဒါဆိုရင် သူ့ရဲ့ ဒဏ်ရာတွေ နည်းနည်းလောက် ပြန်ကောင်းလာတာကို စောင့်လိုက်ဦး။ ပြီးမှ ထပ်ရိုက်.."

၂ရက်တာ ထိုင်နေမှုအပြီးတွင် ရှဲ့လင်ဖုန်းသည် နောက်ဆုံးတွင် စိတ်အခြေအနေတို့ အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့၏။

သူက အသက်ကို နက်ရှိုင်းစွာရှူပြီး ပြောသည်။

"ဟူရှန်း.. ငါ.. ရွှီယန်ဆီကို သွားပြီးတော့ လည်ပတ်လိုက်ဦးမယ်.."

"သခင်လေး သွားပါ။ ကျွန်တော်တော့ အချိန်နည်းနည်းလောက် ထပ်ပြီး လိုအပ်နေသေးတယ်.."

ဟူရှန်းက အားအင်ကုန်ခမ်းစွာဖြင့် ပြန်ပြော၏။

ရှဲ့လင်ဖုန်းက ထွက်ခွာသွားသည်။ နန်းဆောင်အတွင်းမှ ထွက်ကာ ချီဘုရင်စံအိမ်သို့ ရွှီယန်ဆီအား သွားရောက်လည်ပတ်၏။

"မင်္ဂလာပါ။ အကြီးအကဲကော.."

ရှဲ့လင်ဖုန်းက ကောရုန်ရှန်ကို တွေ့ရပြီးနောက် လေးစားစွာ နှုတ်ဆက်သည်။

သူ၏ရှေ့ရှိ ဒီလူသည် သိုင်းသမားတစ်ယောက် မဟုတ်ပေမယ့် ရွှီယန်၏ အဘိုး ဖြစ်ပါသည်။ ထို့ကြောင့် သူ့အနေနှင့် လေးစားသမှုပြုရန် လိုအပ်သေး၏။

"သခင်လေးရှဲ့.. ယန်အာ မင်းကို စောင့်နေတယ်။ ကျေးဇူးပြုပြီးဝင်ခဲ့ပါ.."

ကောရုန်ရှန်က သူ့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်သည်။

...

ယနေ့တွင် ဧကရာဇ်ချီ ကောရုန်ရှန်ကို ဖိတ်ခေါ်ပြီး ဥယျာဉ်အတွင်းတွင် လှည့်လည်ခဲ့၏။

"အကိုကော.. ဒီကိုလာ။ ကျေးဇူးပြုပြီး ထိုင်ပါဦး.."

ဧကရာဇ်ချီက နွေးထွေးသည့်အသွင်ဖြင့် ပြောသည်။

"အရှင်မင်းကြီးက အရမ်းကို အားနာနေပါပြီ.."

ကောရုန်ရှန်က ဦးညွှတ်ကာ ပြော၏။

နှုတ်ဆက်မှုအချို့ ပြုလုပ်ပြီးနောက် ဧကရာဇ်ချီက ဒေါသထွက်နေသည့် အသွင်ဖြင့် ပြောသည်။

"အကိုကော.. ဟိုစွမ်းအားကြီး ဆရာသခင်လို့ခေါ်တဲ့ နှစ်ယောက်က ဘာယဉ်ကျေးမှုမှ မရှိကြဘူး။ အကြီးအကဲအပေါ် လေးစားမှု မရှိသလို ချီနိုင်ငံရဲ့ ရုံးတော်အပေါ်မှာလည်း အထင်သေးမှုကို ပြသကြတယ်။ သူတို့တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်.."

သူ့ကို လွှင့်ပစ်တာကြီးက အလွန် လွန်ကျူးသွားပါပြီ။ ရွှီယန်ပင်လျှင် ထိုကဲ့သို့ မလုပ်ပေ။ ဧကရာဇ်ချီသည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုမိုဒေါသထွက်လေ ဖြစ်လာခဲ့၏။

ထိုဆရာသခင်များက ရွှီယန်ကို ရင်ဆိုင်နိုင်ခြင်း မရှိကတည်းက သူက ရွှီယန်ကို အသုံးပြုပြီး သူတို့နှစ်ယောက်ကို ရိုက်နှက်ကာ ဒေါသကို ဖြေရပေမည်။

ကောရုန်ရှန်၏ အသွင်က အံ့သြသွားပြီး ပြော၏။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သခင်လေးရှဲ့က အမြဲတမ်း ကျွန်တော်ကို အရမ်းလေးစားခဲ့တယ်။ အကြီးအကဲတွေ အပေါ် မလေးစားတဲ့ ပုံမျိုး မဟုတ်ပါဘူး။ သူ့ကို ဘယ်သူက နာမည်ဖျက်ဖို့ ကြိုးစားနေတာလဲ.."

ဧကရာဇ်ချီ "..."

သူ၏ စိတ်ပိုင်းဆိုင်ရာက အနည်းငယ် ပြိုလဲနေပါပြီ။ သူတို့အားလုံး သူ့ကိုသာ အထင်သေးခြင်း ဖြစ်ပေလိမ့်မည်။

သူက ကောရုန်ရှန်ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် ရုတ်တရက် အံကိုကြိတ်ကာ ဒေါသတကြီး ပြောသည်။

"ခွေးလို အစေခံ... မင်းစွမ်းအားကြီး ပုဂ္ဂိုလ်တွေကို အသရေဖျက်ပြီး ကောလဟာလတွေနဲ့ ပြဿနာဖြစ်အောင် လုပ်တယ်။ မင်းက သေသင့်တယ်.."

ဧကရာဇ်ချီက ဒေါသတကြီး ဖြစ်သွား၏။ အပြင်ဘက်တွင် စောင့်စားနေသည့် မိန်းမစိုးကို လက်ညှိုးထိုးသည်။

"သူ့ကို ဆွဲထုတ်သွားပြီး ခေါင်းဖြတ်ပစ်လိုက်.."

မိန်းမစိုးက ထိတ်လန့်သွား၏။ ခေါင်းကို မော့ကာ တောင်းပန်မှု ပြုသည်။

"အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ ကျွန်တော် ဘာမှ..."

မိန်းမစိုးခေါင်းဆောင်က သူ၏ပါးစပ်ကို အမြန်ပိတ်သည်။ အခြား မိန်းမစိုးများက ရှေ့သို့တက်ကာ ဝန်းရံလာပြီး ဖမ်းချုပ် ဆွဲခေါ်သွား၏။

ကောရုန်ရှန်၏ ပါးစပ်က အနည်းငယ် တွန့်ကွေးသွားသည်။ ဧကရာဇ်ချီ၏ စိတ်ပိုင်းဆိုင်ရာ အလွန် ထိခိုက်နေပြီး စိတ်အခြေအနေ ကောင်းပုံ မပေါ်ကြောင်းကို သူခံစားနိုင်၏။

'အရှင်မင်းကြီးက အိုမင်းနေပြီ။ အိမ်ရှေ့စံမင်းသားကို နန်းတက်ခိုင်းလိုက်ပါလား။ လူငယ်တွေက ဒီလိုမျိုးဒုက္ခတွေကို ပိုပြီးတော့ ခံနိုင်ရည်ရှိကြတယ်..'

ကောရုန်ရှန်က ကိုယ့်ကိုယ်ကို စဉ်းစား၏။

"အရှင်မင်းကြီး.. သူ့ကို ကြိမ်ဒဏ်အချက်၃၀ပဲ ပေးလိုက်ပါ။ မလိုအပ်တဲ့ သေဆုံးမှုတွေက မကောင်းပါဘူး.."

"ဟမ်း.."

ဧကရာဇ်ချီက ခေါင်းငြိမ့်၏။ ဧကရာဇ် ဖြစ်ရသည်မှာ အလွန် စိတ်ဓာတ်ကျဖွယ် ကောင်းလှပါသည်။

မင်းသားအမ်း၏ စံအိမ်တွင်....

ပထမမင်းသားက ကိုယ့်ကိုယ်ကို လက်လျှော့လိုက်သည့်ပုံပါ။ သူသည် အိပ်ရာပေါ်တွင် လှဲနေပြီး လှပသည့် မိန်းကလေးနှစ်ဦး၏ ခစားမှုကို ခံယူကာ သေဆုံးရန်သာ စောင့်စားနေသကဲ့သို့ ရှိနေပါသည်။

စွမ်းအားကြီး ပုဂ္ဂိုလ်များကိုပင် ဆက်လက်ရှာဖွေခြင်း မပြုတော့ပေ။ အရင်က သူသည် စွမ်းအားကြီးပုဂ္ဂိုလ်များကို ရှာမတွေ့ခင်က ကြိမ်ဒဏ်အချက်၃၀ အရိုက်ခံခဲ့ရ၏။

သို့ပေမယ့် စွမ်းအားကြီး ပုဂ္ဂိုလ်ကို ရှာတွေ့ပြီးနောက်လည်း ကြိမ်ဒဏ်အချက်၃၀ဖြင့် အရိုက်ခံရဆဲ ရှိသည်။

ကြည့်ရတာ ရှာတွေ့တွေ့ မတွေ့တွေ့ အရိုက်ခံရမည့် ပုံမှာ။ သွားမရှာတာ ကောင်းပါသည်။

ထို့ကြောင့် အကြီးဆုံးမင်းသားသည် လုံးဝလက်လျှော့လိုက်ပြီဖြစ်၏။

ယွင်ရှန်းမြို့ငယ်တွင် လီရွှမ်က မြို့တော်ဆီမှ ပြန်လာခဲ့၏။ သူက သိုင်းသခင် ရှဲ့လင်ဖုန်း၏ လာရောက်လည်ပတ်မှုကို စောင့်စားနေပါသည်။

မုန့်ချုံမှာတော့ လေမိုးကြိုး လက်သီးသိုင်းကို နားလည်သဘောပေါက်ရန် ကြိုးစားနေဆဲရှိ၏။ သို့ပေမယ့် ဒီအချိန်အတွင်း တိုးတက်မှု အများကြီး မရှိသည့်ပုံပါ။

ထိုနေ့တွင် ယွင်ရှန်းမြို့ငယ်၏ အထက်ကောင်းကင်၌ တိမ်မဲများ စုစည်းလာခဲ့၏။ မုန့်ချုံမှာ မြို့ငယ်၏ အပြင်ဘက်ရှိ တောင်စောင်းတစ်ခု ပေါ်တွင် ရှိနေပါသည်။

သူ၏ စိတ်ထဲတွင် ဆရာ၏ လေမိုးကြိုး လက်သီးသိုင်းကို သရုပ်ပြခဲ့ပုံများက ဆက်တိုက် ထွက်ပေါ်လာနေ၏။

၎င်းတို့ကို တွေးတောရင်းက လေမိုးကြိုးလက်သီးသိုင်း၏ အဓိပ္ပာယ်ကို လေ့လာဖို့ ကြိုးစားသည်။

ရုတ်တရက် သန်မာသည့်လေက တိုက်ခတ်သွား၏။

"ဝေါ ဝေါ ဝေါ.."

"ဘုန်း.."

မိုးကြိုးက နက်မှောင်နေသည့် ကောင်းကင်ကိုခွဲကာ တိမ်များအတွင်းတွင် လျှပ်စီးလက်သွား၏။ မုန်တိုင်းက ရောက်လာခဲ့လေပြီ။

မုန့်ချုံက ရုတ်တရက် ကောင်းကင်ကို မော့ကြည့်သည်။

"ဘုန်း.."

ချက်ခြင်းပင် နောက်ထပ် တောက်ပသည့် လျှပ်စီးတစ်ခု တိမ်မဲများကို ဖြတ်သန်းသွားပြီး ကောင်းကင်ကို လင်းလက်လာ၏။ သန်မာသည့်လေက ရုတ်တရက် တိုက်ခိုက်သွားသည်။

ထိုအချိန်၌ မုန့်ချုံ၏ စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု လက်သွားသည့်ပုံပါ။ သူသည် လေနှင့်မိုးကြိုး၏ စွမ်းအားကို ရေးတေးတေး ဖမ်းဆုပ်လာနိုင်၏။

"ခရက်.."

ရုတ်တရက် မိုးကြိုးပစ်သံတစ်ခုနှင့်အတူ မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ခု ကျိုးပဲ့ပြီး မြေပြင်ပေါ်သို့ တစ်ခါတည်း လဲကျသွားခဲ့သည်။

သန်မာသည့်လေက ရုတ်တရက် တိုက်ခတ်လာပြီး သစ်ပင်များ အကြားတွင် ကြွေကျနေသည့် သစ်ရွက်များကို သယ်ဆောင်သွား၏။ ချက်ချင်းပင် သစ်ရွက်များ ပျံသန်းသွားပြီး သစ်ပင်များအကြားတွင် ကခုန်နေပါသည်။

"ငါ.. နားလည်ပြီ.."

ထိုအချိန်၌ မုန့်ချုံ၏ စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ပေါ်လာခဲ့သည်။ သူသည် လေနှင့်မိုးကြိုးတို့၏ သဘောသဘာဝ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့ပြီဟု ခံစားရ၏။

သူ၏သွေးနှင့်ချီက မြင့်တက်လာပြီး ရွှေရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။ သွေးချီ ရွှေခေါင်းလောင်းက တောက်ပစွာ လင်းလက်လာ၏။

မုန့်ချုံက လက်သီးတစ်ချက်ကို ထိုးလိုက်သည်။ စွမ်းအားကြီးမားသည့် အားက မိုးကြိုးကဲ့သို့ မြန်ဆန်ကာ ကြမ်းတမ်းလှ၏။

ထို့နောက် ချက်ချင်းပင် လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သော လေ၏ အရာအားလုံးကို ထိုးဖောက်သွားသည့်နှယ် ရှိနေ၏။

"အုန်း.."

ရုတ်တရက် လက်သီးချက်တစ်ချက်နှင့် အတူ မိုးကြိုးပစ်သကဲ့သို့ ကြမ်းကြုတ်စွာ အနှိုင်းမဲ့သည့် လက်သီးအားတစ်ခုက သစ်ပင်ကြီး တစ်ပင်ကို ထိမှန်ကာ လဲကျသွားစေသည်။

"လေမိုးကြိုး လက်သီးကို ငါနားလည်ပြီ... ဒါက လေမိုးကြိုးလက်သီးရဲ့ အရှိန်အဝါပဲ.."

မုန့်ချုံက အလွန် စိတ်လှုပ်ရှားနေ၏။

သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာ ရွေ့လျားနေပြီး လက်သီးများကို စတင်ထိုးတော့သည်။

"ဗျောက် ဗျောက် ဗျောက်.."

ကြီးမားသည့် မိုးစက်များက ကျဆင်းလာပြီး မိုးမုန်တိုင်းတစ်ခု ရောက်ရှိလာ၏။ မိုးရေများ အကြားတွင် သန်မာထွားကြိုင်းသည့် ကတုံးပြောင်နှင့် လူငယ်တစ်ယောက်က လက်သီးချက်များကို ကျင့်ကြံနေပါသည်။

သူ၏ လက်သီးများက မိုးကြိုးနှင့်လေပြင်းတို့၏ အရှိန်အဝါကို သယ်ဆောင်ထား၏။ ကျဆင်းလာနေသည့် မိုးရေစက်များကို တွန်းလှန်နေပါသည်။

လက်သီးချက် တစ်ချက်စီတိုင်းက မိုးကြိုးတို့ လွှမ်းခြုံနေပြီး လေပြင်းတစ်ခုကို သယ်ဆောင်လာသည့် ပုံရှိသည်။

ကျဆင်းလာနေသည့် မိုးရေစက်များကို ပြန့်ကျဲသွားစေပြီး တိုက်ခတ်လာသည့် လေကိုလည်း ဖြိုခွင်းသွား၏။

ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ဗာဂျရာအားဟက် တစ်ယောက်ကဲ့သို့ ထည်ဝါလှပါသည်။

သူ၏ လက်သီးချက်များက မိုးကြိုးနှင့်လေကို ဖန်တီး၏။ လေနှင့်မိုးကြိုး ဗာဂျရာလက်သီးအား အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့ပါပြီ။

"ဘယ်လောက်ကြီးတဲ့ မိုးလဲ.."

လီရွှမ်က တစ်စက်မြိတ်တွင် ထိုင်ကာ ပြိုကျလာသည့် မိုးရေများကို ကြည့်ရှု့နေ၏။

တိမ်မဲများအကြားတွင် လျှပ်စီးမိုးကြိုးများ လက်နေပြီး သန်မာသည့်လေက တစ်စက်မြိတ်ကို သယ်ဆောင်သွားတော့မည့်ပုံ ရှိသည်။

"ငါ့ရဲ့ဒုတိယတပည့် သစ်ပင်တွေထဲမှာ လေ့ကျင့်နေတယ်။ သူမိုးကြိုးပစ်ခံရမှာတော့ မဟုတ်လောက်ပါဘူးနော်.."

လီရွှမ်၏ စိတ်ထဲ၌ စိုးရိမ်မှုတစ်ခု ရုတ်တရက် ပေါ်လာ၏။ မုန့်ချုံ၏ လက်ရှိ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်က မိုးကြိုးပစ်ချက် တစ်ချက်ကို ခုခံနိုင်မည်လား မသိပေ။

All Chapters