ရွှီယန်၏ နားလည်သဘောပေါက်မှု၊ တောင်နှင့်မြစ် ဓားဆန္ဒ(၂)
Vol. 7 Ch. 101
သိုင်းပညာလမ်းစဉ်ကို အစမှ ပြန်လည် တည်ဆောက်ရန်မှာတော့ မဖြစ်နိုင်ပေ။
ရွှီယန်က ပေးလာသည့် အဖြေတစ်ခုမှာတော့ သူ၏ သိုင်းသခင်အဆင့် ကျင့်ကြံမှုအဆင့်အား မူလအဆင့် ကျင့်ကြံမှုအဆင့်သို့ ပြောင်းလဲရန် ဖြစ်သည်။
ပထမဆုံးခြေလှမ်းမှာ မူလအစစ်အမှန်ချီကို စုစည်းရန်ဖြစ်၏။ ဤသည်က သိုင်းပညာ အတွင်းအားချီနှင့် တူညီပါသည်။ သို့ပေမယ့် ပိုမိုသန့်စင်ကာ ပိုမို လျှို့ဝှက်ဆန်းကြယ်၏။ ပိုမိုမြင့်မားသည့် အလားအလာနှင့် အတွင်းအားချီထက် ပိုမိုသန်မာပါသည်။
ရွှီယန်၏ ပြောစကားအရ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ၏ အတွင်းအားချီမှာ အစစ်အမှန်ချီသာ ဖြစ်ပါသည်။
သို့ပေမယ့် သူတို့က အတုအယောင် သိုင်းပညာကို ကျင့်ကြံသောကြောင့် အတုအယောင် အစစ်အမှန်ချီ ဖြစ်နေခြင်း ဖြစ်၏။ ထိုအကြောင်းကြောင့် မူလအစစ်အမှန်ချီ၏ သန့်စင်မှုနှင့် စွမ်းအားတို့ လစ်ဟင်းနေခြင်း ဖြစ်သည်။
ရှဲ့လင်ဖုန်းလည်း ဤသည်ကို အလွန် ကျိုးကြောင်းဆီလျော်လှသည်ဟု တွေ့ရပြီး စိတ်ရောကိုယ်ပါ ယုံကြည်မှု ရှိပါသည်။ သို့ရာတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ သိုင်းပညာ အတွင်းအားချီကို မူလအစစ်အမှန်ချီအဖြစ် မည်ကဲ့သို့ ပြောင်းလဲရမည်အား မသိနိုင်ဘဲ ရှိနေ၏။
ရွှီယန်လည်း နည်းလမ်းကို ထောက်ပံ့ပေးနိုင်ခြင်း မရှိပါ။ သို့ပေမယ့် သူသာ မူလအဆင့်ကို ချိုးဖျက်ပြီး ထိုအဆင့်၏ ဆန်းကြယ်မှုများကို နားလည်သဘောပေါက်လာပါက ပြောင်းလဲရန်အတွက် နည်းလမ်းကို သိရှိလာနိုင်သည်ဟု ဆို၏။
ထို့အပြင် မူလအဆင့်ကို မချိုးဖျက်ခင်တွင် ဓားဆန္ဒကိုလည်း ဖမ်းဆုပ်ချင်နေလေသည်။ ဓားဆန္ဒကို ပိုမိုစောစီးစွာ ဖမ်းဆုတ်နိုင်လေလေ ဓားတာအိုလမ်းစဉ်၌ အခြေခံက ပိုမိုသိပ်သည်းလေ ဖြစ်၏။
တစ်လအတွင်းတွင် ဓားဆန္ဒကို နားလည်သဘောပေါက်မှု မရှိနိုင်မှသာလျှင် ခွန်အားအဆင့်ကို ဆက်လက်ဖိနှိပ်ခြင်းမရှိပဲ အဆင့်ချိုးဖြတ်ရန် ရွေးချယ်မှာ ဖြစ်၏။
ထို့ကြောင့် ရှဲ့လင်ဖုန်းက ရွှီယန်နှင့်အတူ တိုက်ခိုက်လေ့ကျင့်ပေးပြီး ရွှီယန်ကို ဓားဆန္ဒအား နားလည်သဘောပေါက်အောင် ကူညီပေးနေခြင်း ဖြစ်သည်။
"ဟုတ်တယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ဓားဆန္ဒအပေါ် နားလည်သဘောပေါက်နိုင်မှုက စိတ်တည်ငြိမ်မှု အပေါ်မှာ မူတည်ပြီး လောကကြီးနဲ့ ဓားပညာကို နားလည်သဘောပေါက်ဖို့ လိုအပ်တယ်.."
"ငါ့ရဲ့ မသိစိတ်က ပြောနေတာက.. မင်းနဲ့ဆက်တိုက်ယှဉ်ပြိုင်နေမယ်ဆိုရင် ဓားဆန္ဒအပေါ် လေ့လာရာမှာ အများကြီး အကျိုးရှိလိမ့်မယ်တဲ့.."
"နားလည်သဘောပေါက်ရာမှာ အထောက်အကူအများကြီး ဖြစ်မှာ.."
ရှဲ့လင်ဖုန်းက ဓားချက်ကို ထုတ်ဖော်လာရင်းက သိလိုစွာမေးသည်။
"ညီလေးရွှီ... ဓားဆန္ဒဆိုတာ ဘာများလဲ.."
ဤသည်မှာ နားထောင်ရတာ ဆန်းကျယ်လွန်းလှသည်။ ပထမဆုံး ကြားရချိန်က ဆိုလျှင် လုံးဝ ကြောင်တောင်နေခဲ့၏။
အတွင်းဘက်နယ်မြေ၏ သိုင်းပညာလမ်းစဉ်တွင် အနှိုင်းမဲ့သည့် ဓားသိုင်းများ၊ စွမ်းအားကြီးမားကာ ပြိုင်ဖက်ကင်းသည့် ဓားချီနှင့် အေးစက်ကာ ထက်မြသည့် ဓားအလင်းတို့ အကြောင်းကိုသာ ဆွေးနွေးကြသည်။
သူတို့အနေနှင့် ဓားဆန္ဒအကြောင်းကို ရံဖန်ရံခါ ပြောလေ့ရှိပေမယ့် ဤသည်မှာ ရွှီယန်ပြောခဲ့သည့် ဓားဆန္ဒ၏ သဘောတရားနှင့် ခြားနားနေပါသည်။
"ဓားဆန္ဒ... အဲ့ဒါက ဓားထဲမှာရှိတဲ့ စိတ်ဆန္ဒပဲ။ ငါ့ရဲ့ စိတ်ဆန္ဒဖြစ်သလို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒလည်း ဖြစ်တယ်.."
"ပြီးတော့ ဓားလမ်းစဉ်ရဲ့ စိတ်ဆန္ဒလည်းဖြစ်တယ်။ အဲ့ဒါက နားလည်သဘောပေါက်မှု တစ်မျိုး၊ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးနဲ့ သဟဇာတဖြစ်တဲ့ စိတ်အခြေအနေ တစ်မျိုးပဲ..."
ရွှီယန်က ဖြေညှင်းစွာ စဉ်းစားပြီးနောက် ပြော၏။
ရှဲ့လင်ဖုန်း၏ ပါးစပ်က အနည်းငယ် ပွင့်ဟနေပြီး သူက အနည်းငယ် ငိုင်တိုင်သွားသည့်ပုံပါ။
တစ်ဖက်လူ ပြောကြားခဲ့သည့် စကားလုံး တစ်လုံးချင်းစီတိုင်းကို သူနားလည်၏။ သို့ပေမယ့် အားလုံးတို့ကို စုပေါင်းလိုက်ပြီးနောက် ကြောင်တောင်လာခဲ့သည်။
ဤသည်မှာ အလွန်နက်နဲ လှပါသည်။ သူနားလည်နိုင်သည့် အတိုင်းအတာထက် လုံးဝ ကျော်လွန်နေ၏။
ထိုအချိန်၌ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။
'ငါက ဓားသခင် ချောက်ကမ်းပါးမှာ ကမ်းပါးဓားသခင်လို့ အမည်တွင်ပြီး နှစ်၁၀၀၀မှတစ်ခါ ပေါ်ထွန်းတဲ့ ပါရမီရှင်လို့ သမုတ်ခံရတယ်။ ဒါပေမယ့် ညီလေးရွှီနဲ့ နှိုင်းယှဉ်ရင်တော့ ဟာသတစ်ခုပဲ..'
ရုတ်တရက် ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ သူ၏ မျက်လုံးများက ပြူးကျယ်စွာဖြင့် ရွှီယန်ကို မယုံကြည်နိုင်စွာ ကြည့်သည်။ ချက်ချင်းပင် လက်ထဲရှိ သစ်ကိုင်း တုတ်တိုက လေးလံလာပြီး သူ၏ စေခိုင်းမှုကို မနာခံတော့သည့်ပုံပါ။
သူ့ကို ပိုမိုထိတ်လန့်စေသည်ကား ရွှီယန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရှင်းမပြနိုင်စွာ နက်နဲလှသည့် စွမ်းအားကြီးမားကာ ဆန်းကျယ်သော အားတစ်ခု ဖြစ်သည်။
ရေးတေးသော... နားလည်ရခက်ခဲသော... ဖော်ပြနိုင်ခြင်းမရှိသော... ခံစားချက်တစ်ခု ရ၏။ သို့ပေမယ့် ၎င်းတွင် ထက်မြသည့် ခံစားချက်တစ်ခုရှိကာ ထာဝရဆန်မှုနှင့် ဖော်မပြနိုင်သည့် ဆွဲဆောင်မှုတစ်ခုအား သယ်ဆောင်ထားသည်။
သူ၏ ဓားကွက်များက အထိန်းအချုပ် ကင်းမဲ့လာ၏။ သူ၏လက်က တုန်ရင်နေပြီး လက်ထဲရှိ သစ်ကိုင်းက တဖြည်းဖြည်းနှင့် စတင် ကျိုးပဲ့လာခဲ့သည်။ ကြောက်လန့်စွာ ခံစားလိုက်ရပြီး လက်ကို အလျှင်အမြန်လွှတ်ကာ နောက်ဆုတ်သွား၏။
ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက သူ့ကိုယ်သူနှင့် လောကကြီးကို မေ့ပျောက်သည့် အခြေအနေသို့ ဝင်ရောက်သွား၏။ ရှင်းပြနိုင်ခြင်းမရှိသည့် အရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်မှ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာခဲ့သည်။
'ဓားဆန္ဒဆိုတာ ဓားထဲမှာရှိတဲ့ စိတ်ဆန္ဒပဲ။ ပြီးတော့ ဓားက ငါ့ရဲ့လက်ထဲမှာ.. အဲ့ဒါက ငါ့ရဲ့စိတ်ဆန္ဒပဲ... ဓားတာအိုရဲ့ စိတ်ဆန္ဒဆိုတာ ဘာဖြစ်မလဲ။ ဓားဆိုတာ ထက်မြနေရမယ်။ အဲ့ဒါက မလွှဲမသွေ ရှိရမယ့် အရာပဲ။ ပြီးတော့ ငါ့ရဲ့ အရိုးတွေက အပြစ်အနာအဆာ ကင်းမဲ့ပြီး ထာဝရတည်မြဲနိုင်တယ်..'
'သိုင်းပညာက အဆုံးသတ်မရှိဘူး။ ဓားလမ်းစဉ်ကလည်း အဆုံးမသတ်ဘူး။ ဒါ့ကြောင့် ထာဝရတည်မြဲနေသင့်တယ်...'
ရွှီယန်၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို နားလည်လာခဲ့သည်။ ဆရာဖြစ်သူ၏ စကားလုံးနှင့် လုပ်ဆောင်ချက်များက စိတ်ထဲတွင် ထွက်ပေါ်လာနေ၏။
သက်တောင့်သက်သာရှိကာ လွတ်လပ်စွာ ထိုင်ပြီး အနှောင်အဖွဲ့ကင်းမဲ့စွာ လျှောက်လှမ်းသည့် ခြေလှမ်းများနှင့် လှုပ်ရှားမှုတိုင်းက သာမန် လူတစ်ယောက်၏ သဘောသဘာဝကို သယ်ဆောင်ထားသည်။
သို့ရာတွင် ဆရာသည် မည်ကဲ့သို့သော ကြီးမြတ်သည့် ဆရာသခင်တစ်ယောက် ဖြစ်သနည်း။ မည်သည့် သိုင်းအဆင့်တွင် ရှိနေသနည်း...
ရွှီယန်၏ စိတ်ထဲတွင် သေးငယ်သည့် တောင်ရွာလေး၌ သူ၏ မည်ကဲ့သို့ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပုံ၊ ကြက်များကို အစာကျွေးပုံ၊ နေ့စဉ်နေ့တိုင်း ချက်ပြုတ်ပုံနှင့် ဆရာဖြစ်သူ၏ သက်တောင့်သက်သာနှင့် အနှောင်အဖွဲ့ကင်းသည့် နေထိုင်ပုံတို့ ပေါ်လာခဲ့သည်။
သူက ပိုမိုစဉ်းစားလေလေ ဆရာ၏ သိုင်းအဆင့် မည်မျှနက်ရှိုင်းလေလေကို နားလည်လာလေ ဖြစ်လာခဲ့၏။
'ဒါက ဆရာပြောတဲ့ တာအိုက သဘာဝနောက်ကို လိုက်တယ် ဆိုတဲ့ စကားရဲ့အဓိပ္ပာယ် ဖြစ်မယ်..'
ဆရာဖြစ်သူက သဘာဝတရား၈ပါး ပုံကြမ်းကိုသင်ကြားပေးသည့် မြင်ကွင်းလည်း စိတ်ထဲတွင် ပြန်လည်ပေါ်လာခဲ့သည်။
ချန်၊ ခွမ်၊ ကျန်၊ သွေ့...
သူက ပိုမိုစဉ်းစားလေလေ ပိုမိုနားလည်လာလေ ဖြစ်လာခဲ့၏။
'ဒါဆိုရင် ဆရာက ဟိုးအစကတည်းက ငါ့အတွက် ဓားတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ပြီး ဓားဆန္ဒကို ခံစားနိုင်ဖို့အတွက် အခြေခံအုတ်မြစ် တစ်ခုကို ချပေးခဲ့တာပဲ..'
'ဒါပေမယ့် ငါကတော့ လျစ်လျူရှု့ထားခဲ့တယ်..'
'အခု ပြန်ကြည့်မိတော့ ဆရာ့ရဲ့ စကားလုံးတိုင်း၊ လုပ်ဆောင်ချက်တိုင်းက တာအိုနဲ့ တစ်သားတည်း ဖြစ်နေတယ်။ လူနဲ့ တာအိုက နီးကပ်နေတယ်..'
'ဆရာ့ရဲ့ သိုင်းအဆင့်က အနှိုင်းမဲ့လှပြီး မဟာတာအိုနဲ့ နီးကပ်နေပြီးပြီ..'
ထိုအချိန်၌ ရွှီယန် နားလည်လာခဲ့သည်။ သူ၏ ဓားနှလုံးသားက သန့်စင်ကာ ဓားဆန္ဒက ကြည်လင်လာခဲ့၏။ ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ဓားဆန္ဒတစ်ခု မြင့်တက်လာခဲ့သည်။
သူကား သန့်စင်သော ဓားနှလုံးသားတွင် အောင်မြင်မှုငယ် တစ်ခုကို ရရှိခဲ့ပါပြီ။ ဓားဆန္ဒကို နားလည်သဘောပေါက်လာခဲ့၏။
'တောင်နဲ့မြစ်တွေက မသေဆုံးကြဘူး။ လေနဲ့မိုးကို တောင့်ခံပြီး တည်ငြိမ်ပြတ်သားတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို မြေမြုပ်ပေးခဲ့တယ်... ငါရဲ့ပထမဆုံး ဓားဆန္ဒကို တောင်နဲ့မြစ် ဓားဆန္ဒလို့ ခေါ်မယ်..'
ရွှီယန်၏ မျက်လုံးများက ပွင့်လာ၏။ တောင်နှင့်မြစ်ဓားဆန္ဒက ထွက်ပေါ်လာ၏။ ၎င်းက လေးလံကာ ရှည်လျားသည်။ ထက်မြကာ ရက်စက်၏။
ထိတ်လန့်နေသည့် ရွှယ့်ဝူရှင်းကို ကြည့်ကာ သူကရယ်၏။
"အကိုရှဲ့... ကျွန်တော့ရဲ့ ဓားဆန္ဒကို တစ်ချက်လောက် ခံကြည့်ရင်ရော။ စိတ်မပူပါနဲ့.. ကျွန်တော် အားကုန်မသုံးပါဘူး.."
သူသည် ထိုတောင်နှင့်မြစ် ဓားဆန္ဒ၏ စွမ်းအားကို စမ်းသပ်ချင်နေ၏။ ရှဲ့လင်ဖုန်းသာ သူ၏ ဓားကျင့်ကြံမှုတွင် ကူညီပေးမှု မရှိပါက ဓားဆန္ဒကို အလွန်မြန်ဆန်စွာ ဖမ်းဆုပ်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် မူလအဆင့်သို့ မချိုးဖြတ်ခင်၌ ဓားဆန္ဒကို နားလည်သဘောပေါက်ခဲ့လေပြီ။
ရှဲ့လင်ဖုန်း၏ မျက်နှာက အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေ၏။
ဤသည်မှာ ဓားဆန္ဒလေလား။ အလွန်နက်နဲကာ ခန့်မှန်းဖို့ ခက်ခဲလှပါသည်။
သူက အသက်ကို နက်ရှိုင်းစွာရှုပြီး လေးနက်စွာပြော၏။
"ကောင်းပြီ.."
သူလည်းပဲ ဒီဓားဆန္ဒဟု ခေါ်သည့်အရာမှာ အမှန်တကယ် စွမ်းအား ကြီးမားလှသည်လားဟု ပထမဆုံး တွေ့ကြုံခံစားလိုနေ၏။
"ချွမ်.."
ဓားကိုထုတ်ကာ သူ၏မျက်နှာက အလွန်လေးနက်စွာ ရှိနေပါသည်။
ရွှီယန်က လက်ထဲရှိ သစ်ကိုင်းကို ကိုင်ကာ ပြော၏။
"အကိုရှဲ့ ခင်ဗျားဘက်က အရင်တိုက်.."
သူ့ဘက်မှ စတင် လှုပ်ရှားမှုပြုလုပ်ပါက ရှဲ့လင်ဖုန်းအနေနှင့် ဓားကွက်ထုတ်ရန် အခွင့်အရေး မရှိတော့မှာကို စိုးရိမ်သွားသည်။
"ကောင်းပြီ.."
ရှဲ့လင်ဖုန်းကလည်း ဟန်ဖို့မနေပါ။ သူ၏ ဓားကွက်ကို ထုတ်ဖော်လိုက်၏။
ဓားအလင်းက သက်တန့်ပျံတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖြတ်သန်းကာ လျှပ်တစ်ပြက် အတွင်း သူတို့ နှစ်ယောက်အကြားရှိ အကွာအဝေးကို ဖြတ်ကျော်သွားသည်။
"ဘဇ်.."
ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ရုတ်တရက် ညည်းသံတစ်ခုကို ထုတ်လွှတ်လာသည့်ပုံ ပေါ်၏။
ရှဲ့လင်ဖုန်းတစ်ယောက် မှင်သက်စွာနှင့် တောင်နှင့်မြစ်တို့ ပေါ်လာသည့်ပုံကို တွေ့လိုက်ရသည့်ပုံ ရှိသည်။ ၎င်းမှာ ထာဝရကဲ့သို့ တည်မြဲပြီး ထက်မြကာ ရက်စက်၏။
သက်ရှိအားလုံးတို့ကို သင်္ဂြိုဟ်ပစ်နိုင်သည့်ပုံ ရှိ၏။
သက်တန့်ပျံ ဓားအလင်းဟာ တောင်နှင့်မြစ်များ အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မည်သည့် သဲလွန်စမှ မကျန်ရစ်ခဲ့ပေ။
သို့ပေမယ့် တောင်နှင့်မြစ်၏ ရောင်ပြန်မှု ပုံရိပ်မှာတော့ တလိပ်လိပ်တက်ကာ မြည်တမ်းနေပုံ ပေါ်၏။ ၎င်းတို့သည် လူသားအားလုံးတို့ကို ဝါးမြိုချင်နေပြီး သူလည်းပဲ ထိုဝါးမြိုခံရမည့် သက်ရှိများ အကြားတွင် ပါဝင်နေသည့်ပုံ ရှိပါသည်။
နှလုံးသား၌ ထိတ်လန့်မှုတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ ဓားဆန္ဒလေလား။
"ရွှမ်း ရွှမ်း.."
ရှဲ့လင်ဖုန်းက သူ၏ဓားကို အလျှင်အမြန် ဝှေ့ရမ်းသည်။
ဓားချက်များ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာ၏။
သက်တန့်ပျံ ဓားအလင်းများက လက်သွားပြီး အေးစက်သော ဓားစွမ်းအင် အလွှာများက တောင်နှင့်မြစ် ဓားဆန္ဒအတွင်းသို့ ဆက်တိုက် ပြေးဝင်သွားသည်။
သူသည် မျက်စိတမှိတ် အတွင်းတွင် ဓားချက်ပေါင်း ၁၀၀လောက်ကို ထုတ်လွှတ်ခဲ့၏။
"ဘုန်း.."
နောက်ဆုံးတွင် တောင်နှင့်မြစ် ဓားဆန္ဒ ပျောက်ကွယ်သွားခဲ့သည်။
ရွှီယန်၏ လက်ထဲရှိ သစ်ကိုင်းလည်း အမှုန်များ အဖြစ်သို့ ပြောင်းလဲသွား၏။ သူသည် အနည်းငယ် အားနည်းစွာ ခံစားလိုက်ရပြီး စွမ်းအင်များစွာတို့ ကုန်ဆုံးခဲ့သည့်နှယ် ရှိသည်။ ချီနှင့်သွေးက ချက်ချင်းပင် ၁၀%လောက် လျော့ပါးသွား၏။
ကျောက်စိမ်းအရိုးက တောက်ပစွာ လင်းလက်နေပြီး ချီနှင့်သွေးကို လျှင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးသည်။
အားနည်းသွားခဲ့သည့် စိတ်စွမ်းအားမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည် ပြည့်နက်လာခဲ့၏။
'ဓားဆန္ဒက စွမ်းအားကြီးလွန်းတယ်။ ဒါပေမယ့် လက်ရှိငါ့ရဲ့ခွန်အားနဲ့ အသုံးပြုဖို့ကျ အားကုန်လွန်းတယ်..'
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဘာပဲဖြစ်ဖြစ် ဓားဆန္ဒဟူသည့် အဆင့်မှာ အလွန်မြင့်မားနေပြီးဖြစ်၏။
သူသည် လက်ရှိအချိန်၌ ချီနှင့်သွေးအဆင့်၌သာ ရှိသေးပြီး သိုင်းပညာသို့ စတင်ဝင်ရောက်ရုံသာ ရှိပါသေးသည်။
ဓားဆန္ဒကို အသုံးပြုရန်အတွက် ကုန်ကျမှုမှာ ထင်ထားတာထက် ကျော်လွန်နေ၏။
'ငါ့မှာ ကျောက်စိမ်းအရိုး အခြေခံရှိလို့ အခုလို တောင့်ခံနိုင်တာ။ တကယ်လို့ ရွှေအရိုး အခြေခံသာဆိုရင် ဓားဆန္ဒကို ချီနဲ့သွေးအဆင့်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ ထုတ်ဖော်နိုင်လောက်မှာ..'
ရွှီယန်က တိတ်ဆိတ်စွာဖြင့် ကိုယ့်ကိုယ်ကို စဉ်းစားသည်။ လက်ရှိအချိန်၌ သူသည် စွမ်းအင်တို့ များစွာ ကုန်ဆုံးခဲ့ပေမယ့် ဒီဓားချက်ကို ဆက်လက် ထုတ်ဖော်နိုင်ဆဲရှိသည်။ ၅ကြိမ်၊ ၆ကြိမ်လောက် အထိ တောင့်ခံနိုင်လောက်၏။
ရွှီယန်က ဓားဆန္ဒ၏ စွမ်းအင်ကုန်ခမ်းမှု များပြားမှုကို တွေးတောနေစဉ် ရှဲ့လင်ဖုန်းမှာတော့ ကြီးစွာ ထိတ်လန့်နေပြီး ဖြစ်၏။ ဤသည်မှာ ဓားချက်တစ်ချက်သာ ဖြစ်ပါသည်။ သူကတော့ အားကုန်သုံးကာ ဓားချက်အချက်၁၀၀ကို ထုတ်လွှတ်ပြီးမှ ဒီဓားချက်တစ်ချက်ကို ခုခံနိုင်ခဲ့၏။
ထို့အပြင် ထိုဓားဆန္ဒက သူ၏ ဓားသိုင်းစွမ်းအားကို အားနည်းသွားစေကြောင်းအား ရှင်းလင်းစွာ ခံစားရသည်။
ဓားဆန္ဒအတွင်းသို့ ဝင်ရောက်သွားသည့် သက်တန့်ပျံ ဓားအလင်းတို့သည် နွံအိုင်တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်နှယ် ရှိ၏။ စွမ်းအား၃၀%လောက်သာ ကျန်ရစ်ခဲ့သည်။
ပြဿနာတစ်ခုကို သူနားလည်လာခဲ့၏။ ဓားဆန္ဒကို နားလည်သဘောပေါက်သည့် သိုင်းသမားတစ်ယောက်သည် အခြား ပုံမှန်သိုင်းသမားများကို စွမ်းအားအရာတွင် နင်းချေနိုင်စွမ်း ရှိပါသည်။
ဓားဆန္ဒကို နားလည်နိုင်သည်နှင့် လူတစ်ယောက်သည် ပိုမိုအဆင့်မြင့်မားသည့် ရန်သူများကို စိန်ခေါ်နိုင်၏။
ဤသည်က အလွန် ကြောက်ဖို့ကောင်းလှသည်။ နားထောင်ရတာ အလွန် လျှို့ဝှက်ဆန်းကြယ်ကာ အံ့ဩဖွယ်အတိ ရှိသည်။
ဒီအဖြစ်အပျက် အပြီးတွင် ရှဲ့လင်ဖုန်းအနေနှင့် သူ့ကိုယ်သူ တစ်ဘဝလုံး အတုအယောင် သိုင်းပညာအား ကျင့်ကြံခဲ့သည်ဟု ပိုမို ယုံကြည်လာခဲ့သည်။
ဓားသခင်ချောက်ကမ်းပါးမှ အမွေအနှစ်များ အားလုံးအား အတုအယောင် သိုင်းပညာများ ဖြစ်သည်ဟု ဝမ်းနည်းစွာ လက်ခံလာခဲ့၏။
ထို့အပြင် သူသည်လည်းပဲ ဓားလမ်းစဉ်၏ ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ ဓားသိုင်းအနည်းငယ်ကို သင်ယူတတ်မြောက်ထားသည့် သာမန် ဓားသမားတစ်ယောက်သာ ဖြစ်၏။
'ငါဆက်ပြီးတော့ ဒီစိတ်ဓာတ်ကျမှုထဲမှာ နစ်မျောသွားလို့ မဖြစ်ဘူး။ ဓားပညာကို နားလည်ဖို့ လိုအပ်တယ်။ ငါလည်း ဓားလမ်းစဉ်ရဲ့ တံခါးဝကို ဝင်ရောက်ချင်တယ်..'
'ငါစစ်မှန်တဲ့ ဓားလမ်းစဉ် လျှောက်လှမ်းသူတစ်ယောက် ဖြစ်ချင်တယ်..'
ရှဲ့လင်ဖုန်း၏ မျက်လုံးများက ခိုင်မာပြတ်သားလာ၏။
ဒီစွန့်ပစ်ဒေသသို့ ခရီးစဉ်မှာ ကံတရားက သယ်ဆောင်လာသည့် အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
'သန့်စင်သော ဓားနှလုံးသားကို ဘယ်လိုမျိုး ရနိုင်မလဲလို့ ညီလေးရွှီကို မေးကြည့်ရမယ်..'
သန့်စင်သော ဓားနှလုံးသား ရှိမှသာလျှင် လူတစ်ယောက်သည် ဓားလမ်းစဉ်၏ တံခါးဝသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤသည်မှာ အခြေခံ ဖြစ်၏။ သန့်စင်သော ဓားနှလုံးသား ရှိမှသာလျှင် ဓားဆန္ဒကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
"ဓားဆန္ဒကို နားလည်သဘောပေါက်လာတဲ့ အတွက် ညီလေးရွှီကို ဂုဏ်ပြုပါတယ်.."
အားကျသည့် အသွင်ဖြင့် ရှဲ့လင်ဖုန်းက လက်သီးနှစ်ဖက်ကိုဆုပ်ကာ လေးစားစွာဖြင့် ဂုဏ်ပြုသည်။
"အကိုရှဲ့က နှိမ့်ချလွန်း နေပါပြီ။ အကိုရှဲ့ရဲ့ ကူညီယှဉ်ပြိုင်ပေးမှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဓားဆန္ဒကို ဒီလောက်မြန်မြန် နားလည်သဘောပေါက်လာမှာ မဟုတ်ဘူး.."
ရွှီယန်က နှိမ့်ချစွာဖြင့် ပြန်ကြားသည်။
"ညီလေးရွှီ.. ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့။ ဒီကိစ္စမှာ ငါလုပ်ပေးခဲ့တာ ဘာမှမရှိဘူး။ ငါမရှိရင်တောင် အချိန် တစ်ရက်နှစ်ရက်လောက် ပိုသုံးပြီးရင် နားလည်လာမှာ.."
ရှဲ့လင်ဖုန်းက ခါးသက်သည့် အပြုံးတစ်ခုဖြင့် ပြော၏။