ကျောက်စိမ်းအရိုးပေါ်တွင် တောင်နှင့်မြစ် ပန်းချီ ရေးထွင်းခြင်း၊ ရွှီယန်၏ မူလအဆင့်သို့ ဝင်ရောက်မှု
Vol. 7 Ch. 102
"ဘယ်တူမလဲ။ မင်းရဲ့ ကူညီယှဥ်ပြိုင် ပေးမှုသာ မရှိရင် ရုတ်တရက် ဉာဏ်အလင်းပွင့်မှုကို ရနိုင်မှာ မဟုတ်ဘူး.."
"အဲ့ဒါဆိုရင် ဆရာ့ရဲ့ စကားလုံးနဲ့ အပြုအမူတွေက ငါ့အတွက် ဓားဆန္ဒကို လေ့လာရာမှာ အခြေခံအုတ်မြစ်အဖြစ် အားလုံး ချထားပေးပြီးသားကို နားမလည်ဘဲ ဖြစ်နေမှာ.."
ရွှီယန်က ခေါင်းကိုရမ်းကာ သူ၏အတွေးကို ပြောသည်။
ရှဲ့လင်ဖုန်း၏ မေးခွန်းများနှင့် အဖော်ပြုပေးမှုသာ မရှိပါက သူသည် နက်နဲသည့် အမှန်တရားကို နားမလည်ပဲ ဖြစ်နေမှာပါ။ ထို့ကြောင့် သူ၏ တောင်နှင့်မြစ် ဓားဆန္ဒအပေါ် လျှင်မြန်စွာ နားလည်သဘောပေါက်မှုတွင် ရှဲ့လင်ဖုန်း၏ အကျိုးပြုမှုများ အမှန်တကယ်ကို ပါဝင်နေ၏။
"ညီလေးရွှီ... ငါမင်းရဲ့ဆရာနဲ့ တွေ့ခွင့် ရနိုင်မလား.."
ရှဲ့လင်ဖုန်းက မေး၏။ သူ၏ မျက်နှာပေါ်တွင် ရိုသေသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
"အဲ့ဒါတော့ ဆရာ့ကို အရင်ဆုံး မေးကြည့်ဖို့ လိုအပ်သေးတယ်.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။
"ကျေးဇူးတင်ပါတယ်။ ညီလေးရွှီ.."
ရှဲ့လင်ဖုန်းက ကျေးဇူးတင်စွာ ပြော၏။ ခဏတာ ရပ်တန့်သွားပြီးနောက် သူက သက်ပြင်းချသည်။
"ငါ.. ရှဲ့လင်ဖုန်းက ငါ့ကိုယ်ငါ ဓားပညာမှာ ထူးချွန်တဲ့ ပါရမီရှိတယ်လို့ ထင်ထားခဲ့တာ။ ဓားလမ်းစဉ်ရဲ့ လမ်းကြောင်း အပေါ်ကိုတောင် မဝင်ရောက်နိုင်သေးပဲ နေမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး.."
"ညီလေးရွှီ.. သန့်စင်သော ဓားနှလုံးသားကို ငါဘယ်လိုရအောင် လုပ်ရမှာလဲ.."
ဓားလမ်းစဉ်၏ အခြေခံက သန့်စင်သောဓားနှလုံးသားဖြစ်၏။ ရှဲ့လင်ဖုန်းလည်း သန့်စင်သော ဓားနှလုံးသားကို နားလည်သဘောပေါက်ကာ စွမ်းအားကြီးမား လာလိုပါသည်။
သန့်စင်သော ဓားနှလုံးသား၏ အထက်ရှိ အဆင့်မှာတော့ သူ့အနေနှင့် အရမ်းကြီး ဝေးကွာလွန်းလှ၏။
သူ့အတွက် သန့်စင်သော ဓားနှလုံးသားကို ပိုင်ဆိုင်လာပြီး ဓားလမ်းစဉ်၏ တံခါးဝသို့ ဝင်ရောက်နိုင်လျှင်တောင် ဒီဘဝတွင် ကြီးမားသည့် ဂုဏ်ယူစရာ ဖြစ်သည်။
"သန့်စင်သော ဓားနှလုံးသားကို ဘယ်လို ရရှိနိုင်မလဲ.."
ရွှီယန်က ခဏတာ မှင်သက်သွား၏။ သူ့အနေနှင့် ရှဲ့လင်ဖုန်းကို မည်ကဲ့သို့ သင်ကြားရမည်အား မသိ ဖြစ်နေပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းက ခြားနားကြ၏။
ခဏတာ စဉ်းစားပြီးနောက် သန့်စင်သော ဓားနှလုံးသားကို ရရှိရန် ပထမဆုံး စိတ်အခြေအနေကို မြှင့်တင်ပြီး ရှင်းလင်းအောင် လုပ်ရမည်ဟု ရွှီယန် ခံစားလိုက်ရသည်။
"ဆရာပြောတာတော့ နှလုံးသားထဲမှာ မိန်းမမရှိရင် နတ်ဘုရားတစ်ပါးလို ကျင့်ကြံနိုင်တယ်တဲ့... အဲ့ဒီ့စိတ်အခြေအနေက အရမ်းကို နက်နဲပြီးတော့ မိမိ ကိုယ်ပိုင်စိတ်ရဲ့ အတားအဆီးတွေကို ချိုးဖျက်နိုင်တယ်.."
"ပြီးတော့ ဆရာ့ရဲ့ အဲ့ဒီ့ နှိုင်းယှဉ်ဖော်ပြချက်ကို နားလည်မှုရလာပြီး ခိုင်မာတဲ့ အခြေခံတစ်ခု ဆောက်လုပ်ပြီးမှပဲ ငါလည်း သန့်စင်သော ဓားနှလုံးသားကို ရရှိလာနိုင်ခဲ့တာ.."
"အဲ့ဒါကြောင့် မင်းမှာ သန့်စင်သော ဓားနှလုံးသား ရှိချင်ရင် ပထမဆုံး နှလုံးသားထဲမှာ မိန်းမမရှိတဲ့ အခြေအနေကို အောင်မြင်မှရမယ်.."
"အဲ့လို စိတ်အခြေအနေကို ရရှိပြီးမှပဲ အပြင်ဘက်လောကက အရာတွေရဲ့ နှောင့်ယှက်မှုကို မခံရဘဲ ကိုယ်ပိုင်ကြည်လင်မှု ရှိလာမှာ။ အဲ့ဒါက သန့်စင်သော ဓားနှလုံးသားအဆင့်ကို ဝင်ရောက်နိုင်တယ်.."
ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်က မေးသည်။
"အကိုရှဲ့.. မင်း.. မိန်းမတွေအကြောင်း စဉ်းစားလား.."
ရှဲ့လင်ဖုန်းက သူ့ထက် အသက်ကြီးပေမယ့် ဒီအသက်အရွယ်မှာ ခွန်အားနှင့် အသက်ဓာတ်တို့ ပြည့်နေသည့် အရွယ်တွင် ရှိနေသေးသည်။ မိန်းမများ၏ ဆွဲဆောင်မှုကို အလွယ်တကူ ခံရနိုင်၏။
သူ့သာ မိန်းမများ၏ ဆွဲဆောင်မှုကို တောင့်ခံကာ နှလုံးသားအတိုင်း ဆောင်ရွက်နိုင်ပါက သူ၏ စိတ်အခြေအနေလည်း ဓားလမ်းစဉ်ကို နားလည်နိုင်ရန်အတွက် အခြေခံတစ်ခု ရှိလာမှာ ဖြစ်သည်။
ရှဲ့လင်ဖုန်းက ကြောင်တောင်သွားသည်။ သူက ဓားလမ်းစဉ်အကြောင်းကို မေးမြန်းခြင်း ဖြစ်၏။ အဘယ်ကြောင့် မိန်းမများ အကြောင်းကို ပြောနေရသနည်း။ ထိုတွေးခေါ်ခြင်း မျဉ်းကြောင်းက အလွန် သွေဖယ်သွားပါပြီ။
"ဖြစ်နိုင်တာက... ငါထင်တာတော့... စဉ်းစားမယ်ထင်တယ်.."
ရှဲ့လင်ဖုန်းတစ်ယောက် ခဏတာအတွင်း မည်ကဲ့သို့ ဖြေကြားရမည်ကို မသိ ဖြစ်သွားခဲ့၏။
"ရှဲ့အကို.. သန့်စင်သော ဓားနှလုံးသားရဲ့ အခြေခံက သန့်စင်သော စိတ်အပေါ်မှာ မူတည်နေတယ်။ အဲ့ဒါက လူတွေက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပြီး အပြင်ဘက် အရာတွေရဲ့ နှောင့်ယှက်မှုကို မခံရဘူးလို့ ဆိုလိုတာပဲ.."
"ဓားလမ်းစဉ်ရဲ့ လမ်းကြောင်းအပေါ်ကို ဝင်ရောက်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေထဲက တစ်ခုက နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိတဲ့ စိတ်အခြေအနေပဲ။ အဲ့ဒီ့အခါမှသာ မျှော်လင့်ချက်ရှိမယ်.."
ရွှီယန်က လေးနက်စွာ ပြောသည်။
ရှဲ့လင်ဖုန်းမှာ ပိုမိုကာပင် ကြောင်တောင်လာခဲ့၏။ သူ၏ မျက်လုံးများက အနည်းငယ် ငိုင်တိုင်နေပြီး ပြောသည်။
"နှလုံးသားထဲမှာ မိန်းမမရှိဘူး...ဆိုလိုတာက..."
သူက ခေါင်းကိုငုံ့ကာ ဝမ်းဗိုက်အောက်ရှိ နေရာအားကြည့်သည်။
"အကိုရှဲ့.. မင်းက နားလည်မှု လွဲနေတာပဲ... နှလုံးသားထဲမှာ မိန်းမ မရှိဘူးဆိုတာ မိန်းမတွေကို စွန့်ပစ်ခိုင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး.."
"အဲ့ဒါက စိတ်အခြေအနေ တစ်ခုပဲ.. ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ်က သွေးဆောင်မှုကို မခံရဘူး။ မိန်းမတွေက ကိုယ့်ကို သွေးဆောင်ဖို့အတွက် လုံလောက်မှု မရှိဘူးလို့ပဲ..."
"အဲ့ဒါက ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ကြည်လင်တဲ့ စိတ်ကို ရရှိတဲ့ စိတ်အခြေအနေပဲ.."
ရွှီယန်က အမြန်ရှင်းပြသည်။ ရှဲ့လင်ဖုန်းအား နားလည်မှုလွဲစေကာ သူ၏ ညီဖြစ်သူအား ဓားတစ်ချက်ဖြင့် တစ်ခါတည်း ခုတ်ပိုင်းလိုက်မှာကို စိုးရိမ်မိသည်။
ရှဲ့လင်ဖုန်း၏ မျက်လုံးများက ကြောင်တောင်နေ၏။ မည်ကဲ့သို့သော စိတ်အခြေအနေ ဖြစ်သနည်း။ ဤသည်ကို မည်ကဲ့သို့ နားလည်နိုင်မည်နည်း။ ဤသည်က အလွန် လျှို့ဝှက်ဆန်းကြယ် လှပါသည်။
နှလုံးသားထဲမှာ မိန်းမမရှိဘူးဆိုတာ မိန်းမတွေကို စွန့်ပစ်ခိုင်းတာ မဟုတ်ပဲ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ်လို့ ဆိုလိုတာတဲ့...
"ငါက ဓားပညာကို သင်ယူဖို့အတွက် မသင့်တော်ဘူးလား.."
ရှဲ့လင်ဖုန်းက ကိုယ့်ကိုယ်ကို သံသယဝင်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။
"မင်းပြောတဲ့ နှလုံးသားထဲမှာ မိန်းမ မရှိတဲ့ စိတ်အခြေအနေကို ဘယ်လိုမျိုး ရောက်ရှိနိုင်လဲ မသိဘူး.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် သူသည် ချီနန်းတော်ရှိ မောင်းမဆောင်၌ စိတ်အခြေအနေ သွားရောက်ကျင့်ကြံပြီးမှသာ ကြီးမားသည့် တိုးတက်မှုတို့ ရလာကြောင်းကို နားလည်လိုက်သည်။ ထို့ကြောင့် အသာပြော၏။
"ငါကတော့ အရင်ဆုံး ချီဧကရာဇ်အိုကြီးရဲ့ မောင်းမဆောင်ကိုသွားပြီး သူ့ရဲ့မောင်းမတွေ၊ မိန်းမလှလေးတွေ ကတာနဲ့ ဖျော်ဖြေပေးတာကို သွားကြည့်တယ်။ အဲ့လိုနဲ့ စိတ်အခြေအနေကို မြှင့်တင်ပြီး ပြီးတော့ အောင်မြင်မှု ရလာခဲ့တယ်.."
"မင်းရဲ့ ညွှန်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် ညီလေးရွှီ.."
ရှဲ့လင်ဖုန်း၏ မျက်လုံးများက လင်လက်သွားပြီး သူကစိတ်ရင်းဖြင့် ကျေးဇူးတင်စွာပြော၏။
"ရပါတယ်။ အကိုရှဲ့.."
တစ်ဖက်လူက သူ့ကို ဓားဆန္ဒအား ကြိုတင်နားလည်မှု ရလာစေရန် ကူညီပေးခဲ့ရာ သူကလည်း စိတ်အခြေအနေကို မြှင့်တင်ရန် အတွက် ညွှန်ကြားချက်အချို့ ပြန်ပေးခြင်းမှာ ဖြစ်သင့်သည်ဟု ရွှီယန်ခံစားရ၏။
ရှဲ့လင်ဖုန်းအတွက် ဒီနေ့သည် ကောင်းကင်၏ အလင်းတို့ ပွင့်လှစ်သွားသည့် နေ့တစ်နေ့ ဖြစ်သည်။ သူ့ကို စစ်မှန်သည့် လောကအား မြင်နိုင်လာစေ၏။
သူသည် ဓားပညာ၏ လျှို့ဝှက်ဆန်းကြယ်မှု၌ အတွေ့အမြင်အချို့ ရလာခဲ့၏။ အဓိကအချက်ကို မဖမ်းဆုပ်နိုင်သေးလျှင်တောင် ဖြစ်သည်။
လက်စသတ်တော့ ဓားဆန္ဒမှာ အလွန် နက်နဲလှပါသည်။ ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်း မရှိပါက ဓားတာအို၏ လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသူ တစ်ယောက်ဟု ကိုယ့်ကိုယ်ကို မည်ကဲ့သို့ ပြောနိုင်မည်နည်း။
ရွှီယန်၏ အိမ်မှ ထွက်ခွာသွားပြီးနောက် နန်းတော်အတွင်းရှိ နေအိမ်သို့ ပြန်ကာ ရှဲ့လင်ဖုန်းတစ်ယောက် အနည်းငယ် ငိုင်တိုင်နေဆဲရှိသည့် ဟူရှန်းကို တွေ့လိုက်ရသည်။ သူက ပြော၏။
"ဟူရှန်း.. မင်းအခု ဝမ်းသာနေသင့်တာလေ။ အခုအချိန်မှာ သိုင်းပညာရဲ့ အမှန်တရားကိုလည်း သိလာခဲ့ပြီဆိုတော့ စစ်မှန်တဲ့ သိုင်းပညာနောက်ကို လိုက်သင့်တယ်.."
ဟူရှန်းက ခါးသက်စွာ သက်ပြင်းချသည်။
"သခင်လေး.. သခင်လေးက အဲ့လိုပြောဖို့ လွယ်ပေမယ့် ကျွန်တော်ကတော့ လက်ခံဖို့ ခက်ခဲနေတုန်းပဲ.."
"လက်မခံနိုင်စရာ ဘာမှမရှိပါဘူး.."
ရှဲ့လင်ဖုန်းက ခိုင်မာသည့် အကြည့်ဖြင့် ပြောသည်။
"ငါ.. စစ်မှန်တဲ့ သိုင်းပညာကို ကျင့်ကြံချင်တယ်။ ဓားတာအိုရဲ့ လမ်းစဉ်အပေါ်ကိုလည်း အမှန်တကယ် ဝင်ရောက်ချင်တယ်.."
ဤသည်က ဟူရှန်းကို မှင်သက်သွားစေ၏။ သူသည် ဓားသခင် ချောက်ကမ်းပါးမှ ဓားတာအိုကို စွဲမြဲစွာ ကျင့်ကြံသည့် သခင်လေးအား ပြန်လည် တွေ့လိုက်ရသည့်နှယ် ရှိနေပါသည်။
"သခင်လေး ဘာဖြစ်ခဲ့တာလဲ.."
"ဟူရှန်း.. ဓားဆန္ဒဆိုတာကို မင်းသိလား။ ဒီနေ့မှာ ငါနောက်ဆုံးတော့ စစ်မှန်တဲ့ ဓားတာအိုက ဘာလဲဆိုတာကို နားလည်ခဲ့ပြီ.."
ရှဲ့လင်ဖုန်းက နက်ရှိုင်းစွာဖြင့် လေပူများကို မှုတ်ထုတ်သည်။
"ဓားဆန္ဒလား.."
ဟူရှန်းက ကိုယ့်ကိုယ်ကို ရေရွတ်၏။
ရှဲ့လင်ဖုန်းက ယနေ့၏ အဖြစ်အပျက်များကို ပြန်လည်ပြောပြသည်။ ရွှီယန်၏ ဓားဆန္ဒအား မည်ကဲ့သို့ နားလည်သဘောပေါက်ခဲ့သည့် အကြောင်း ဖြစ်၏။
နောက်ဆုံးတွင် သူက ပြောလေသည်။
"တောင်နဲ့မြစ် ဓားဆန္ဒက တကယ့်ကို စွမ်းအားကြီးတယ်.."
ဟူရှန်းမှာ အချိန်အတော်ကြာအောင် မှင်သက်နေပြီးသည့်တိုင်အောင် ခံစားချက်များကို တည်ငြိမ်နိုင်ခြင်း မရှိ ဖြစ်နေ၏။
......
ယခုအချိန်၌ ရွှီယန်သည် နောက်ဆုံးတွင် ဓားဆန္ဒကိုနားလည်သဘောပေါက် လာခဲ့ရာ ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ကာ မူလအဆင့်သို့ ချိုးဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
မထွက်ခွာခင်တွင် ကောရုန်ရှန်တို့၏ ကျင့်ကြံမှုအတွက် ညွှန်ကြားချက် အချို့အား ပေးခဲ့၏။