ကျောက်စိမ်းအရိုးပေါ်တွင် တောင်နှင့်မြစ် ပန်းချီ ရေးထွင်းခြင်း၊ရွှီယန်၏ မူလအဆင့်သို့ ဝင်ရောက်မှု(၂)
Vol. 7 Ch. 103
ထိုနေ့တွင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က သူ့ကို လိုက်ပို့ကြသည်။
"အကိုရှဲ့.. ကျွန်တော့်ရဲ့ဆရာက တွေ့ဖို့ သဘောတူရင် ကျွန်တော် အဘိုးဆီကို စာပို့ပြီး ခင်ဗျားဆီကို လာပြောခိုင်းလိုက်မယ်.."
ရွှီယန်က ဦးညွှတ်၏။
"ကျေးဇူးတင်ပါတယ်။ ညီလေးရွှီ.."
ရှဲ့လင်ဖုန်းက ကျေးဇူးတင်စွာ ပြောသည်။
သူသည် ရွှီယန်၏ ဆရာဖြစ်သူ လျှို့ဝှက်ဆန်းကြယ်သည့် တံခါးပိတ်နေထိုင်သည့် ဆရာကြီးဆီသို့ သွားရောက် လည်ပတ်လို၏။ ဤသည်မှာ အခွင့်အရေးတစ်ခု ဖြစ်သည်။ ကောင်းကောင်း ဖမ်းဆုပ်ရပေမည်။
"ဒါဆိုရင် ကျွန်တော် သွားတော့မယ်.."
ရွှီယန်က လေးစားစွာဖြင့် ပြောပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ယွင်ရှန်းမြို့ငယ်တွင် မုန့်ချုံက သဘာဝတရား၈ပါးပုံကြမ်းကို လေ့လာနေ၏။ သူက ပိုမို လေ့လာလေလေ ၎င်းကို ပိုမို လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရလေ ဖြစ်လာခဲ့သည်။ အမြဲတမ်း တစ်ခုခုကို နားလည်သဘောပေါက် မိလိုက်သည်ဟု ခံစားရ၏။
သို့ပေမယ့် အဓိကအချက်ကို ဖမ်းဆုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။
"ငါလောလို့ မဖြစ်ဘူး.."
မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏ အလျှင်လိုနေသည့် နှလုံးသားကို တည်ငြိမ်စေလိုက်သည်။
လီရွှမ်က မုန့်ချုံကို ရက်အနည်းငယ်ကြာ အာရုံထား ကြည့်ရှု့ပြီးနောက် ဆက်လက်ကြည့်ရှု့ခြင်း မပြုတော့ပါ။
မုန့်ချုံ၏ ပါရမီနှင့် ဉာဏ်အလင်းအချို့ ရရှိလာမှာ အသေအချာ ဖြစ်၏။
ရုတ်တရက် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုတစ်ခု ပေါ်လာခဲ့သည်။
"သင်၏တပည့် ရွှီယန်သည် တောင်နှင့်မြစ် ဓားဆန္ဒကို နားလည်သဘောပေါက်ခဲ့၏။ သင်သည် တောင်နှင့်မြစ်ဓားဆန္ဒအား ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်.."
"ဘုန်း.."
သူ၏ စိတ်ထဲတွင် ဓားဆန္ဒတစ်ခု ထွက်ပေါ်လာ၏။ သူသည် ၎င်းနှင့်အတူ မွေးဖွားလာသည့်ပုံ ရှိသည်။
တောင်နှင့်မြစ်ဓားဆန္ဒ...
လီရွှမ်က ဝမ်းသာသွား၏။
'ဘယ်လောက် ထူးကဲတဲ့ တပည့်လဲ။ မူလအဆင့်ကို မချိုးဖျက်ခင်မှာတင် ဓားဆန္ဒကို နားလည်သဘောပေါက်နေပြီးပြီ။ တကယ့်ကို ဓားနတ်ဘုရား ဖြစ်လာဖို့ ပါရမီပါတယ်.."
သူ၏ သိုင်းပညာခရီးစဉ်တွင် နောက်ထပ် သိသာသည့် တိုးတက်မှုခြေလှမ်း တစ်ခုကို လှမ်းခဲ့ပြန်လေပြီ။
ထိုအချိန်၌ ခြံထဲတွင် ဖော်မပြနိုင်သည့် အငွေ့အသက်တစ်ခု လွှမ်းခြုံလာ၏။ ဤသည်မှာ ခြံတစ်ခုလုံး၌ တောင်နှင့်မြစ်တို့ ပြည့်နက်နေသည့်ပုံ ရှိသည်။ ၎င်းတွင် ထာဝရဆန်သည့် ခံစားချက်တစ်ခုရှိပြီး ကြမ်းကြုတ်ကာလည်း ရက်စက်ပြတ်သား၏။
ကျင့်ကြံနေသည့် ရှီအာလည်း ရုတ်တရက် သူ့ကိုယ်သူ တောင်နှင့်မြစ်အတွင်းသို့ ဝင်ရောက်သွားသည့်နှယ် ခံစားလိုက်ရသည်။ ကိုယ့်ကိုယ်ကို အလွန် သေးသိမ်လှသည်ဟု ခံစားရ၏။
တောင်နှင့်မြစ်သည် အလွန်ရက်စက်ပြတ်သားပြီး သူအပါအဝင် အရာအားလုံးကို မြှုပ်နှံပစ်နိုင်သည့်ပုံ ရှိသည်။
"ဘာတွေ ဖြစ်နေတာလဲ.."
ရှီအာက ထိတ်လန့်သွားသည်။
"ငါဖောက်ထွက်ရမယ်.."
သူက ရုန်းကန်မှု ပြု၏။
သို့ပေမယ့် လှုပ်ရှားနိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။ နောက်ဆုံးတွင် အံကိုကြိတ်ကာ သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ပြီး အရိုးများကို သန့်စင်၏။
"ငါပိုပြီးတော့ သန်မာလာဖို့ လိုတယ်။ သန်မာလာတာ ပိုမြန်လေလေ ဒီကနေ မြန်မြန် ထွက်နိုင်လေပဲ.."
နှလုံးသားထဲတွင် ထိုယုံကြည်မှုနှင့် ရှီအာက အရိုးများကို အရူးအမူး သန့်စင်၏။ မှင်သက်နေရင်းနှင့် တောင်နှင့်မြစ်တို့၏ တိုက်စားမှုကို ခံစားလာရသည်။ သို့ပေမယ့် သူ၏ ဇွဲကြီးသည့် ခုခံမှုနှင့် အရိုးသန့်စင်ခြင်း အမြန်နှုန်းက ပိုမို မြန်ဆန်လာခဲ့၏။ တိုက်စားမှုကို တဖြည်းဖြည်း နှေးကွေးသွားစေသည်။
သူက ဝမ်းသာသွားပြီး ပိုမိုကာပင် ကြိုးစားပြီး ဆက်လက်လေ့ကျင့်၏။
လီရွှမ်က ရှီအာကို တိတ်ဆိတ်စွာ ကြည့်နေပါသည်။ သူက တောင်နှင့်မြစ် ဓားဆန္ဒကို အသုံးပြုပြီး အနည်းငယ် ဖိနှိပ်လိုက်ရုံသာ ရှိ၏။ သို့ပေမယ့် ဤသည်က ရှီအာ၏ အရိုးသန့်စင်ခြင်း အမြန်နှုန်းကို ကြီးစွာ မြင့်တက်လာစေသည်။
'ဓားဆန္ဒက လူတစ်ယောက်ကို ခန္ဓာကိုယ်ရော စိတ်ဝိဉာဉ်ကိုရောပါ သန့်စင်ပေးနိုင်တယ်..'
လီရွှမ်က အတွေးနက်သွား၏။ ရွှီယန် ပြန်လာပြီးပါက သူ၏ တပည့်ကို ဓားဆန္ဒ၏ အသုံးဝင်မှုများအား ဆက်လက် လေ့လာရန် သတိပေးရပေမည်။
ရှီအာသည် တောင်နှင့်မြစ်၏ ဖိနှိပ်ထားသည့် အခြေအနေမှ လွတ်မြောက်သွားပြီးနောက် အံ့သြစရာကောင်းလောက်အောင် အရိုးများကို ကြေးအဆင့်အထိ သန့်စင်ပြီး ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။
ယခုကဲ့သို့သော အချိန်တိုအတွင်းတွင် မသိမသာနှင့် သူ၏ အရိုးသန့်စင်ခြင်း ပြီးမြောက်ခဲ့၏။ ထိုအချိန်၌ တစ်ခုခုကို ရုတ်တရက် နားလည်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်.."
သူက လေးစားစွာဖြင့် လီရွှမ်ကို ဦးညွှတ်သည်။
"ကောင်းပြီ။ မင်းရဲ့ ကျင့်ကြံမှုကို ဆက်လက်ကြိုးစားပြီး ပိုမြင့်တဲ့အဆင့်ကို ရောက်အောင်လုပ်.."
လီရွှမ်က ခေါင်းမော့စွာ တုံ့ပြန်၏။
ရွှီယန်က ပြန်လာခဲ့သည်။
"ဆရာ.."
သူက လေးစားစွာ ဦးညွှတ်၏။
"ကောင်းတယ်။ ငါ့တပည့်... မင်းအဆင့်ချိုးဖျက်မှု မပြုခင်မှာ ဓားဆန္ဒကို နားလည်သဘောပေါက် နိုင်ခဲ့တယ်။ ငါ့ရဲ့သင်ကြားပေးမှုတွေ အလကား မဖြစ်ဘူး.."
လီရွှမ်က သူ့ကို ဝမ်းသာသည့် အသွင်ဖြင့် ကြည့်သည်။
'တကယ်ပဲ.. ဆရာက ငါ့ကို အစကတည်းက ဓားဆန္ဒအပေါ် နားလည်သဘောပေါက်မှုအတွက် အခြေခံချပေးထားခဲ့တာ ဖြစ်မယ်..'
ထိုစကားကို ကြားရပြီးနောက် ရွှီယန်က နက်ရှိုင်းစွာ ခံစားသွားရသည်။
"ကျေးဇူးတင်ပါတယ် ဆရာ.."
"ငါ့တပည့်။ ဓားဆန္ဒက လျှို့ဝှက်ဆန်းကြယ်ပြီး ကျင့်ကြံရာမှာလည်း အထောက်အကူ ဖြစ်တယ်။ အဲ့ဒါက ရန်သူကို အနိုင်ယူဖို့ချည်းသက်သက် သုံးရတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းပိုပြီးတော့ သေသေချာချာ လေ့လာသင့်တယ်.."
လီရွှမ်က လေးနက်စွာဖြင့် အကြံပေးသည်။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က အတွေးနက်သွားပုံ ပေါ်၏။ သူသည် ဓားဆန္ဒ၏ အနှစ်သာရကို ပြည့်ပြည့်စုံစုံ နားလည်ခြင်း မရှိသေးပေ။ ဆရာက သူ့ကို ဓားဆန္ဒအား တိုက်ခိုက်မှုအတွက်ပဲ အသုံးမပြုရန် သတိပေးခဲ့၏။
"အခုက.. မင်းအတွက် မူလအဆင့်ကို ချိုးဖြတ်ရမယ့်အချိန်ပဲ.."
"ဆရာ... ကျွန်တော် ရက်အနည်းငယ် အတွင်းမှာ အဆင့်ချိုးဖြတ်နိုင်လောက်မှာပါ.."
"အဲ့ဒါဆိုလည်းသွား... အချိန်ယူပြီးတော့ ပြင်ဆင်လိုက်ဦး.. မူလအဆင့်ကို ချိုးဖြတ်ပြီးမှာပဲ သေမျိုးလောကရဲ့ အထက်ကို ရောက်ပြီလို့ အမှန်တကယ် ယူဆနိုင်တယ်။ အဲ့ဒါမှပဲ သိုင်းပညာ လမ်းကြောင်းအပေါ်ကို စစ်မှန်စွာ ခြေချနိုင်မှာ.."
"ချီနဲ့သွေးအဆင့်က မင်းကို သိုင်းပညာရဲ့ တံခါးဝကို ဖွင့်လှစ်လိုက်တယ်လို့ ဆိုနိုင်ရုံပဲ ရှိတယ်.."
လီရွှမ်က လေးနက်သည့် လေသံဖြင့် ပြော၏။
"ကျွန်တော် နားလည်ပါပြီ ဆရာ.."
ရွှီယန်က နက်ရှိုင်းစွာ ဦးညွှတ်သည်။ ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင် မုန့်ချုံက သဘာဝတရား၈ပါး ပုံကြမ်းထဲတွင် လျှောက်လှမ်းနေဆဲ ရှိ၏။
သူသည် အတွင်းထဲရှိ နက်နဲသည့် သဘောတရားများကို လေ့လာနေပြီး ကိုယ့်ကိုယ်ကို ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်အား လေ့လာခြင်း၌ နစ်မျောနေပါသည်။
ရွှီယန်၏ ပုံရိပ်က ပေါ်လာပြီး ကျင့်ကြံမှု အလယ်တွင် ရှိနေသည့် မုန့်ချုံကို စူးစမ်းစွာ ကြည့်သည်။ အနည်းငယ် အံ့သြသွား၏။
'ဂျူနီယာညီလေးရဲ့ သဘာဝတရား၈ပါး ပုံကြမ်းအပေါ် နားလည်သဘောပေါက်မှုက ငါနဲ့ ခြားနားသလိုပဲ။ ဖြစ်နိုင်တာက သူလေ့လာတာ လားရာများ မှားနေတာလား..'
'မဟုတ်ဘူး။ သူလေ့လာတာ မမှန်ဘူးဆိုရင် ဆရာက သေချာပေါက် ပြုပြင်ပေးမှာပဲ..'
ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်ဟာ မနေနိုင်ဘဲ အတွေးနက်သွားသည်။
'သဘာဝတရား၈ပါးရဲ့ နက်နဲတဲ့ သဘောတရားတွေက တစ်ယောက်နဲ့တစ်ယောက်အပေါ် လိုက်ပြီး ကွဲပြားစွာ နားလည်စေတယ်..'
'ဖြစ်နိုင်တာက တစ်ယောက်နဲ့တစ်ယောက် ဖလှယ်မှုပြုပြီးရင် အတွေးအမြင်တွေ ပိုပြီးတော့ ရလာတာ ဖြစ်နိုင်တယ်..'
မုန့်ချုံက သူ၏ကျင့်ကြံမှုကို ရပ်တန့်ကာ ပျော်ရွှင်စွာ ပြောသည်။
"စီနီယာအစ်ကို ပြန်လာပြီလား.."
"ဂျူနီယာညီလေး မင်း.. ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကို လေ့လာနေတာလား.."
"ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်က တုံးအတော့ ပြည့်ပြည့်စုံစုံ နားလည်မှု မရနိုင်သေးဘူး.."
မုန့်ချုံက ဂတုံးပြောင်ကို ပွတ်ကာ အနည်းငယ် နေရခက်သည့် အသွင်ဖြင့် ပြော၏။
"ကျင့်စဉ်ကို လေ့လာရာမှာ အလျှင်လိုစရာ မလိုပါဘူး။ သဘာဝတရား၈ပါး ပုံကြမ်းရဲ့ အနှစ်သာရက ခြားနားတဲ့ အတွေးအမြင်တွေ ပေါ်လာစေတယ်.."
"ငါမူလအဆင့်ကို ချိုးဖျက်ပြီးရင် မင်းနဲ့အတူတူ ဆွေးနွေးပြီး ငါတို့ အသိအမြင်တွေကို ဝေမျှကြတာပေါ့။ အဲ့ဒါဆိုရင် နှစ်ယောက်စလုံးအတွက် အကျိုးအမြတ်တွေ ပိုရလာမယ်လို့ ငါထင်တယ်.."
ရွှီယန်က မုန့်ချုံ၏ ပုခုံးကို ပုတ်ရင်းက ပြောသည်။
"ကောင်းပြီ.."
မုန့်ချုံက သဘောတူစွာ ခေါင်းငြိမ့်သည်။
မုန့်ချုံနှင့် စကားအချို့ ပြောပြီးနောက် ရွှီယန်က တောထဲမှ ထွက်ခွာကာ အနီးအနားရှိ တောင်စောင်းတစ်ခုစီသို့ သွားသည်။ တင်ပျဥ်ခွေထိုင်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်၏။ မူလအဆင့်ကို ချိုးဖြတ်ရန်အတွက် ပြင်ဆင်လေသည်။
သူသည် မူလအဆင့်အတွက် လိုအပ်သည့် ကျင့်စဉ်အား နားလည်သဘောပေါက်ပြီး ဖြစ်သည်။ အဆင့်ချိုးဖြတ်ရန်မှာ ပြဿနာတစ်ခု မဟုတ်တော့ပါ။
၃ရက်ကြာပြီးနောက်...
ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူပြီး ချီနှင့်သွေးကို စတင်လှည့်လည်၏။ ဆက်တိုက်သန့်စင်နေပါသည်။
ချီနဲ့သွေးတို့ သန့်စင်ခံရမှုနှင့်အတူ ကျောက်စိမ်းအရိုးက စတင် လင်းလက်လာခဲ့၏။
"ချီနဲ့သွေးကို မူလအစစ်အမှန်ချီအဖြစ် သန့်စင်ပြီးရင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီး အကြားမှာ တံတားတစ်ခုကို ဆက်သွယ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဥ်စွမ်းအင်ကို ရှူသွင်းရှူထုတ် လုပ်ရမယ်။ ဒန်တန်ထဲမှာ ချီပင်လယ်ကို ဖွင့်လှစ်ရမယ်..."
ရွှီယန်က သူ၏ ချီနှင့်သွေးကို စုစည်းကာ သန့်စင်ရင်းမှ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအကြား တံတားကို ဆက်သွယ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းတွင် အသံများ ပဲ့တင်ထပ်လာ၏။ စိတ်ထဲတွင်လည်း လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။
သူ၏ မသိစိတ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကိုသာ တည်ဆောက်ပြီးပါက သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို အာရုံခံနိုင်ကာ ကျင့်ကြံနိုင်မည်ဟု ပြောနေပါသည်။
"အုန်း.."
ချီနှင့်သွေးတို့၏ လှုံ့ဆော်မှုအောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားက တဖြည်းဖြည်း ဖြစ်တည်လာပုံ ပေါ်၏။ သူ၏ ခန္ဓာကိုယ်အတွင်းထဲတွင် တောက်ပနေသည့် မဟာလမ်းစဉ်တစ်ခု ပုံပေါ်လာသကဲ့သို့ ရှိသည်။
'ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားလား။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဆက်သွယ်ပေးတယ်ပေါ့..'
ရွှီယန်က စိတ်လှုပ်ရှားသွား၏။
"အုန်း.."
ချီနှင့်သွေးက ဆက်လက် လှိုင်းထန်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားက နည်းနည်းချင်းဆီ ဖွင့်လှစ်လာခဲ့သည်။ သို့ရာတွင် လျှင်မြန်ခြင်း မရှိပါ။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏တံတား ဖွင့်လှစ်မှုနှင့်အတူ ချီနှင့်သွေးတို့က ဆက်လက် သိပ်သည်းလာပြီး ပြောင်းလဲခြင်း လက္ခဏာရပ်တို့ စတင်ပြသလာ၏။
ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျောက်စိမ်းအရိုးများက ဒီအချိန်၌ တောက်ပသည့် အလင်းရောင်ဖြင့် လင်းလက်နေပါသည်။
"ဆရာပြောတာတော့ ဓားဆန္ဒက လူတွေ အပေါ်ကိုလည်း အထောက်အကူ ဖြစ်စေတယ်တဲ့။ ရန်သူကို တိုက်ခိုက်ဖို့ချည်းပဲ မဟုတ်ဘူး..."
ရွှီယန်က ရုတ်တရက် ဆရာ၏စကားကို မှတ်မိလိုက်သည်။ သူ၏အတွေးက ရွေ့လျားသွားပြီး ဓားဆန္ဒက ထွက်ပေါ်လာ၏။
"ဓားဆန္ဒက ချီနဲ့သွေးနဲ့ ပေါင်းစည်းသွားပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ထိုးဖောက်တယ်။ ပြီးတော့ ကျောက်စိမ်းအရိုးနဲ့ ပေါင်းစပ်သွားတယ်..."
ရွှီယန်၏ ခန္ဓာကိုယ်အတွင်းတွင် တောင်နှင့်မြစ် ဓားဆန္ဒက စီးဆင်းနေ၏။ သွေးနှင့်ချီအတွင်းသို့ ဓားဆန္ဒ ဝင်ရောက်သွားသည်နှင့် ချက်ချင်းတွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည့်ပုံ ရှိသည်။
ဓားဆန္ဒသည် အပြစ်အနာအဆာ ကင်းမဲ့သည့် ကျောက်စိမ်း အရိုးပေါ်တွင် စီးဆင်းလာပြီး တဖြေးဖြေးနှင့် လျှို့ဝှက်ဆန်းကြယ်သည့် မျဉ်းကြောင်းများ ပေါ်လာခဲ့သည်။ အနုစိတ်ကာ လက်ရာမြောက်သည့် သင်္ကေတများက တောင်နှင့်မြစ်တို့ကို ပုံဖော်ထားသည့်ပုံ ရှိ၏။
ရွှီယန်က အဆင့်ချိုးဖျက်မှုတွင် နစ်မျောနေပြီး ဓားဆန္ဒကို လှည့်လည်ကာ သွေးကိုသန့်စင်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဆက်သွယ်နေပြီး ခန္ဓာကိုယ်အတွင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သတိမထားမိပဲ ရှိနေ၏။
"အုန်း.."
ဓားဆန္ဒက ချီနှင့်သွေးနှင့် ပေါင်းစီးသွားပြီးနောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဖွင့်လှစ်သည့် အမြန်နှုန်းက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ထို့အပြင် ထိုတံတားသည် ဓားတစ်ချောင်း၏ ပုံရိပ်ကို ထင်ဟပ်နေ၏။ အခိုက်အတန့် တစ်ခုတွင် ရွှီယန်တစ်ယောက် ဉာဏ်အလင်းပွင့်မှုတစ်ခု ရလာခဲ့သည်။
'ဓားဆန္ဒက ချီနဲ့သွေးနဲ့ ပေါင်းစီးခဲ့တယ်။ အဲ့ဒါဆိုရင် ငါချီနဲ့သွေးကို နဂါးနိုင်လက်ဝါး ပုံစံမျိုး စုစည်းပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ဖွင့်လှစ်ဖို့ အသုံးပြုရင် ပိုပြီးတော့ မြန်လာမလား..'။
အတွေးဝင်လာသည်နှင့် သူက စတင်လုပ်ဆောင်၏။
"ဘုန်း.."
ချီနှင့်သွေးက ရုတ်တရက် ကြီးမားသည့် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဟိန်းသံတစ်ခုနှင့်အတူ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံခါးအား ဖွင့်လှစ်ရန် ဆက်တိုက် လှုံ့ဆော်နေ၏။
နဂါးကြီး၏ လှုံ့ဆော်မှုနှင့်အတူ တံတားပေါ်တွင် နဂါးပုံတစ်ခု ပေါ်လာသည့်ပုံ ရှိသည်။ နဂါးကြီးတစ်ကောင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ရစ်ပတ်ထားသည့်သဖွယ် ရှိနေ၏။
ဓားဆန္ဒက ချီနှင့်သွေးနှင့် ပေါင်းစပ်ကာ ချီနှင့်သွေးက နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဒီအချိန်၌ နဂါးနိုင်လက်ဝါးတွင် ပြောင်းလဲမှုအချို့ ဖြစ်ပွားခဲ့သည့်ပုံ ရှိ၏။
ရွှီယန်၏ စိတ်ထဲတွင် ဉာဏ်လင်းပွင့်မှုအချို့ ထွက်ပေါ်လာခဲ့သည်။
"ဘုန်း.."
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားက ဆက်တိုက် ဖြစ်တည်လာနေပြီး တဖြည်းဖြည်း ပိုမိုကြီးမားကာ ကျယ်ပြန့်လာခဲ့သည်။
ချီနှင့်သွေးက တဖြည်းဖြည်းနှင့် မူလ အစစ်အမှန်ချီအသွင် ဖြစ်လာ၏။ ၎င်း၏ သန့်စင်မှုတွင် အလွန်ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ပါဝင်နေပါသည်။ တကယ့် နဂါးတစ်ကောင်၏ စွမ်းအားကဲ့သို့ ရှိနေ၏။
၎င်းတွင် ထက်မြသည့် အသွားများနှင့် တောင်နှင့်မြစ်တို့၏ တည်မြဲမှုလည်း ပါဝင်နေပါသည်။
ကျောက်စိမ်းအရိုးများက တောက်ပနေပြီး အပြစ်အနာအဆာကင်းမဲ့သည့် ကျောက်စိမ်းအရိုး အပေါ်တွင် တောင်နှင့်မြစ်အား ထွင်းထား၏။ လက်ရာမြောက်သည့် တောင်နှင့်မြစ်၏ ပုံတစ်ခု ပေါ်လာခဲ့သည်။
အခိုက်အတန့်တစ်ခုတွင် ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံတစ်ခု ကြားလိုက်ရပုံ ပေါ်ပြီး နဂါးကြီးတစ်ကောင် ခန္ဓာကိုယ်ကို လှည့်လည်ကာ ကျောက်စိမ်းအရိုးအတွင်း၌ ပျောက်ကွယ်သွားသည်။ တကယ့် နဂါးတစ်ကောင်၏ တောင်နှင့်မြစ်များ အတွင်း၌ ပုန်းအောင်းနေသကဲ့သို့ ရှိ၏။
ဒီအချိန်၌ ကောင်းကင်နှင့် ကမ္ဘာ့မြေကြီး၏ တံတားက ဆက်သွယ်သွားပါပြီ။
"ဘုန်း.."
ချီးနှင့်သွေးတို့က ရုတ်တရက် မူလအစစ်အမှန်ချီ အဖြစ် ပြောင်းလဲသွား၏။
ထိုအချိန်၌ ရွှီယန်တစ်ယောက် သူ၏ အာရုံခံမှုတို့ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ရုတ်တရက် ပိုမိုရှင်းလင်းလာသည့်ပုံ ရှိသည်။ သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အတွင်းသို့ ပေါင်းစပ်သွားသည်ဟု ခံစားရ၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ခံစားကြည့်လိုက်သည်။ ပြင်းထန်သည့် စိတ်ဝိဉာဉ်စွမ်းအင်က သူ၏ အသက် ရှူသွင်းရှူထုတ်မှုနှင့် အတူ ဝင်ရောက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဖြတ်ကျော်ကာ ဒန်တန်အတွင်းရှိ ချီပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်။
"ဘုန်း.."
ဒန်တန်က လောကတစ်ခုအား ဖန်တီးသကဲ့သို့ တုန်ခါလာခဲ့သည်။ စိတ်ဝိဉာဉ်စွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် ဒန်တန်ချီပင်လယ်၏ အခြေတည်စ ပုံပန်းသဏ္ဍာန်တို့ စတင်ပေါ်လာခဲ့၏။