← Chapters

အတွင်းပိုင်းနယ်မြေမှ ခရီးသည်များ၊ စိတ်လှုပ်ရှားနေသည့် အိမ်ရှေ့စံမင်းသား(၂)

Vol. 7 Ch. 91

အတွင်းပိုင်းနယ်မြေမှ ခရီးသည်များ၊ စိတ်လှုပ်ရှားနေသည့် အိမ်ရှေ့စံမင်းသား(၂)

Vol. 7 Ch. 91

"ဒါဆို ရွှယ့်ဝူရှင်းက တကယ်ပဲ ထွက်ပြေးလွတ်မြောက်ပြီး စွန့်ပစ်ဒေသကိုတောင် ရောက်သွားတာပေါ့။ အဲ့ဒီ့စွန့်ပစ်ဒေသဆီကို ဘယ်သူမှလိုက်ပြီး သူ့ကိုမသတ်ဘူးလို့ ထင်နေတာလား.."

"အခြားလူတွေကတော့ မလာရဲတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါ.. ရှဲ့လင်ဖုန်းကတော့ လာဖြစ်အောင်လာမှာ.."

လူလတ်ပိုင်းလူကြီးက ဂရုတစိုက်ဖြင့်ပြော၏။

"သခင်လေး သတိကို မပျက်ပါနဲ့။ ရွှယ့်ဝူရှင်းက နတ်ဆိုးဂိုဏ်းရဲ့ သိုင်းသခင်တစ်ယောက်ဖြစ်ပြီး သူကျင့်တဲ့ကျင့်စဉ်ကလည်း ဒဏ္ဍာရီလာ သွေးနတ်ဆိုး မိစ္ဆာကျမ်းဖြစ်တယ်.. အဲဒါက လူတွေရဲ့ သွေးအဆီအနှစ်ကို စုပ်ယူတယ်။ အထူးသဖြင့် သိုင်းသမားတွေပဲ.."

"သူ.. စွန့်ပစ်ဒေသကို ထွက်ပြေးလာခဲ့တယ်ဆိုတာ အဲ့ဒီနေရာမှာ ကျင့်ကြံဖို့အတွက် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ မရှိတော့ပေမယ့် သက်ရှိတွေ ရှိနေသေးလို့ပဲ.."

"ရွှယ့်ဝူရှင်းရဲ့ ရက်စက်တဲ့ အကျင့်စရိုက်နဲ့ဆိုရင် သေချာပေါက် မြို့တစ်ခုလုံးကို သတ်ဖြတ်ပြီး သွေးစတေးမှုကို ပြုလုပ်မှာ.."

"ဒါ့ကြောင့်မလို့ ကြောက်ရတာက.. သူ့ရဲ့စွမ်းအားတွေ ပြန်ကောင်းလာရုံ မကဘဲ ပိုပြီး သန်မာလာမှာတောင်မှ ဖြစ်နိုင်တယ်.."

ရှဲ့လင်ဖုန်းက ဂရုမစိုက်စွာ ပြောသည်။

"ဟူရှန်း... ခင်ဗျားကလည်း သိုင်းသခင်တစ်ယောက်ပဲ။ ရွှယ့်ဝူရှင်းက ပိုပြီးတော့ စွမ်းအားကြီးလာရင်တောင် ကျွန်တော်တို့တွေ ပူးပေါင်းလိုက်ရင် သူ့ကို သတ်နိုင်ဖို့က သေချာပါတယ်.."

"အဲ့ဒီအပြင် ကျွန်တော် ရှဲ့လင်ဖုန်းက တစ်ယောက်တည်းဆိုရင်တောင် သူ့ကိုသတ်ဖို့ လုံလောက်တယ်။ အရင်ကလည်း သိုင်းသခင်တစ်ယောက်ကို မသတ်ဖူးတာမှ မဟုတ်တာ.."

ဟူရှန်းက ခဏတာ စဉ်းစားပြီးနောက် ဤသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရ၏။ သခင်လေးသည် အတွင်းဘက်နယ်မြေ အတွင်းတွင် အငယ်ဆုံးသိုင်းသခင်သုံးယောက်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပြီး နာမည်ကြီး ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ခွန်အားမှာ သိသာစွာပင် သာမာန်သိုင်းသမားများကို ကျော်လွန်၏။

ထို့အပြင် သူကိုယ်တိုင်ကလည်းပဲ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပါသည်။

သခင်လေးတစ်ယောက်တည်း ရွှယ့်ဝူရှင်းကို သတ်ဖြတ်နိုင်ခြင်း မရှိလျှင်တောင် သူ၏ထောက်ပံ့မှုနှင့် ရွှယ့်ဝူရှင်း သေချာပေါက် သေဆုံးရမှာပါ။

"ဟူရှန်း.. စွန့်ပစ်ဒေသမှာ လူသားတွေ ရှိနေသေးလို့ပဲ ငါတို့တွေ ရွှယ့်ဝူရှင်းကို သတ်ဖြတ်ဖို့ လိုအပ်တယ်။ မဟုတ်ရင် စွန့်ပစ်ဒေသ တစ်ခုလုံး ငရဲတစ်ခုလို ပြောင်းလဲသွားလိမ့်မယ်.."

ရှဲ့လင်ဖုန်းက လေးနက်စွာ ပြောသည်။

သူ၏လေသံက ပိုမိုအေးစက်လာပြီး ညို့မှိုင်းစွာ ဆက်လက်ပြော၏။

"အခုဆိုရင် ရွှယ့်ဝူရှင်း စွန့်ပစ်ဒေသကိုရောက်တာ အချိန်အချို့ရှိနေပြီ။ သတ်ဖြတ်မှုတွေ ကိုတောင် ပြုလုပ်ပြီးနေလောက်ပြီ.."

ဟူရှန်းက ခေါင်းငြိမ့်သည်။ စွန့်ပစ်ဒေသတွင် မည်သည့် သန်မာသည့် သိုင်းသမားမှ မရှိပေ။ ရွှယ့်ဝူရှင်းကို ရင်ဆိုင်ရရာတွင် စစ်သည် ထောင်ချီပင်လျှင် ကိုယ့်ကိုယ်ကို အသေလာခံသည်နှင့် တူညီ၏။

"သွားကြရအောင်.. ငါတို့တွေ စွန့်ပစ်ဒေသကို အမြန်သွားဖို့ လိုအပ်တယ်.."

ရှဲ့လင်ဖုန်းက ပြောရင်းနှင့် လေထဲသို့ မြင့်တက်သွားပြီး အဆုံးမဲ့တောင်များ၏ အလွန်သို့ ပျံသန်းသွားသည်။

ဟူရှန်းက သူ၏နောက်မှ နီးကပ်စွာ လိုက်၏။

........

"သခင်လေး ကြည့်လိုက်ဦး။ ဟိုမှာလူတွေရှိတယ်.." နာရီဝက်ကြာပြီးနောက် ဟူရှန်းက ရုတ်တရက် အရှေ့ဘယ်ဘက်သို့ ညွှန်ပြကာ ပြောသည်။

ရှဲ့လင်ဖုန်းက ကြည့်လိုက်ပြီးနောက် လူ၃၀၀ကျော်သည့် အုပ်စုတစ်ခုကို တွေ့လိုက်ရ၏။ သူတို့သည် အကာအကွယ် စက်ဝိုင်းတစ်ခုသဖွယ် ဖွဲ့စည်းထားပြီး ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်ရှု့နေကြသည်။

အလယ်တွင် လူငယ်တစ်ယောက် ရှိနေ၏။ ထိုလူအုပ်စု၏ ပုံက အနည်းငယ် ပင်ပန်းနွမ်းလျ ဖြစ်နေပါသည်။ ဗဟိုတွင် ကာကွယ်ထားသည့် လူငယ်မှာ သိသာစွာပင် အရေးကြီးသည့် လူတစ်ယောက် ဖြစ်ဟန်တူ၏။

ရှဲ့လင်ဖုန်းက သက်ပြင်းချသည်။

"ငါထင်ထားတဲ့ အတိုင်းပဲ။ ရွှယ့်ဝူရှင်း အစုလိုက်သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်ပြီး နေလောက်ပြီ။ ဒီလူတွေက အဆုံးမဲ့တောင်ထဲကို ထွက်ပြေးလာခဲ့ရတာ ဖြစ်မယ်.."

"သူတို့ရဲ့ စွမ်းရည်တွေနဲ့ဆို.. မြှားတွေ၊ ဒူးလေးတွေ အပြည့်အစုံ ယူဆောင်လာပေမယ့် တောထဲကိုသာ ဆက်ပြီးတော့ ဝင်သွားရင် မျက်လုံးနီကျားနဲ့ မီးတောက်လည်ဆံမွှေး ဝံပုလွေလို သားရဲရိုင်းတွေကို ကြုံတွေ့ရတဲ့အခါမှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။ အုပ်စုလိုက် သုတ်သင်ခံရမှာ.."

ဟူရှန်းက ခေါင်းငြိမ့်သည်။ တစ်ချက်ကြည့်သည်နှင့် ဒီလူများသည် တောတောင်အတွင်းသို့ ထွက်ပြေးလာသည့် လူစု ဖြစ်ကြောင်းအား ပြောနိုင်၏။

ရွှယ့်ဝူရှင်း၏ စွန့်ပစ်ဒေသသို့ တိမ်းရှောင်သွားသည့် ကိစ္စနှင့် ပေါင်းစပ်လိုက်ပါက သူ၏သတ်ဖြတ်မှုကြောင့် ဒီလူများ ထွက်ပြေးလာရသည် ဟူသည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။

"သွားကြည့်ရအောင်.. အခြေအနေကို သွားမေးကြတာပေါ့.."

ရှဲ့လင်ဖုန်းက အကြီးဆုံးမင်းသားနှင့် လူအုပ်စုဆီသို့ ပျံသန်းသွားသည်။

အကြီးဆုံးမင်းသားနှင့် သူ၏လူများသည် ဒီနေရာသို့ ရောက်ရှိပြီးနောက် လူတိုင်း အားအင် ကုန်ခမ်းနေပါပြီ။

စတင်အနားယူရန် ပြုလုပ်၏။

"စွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်မှာလဲ။ ရွှီယန်က ဘယ်နေရာကနေပြီး စွမ်းအားကြီးပုဂ္ဂိုလ်ကို ရှာတွေ့ခဲ့တာလဲ.."

အကြီးဆုံးမင်းသားမှာ ဆက်လက် တောင့်ခံနိုင်ခြင်းမရှိတော့ပေ။ သူသည် သက်တောင့်သက်သာရှိသည့် ဘဝတွင် နေထိုင်ခဲ့ပြီး ယခုကဲ့သို့ ခက်ခဲမှုမျိုးကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပါ။

"အရှင်မင်းသား.. ကြည့်လိုက်‌ဦး။ ဟိုမှာ စွမ်းအားကြီးပုဂ္ဂိုလ်ရှိတယ်.."

သူ၏ နောက်လိုက် မိန်းမစိုးက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်လိုက်၏။

အကြီးဆုံးမင်းသားက စိတ်အားတက်သွားပြီး ခေါင်းမော့ကြည့်သည်။ အသေအချာပင်။ ပုံရိပ်နှစ်ခုတို့ လေထဲတွင် ပျံသန်းလာကြောင်းကို တွေ့လိုက်ရ၏။ သူတို့၏ရှေ့သို့ ချက်ချင်း ရောက်လာကာ သက်ဆင်းလာခဲ့သည်။

"စွမ်းအားကြီး ပုဂ္ဂိုလ်.."

ထိုအချိန်၌ အကြီးဆုံးမင်းသားသည် စိတ်လှုပ်ရှားလာပြီး သူ၏မျက်နှာက နီရဲလာ၏။

ခန္ဓာကိုယ်ရှိ အားအင်ကုန်ခမ်းမှုအားလုံးတို့ ပျောက်ကင်းသွားသည့်ပုံ ပေါ်၏။ ရုတ်တရက် ထခုန်လေသည်။

ပြီးနောက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး ကောင်းကောင်း ရပ်နိုင်ခြင်း မရှိခင်တွင် အမြန် ပြန်လည်ဒူးထောက်ချလိုက်၏။

"ချီနိုင်ငံရဲ့ အကြီးဆုံးမင်းသားက ဆရာသခင်တို့ကို တွေ့ဆုံပါတယ်.."

အကြီးဆုံးမင်းသားက ဒူးထောက်ချလာပြီးနောက် အခြားအစောင့်များကလည်း အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကြသည်။

"ဆရာသခင်တို့ကို တွေ့ဆုံပါတယ်.."

ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရွှယ့်ဝူရှင်းက ကျူးလွန်ခဲ့မည့် အပြစ်များကို စဉ်းစားမိ၏။

မြင့်မားထည်ဝါသည့် နိုင်ငံတစ်နိုင်ငံ၏ အကြီးဆုံးမင်းသားကိုပင်လျှင် နိုင်ငံပျက်သုန်းမည့် အရေးအား ရှောင်ရှားရန်အတွက် အဆုံးမဲ့တောင်များသို့ လာရောက်ကာ သိုင်းပညာရှင်အား လာရောက်ရှာဖွေအောင် ဖိအားဖြစ်စေခဲ့၏။

"ထကြ.."

ရှဲ့လင်ဖုန်းက လေးနက်စွာ ပြောသည်။

"ဟုတ်ကဲ့ပါ။ ဆရာသခင်.."

အကြီးဆုံးမင်းသားက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်သည်။

သူက ရှဲ့လင်ဖုန်းနှင့် သူ့လူတို့ကို တိတ်တဆိတ် ကြည့်၏။ ရှဲ့လင်ဖုန်း၏ ပုံက သူ့ထက် ပိုမိုငယ်ရွယ်ပုံ ပေါ်ပေမယ့် အမှန်တကယ် ငယ်မည်ဟု ဘယ်တုန်းကမှ စဉ်းစားခြင်း မရှိပါ။

အဘယ်ကြောင့်ဆိုသော် စွမ်းအားကြီး ဆရာသခင်များတွင် ငယ်ရွယ်မှု အသွင်အပြင်အား ထိန်းသိမ်းနိုင်သည့် လျှို့ဝှက်ချက်တို့ ရှိနေပြီး ထာဝရငယ်ရွယ်အောင် နေနိုင်လောက်ပါသည်။

ရှဲ့လင်ဖုန်းက နက်ရှိုင်းစွာ ပြော၏။

"မင်းတို့ ချီနိုင်ငံမှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခုများ ဖြစ်လို့လား။ ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရလို့လား.."

အကြီးဆုံးမင်းသားက မှင်သက်သွား၏။ ဒီဆရာသခင်က ဤသည်ကို မည်ကဲ့သို့ သိနေသနည်း။

ဟုတ်ပါသည်။ ရွှီယန်၏ ရောက်ရှိလာမှုက ချီနိုင်ငံ၏ ကိစ္စများကို ကြီးစွာ ပြောင်းလဲသွားစေခဲ့သည်။

ကပ်ဘေးမှာတော့ တစ်နေ့တွင် ဤသည်မှာလည်း ပေါ်လာရန် ဖြစ်နိုင်၏။ ကောရုန်ရှန်က ရုတ်တရက် ပုန်ကန်ရန် စိတ်ကူးပေါက်လာ လောက်ပါသည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဆရာသခင်ရဲ့ အမြင်က နတ်ဘုရားတစ်ပါးလိုပဲ ကောင်းမွန်လှတယ်.."

အကြီးဆုံးမင်းသားက စိတ်လှုပ်ရှားစွာဖြင့် ဖြေကြား၏။

ရှဲ့လင်ဖုန်းက စိတ်ထဲတွင် သက်ပြင်းချသည်။ ထင်ထားသည့်အတိုင်းပင်။ ရွှယ့်ဝူရှင်းသည် သူ၏သတ်ဖြတ်မှုကို စတင်နေပြီးဖြစ်ကာ သွေးအဆီအနှစ်တို့ကို စတင်စုပ်ယူနေခဲ့ပါပြီ။ အခြားလူများ၏ သွေးနှင့် ကိုယ့်ကိုယ်ကို အားဖြည့်၏။

သူသာ မလာပါက စွန့်ပစ်ဒေသရှိ အခြေအနေတို့ မည်မျှအထိ ဆိုးရွားသွားမည်ကို စိတ်ကူး၍ပင် မရနိုင်ပေ။

ထိုကဲ့သို့ တွေးမိပြီးနောက် သူ၏မျက်နှာက ဒေါသတို့ဖြင့် ပြည့်နှက်လာခဲ့၏။

"ရက်စက်ယုတ်မာလိုက်တာ... ငါ့ကိုပြော လူဘယ်နှစ်ယောက်သေသွားခဲ့လဲ.."

"လူဘယ်နှစ်ယောက် သေသွားခဲ့လဲ.."

အကြီးဆုံးမင်းသားက ခဏတာ မှင်သက်သွား၏။ ထိုကိစ္စကို သူ.. အမှန်တကယ်ကို မသိပေ။

သို့ပေမယ့် ရွှီယန်သည် လူ၁၀၀၀၀ရှိသည့် ရှန်းဝိန်စစ်တပ်ကို အနိုင်ယူခဲ့၏။ ထိုကိစ္စကို မြို့တော်တွင် မသိသူ မည်သူမှ မရှိပေ။

ထိုတိုက်ပွဲတွင် ရှန်းဝိန်စစ်တပ်ရှိ စစ်သည်မည်မျှတို့ သေဆုံးခဲ့သည် ဟူသည်မှာတော့ သူသိရှိသည့် အရာ မဟုတ်ပေ။

"တိကျတဲ့ အရေအတွက်ကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ရှန်းဝိန်စစ်တပ်လို လူ၁၀၀၀၀ရှိတဲ့ ချီနိုင်ငံရဲ့ လက်ရွေးစင် စစ်တပ်ကိုတောင် အနိုင်ယူခဲ့တယ်လို့ ကြားပါတယ်.."

အကြီးဆုံးမင်းသားက ရိုးသားစွာဖြင့် ဖြေကြားသည်။

ရှဲ့လင်ဖုန်း၏ လူသတ်ငွေ့တို့ ပိုမိုပိုမိုကာ သန်မာလာခဲ့၏။ လူ၁၀၀၀၀တို့ကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်လား။ ထို့အပြင် ဤသည်မှာ ချီနိုင်ငံ၏ လက်ရွေးစင် တပ်ဖွဲ့ ဖြစ်လေသည်။

ထိုမတိုင်ခင်တွင် မည်မျှသတ်ဖြတ်ခဲ့ဦး မည်နည်း။ မရေမတွက်နိုင်သည့် လူများ သေဆုံးခဲ့တာ ဖြစ်ပေလိမ့်မည်။

မြို့တစ်ခုလုံးပင်လျှင် သုတ်သင်မှု ကြုံခဲ့သောကြောင့် ချီနိုင်ငံက လက်ရွေးစင်စစ်တပ်ကို စေလွှတ်ကာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်ပေလိမ့်မည်။

"ငါ့ကိုပြော.. သူဘယ်မှာလဲ.."

ရှဲ့လင်ဖုန်းက ညို့မှိုင်းသည့် အသံတစ်ခုဖြင့် မေး၏။

"ဖြစ်နိုင်တာကတော့.. သုံဟယ်စီရင်စုမှာ ရှိပါလိမ့်မယ်.."

အကြီးဆုံးမင်းသားက သေချာခြင်းမရှိပေ။ သို့ရာတွင် ဆရာသခင်၏ အသွင်အပြင်ကို ကြည့်ရသည်မှာ ရွှီယန်နှင့် ရန်ငြိုးအချို့ ရှိသည့်ပုံပါ။ သို့မဟုတ် ရွှီယန်၏ဆရာနှင့် ရန်ငြိုးတို့ ရှိနေလောက်၏။

ဤသည်က ကောင်းပါသည်။ ဤနည်းအားဖြင့် ဒီလူသည် ရွှီယန်နှင့် တဖွဲ့တည်းဖြစ်မည် မဟုတ်တော့ပေ။

"ဆရာသခင်.. ကျေးဇူးပြုပြီး ချီနိုင်ငံရဲ့ တော်ဝင်မိသားစုကို ကာကွယ်ပေးပါ။ ကျွန်တော်တို့ ချီနိုင်ငံက ခင်ဗျားကို နိုင်ငံရဲ့စောင့်ရှောက်သူအဖြစ် အသိအမှတ်ပြုလိုပါတယ်.."

အကြီးဆုံးမင်းသားက ဦးညွှတ်ကာ ပြောသည်။

"နိုင်ငံရဲ့ စောင့်ရှောက်သူတွေ ဘာတွေ မလိုပါဘူး။ မင်းတို့ ချီနိုင်ငံရဲ့ ပြဿနာကို ငါအဆုံးသတ်အောင် လုပ်ပေးမှာပါ.."

ရှဲ့လင်ဖုန်းက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။

"မင်းလည်း ငါနဲ့အတူ ချီနိုင်ငံကို ပြန်ပြီး လိုက်ခဲ့သင့်တယ်။ သူ့ရဲ့နေရာကို ရှာပြီးရင် ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ်.."

"ဟုတ်ကဲ့ပါ။ ဆရာသခင်.."

အိမ်ရှေစံမင်းသားဟာ အနည်းငယ် စိတ်ပျက်သွား၏။ သို့ပေမယ့် ဒီပုဂ္ဂိုလ်ကြီးသာ ချီနိုင်ငံ၏ မြို့တော်သို့ ရောက်ရှိပါက အဆုံးသတ်တွင် အလှည့်အပြောင်းတို့ ကြုံရရန် အခွင့်အရေးတစ်ခု ရှိနေပါသေးသည်။

"ဆရာသခင်.. ကျေးဇူးပြုပြီး ကျွန်တော်နဲ့ မြို့တော်ကိုလိုက်ခဲ့ပါ။ မကြာခင် သူ့ရဲ့အကြောင်းကို သိရပါစေမယ်.."

အကြီးဆုံးမင်းသားက သူ၏လူများကို အမိန့်ပေးကာ ချီနိုင်ငံ၏ မြို့တော်ဆီသို့ ပြန်ရန်အတွက် ချက်ချင်းပြင်ဆင်၏။

ရှဲ့လင်ဖုန်းက လူအုပ်ကို ကြည့်သည်။ သူတို့သည် အလွန်နှေးကွေးလှ၏။ ချီနိုင်ငံ၏ မြို့တော်သို့ ပြန်ရောက်သည့်အချိန်၌ ရွှယ့်ဝူရှင်းက လူမည်မျှတို့ကို သတ်ဖြတ်ပြီး ဖြစ်နေမည်လဲ မသိပေ။

မလိုအပ်သည့် နှောင့်နှေးမှုများကို ရှောင်ရှားရန်အတွက် ရှဲ့လင်ဖုန်းက အကြီးဆုံးမင်းသား၏ ဂုတ်ကို တစ်ခါတည်း ဆွဲကာ ပြောသည်။

"အမြန်ရောက်ရှိဖို့က အရေးကြီးတယ်။ မင်းပဲ ငါနဲ့အတူ လမ်းပြဖို့ လိုက်ခဲ့လိုက်.."

အကြီးဆုံးမင်းသားက အနည်းငယ် ကြောင်တောင်သွားပြီးနောက် အားတင်းကာ ပြုံးပြီးပြောသည်။

"အမ်း...ဆရာသခင်.. ကျွန်တော်လားရာကို မမှတ်မိပါဘူး.."

"ဒါပေမယ့် ကျွန်တော့်ရဲ့ နောက်လိုက်ကတော့ သေချာပေါက် သိပါတယ်.."

အကြီးဆုံးမင်းသားက သူ၏နောက်လိုက် မိန်းမဆိုးကို လျှင်မြန်စွာ ညွှန်ပြသည်။

"ကောင်းပြီ။ ဒါဆိုရင် အတူတူသွားရအောင်.."

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်၏။ ဟူရှန်းက နောက်လိုက်မိန်းမစိုးကို ဆွဲကာ ရှဲ့လင်ဖုန်းနှင့်အတူ လေထဲသို့ မြောက်တက်သွားသည်။

"ငါတို့တွေ ပျံနေတာပဲ.."

အကြီးဆုံးမင်းသားသည် အလွန် စိတ်လှုပ်ရှားနေ၏။ သူက ခေါင်းငုံ့ကြည့်ပြီးနောက် ထိတ်လန့်စွာဖြင့် လူတစ်ကိုယ်လုံး တုန်ခါသွား၏။

ရွှီယန်မှာ ပျံသန်းနိုင်ခြင်းပင် မရှိပေ။ ဒီဆရာသခင်ကတော့ ရွှီယန်ထက် ပိုမိုသန်မာပါသည်။ ပြန်ပြီးပါက ရွှီယန်ဆိုသည့်ကောင် မည်မျှ မောက်မာနိုင်ဦးမည်နည်းဟု ကြည့်ပေဦးမည်။

ကောရုန်ရှန် မိသားစု၏ ထည်ဝါကြီးမြတ်မှုက ဒီနေရာတွင် အဆုံးသတ်လေပြီ။ သူ၏ ဖခင်ဧကရာဇ်လည်း အသက်အရွယ်ကြီးရင့်ကာ အနားယူသင့်ပါပြီ။

ယခုကဲ့သို့ ဒေါသဖြစ်ပါက မိမိကိုယ်တိုင်၏ သားဖြစ်သူအပေါ်၌သာ ပုံချတတ်သည့် အသုံးမဝင်သည့် လူအိုကြီးကား ဧကရာဇ် မဖြစ်သင့်တော့ပေ။

အကြီးဆုံးမင်းသားက မကျေနပ်စွာဖြင့် စဉ်းစား၏။

"လမ်းကိုပြ.."

ရှဲ့လင်ဖုန်းက မိန်းမစိုးကို ကြည့်သည်။

"ဟိုဘက်မှာ မြို့တော်က ဟိုဘက်မှာ ရှိပါတယ်.."

မိန်းမစိုး၏အသံက စိတ်လှုပ်ရှားမှုဖြင့် တုန်ခါနေပြီး သူက ချီနိုင်ငံ၏ မြို့တော် လားရာဆီသို့ ညွှန်ပြသည်။

ဒီအချိန်၌ သူသည် စွမါးအားကြီးပုဂ္ဂိုလ်တို့ကို ဖြတ်တောက်ထားသည့် အမြစ်အား သိုင်းပညာကျင့်ကြံခြင်းဖြင့် ပြန်လည်ကြီးထွားနိုင်မည်လားဟု အမှန်တကယ် မေးချင်နေ၏။

သို့ပေမယ့် မေးမြန်းရန် သတ္တိရှိခြင်း မရှိပေ။

"သွားမယ်.."

ရှဲ့လင်ဖုန်း၏ အတွင်းအားချီတို့က မြင့်တက်လာပြီး အကြီးဆုံးမင်းသားကို ကာကွယ်ကာ ချီနိုင်ငံ၏ မြို့တော်ဘက်သို့ ပျံသန်းသွားသည်။ ဟူရှန်းလည်း မိန်းမစိုးကို ခေါ်ဆောင်ပြီး အနောက်မှ နီးကပ်စွာ လိုက်ခဲ့၏။

ချီနိုင်ငံ၏ မြို့တော်က ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်နေပါသည်။

အမတ်ကြီးများက ရုံးတော်သို့ တက်ရောက်လိုခြင်း မရှိကြသလို သာမန်လူများကလည်း ဂရုမစိုက်ကြပေ။ သူတို့၏ ဘဝကို နှောက်ယှက်ခြင်း မပြုပါက အမတ်ကြီးများ ရုံးတက်သည် မတက်သည်မှာ ကိစ္စမရှိပေ။

ချီဘုရင်က သူ၏ ဉာဏ်ပညာကြီးရင့်မှုနှင့် သူတော်ကောင်းတရားရှိမှုကို သက်သေပြခဲ့သည်။

အစိုးရ၏ လုပ်ငန်းများကို လက်လွှဲယူကာ ဧကရာဇ်ချီကို သူစတင် ကူညီခဲ့ကတည်းက အခွန်ကောက်မှုတို့ လျော့ပါးသွားပြီး ပြည်သူများ၏ ဘဝ ပိုမိုကောင်းမွန်လာခဲ့သည်။

နန်းတော်အတွင်းတွင် ဧကရာဇ်ချီက ကောရုန်ရှန်ကို ဧည့်ခံနေ၏။ သူက ဖော်ရွေစွာ ရှိနေပြီး ရင်းနှီးစွာဖြင့် ကောရုန်ရှန်ကို အကိုကောဟု ခေါ်ပါသည်။

သူတို့နှစ်ယောက်ကို ဧကရာဇ်၏ အနှစ်သက်ဆုံး မောင်းမဖြစ်သူ မောင်းမတော်ယွင်က ခစားနေ၏။

ကောရုန်ရှန်က အလွန်မသက်မသာ ခံစားနေရသည်။ နောက်ဆုံးအကြိမ်တုန်းက ဧကရာဇ်ချီသည် သူ့ကို မောင်းမတော်ယွင်အား ပေးရန် ကြိုးစားခဲ့၏။

ဤသည်က သူ့ကို ထိတ်လန့်သွားစေပြီး အမြန်ငြင်းဆန်ခဲ့လေသည်။ ယခုအချိန်၌ မောင်းမတော်ယွင်ကို ဘေး၌ ခစားခိုင်းခြင်းမှာ မည်သည်ကို ဆိုလိုသနည်း။

"အကိုကော... ခင်ဗျားကိုကြည့်ရတာ အသက်ကြီးလေလေ ပိုပြီးတော့ သန်မာလာလေပဲ။ ဒါမှမဟုတ်..."

ဧကရာဇ်ချီက အားပါးတရ ရယ်မောကာ ပြော၏။ သူ၏ နှလုံးသားထဲတွင်တော့ မကျေနပ်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

ဘယ်တုန်းက ဧကရာဇ်တစ်ပါးသည် သမိုင်းတစ်လျှောက်တွင် ယခုကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ဖူးလို့နည်း။

စွမ်းအားကြီးပုဂ္ဂိုလ်များ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ အဘယ်ကြောင့် ရှာမတွေ့ ရသေးသနည်း။

"အရှင်မင်းကြီး.. ကျွန်တော် လက်မခံဝံ့ပါဘူး။ ကျွန်တော့်ရဲ့ဇနီးက ကျားတစ်ကောင်လိုပဲ။ ဒါ့ကြောင့် အခြားဘာအတွေးမှ မရှိရဲဘူး.."

ကောရုန်ရှန်က အမြန်ငြင်းသည်။

ဧကရာဇ်ချီသည် အချို့ထူးဆန်းသည့် ဝါသနာများ ပေါ်လာခဲ့သည်လား။ မောင်းမတစ်ယောက်ကို ပေးဆောင်ရန်အတွက် စိတ်ကူးပြန်လေပြီလား။

"အဖေ.. စွမ်းအားကြီးပုဂ္ဂိုလ် ရောက်လာပြီ။ ကျွန်တော် စွမ်းအားကြီး ပုဂ္ဂိုလ်ကို ရှာတွေ့ခဲ့တယ်.."

ရုတ်တရက် ကောင်းကင်ထက်မှ စိတ်လှုပ်ရှားသည့် အသံတစ်ခု ပေါ်လာခဲ့၏။

All Chapters