အရေးပေါ်
Vol. 30 Ch. 437
ပန်းတစ်ရာစားသောက်ဆိုင်။
ထိုဆိုင်သည် ဟန်ရွှေမြို့အနောက်ပိုင်းတွင် တည်ရှိသည်။ မြို့တော်၏ ထိပ်တန်းစားသောက်ဆိုင်နှစ်ဆယ်တွင် ပါဝင်သည်။ ထိုဆိုင်တွင် နာမည်အကျော်ကြားဆုံးက ရာသီစုံပန်းပွင့် ၁၅၀ ကျော်ဖြင့်ဖောက်ထားသည့် ပန်းတစ်ရာဝိုင်ဖြစ်သည်။
ဝိုင်အရသာက ရာသီကိုလိုက်၍ ပြောင်းလဲသည်။
ချိုးကျင်အန်း လူစည်ကားနေသည့် စားသောက်ဆိုင်ထဲဝင်လိုက်သည်။ အသံများကျယ်လောင်လွန်းသဖြင့် ဆိုင်ခေါင်မိုး ပွင့်ထွက်သွားမလားထင်ရသည်။ စားပွဲထိုးများ ဇယ်ဆက်သလို အလုပ်လုပ်နေကြသည်။
ဆိုင်ခန်းမနှင့်မီးဖိုချောင် ကူးချည်သန်းချည်ပြေးလွှားနေသည်။
ဆိုင်ထောင့်တွင် ထိုင်ခုံလွတ်တစ်ခု ချိုးကျင်အန်းမြင်လိုက်သည်။
"ဒီခုံမှာ လူရှိလားဗျ"
မျက်နှာချင်းဆိုင်တွင် ဗိုက်ရွှဲကြီးတစ်ယောက် မြိန်ရေရှက်ရေ စားသောက်နေသည်။ နဖူးများ ချွေးဒီးဒီးကျနေသည်။
ထိုဗိုက်ရွှဲက ချိုးကျင်အန်းကို တစ်ချက်ကြည့်သည်။ လူစိမ်းဖြစ်ကြောင်း သိသွားသည်။
"မရှိပါဘူး။ ထိုင်ပါ"
"မယုံနိုင်စရာပါလား။ ထမင်းစားချိန်တောင် မရောက်သေးဘူး။ ဒီဆိုင်မှာ လူအတော်ကျနေပြီ"
စားပွဲထိုးကိုစောင့်ရင်း ချိုးကျင်အန်း အလာပစကားစလိုက်သည်။
"အင်း"
ဗိုက်ရွှဲက အပိုစကားမပြောဘဲ စိတ်မပါ့တပါပြန်ဖြေသည်။ သူ့အစားအသောက်ကိုသာ အာရုံစိုက်သည်။
စားပွဲထိုးက မီနူးယူလာသည်။ ချိုးကျင်းအန်း ပုံမှန်အတိုင်း တစ်ချက်လှန်ကြည့်ပြီးနောက် ပြန်ပေးလိုက်သည်။
"ထမင်းတစ်ပွဲ၊ ပြီးတော့ မင်းတို့ဆိုင်က အထူးဟင်းလျာငါးပွဲ၊ ဈေးအကြီးဆုံးဟင်းငါးပွဲ၊ ပန်းတစ်ရာဝိုင်တစ်အိုးပေး"
"ဟုတ်ကဲ့၊ ခဏစောင့်ပါခင်ဗျ"
ချိုးကျင်အန်း သိပ်မစောင့်လိုက်ရ။ ထမင်းတစ်ပွဲနှင့် ဟင်းဆယ်မျိုး စားပွဲပေါ်ရောက်လာသည်။ မွှေးပျံ့သည့် ပန်းတစ်ရာဝိုင်အိုးလည်းပါသည်။ မျက်နှာချင်းဆိုင်မှဗိုက်ရွှဲ အားကျသည့်မျက်လုံးဖြင့်ကြည့်သည်။
"တစ်ခြားမှာချင်တာမရှိရင် ကျုပ်သွားတော့မယ်နော်"
စားပွဲထိုးက လှည့်ထွက်သွားရန်ပြင်သည်။
ချိုးကျင်အန်းက တားလိုက်သည်။
"နေပါဦး စားပွဲထိုး၊ ငါက သက်ရှိလူပါ။ လူသေတွေစားတဲ့အစာကို ငါဘယ်လိုစားနိုင်မှာလဲ"
စားပွဲထိုး ကြောင်၍ကြည့်နေသည်။ ထိုစကားကို သူနားမလည်။
ချိုးကျင်အန်း လက်ဖျောက်တစ်ချက်တီးလိုက်သည်။ အက်ကွဲသံများဆက်တိုက်ပေါ်လာသည်။ ရေခဲနေသည့်ကန်ရေပြင်ပေါ် ဖိနင်းလိုက်ချိန် ဖြစ်ပေါ်လာသည့် အက်ကွဲသံမျိုးဖြစ်သည်။
ဆိုင်ခန်းမထဲသို့ နောက်တစ်ကြိမ်ပြန်မျက်လုံးဝေ့ကြည့်သည်။ စည်ကားနေသည့်မြင်ကွင်း လုံးဝမရှိတော့။
စားသောက်နေသူများက ခေါင်းငိုက်စိုက်ကျနေသည်။ တစ်မီတာခန့်မြင့်သည့် သဏ္ဍာန်များ သူတို့ဂုတ်ပေါ်ခွစီးလျက် ခြေလက်များ လွှဲယမ်းနေသည်။
ချိုးကျင်အန်းနှင့်မျက်နှာချင်းဆိုင်မှ ဗိုက်ရွှဲ့၏ဝမ်းဗိုက်က ဘောလုံးတစ်လုံးလို စူထွက်နေသည်။
စားပွဲထိုးက ဝါးခြမ်းပြားတစ်ချောင်းလို ပိန်လှီခြောက်ကပ်နေသည်။ လေတိုက်လျှင် လွင့်ပါသွားမယောင်ထင်ရသည်။
ချိုးကျင်အန်းရှေ့မှ ဟင်းခွက်များက လောက်ကောင်နှင့် အသားစိမ်းများ ဖြစ်နေသည်။
ထမင်းပန်းကန်သာ နဂိုပုံစံအတိုင်းရှိနေသည်။ သို့သော် ခွက်ထဲတွင် တူသုံးချောင်း ထိုးစိုက်ထားသည်။
ချိုးကျင်အန်းအပြုံးက ပို၍ဝေဆာလာသည်။
"သရဲဘုရင်နှစ်ယောက်၊ ဗိုက်ပူသရဲတစ်ယောက်၊ အစာငတ်သရဲတစ်ယောက်နဲ့ သူတို့ရဲ့ သရဲစစ်သားတွေ။ ဒီအင်အားလောက်နဲ့ မင်းတို့ငါ့ကို နိုင်မယ်ထင်လား"
ဗိုက်ရွှဲ့နှင့် စားပွဲထိုး ဟန်မဆောင်တော့။ အေးစက်စက်အပြုံးများ ပေါ်လာသ်ည။
သေးငယ်သည့်သဏ္ဌာန်တစ်ခု ချိုးကျင်အန်းဂုတ်ပေါ် တိတ်တဆိတ်တွယ်တက်သွားသည်။
.........
အလောင်းထိန်းဂိုဏ်း။
ရှေးဟောင်းဝတ်စုံနှင့် ကျင့်ကြံသူလေးယောက် ဂိတ်တံခါးရှေ့တွင် ပေါ်လာသည်။ စောင့်ကြပ်နေသည့် ဂိုဏ်းတပည့်များကို အရေးမစိုက်ဘဲ ချက်ချင်းလူခွဲ၍ ယင်အလောင်းတောင်တန်း၏ နေရာလေးခုသို့ ဦးတည်လျှောက်သွားသည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
"ဘုန်း"
နေရာလေးခုတွင် ပြင်းထန်သည့်တိုက်ပွဲများ တစ်ပြိုင်တည်းပေါ်လာသည်။
"ဟွမ်မင်၊ ခွေးမသား၊ ငါတို့နေရာကို ရှာတွေ့ထားတယ်ပေါ့"
အကြီးအကဲကိုင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ အလောင်းထိန်းဂိုဏ်းကို မစစ်ဆေးရသေးမီ သူတို့တိုက်ခိုက်ခံရသည်။
အလောင်းထိန်းဂိုဏ်းအကြီးအကဲလေးယောက် အငိုက်မိသွားသည်။ သို့သော် သူတို့ဖုတ်ကောင်များကိူ အမြန်ဆင့်ခေါ်ကြသည်။
ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က လှောင်ပြုံးပြုံးသည်။
"ဟား...ငါတို့အမွေအနှစ်ကို ကံကောင်းပြီးရှာတွေ့ခဲ့တဲ့ဂိုဏ်းတစ်ခုကများ ငါတို့ကို ဆန့်ကျင်ရဲတယ်ပေါ့"
"မင်းတို့က ကဝေအလောင်းဂိုဏ်းကလား"
အကြီးအကဲကိုင် မျက်မှောင်ကျုံ့သွားသည်။
အလောင်းထိန်းဂိုဏ်းသည် ကံတစ်ချက်ကောင်း၍ တိုးတက်ဖွံဖြိုးခဲ့ခြင်းဖြစ်သည်။ သူတို့ဂိုဏ်းတည်ဘိုးဘေး လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ အမှတ်မထင်ရောက်သွားသည်။
သုံးကြိမ်တိုင်တိုင် သေဘေးမှလွတ်ခဲ့ပြီးနောက် ပြည့်စုံသည့်အလောင်းထိန်းပညာကျမ်းတစ်ခု ရခဲ့သည်။
ထိုကျမ်းသည် မဟာယုခေတ် ကဝေအလောင်းဂိုဏ်း၏ အမွေအနှစ်ဖြစ်သည်။ ထိုဂိုဏ်းသည် ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရှိသည့် ထိပ်တန်းဂိုဏ်းတစ်ခုဟု မဟာရှားလေ့လာသူများ သတ်မှတ်ထားကြသည်။
ကဝေအလောင်းဂိုဏ်းသည် မဟာရှားနိုင်ငံ တည်ထောင်ချိန် အစောပိုင်းစစ်ပွဲများအတွင်း ဖျက်ဆီးခံရသည်။ အလောင်းထိန်းဂိုဏ်းတည်ဘိုးဘေးရသည့် အမွေအနှစ်သာ ကျန်ရစ်ခဲ့သည်။
ရှေးဟောင်းကျင့်ကြံသူက သူ့လက်စွပ်ကို ပွတ်လိုက်သည်။ ထိန်းချုပ်ထားသည့်ဖုတ်ကောင်များကို လွှတ်ပေးလိုက်သည်။ ထိုဖုတ်ကောင်များနှင့်အတူ သေခြင်းရနံ့ပါလာသည်။ နှစ်သောင်းချီ အရှိန်အဝါမျိုးကို သယ်ဆောင်လာသည်။
သူတို့'မျိုးဆက်'များကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
စုစုပေါင်း ဖုတ်ကောင်နှစ်ဆယ် ရှိသည်။ အကြီးအကဲကိုင်တို့လေးယောက်ကို ဝိုင်းထားသည်။
"မင်းတို့မျိုးဆက်သစ်တွေ ငါတို့ပညာအမွေကို ဘယ်လောက်ကျွမ်းကျင်ထားသလဲ ကြည့်ရသေးတာပေါ့"
...
ဟန်ရွှေ့မြို့အထက်ကောင်းကင်တွင် ကြီးမားသည့်လူရိပ်တစ်ခု ပေါ်လာသည်။ နယ်စားအိမ်တော်၏ အပေါ်တည့်တည့်တွင် ရှိနေခြင်းဖြစ်သည်။
ကျားခြေလှမ်း နဂါးထည်ဝါမှုမျိုးဖြင့် လျှောက်လှမ်းနေသည်။ လှုပ်ရှားမှုတိုင်းက ကြီးမားသည့်ဩဇာနှင့် လွှမ်းမိုးရိပ်မျိုး ထွက်ပေါ်နေသည်။
သူ့စွမ်းအင်အရှိန်အဝါကြောင့် ဟန်ရွှေ့မြို့ထဲမှလူအားလုံး အလိုလိုမော့ကြည့်မိကြသည်။ နေတစ်စင်းကို ကြည့်နေရသလို ခံစားကြရသည်။ သူတို့ရင်ထဲတွင် ဖော်မပြနိုင်သည့်အကြောက်တရားများ ပြည့်နက်လာသည်။
"ဒီလောက်ကြိုတင်ပြင်ဆင်ထားတာတောင် အစီအစဉ်က သတင်းပေါက်သွားတယ်။ ဟွမ်မင်နဲ့မန်ထန်၊ အသုံးမကျတဲ့ ဒီအရူးနှစ်ကောင်ကြောင့်ပဲ"
ထိုလူ့မျက်လုံးတွင် လူသတ်ရိပ်များပေါ်လာသည်။ ထိုနှစ်ယောက်နှင့် အဆက်အသွယ်ပြတ်မသွားလျှင် သူယခုလို စောစောစီးစီး လူလုံးထွက်ပြမည်မဟုတ်။
အချိန်နည်းနည်းသာလိုတော့သည်။ နည်းနည်းလေး ထပ်စောင့်လိုက်လျှင် မဟာမှော်စက်ဝန်းပြည့်စုံသွားပြီး သူတို့အစီအစဉ် ဟာကွက်မရှိ ချော့မွေ့သွားမည်။
"အင်း..ပြည့်စုံတဲ့အစီအစဉ်ဆိုတာ မရှိပါဘူးလေ။ ရုတ်တရက်ပေါ်လာတဲ့ စွမ်းအားရှင်တစ်ယောက်ကြောင့် ကပ်ဆိုးအရှင် ချင်းကျိုးမှာ အဖမ်းခံလိုက်ရတယ်လို့ကြားတယ်။
ဒီရက်ပိုင်း ဟန်ရွှေမှာ ငါစုံစမ်းခဲ့တယ်။ ငါ့ကိုခြိမ်းခြောက်နိုင်မယ့်လူမျိုး ဒီမှာမရှိဘူး။ ဒါပေမယ့် စိတ်ချရအောင် စည်းမျဉ်းတစ်ခု တည်ဆောက်မှဖြစ်မယ်။
'-တစ်ရက်အတွင်း ဟန်ရွှေမြို့တော်ကနေ ဘာသတင်းမှ မပေါက်ကြားစေရ'"
အချိန်သတ်မှတ်ချက်တစ်ခုထည့်လျှင် စည်းမျဉ်းသက်ရောက်မှုက ပိုအားကောင်းသည်။
အင်ပါယာတစ်ပါးနှင့်တူသည့် ကောင်းကင်မှလူကို လုယန်မော့ကြည့်ရင်း ရင်လေးလာသည်။
နတ်မယ်သတိပေးပေးချင်း အမယွမ်ကိုဆင့်ခေါ်ဖို့ သူကြိုးစားခဲ့သည်။ သို့သော် နောက်ကျသွားသည်။ ကောင်းကင်မျှလူက စည်းမျဉ်းတည်ဆောက်ပြီးဖြစ်သည်။ အမယွမ်၏စွမ်းအားကို သူဆင့်ခေါ်၍မရ။
ဤနေရာမှအခြေအနေကိုလည်း အမယွမ်သိနိုင်တော့မည်မဟုတ်။
"ကူးဖြတ်ခြင်းအဆင့်တွေဆိုတာ အရမ်းရှားတယ်မဟုတ်လား။ ဘာလို့ အဲလိုလူတွေနဲ့ ငါဆက်တိုက်တွေ့နေရတာလဲ။ နယ်စားက ဒီအိမ်တော်ဟာ အလုံခြုံဆုံးလို့ပြောတယ်။ အခုတော့အန္တရာယ်အများဆုံးလို ဖြစ်နေပါလား။
ဂိုဏ်းသခင်လေးဆိုတဲ့ ငါ့အဆင့်အတန်းက မြင့်မားလွန်းလို့ သူတို့အားလုံးက ငါ့ကိုတွေ့ချင်နေကြတာဖြစ်မယ်"
"ဟေ့၊ မင်းက ဂိုဏ်းသခင်လေးဆိုတော့ ငါလည်း ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ရာထူးတစ်ခုခုတော့ မရသင့်ဘူးလား"
မုန်ကျင်းကျိုးက လှမ်းမေးသည်။
"ဂိုဏ်းသခင်လေးရဲ့ အစေခံဆိုရင်ရော ဘယ်လိုလဲ"
"သွားစမ်းပါကွာ"
မြင်းအိုလည်း လေထဲမှ ကူးဖြတ်ခြင်းအဆင့် စွမ်းအင်ရောင်ကို ခံစားမိသဖြင့် အနားယူချိန်တန်ပြီဟု တွေးနေသည်။
မုန်ကျင်းကျိူးဖခင်က သူ့ကို မုန်ကျင်းကျိုးကိုကာကွယ်ဖို့ တာဝန်ပေးခဲ့သည်။ ထိုတာဝန်ကို ရိုးရှင်းလွယ်ကူသည်ဟုယူဆသဖြင့် သူချက်ချင်းလက်ခံခဲ့သည်။
ယွမ်ကျိကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ခေါ်သွားခဲ့ရပုံ၊ ယန်ကျန်းအပြန်လမ်းတွင် ထာဝရနတ်မယ်ပြန်အသက်ဝင်လာပုံ၊ ချင်းကျိုးတွင် ရှေးဟောင်းကူးဖြတ်ခြင်းအဆင့်တစ်ယောက်နှင့် ကြုံခဲ့ရပုံများကို သူပြန်စဉ်းစားနေသည်။
ယခုလည်း အရိုင်းနယ်မြေတွင် နောက်တစ်ယောက်တွေ့ရပြန်သည်။
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမိခဲ့သည်ဟု မြင်းအိုခံစားရသည်။
အရိုးရိုင်းက လုယန်နှင့်မုန်ကျင်းကျိုးအပေါ် အမြဲတမ်းယုံကြည်သည်။ ထိုအကိုနှစ်ယောက်ရှိလျှင် ဘာမှမဖြစ်နိုင်ဟု ယူဆသည်။ ထို့ကြောင့် သူဣန္ဒေမပျက်။
သူတို့လေးယောက်ထဲတွင် ကျောက်ပိုက အစိုးရိမ်ဆုံးဖြစ်သည်။ မနက်ပိုင်းက မဟာယုခေတ်စုစည်းခြင်းအဆင့် သခင်မန်ထန်နှင့် တွေ့ခဲ့သည်။ နေခင်းပိုင်းတွင် မဟာယုကူးဖြတ်ခြင်းအဆင့်နှင့် ကြုံရပြန်သည်။
ဘယ်လိုကံကြမ္မာမျိုးလည်း မသိတော့။
ယခုရက်ပိုင်း သူ့ကံကြမ္မာ အတော်ဆိုးနေသလိုရှိသည်။ ဘယ်အချိန်ကစ၍ ကံဆိုးခဲ့သနည်း။
*******************************