အရည်အချင်းမီပြီလား
Vol. 30 Ch. 440
ဟန်ရွှေ့မြို့အထက်တွင် ငရဲမီးတောက်ကြာပန်းနီများ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာသည်။ ပြင်းထန်သည့်စွမ်းအားကိုကြည့်၍ လုယန်မျက်ခုံးလှုပ်သွားသည်။ အငြှိုးအတေးကို သီးသန့်ပိုင်းခြားထားပြီး ဆရာအပေါ်မကြေနပ်ချက်ကို တပည့်များအပေါ် မဖွင့်ထုတ်တတ်သည့် ချိုးကျင်အန်းကို သူကျေးဇူးတင်နေမိသည်။
ကြာနီငါးပွင့် ကျဆင်းလာသည်။ ချိုးကျင်အန်း၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားသည်။ နယ်စားလွီက နိုင်ငံ့ကံကြမ္မာစွမ်းအားဖြင့် သူ့ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်ပေးသည်။
မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်လျှံလာသည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားရှိနေလျှင် ဒဏ်ရာများနှင့် ဝိညာဉ်စွမ်းအားအတွက် စိုးရိမ်စရာမရှိ။
အင်ပါယာရှားပြောသလိုပင် နိုင်ငံ့စွမ်းအားရှိလျှင် ရေရှည်တိုက်ခိုက်ဖို့ ကြောက်စရာအကြောင်းမရှိ။
ချိုးကျင်အန်း မအံ့ဩပါ။ နိုင်ငံ့စွမ်းအားကိုင်ထားသူတစ်ယောက်နှင့် အတူတိုက်ခိုက်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။
"ကောင်းတယ်၊ သိပ်ကောင်းတာပေါ့"
တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်နေသည့် ဝူယွမ်ထောင်၏ လူသတ်ရိပ်က ပြင်းထန်လွန်းသဖြင့် ဟန်ရွှေ့မြို့ခံများအားလုံး ရေခဲဂူထဲကျသကဲ့သို့ ကျောရိုးထဲတွင် စိမ့်တက်လာကြသည်။
သူတကယ်တိုက်ခိုက်သည်မဟုတ်သေး။ ဝူယွီထောင်၏ စွမ်းအားအရှိန်အဝါသည်ပင် ဘေးပတ်လည်မှလူများကို စိတ်ခြောက်ခြားစေနိုင်သည့် အာနိသင်ရှိသည်။
"ငရဲကြာပန်းလောက်နဲ့ မင်းငါ့ကို နိုင်မယ်ထင်နေလားကွ"
သူ့ခန္ဓာကိုယ်မှ အဖြူရောင်မြူများ ထိုးထွက်လာသည်။ သူ့ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။
ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူတစ်ယောက်ကို ငရဲကြာနီအစွမ်းအားကိုး၍ တိုက်ခိုက်ရမည်ဟု ချိုးကျင်အန်း စိတ်ကူးပင်မယဉ်မိခဲ့။ ယခုရင်ဆိုင်ရသည်က စုစည်းခြင်းအဆင့်ဖြင့် ကူးဖြတ်ခြင်းအဆင့်ကို ရင်ဆိုင်ရခြင်းဖြစ်သည်။ သို့သော် ထိရောက်မှု ထိုမျှနည်းမည်ဟုတော့ ထင်မထား။
လုယန် တွေးမရအောင်ဖြစ်သွားသည်။ ဘာကြောင့် ငရဲကြာနီစွမ်းအားက ဝူယွီထောင်အပေါက် ထိရောက်မှုနည်းသည်ကို စဉ်းစားမရ။
"ငရဲကြာနီမီးတောက်ဟာ အပြစ်သားတွေကို သန့်စင်ဖို့သုံးတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ မီးတောက်ပါ။ မီးပွားလေးတစ်ခုတောင် မကောင်းတဲ့စွမ်းအင်ရောင်တွေကို လောင်စာအဖြစ်သုံးပြီး ပြင်းပြင်းထန်ထန်လောင်ကျွမ်းနိုင်တဲ့ အစွမ်းရှိတယ်။ ဝူယွီထောင်က မကောင်းမှုတစ်ခါမှ မလုပ်ခဲ့ဘူးလား"
အရိုးရိုင်းနှင့် ကျောက်ပိုလည်း တွေးရခက်နေသည်။
မုန်ကျင်းကျိုးက ရှင်းပြသည်။
"ဝူယွီထောင်ဘေးက ကျားနဲ့နဂါးစွမ်းအင်ရောင်ကို မြင်တယ်မဟုတ်လား။ အဲဒါ အင်ပါယာတစ်ယောက်ရဲ့ သင်္ကေတပဲ။ အင်ပါယာဆိုတာ သာမန်လူတွေရဲ့ အကောင်းအဆိုးသတ်မှတ်ချက်မျိုးကနေ လွတ်ကင်းတယ်လေ"
ချိုးကျင်အန်းနှင့် နယ်စားလွီလည်း ထိုအချက်ကို သဘောပေါက်သွားပြီး တိုက်ပွဲဗျူဟာ ပြောင်းလိုက်သည်။
ဝူယွီထောင်က သူတို့ကို အံ့ဩချိန်မပေးပဲ အရင်ဦးစွာ တိုက်ခိုက်သည်။ သူ့နောက်ဘက်တွင် သံကြိုးမိုးများစွာ ပေါ်လာသည်။
"မိုးမျှော်ငရဲလက်ဝါး"
သံကြိုးများက မင်နက်ရောင်သန်းနေသည်။ သံကြိုးလက်ဝါးက အကျဉ်းထောင်တစ်ခုနှင့်တူသည်။။ သံကြိုးဆိုသော်လည်း သာမန်သံသတ္တုမဟုတ်။ သံနှင့်ပုံစံတူ ထူးဆန်းသည့်ပစ္စည်းတစ်မျိုးဖြင့် လုပ်ထားခြင်းဖြစ်မည်။ သို့မဟုတ် အဆင့်မြင့်မှော်စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်မည်။ အတော်ထူးဆန်းသည်။
"ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က လောကမှာမရှိတဲ့ ပစ္စည်းတွေကို ဖန်တီးတိုင်တယ်။ ဒီသံကြိုးတွေက သူ့ကိုယ်ပိုင်ဖန်တီးချက်ဖြစ်မယ်"
ချိုးကျင်အန်းကိုယ်မှ ငါးရောင်ခြယ်အလင်း ထွက်လာသည်။ ထိုအလင်းအောက်တွင် ငရဲလက်ဝါးထဲမှ သံကြိုးများ ချက်ချင်းအရည်ပျော်သွားသည်။ မှော်စွမ်းအားဖြင့် ဖန်တီးထားသည့် လက်ဝါးရိပ်သာကျန်ခဲ့သည်။
ချိုးကျင်အန်းစကားကြောင့် နတ်မယ်ဖန်တီးခဲ့သည့် အမွှာမြစ်နှင့် သားအမိမြစ်အကြောင်း လုယန်ပြန်တွေးမိသည်။
ကူးဖြတ်ခြင်းအဆင့်ရောက်လျှင် လောကတွင်မရှိသည့်အရာများကို ဖန်တီးနိုင်သည်။ မသေမျိုးများက ဤလူများထက်ပင်ပိုစွမ်းအားကြီးကြသည်။
သံကြိုးများ၏အန္တရာယ် မရှိတော့သော်လည်း ဝူယွီထောင်၏ လက်ဝါးရိုက်ချက်က ပြင်းထန်နေသေးသည်။ ရှောင်တိမ်း၍မရနိုင်။
ချိုးကျင်အန်းမကြောက်။ ဖန်သားရောင်မီးတောက်ငယ်ငါးခု သူ့လက်ချောင်းများထိပ်တွင် ပေါ်လာသည်။ လက်သီးကို လက်ဝါးအဖြစ်ပြောင်းလိုက်သည်။ မီးတောက်ငါးခု စုစည်းသွားသည်။ ထွက်လာသည့် မီးတောက်စွမ်းအင်က လေဟာနယ်ကိုဖျက်ဆီးနိုင်လောက်သည်။
"ဖန်သန့်စင်မီးတောက်"
မီးတောက်များနှင့် မိုးမျှော်ငရဲလက်ဝါး ရင်ဆိုင်တွေ့သည်။ နဂါနှင့်ကျားတိုက်ခိုက်ကြသလိုပင်ဖြစ်သည်။ တဖြေးဖြေး ချိုးကျင်အန်း၏ ကျင့်စဉ်စွမ်းအား လျော့နည်းလာသည်။ ဖန်သန့်စင်မီးတောက် အရေးနိမ့်လာသည်။
"ကျုပ်ကူညီမယ်"
နယ်စားလွီ၏ ချိုးကျင်အန်းကိုယ်ပေါ်သို့ လက်ဝါးကပ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ပို့လွှတ်ပေးသည်။ ဖန်သန့်စင်မီးတောက် ပြန်အားကောင်းလာသည်။
"တာလော်သုံးထပ်စွမ်းအား"
ဝူယွီထောင် သူ့စွမ်းအား ချက်ချင်းပြန်ရုတ်သိမ်း၍ လက်သီးချက် နောက်တစ်ကြိမ်ထုတ်သည်။ တစ်ခုထက်တစ်ခု ပိုပြင်းထန်သည့် စွမ်းအားသုံးခုက ဖန်သန့်စင်မီးတောက်ကို ဖျက်ဆီးပြီးနောက် ချိုးကျင်အန်းရင်ဘတ်ကို ထိသည်။
ချိုးကျင်အန်း သွေးကြောများ အမြန်ထိုးပိတ်လိုက်သည်။ သူကိုယ်ထဲတွင် ဗြောင်းဆန်နေသည့် တာလော်သုံးထပ်စွမ်းအားကို ခဏထိန်းထားသည်။
"ရေပျော့သုံးထောင်စွမ်းအား"
(**weak water ဖြစ်ပါသည်။ ဝိညာဉ်စွမ်းအင်ဖြင့်ဖန်တီးထားသည့်အရည်တစ်မျိုး ဖြစ်မည်ထင်ပါသည်)
ချိူးကျင်အန်းပါးစပ်မှ ရေပျော့များအဆက်မပြတ်ထိုးထွက်လာပြီ ဝူယွီထောင်ကိုလွှမ်းခြုံသွားသည်။ ရေပျော့ထိန်းချုပ်မှုအောက်မှလွတ်ရန် ဝူယွီထောင် အတင်းရုန်းကန်နေသည်။
သို့သော် ကူးဖြတ်ခြင်းစွမ်းအားဖြင့်ပင် လောကတွင် အပေါ့ပါးဆုံးဖြစ်သည့် ရေပျော့အချုပ်အနှောင်ထဲမှ လွတ်မြောက်ဖို့ ခက်ခဲသည်။
"ဆပွားမြေဆီ"
ချိုးကျင်အန်း မြေကြီးနည်းနည်းထုတ်လိုက်သည်။ ဒဏ္ဍာရီမသေမျိုးမြေကြီးဖြစ်သည်။ တိုက်ပွဲအရေးပေါ်ဖြစ်၍ သူမချွေတာနိုင်တော့။
မြေဆီက ရေနှင့်ထိသည်နှင့် ချက်ချင်းပွားလာပြီး ဝူယွီထောင်ကို ဖုံးအုပ်သွားသည်။
"ဝေါ့"
ထိုအချိန်ကျမှ ချိုးကျင်အန်း သွေးသုံးလေးကြိမ် အန်ထုတ်လိုက်သည်။ တာအိုသုံးထပ်စွမ်းအားဖြစ်သည်။ အစောပိုင်းက သွေးအန်ခဲ့လျှင် ဝူယွီထောင်က ထိုအချိန်ကို အခွင့်ကောင်းယူပြီး ဖိ၍တိုက်ခိုက်လာမည်။ အနိုင်ယူဖို့မဖြစ်နိုင်တော့။
နယ်စားလွီ အမြန်ရှေ့တိုးလာပြီး ချိုးကျင်အန်းကို ကုသပေးသည်။ တာလော်အားသုံးဆစွမ်းအားတစ်ချို့ကို မျှဝေယူသည်။
"ဖျောင်း"
ရေပျော့နှင့် ဆပွားမြေဆီစွမ်းအားက ဝူယွီထောင်ကို ကြာကြာထိန်းမထားနိုင်။ ချိုးကျင်အန်းဆီ ဒေါသတကြီးပြေးဝင်လာသည်။
ချိုးကျင်အန်းသည့် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း သူနားလည်သည်။ နယ်စားလွီက သိပ်အရေးမကြီး။
"ငါးရောင်ခြယ်နတ်အလင်း"
ချိုးကျင်န်း ကြိုးစား၍ ခုခံတိုက်ခိုက်သည်။ ငါးရောင်ခြယ်နတ်အလင်းများ အဆက်မပြတ်ထုတ်လွှတ်သည်။ ဓားငါးမျိုးကို တစ်ခုပြီးတစ်ခု ပစ်လွှတ်သည်။ သူတစ်ယောက်တည်း မီးတောက်စစ်အမျိုးအစားသုံးဆယ်ကျော် သုံးခဲ့ပြီးဖြစ်သည်။
"ကောင်းကင်တုန်လက်ချောင်း"
ဝူယွီထောင် အချိန်ထပ်မဆွဲတော့ပဲ အသေသတ်တိုက်ကွက်ထုတ်သုံးသည်။
'လက်ချောင်း'ဟု နာမည်ပေးထားသော်လည်း အမှန်တော့ ကမ္ဘာတစ်ခုဖြစ်သည်။ စကြာဝဠာစွမ်းအားကို လက်ညှိုးထဲတွင် ထည့်ထားသည့် ပညာဖြစ်သည်။ လက်ချောင်းရိပ်က ရင်ဘောင်တန်းပြေးနေသည့် မြင်းလေးကောင်စာခန့် ကျယ်ပြန့်သည်။
"ပန်းသုံးပွင့် ထိပ်မှာစု၊ ချီငါးခု မူလကိုဦးတည်"
ချိုးကျင်အန်း သန္ဓေကို ချီအဖြစ်၊ ချီကိုဝိညာဉ်အဖြစ်၊ ဝိညာဉ်ကိုဗလာနတ္ထိအဖြစ်သန့်စင်ပြီး ငယ်ထိပ်တွင်စုစည်းလိုက်သည်။ အန္တရာယ်အားလုံး မထိခိုက်နိုင်။ ချီငါးမျိုးဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေတို့ မူလနေရာတွင် စုဆုံသည်။ အပြည့်စုံဆုံးအခြေအနေသို့ ရောက်လာသည်။
"ထန်တောင်ကြားကရေ၊ ဖူစန်းသစ်သား၊ ရွှေကျီးကန်းမီးတောက်စစ်"
ရတနာသုံးမျိုးထုတ်၍ နေဆယ်စင်းမွေးဖွာသည့် မြင်ကွင်းမျိုး ပြန်ဖန်တီးသည်။ သခင်မန်ထန်၏ 'နေဆယ်စင်းကောင်းကင်လှည့်'စွမ်းအားထက်ပင် ပို၍ပြင်းထန်သည်။
"ဖူစန်းသစ်သားလား။ ဪ...လက်စသတ်တော့ မင်းလက်ထဲရောက်နေတာကိုး"
နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။ ဘယ်သူမှ ခုခံကာကွယ်ဖို့ စိတ်မကူးကြ။ အနာခံ၍ တစ်ဘက်လူကို အပြင်းထန်ဆုံးစွမ်းအားများဖြင့် တိုက်ခိုက်ကြသည်။
နယ်စားလွီပင် သူတို့၏မှော်စွမ်းအားတိုက်ပွဲအလှည့်အပြောင်းများကို အမီမလိုက်နိုင်။ ချိုးကျင်အန်းကို အဆက်မပြတ်ကုသပေးရုံသာ တတ်နိုင်သည်။
"ဝေါ့"
ချိုးကျင်အန်း အကန်ခံလိုက်ရသည်။ နံရိုးဘယ်နှချောင်းကျိုးသွားသည်တော့မသိ။ သူ့ဝိညာဉ်ကိုပင် ထိခိုက်သွားသည်။
"သိပ်ကောင်းတယ်။ စုစည်းခြင်းအဆင့်နဲ့ ငါ့ကိုလက်ရည်တူယှဉ်နိုင်တဲ့လူမျိုး ပထမဆုံးတွေ့ဖူးတာပဲ"
ဝူယွီထောင်က ချိုးကျင်အန်းထက် နည်းနည်းပိုစွမ်းအားကြီးသည်။ ခန္ဓာကိုယ် ဒဏ်ရာရထားသော်လည်း သန္ဓေစွမ်းအားနှင့်ဝိညာဉ် အကောင်းပကတိရှိနေသည်။
"ခင်ဗျား တိုက်ခိုက်နိုင်သေးလား"
နယ်စားလွီက ဒဏ်ရာကုပေးနေရင်းမှ ခပ်တိုးတိုးမေးသည်။
"သောက်လခွမ်းပဲ၊ ငါ့တိုက်ကွက်တွေ ကုန်သလောက်နီးပါးရှိနေပြီကွ"
ယခု ချိုးကျင်အန်းလည်း တကယ်စိတ်ပျက်နေဖြင့် ကျိန်ဆဲလိုက်သည်။
"နောက်ထပ် ငါ့လိုစုစည်းခြင်းအဆင့်တစ်ယောက် ဒါမှမဟုတ် ဝစီပိတ်လိုလူတစ်ယောက်သာရှိရင် ငါတို့နိုင်လောက်တယ်"
"ကျုပ်တို့က အဲလိုလူ ဘယ်မှာသွားရှာရမှာလဲ"
နယ်စားလွီ ကြံရာမရဖြစ်သွားသည်။ အရေအတွက်ဖြည့်ရုံဆို ကိစ္စမရှိ။ ဤတိုက်ပွဲက စုစည်းခြင်းအဆင့်ကျင့်ကြံသူ သုံးလေးယောက်ထပ်ဖြည့်ရုံဖြင့် အကျိုးထူးမည်မဟုတ်။
ဝူယွီထောင် အော်ဟစ်ရယ်မောနေသည်။ သူတို့ပြောနေသည့်စကားများကို လုံးဝအရေးမစိုက်။
"ဟန်ရွှေ့မြို့ထဲက လူအားလုံးကို ငါသေချာစစ်ဆေးပြီးသားပါ။ မင်းတို့ပြောတဲ့လူမျိုး တစ်ယောက်မှ မရှိဘူးကွ"
"ဟုတ်လား။ ဒါပေမယ့် ငါ့ကိုရော မင်းစစ်ဆေးကြည့်ခဲ့လို့လား"
ထူးဆန်းသည့်စကားသံ အောက်ဘက်မှပေါ်လာသည်။ သုံးယောက်လုံး ကြားလိုက်သည်။
"ဘယ်ကောင်ပြောနေတာလဲကွ"
ယာဇ်ပူဇော်သည့်သရဲများထားသည့် အိမ်ထဲမှ စက္ကူဖြူဦးထုပ်နှင့်လူတစ်ယောက် ပျံထွက်လာပြီး ကောင်းကင်သို့တစ်လှမ်းချင်းတက်လာသည်။
ထိုလူ့ကျင့်စဉ်စွမ်းအားကို ဝူယွီထောင် တန်းသိသဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေသူတစ်ယောက်ဟု ယူဆသည်။
"စုစည်းခြင်းအခြေခံအဆင့်လောက်နဲ့ ငါတို့တိုက်ပွဲထဲ မင်းဝင်နိုင်မယ်ထင်နေလား"
ဦးထုပ်နှင့်လူက ပြန်မဖြေ။ ထိုအချိန်တွင် မြို့ထဲရှိ အိမ်ပေါင်းများစွာမှ လူပေါင်းရာချီ ထွက်လာသည်။ လူရှင်းနေသည့် လမ်းမပေါ် စုစည်းရောက်လာသဖြင့် မြင်သာထင်သာရှိနေသည်။
သရဲတစ်ချို့က ထိုလူများကိုမြင်သဖြင့် အသေသတ်ရန် ခုန်အုပ်ကြသည်။ သို့သော် ထိုလူများထဲမှတစ်ယောက်က သရဲများကို အလွယ်တကူသတ်လိုက်သည်။
ရာချီသည့်လူများက ရုပ်ရည်အမျိုးမျိုး ပုံစံအမျိုးမျိုးရှိကြသည်။ တစ်ချို့က လူလိမ်များ၊ တစ်ချို့က သူခိုးများ၊ တစ်ချို့က စာရင်းကိုင်များ တစ်ချို့က စားသောက်ဆိုင်စားပွဲထိုးများ တစ်ချို့က အသားကင်ဆိုင်အလုပ်သမားများ....
စက္ကူဖြူဦးထုပ်နှင့်လူ ကောင်းကင်သို့ ပျံတက်လာပြီးနောက် မရှေးမနှောင်းမှာပင် ထိုလူများလည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ပျံတက်လာပြီး ထိုဦးထုပ်ဖြူလူ၏ကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။
ထိုလူ၏ကျင့်စဉ်စွမ်းအား ဆက်တိုက်မြင့်တက်လာသည်။ မြစ်ရေဆန်တက်လာသလိုပင်ဖြစ်သည်။ စွမ်းအားတိုးတက်နှုန်းက ကြောက်ခမန်းလိလိဖြစ်နေသည်။
စုစည်းခြင်းခြေခံအဆင့်၊ အလတ်တန်းအဆင့်၊ နောက်ဆုံးအဆင့်...။ထို့နောက် ကူးဖြတ်ခြင်းအကြိုအဆင့်။
စက္ကူဖြူဦးထုပ်နှင့်လူ ဝူယွီထောင်နှင့် မျက်နှာချင်းဆိုင်တွင်ရပ်ပြီး တည်ငြိမ်သည့်လေသံဖြင့် သူမေးသည်။
"ငါအခု အရည်အချင်းမီပြီလား"
***********************************