နဂါးဖြူအင်ပါယာကောင်းကင်ဆင်းရဲ
Vol. 30 Ch. 442
"ဂျိန်း"
ကျယ်လောင်သည့် မိုးခြုန်းသံကို အားလုံးအာရုံစိုက်မိကြသည်။ အလောင်းထိန်းဂိုဏ်းရှိသည့် ယင်အလောင်းတောင်တန်းသည် ယင်စွမ်းအင်သိပ်သည်းမှုကြောင့် လျှပ်စီးမိုးကြိုးကို တစ်ခါမှမမြင်ခဲ့ရ။
သို့သော်ယနေ့ တောင်တန်းအထက်ကောင်းကင်တွင် တိမ်မည်းများအုပ်ဆိုင်း၍ မိုးခြုန်းသံများ မြည်ဟိန်းနေသည်။ မျက်စိကျိန်းစပ်လောက်အောင် တောက်ပသည့် လျှပ်စီးတန်းများ ယှက်သန်းနေသည်။ လောကသစ်ပြန်မွေးဖွားလာသကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။
"အလောင်းထိန်းဂိုဏ်းတပည့်တွေအားလုံး နေရာရွှေ့ကြ"
အကြီးအကဲကိုင် အားလုံးကို အပြင်ထွက်ကြရန် အမိန့်ပေးသည်။ ဂိုဏ်းချုပ်လူက ထင်ထားသည်ထက်အချိန်စော၍ အဆင့်တက်တော့မည်။ အလောင်းထိန်းဂိုဏ်းအတွက် အန္တရာယ်ရှိသည်။ ကောင်းကင်လျှပ်စီး ရိုက်ခတ်ခံရနိုင်ခြေများသည်။
ကူးဖြတ်ခြင်းအဆင့်ကောင်းကင်လျှပ်စီးကို ဂိုဏ်းတပည့်များ ခံနိုင်ရည်ရှိမည်မဟုတ်။ ပွတ်ထိရုံဖြင့်ပင် သေသွားနိုင်သည်။
နယ်စားလွီတို့သုံးယောက်နှင့် ဝူယွီထောင်တို့နှစ်ယောက်လည်း အခြေအနေအရ တိုက်ပွဲကို ရပ်လိုက်ကြသည်။
ကူးဖြတ်ခြင်းကောင်းကင်လျှပ်စီးကျလာချိန်၌ အနီးအနားတွင် စွမ်းအင်လှုပ်ရှားမှုလုံးဝမရှိရ။ ရှိခဲ့လျှင် ကောင်းကင်လျှပ်စီးက အနှောက်အယှက်ဟု ယူဆ၍ တိုက်ခိုက်လာမည်။
နယ်စားလွီတို့သုံးယောက် ထိုအချိန်ကို အခွင့်ကောင်းယူ၍ ဒဏ်ရာကုနေကြသည်။ နောက်ထပ်တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေသည်။
ဂိုဏ်းချုပ်လူ ထွက်လာပြီဖြစ်၍ သူတို့စိတ်သက်သာရာရနေသည်။ တိုက်ပွဲအင်အား မျှသွားတော့မည်။ သူတို့နှင့်မဟာကျင့်ကြံသူများ၏ တိုက်ပွဲရလာဒ် ပြောင်းလဲနိုင်ခြေရှိလာသည်။
ကျောက်ပိုလည်း အတော်ဝမ်းသာနေသည်။ နှစ်တစ်သောင်းလောက်ကြာအောင် အလောင်းထိန်းဂိုဏ်းတွင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်မျိုး မထွက်ပေါ်ခဲ့။ ထို့ကြောင့် သူတို့သည် မဟာထိပ်သီးဂိုဏ်းအဆင့်မှ ပထမအဆင့်ဂိုဏ်းသို့ လျှောကျခဲ့ရသည်။
ယနေ့ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထွက်ပေါ်လာတော့မည်။ မဟာထိပ်သီးဂိုဏ်းအမည်ကို ပြန်၍ကြွေးကြော်နိုင်တော့မည်။
မသေမျိုးငါးဂိုဏ်းနှင့် မဟာထိပ်သီးဂိုဏ်းများ ကွာခြားသည်က ထိုအချက်ဖြစ်သည်။ မဟာထိပ်သီးဂိုဏ်းတစ်ခုသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ရှိဖို့လိုသည်။ သို့သော် ကျင့်ကြံသူများသည် နောက်ဆုံးတွင် သေကျေပျက်စီးသွားကြသည်။
ထိုအချိန်ရောက်လျှင် မဟာထိပ်သီးဂိုဏ်းက ပထမအဆင့်ဂိုဏ်းဖြစ်လာသည်။
သို့သော် မသေမျိုးငါးဂိုဏ်းသည် ဆုတ်ယုတ်ကျဆင်းချိန်ကြုံ၍ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်မှ မွေးမထုတ်နိုင်သည့်တိုင် ကူးဖြတ်ခြင်းအဆင့်စွမ်းအား ထုတ်သုံးနိုင်သည့် နည်းလမ်းများ ရှိကြသည်။ ထို့ကြောင့် သူတို့၏ မသေမျိုးဂိုဏ်းဟူသည့် အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ကြသည်။
တာအိုလမ်းစဉ်ဂိုဏ်းသည် လွန်ခဲ့သည့် နှစ်ငါးထောင်က ထိုအချိန်ကာလမျိုးကြုံခဲ့ည်။ နှစ်နှစ်ထောင်ကြာအောင် ကူးဖြတ်ခြင်းအဆင့် တစ်ယောက်မှမရှိခဲ့။ ထို့နောက်တွင် ဟန်ဟိုင်တာအိုရှင် ပေါ်လာသည်။ ထိုနှစ်နှစ်ထောင်အတွင်းတွင်လည်း တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးငါးဂိုဏ်းစာရင်းဝင်အဖြစ်သာ ရှိခဲ့သည်။
....
ကောင်းကင်တွင် လျှပ်စီးများ တဖြေးဖြေးအားကောင်းလာသည်။ မကြာခဏ လျှပ်စီးတန်းများ ထိုးဆင်းရိုက်ခတ်သည်။ မိုးခြုန်းသံများ မြေကွဲမတတ် အော်မြည်နေသည်။ သို့သော် ထိုအဖြစ်က နိဒါန်းပျိုးခြင်းပင် မဟုတ်သေး။
"ဝုန်း"
တိမ်မည်းများ အောက်သို့လိမ့်ဆင်းလာသည်။ အဖြူရောင်လျှပ်စီးများ တောက်ပလင်းလက်လာသည်။ ကောင်းကင်ဆင်းရဲလျှပ်စီး အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ အလောင်းထိန်းဂိုဏ်းကို လွှမ်းခြုံသွားသည်။ နှစ်သောင်းချီစုစည်းခဲ့သည့် ယင်တောင်တန်းမှ ယင်စွမ်းအင်များ တဖြေးဖြေး ပျောက်ကွယ်သွားသည်။
သံရှည်ဆွဲ၍ အော်ဟစ်ကြုံးဝါးသံတစ်ခု ကောင်းကင်လျှပ်စီးနှင့်အပြိုင် ပေါ်လာသည်။ တာအိုဝတ်ရုံရှင်တစ်ယောက် ကောင်းကင်သို့ ပျံတက်လာသည်။ မှော်ရတနာမျိုးစုံဆင့်ခေါ်နေသည်။ ကောင်းကောင်းကြိုတင်ပြင်ဆင်ထားမှန်း သိသာသည်။
"ကူးဖြတ်ခြင်းအဆင့်လျှပ်စီးဆိုတာ ဒါလား"
လုယန် မင်သက်မိနေသည်။ ကျင့်ကြံသူများ အဆင့်တက်ကြသည့်အကြောင်း ဟိုအရင်ကတည်းက သူကြားဖူးသည်။ ယနေ့မှ လက်တွေ့မြင်ရသည်။ ကူးဖြတ်ခြင်းအဆင့်တက်သည့် ကောင်းကင်ဆင်းရဲက မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။
ဟန်ရွှေ့မြို့တစ်ဝက်မှပင် တစ်လောကလုံးတုန်ခါနေသည်ကို ခံစားရသည်။ အလောင်းထိန်းဂိုဏ်းအထက်မှ ကောင်းကင်လျှပ်စီးစွမ်းအား ဘယ်လောက်ပြင်းထန်သည်ကို စိတ်ကူးကြည့်နိုင်သည်။
"ဒီကောင်းကင်လျှပ်စီးက သာမန်ပါပဲ"
နတ်မယ်က နှာခေါင်းရှုံ့၍ပြောသည်။ အထင်ကြီးဟန်မရှိ။
သူဆိုလျှင် သမ်းဝေရင်းပင် ထိုလျှပ်စီးထဲ ဖြတ်လျှောက်သွားနိုင်သည်။ ဂိုဏ်းချုပ်လူလို မှော်ရတနာများစွာ ပြင်ဆင်ထားစရာမလို။
ယခုလက်ရှိ ကောင်းကင်ဆင်းရဲများသည် ယင်ထန်မသေမျိုး၏ အရိယဖလမှ အစပြုခဲ့ခြင်းဖြစ်သည်။
"ကျင့်ကြံသူတွေကို လေ့ကျင့်ပေးဖို့ ယင်ထန်မသေမျိုးက ဒီကောင်းကင်ဆင်းရဲလျှပ်စီးကို ဖန်တီးခဲ့တာပါ။ သတ်ဖို့မဟုတ်ဘူး။ ကျင့်ကြံသူရဲ့ပါရမီထူးလေ လျှပ်စီးအားပြင်းထန်လေပဲ။ အခု ဒီလျှပ်စီးကိုကြည့်လေ။ အပြင်ပန်းမှာ စွမ်းအားကြီးသလိုထင်ရပေမယ့် တကယ်ရင်ဆိုင်ကြည့်ရင် အတော်အားနည်းနေတာကို သိလိမ့်မယ်။
ဒီကောင်းကင်ဆင်းရဲကို နဂါးဖြူအင်ပါယာအသွင်ပြောင်းလျှပ်စီးလို့ခေါ်တယ်။ အားနည်းတဲ့ ကောင်းကင်ဆင်းရဲလျှပ်စီးတွေထဲက တစ်ခုပေါ့"
နဂါးဖြူကောင်းကင်လျှပ်စီးက နဂါးအင်ပါအသွင်ပြောင်းသည်။ နဂါးနှုတ်ခမ်းမွှေးများ လူးလွန့်လှုပ်ရှားနေသည်။ ကြေးခွံများ တလက်လက်တောက်ပနေသည်။ အစွယ်ကိုဖြဲ၍ လက်သည်းကိုထုတ်ပြသည်။ နဂါးအစစ် အသိဉာဏ်နိုးထလာသယောင် ထင်ရသည်။
နဂါးဖြူက အော်ဟစ်ဟိန်းဟောက်၍ ဂိုဏ်းချုပ်လူဆီ ထိုးဆင်းလာသည်။ ခန္ဓာကိုယ်အသားထဲသို့ ချက်ချင်းဖောက်ဝင်သွားသည်။ အရိုးဖြူများပေါ်လာသည်။ သေလုမျောပါးအခြေအနေ ဖြစ်သွားသည်။
"ဂိုဏ်းချုပ်လူ သေတော့မှာလား"
လုယန် ထိတ်လန့်သွားသည်။ ဘာကြောင့် ထိုမျှမြန်မြန် အရေးနိမ့်သွားသည်မသိ။
"မသေပါဘူး။ အဲဒါက ဖုတ်ကောင်ပါ။ သူ့ခန္ဓာကိုယ်အစစ်က အောက်မှာပုန်းနေတာ။ ဉာဏ်တော့ကောင်းသားပဲ။ ပထမဆုံးလျှပ်စီးလှိုင်းက ပြင်းထန်လွန်းလို့ ခုခံဖို့ခက်ခဲတယ်။ ဒါကြောင့် ဖုတ်ကောင်တစ်ကောင်ကို အစားထိုးပြီး ခုခံခိုင်းတာ"
နတ်မယ်က ဂိုဏ်းချုပ်လူ၏ဗျူဟာကို ချက်ချင်းရိပ်မိသည်။
မှန်သည်။ နတ်မယ်ပြောသလိုပင် ဖုတ်ကောင်ကြေမွပျက်စီးသွားပြီးနောက် ဂိုဏ်းချုပ်လူအစစ်က မြေပြင်မှတက်လာပြီး ကောင်းကင်လျှပ်စီးကို ရင်ဆိုင်သည်။
ပထမတစ်ကြိမ် တိုက်ခိုက်ပြီးနောက် နဂါးဖြူအင်ပါယာ နည်းနည်းစွမ်းအားလျော့သွားသည်။
"ဂျိန်း"
နဂါးဖြူ နောက်တစ်ကြိမ်တိုက်ခိုက်သည်။ ဂိုဏ်းချုပ်လူတစ်ကိုယ်လုံး အက်ကွဲသွားပြီး မချိမဆန့်အော်ဟစ်နေသည်။ အဖြူရောင်လျှပ်စီးများကြောင့် သူ့ကိုယ်ပေါ်တွင် မီးလောင်ရာအမာရွတ်များ ကျန်ခဲ့သည်။ ရုပ်ခန္ဓာရော ဝိညာဉ်ပါ ထိခိုက်ခြင်းဖြစ်သည်။
သူ့ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ခု အမြန်ထုတ်၍ ဆေးတစ်လုံးသောက်လိုက်သည်။ ဆေးတစ်လုံးဖြင့် အားပြန်ဖြည့်ပြီးသည်နှင့် ကျန်သည့်ဆေးလုံးများရော ဆေးပုလင်းပါ ကျယ်ပြန့်သည့် ကောင်းကင်ဆင်းရဲလျှပ်စီးကြားတွင် ပျောက်ကွယ်သွားသည်။
နဂါးဖြူးအင်ပါယာကို တားဆီး၍မရနိုင်။ လေဟာနယ်ကိုထိုးခွဲ၍ ဂိုဏ်းချုပ်လူကို အဆက်မပြတ်သန့်စင်သည်။
ကောင်းကင်လျှပ်စီးများ ပျောက်ကွယ်သွားသည်။ စွမ်းအင်ဖိအား ချက်ချင်းလျော့လာသည်။ ပြင်းထန်သည့်ဝိညာဉ်စွမ်းအင်လှိုင်းများလည်း တည်ငြိမ်လာသည်။
ဂိုဏ်းချုပ်လူ၏ ခန္ဓာကိုယ် မီးသွေးတုံးလိုဖြစ်သွားသည်။ မြေပြင်သို့ ဘုန်းခနဲသူပြုတ်ကျလာသည်။
"မအောင်မြင်တာလား"
မြို့တော်တစ်ခုလုံး စိတ်ဓာတ်ကျသွားပြီး တီးတိုးရေရွတ်သံများပေါ်လာသည်။
ဂိုဏ်းချုပ်လူ အဆင့်တက်သည့်ကိစ္စမအောင်မြင်လျှင် မဟာယုကျင့်ကြံသူများကို ရင်ဆိုင်နိုင်သူ တစ်ယောက်မှရှိတော့မည်မဟုတ်။
"ဟိုမှာကြည့်ဟေ့၊ ဂိုဏ်းချုပ်ရဲ့ခန္ဓာကိုယ် လှုပ်လာပြီ"
ကျယ်လောင်သည့် နှလုံးခုန်သံ ပေါ်လာသည်။ အတွင်းဒဏ်ရာများ ပျောက်ကင်းလာသည့်သဘောဖြစ်သည်။
ထို့နောက် တဖျစ်ဖျစ်မြည်သံများ ပေါ်လာသည်။ မီးသွေးလိုမည်းနက်နေသည့် ဂိုဏ်းချုပ်၏ အပေါ်ယံအရေပြားများ ကွာကျသွားသည်။ သလင်းလိုကြည်လင်သည့် အရေပြားအသစ်ပေါ်လာသည်။ ရုပ်ရည်ကလည်း ဆယ်နှစ်စာခန့် ပြန်လည်နုပျိုသွားသည်။
"ကူးဖြတ်ခြင်းလျှပ်စီးမှာ အသက်ဓာတ်ပါတယ်။ လျှပ်စီးက ဂိုဏ်းချုပ်ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်တာ။ သူ့ခန္ဓာကိုယ်က အရင်ထက် ဆယ်ဆမက အားကောင်းလာပြီ"
အကြီးအကဲကိုင် ဝမ်းသာအားရပြောသည်။ အလောင်းထိန်းဘိုးဘေးများ အဆင့်တက်ခဲ့သည့် မှတ်တမ်းအကြောင်းအရာများကို သူပြန်သတိရလာသည်။
ဂိုဏ်းချုပ်လူ၏မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ သူ့အကြည့်က တိမ်တိုက်များကို ထိုးဖောက်နိုင်သည့် လျှပ်စီးတန်းလိုပင်ဖြစ်သည်။
အသက်ဓာတ်အပြည့်ဖြင့် သူထရပ်လာသည်။ အဆင့်မတက်မီက ပင်ပန်းနွမ်းနယ်နေသည့်ဟန်ပန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ လန်းဆန်းတက်ကြွ၍ အားမာန်ပြည့်သည့်အသွင်မျိုး ရှိနေသည်။
ကောင်းကင်ဆင်းရဲဖြတ်ကျော်၍ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်အဖြစ်သို့ ရောက်လာပြီဖြစ်သည်။
တစ်မြို့လုံး ဝမ်းသာအားရအော်ဟစ်ကြသည်။ သူအောင်မြင်စွာအဆင့်တက်နိုင်ခဲ့သဖြင့် နယ်စားလွီတို့သုံးယောက်ရော မြို့ခံများပါ စိတ်သက်သာရာရသွားသည်။
သို့သော် လုယန်နှင့်မုန်ကျင်းကျိုး ဝမ်းမသာနိုင်ကြ။ ကောင်းကင်ဆင်းရဲဖြတ်ကျော်နေစဉ်အတွင်း ဂိုဏ်းချုပ်လူ၏ အဝတ်အစားများ လျှပ်စီးထိ၍ စုတ်ပြဲနေသည်။ ဂိုဏ်းချုပ်၏ညာဘက်လက်ကောက်ဝတ်ကို စိုက်ကြည့်၍ နှစ်ယောက်လုံး ကြက်သီးမွှေးညှင်းများ ထလာကြသည်။
ဂိုဏ်းချုပ်လူလက်ကောက်ဝတ်တွင် အနားဖြတ်စက်ဝိုင်းကွင်းသုံးခု မြင်နေရသည်။ အလယ်ဗဟို "သရဲ"ဟူသည့် စာလုံးရှိသည်။ ကျန်းရှီရွာတွင် သူတို့တွေ့ခဲ့သည့် ပိုင်ရှင်မဲ့ဖုတ်ကောင်များပေါ်မှ အမှတ်အသားနှင့် အတူတူပင်ဖြစ်သည်။ ရွာလူကြီးက သူတို့ကို ရှင်းပြခဲ့သည်။
"ဖုတ်ကောင်တွေ ပိုင်ရှင်မဲ့ဖြစ်သွားနိုင်တဲ့အကြောင်းရင်း သုံးခုရှိတယ်။ သခင်သေသွားလို့ ဖုတ်ကောင်တွေအထိန်းအချုပ်လွတ်ပြီး ခြေဦးတည့်ရာလျှောက်သွားတာ။ ဒါမှမဟုတ် သူတို့သခင်က တမင်လွှတ်ပေးလိုက်တာ။ ဒါမှမဟုတ် ဖုတ်ကောင်က ပုန်ကန်ပြီး သခင်ကိုစားလိုက်တာ"
ကောင်းကင်လျှပ်စီးကို ခုခံနိုင်သည့် ဖုတ်ကောင်မျိုးကို ဂိုဏ်းချုပ်လူက သူ့သဘောဆန္ဒအရ လွှတ်ပေးမည်မဟုတ်။
ယခု ဂိုဏ်းချုပ်လူ သူတို့မျက်စိရှေ့တွင်ရှိနေသည်။ ဖုတ်ကောင်က သခင်ကိုစားခဲ့ခြင်းမဟုတ်နိုင်။
ဖြစ်နိုင်စရာ တစ်ခုသာကျန်သည်။ ဂိုဏ်းချုပ်လူ သေသွားသဖြင့် သူ့ဖုတ်ကောင်များ အထိန်းအချုပ်လွတ်၍ လျှောက်သွားရင်း ကျန်းရှီရွာသို့ ရောက်နေခြင်းဖြစ်မည်။
ဂိုဏ်းချုပ်လူ သေသွားပြီဆိုလျှင် ယခု သူ့ခန္ဓာကိုယ်ကို ဘယ်သူထိန်းချုပ်နေသနည်း။
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ဖြစ်နိုင်ခြေတစ်ခု ချက်ချင်းစဉ်းစားမိကြသည်။
"ဂိုဏ်းချုပ်လူရဲ့ခန္ဓာကိုယ်ကို မဟာယုကျင့်ကြံသူတစ်ယောက်က ထိန်းချုပ်ထားတာပဲ"
***************************************************