မဟာကောင်းကင်အရ
Vol. 30 Ch. 444
"ကောင်းကင်ရုံးတော်ဂိုဏ်း...တိုက်ပွဲအရှင်"
ဝူယွီထောင် သူ့ရှေ့မှတော်ဝင်နတ်သမီးကို သံသယဖြင့်ကြည့်နေသည်။ သူ့ရင်ထဲ မတည်မငြိမ်ဖြစ်လာသည်။
နယ်စားလွီကို သူလှုပ်ရှားခွင့်ပေးခဲ့သည်။ ချိုးကျင်အန်းနှင့် စက္ကူဦးထုပ်လူ ဝင်တိုက်ခိုက်သည့်တိူင် သူအသာစီးရမည်ဟု ယုံကြည်ခဲ့သည်။ အတုမဲ့ကူးဖြတ်ခြင်းစွမ်းအားကို ထိုလူသုံးယောက် မယှဉ်နိုင်။
သို့သော်ယခု အခြေအနေက ထိန်းချုပ်မရအောင်ဖြစ်လာသည်ဟု ခံစားနေရသည်။
မွေးကတည်းက ထိုခံစားချက်မျိုး တစ်ခါမှမပေါ်ခဲ့ဖူး။
"ကောင်းကင်ရုံးတော်ဂိုဏ်းကဘာလဲ...တိုက်ပွဲအရှင်ကရော ဘယ်သူလဲ"
စန်းလဲ့နှင့်ဝူကျိ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ သူတို့မျက်လုံးတွင်လည်း ထိတ်လန့်ရိပ်သန်းနေသည်။
သူတို့ရလိုသည်က နိုင်ငံ့ကံကြမ္မာစွမ်းအားဖြစ်သည်။ ဝူယွီထောင် ထိုစွမ်းအားကို ရယူရန်ကြိုးစားချိန်တွင် ဘေးပတ်လည်ကို သူတို့သတိထားစောင့်ကြည့်နေခဲ့သည်။
ဘေးပတ်လည်လှုပ်ရှားမှုမှန်သမျှ သူတို့အာရုံမှမလွတ်နိုင်။
သို့သော် ထိုမိန်းမက သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။ ဘယ်လိုရောက်လာသည်မသိ။
ယုံနိုင်စရာမရှိ။
သူတို့မှတ်ဉာဏ်ထဲမှ အချက်အလက်များကို အမြန်ရှာဖွေကြသည်။ ရှေးဟောင်းခေတ်မှ ယနေ့ခေတ်ထိ 'ကောင်းကင်ရုံးတော်ဂိုဏ်း' သို့မဟုတ် 'စစ်အရှင်'ဟူသည့်နာမည် တစ်ခါမှမကြားဖူးကြ။
အနီးစပ်ဆုံးက လက်ရှိနတ်ဆိုးဂိုဏ်းလေးဂိုဏ်းဖြစ်သည်။ ထာဝရဂိုဏ်း၊ ကိုးငရဲဂိုဏ်း၊ နေမင်းဂိုဏ်း၊ နှလုံးမဲ့ဂိုဏ်း။
"ရှေးမှတ်တမ်းတွေထဲမှာ ကောင်းကင်ရုံးတော်အကြောင်း ဖော်ပြချက်တွေရှိတယ်ထင်တယ်"
အရှင်ဝူကျိစကားသံ တုန်ရင်နေသည်။ သူ့ရင်ထဲတွင် အကြောက်တရားများတိုးပွားလာသည်။
"ရှေးခေတ်အဖွဲ့အစည်းလား"
စန်းလဲ့ ခပ်တိုးတိုးရေရွတ်သည်။ ဘယ်အဖွဲ့အစည်းမဆို ရှေးကျလေ စွမ်းအားကြီးလေဟု သူယုံကြည်သည်။ နှစ်တစ်သောင်းကျော်သက်တမ်းရှိခဲ့သူဖြစ်၍ လက်ရှိမဟာရှားကို သူတို့အထင်မကြီး။ မဟာယုကျင့်ကြံသူများသည် စွမ်းအားအကြီးဆုံးဟု သူယုံကြည်ထားသည်။
သို့သော်ယခု ဤပဲဝါအရှင်သည် ရှေးအကျဆုံးခေတ်မှလူ ဖြစ်ပုံရသည်။
ဘွဲ့နာမည်တွင် 'တိုက်ပွဲ'ဟူသည်စကားလုံးပါသည်။ တိုက်ခိုက်ရေး အလွန်တရာကျွမ်းကျင်သူဖြစ်ရမည်။
"နေပါဦး...ခုနက သူ့ကိုယ်သူ 'ဒီမသေမျိုး'လို့ပြောလိုက်တာလား"
အရေးကြီးသည့်စကားလုံးကို အရှင်စန်းလဲ့ ပြန်သတိရလာသည်။
"သူက မသေမျိုးတစ်ယောက်ပဲ"
ဟန်ရွှေ့တွင် မသေမျိုးတစ်ယောက် ပုန်းအောင်းနေမည်ဟု သူတို့လုံးဝစိတ်မကူးမိခဲ့ကြ။
'တိုက်ပွဲ'ဘွဲ့နာမည်နှင့် မသေမျိုးတစ်ယောက်သည် မသေမျိုးအချင်းချင်းကြားမှာပင် အားနည်းသူဟုတ်မည်မထင်။
...
"ကောင်းကင်ရုံးတော်ရဲ့ အဓိပဓိပဲဝါအရှင်လား"
(**'dou' ဟူသည့်စကားသည် 'တိုက်ပွဲ' နှင့် 'ပဲပါ (yellow bean)'အဓိပ္ပါယ်နှစ်ခွရှိသည်ဟု ဆိုပါသည်)
ကိုးငရဲဂိုဏ်းချုပ် ထာဝရနတ်မယ်ကိုကြည့်၍ တွေးရခက်နေခဲ့သည်။ နတ်မယ်က သူ့နာမည်ကိုကြေညာမှ သဘောပေါက်သွားသည်။
ဒုဂိုဏ်းချုပ်ကျောက်ရိုးပြောခဲ့သည့် အကြောင်းများ ပြန်သတိရလာသည်။ ကောင်းကင်ရုံးတောမှလူများ ဟန်ရွှေ့မြို့တော်သို့ ရောက်နေသည်ဟုပြောသည်။ သရဲကပ်သည် ကိုးငရဲဂိုဏ်းချုပ်လက်ချက်ဟု ကြားသဖြင့် မကျေမနပ်ဖြစ်နေကြသည်ဟုဆိုသည်။
ဒုဂိုဏ်းချုပ်ကျောက်ရိုးက ဂိုဏ်းနှစ်ခုကြား ဆက်ဆံရေးမပျက်စေရန် ရှင်းပြခဲ့၍ တော်သေးသည်။
ထိုအကြောင်း ပြန်စဉ်းစားကြည့်ပြီး သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းမှလူဆိုသည်မှာ သူ့ရှေ့မှ အဓိပဓိပဲဝါအရှင်ဖြစ်ပေလိမ့်မည်။
"ရှင်းရှင်းလင်းလင်းသိလိုက်ရတာ ကောင်းတာပေါ့"
အဓိပဓိပဲဝါအရှင်သည် ရှေးဟောင်းခေတ်၏ ပထမဆုံးမသေမျိုး။ ရှေးဟောင်းခေတ် မသေမျိုးလေးယောက်ပင် ကြောက်ရွံ့ကြရသည့် ပြိုင်ဘက်ကင်းစွမ်းအားရှင်ဖြစ်သည်။
"ဒီလူကို ခင်ဗျားသိလား"
ကိုးငရဲဂိုဏ်းချုပ်အမူအရာကို ချိုးကျင်အန်းရိပ်စားမိသဖြင့် သိစိတ်အသံလှိုင်းမှ လှမ်းမေးလိုက်သည်။
"ထုတ်ပြောလို့မဖြစ်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ"
ကိုးငရဲဂိုဏ်းချုပ် ပဲဝါအရှင်အကြောင်း မပြောရဲ။ အသေးစိပ်ထပ်ရှင်းမပြချင်။
ချိုးကျင်အန်း မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ဆက်မေးချင်သော်လည်း စိတ်ကိုထိန်းထားလိုက်သည်။
........
"သခင်လွီ၊ ခင်ဗျား အဆင်ပြေရဲ့လား"
အားလုံးက နတ်မယ်ဆီ အာရုံရောက်နေချိန်တွင် သွေးထွက်နေသည့်နယ်စားကို လုယန်တစ်ယောက်သာ စိုးရိမ်ဖော်ရသည်။
"အဟွတ်၊ အဟွတ်...အဆင်ပြေပါတယ်"
နယ်စားလွီ ကြိုးစား၍ ထရပ်သည်။ သူ့မှော်လက်စွပ်ထဲမှ ဆေးလုံးတစ်ချို့ထုတ်ပြီး ကျင့်ကြံမှုလုပ်ရန် တင်ပျဉ်ခွေလိုက်သည်။
ထို့နောက်တွင်မှ လုယန် အားလုံးအာရုံစိုက်နေသည့် ကောင်းကင်ဆီ လှမ်းကြည့်သည်။ မတိုက်ခိုက်မီက နတ်မယ်နောက်ဆုံးပြောခဲ့သည့်စကားကို ပြန်သတိရလာသဖြင့် သူ့နှုတ်ခမ်းတွင် အပြုံးရိပ်ပေါ်လာသည်။
"နင့်ကို အရိုင်းနယ်မြေမှာ ဘေးကင်အောင် စောင့်ရှောက်မယ်လို့ ဒီမသေမျိုးပြောခဲ့တယ်လေ"
....
"ဟား...ဘာမသေမျိုးလဲ။ ပေါက်တတ်ကရလျှောက်ပြောမနေနဲ့"
ဝူယွီထောင် စိတ်ပြန်ငြိမ်သွားသည်။ ထိုမိန်းမသာ မသေမျိုးဖြစ်လျှင် ခုနကရိုက်ချက်နှင့်တင် သူသေပြီးဖြစ်မည်။
ထာဝရနတ်မယ်က မခိုးမခန့်ရယ်လျက် ဝူယွီထောင်ကို အထင်သေးသည့်အကြည့်ဖြင့် လှမ်းကြည့်သည်။
"ဘာမှမသိနားမလည်တဲ့လူပါလား။ ခုနက ငါ့အတွေးတစ်ချက်ပဲလိုတယ်လေ။ ဒီမှာနိုင်ငံ့ကံကြမ္မာစွမ်းအားကိုမြင်တာနဲ့ ငါငှားသုံးလိုက်တယ်မဟုတ်လား။ နင်တို့မျိုးဆက်သစ်တွေ ဒီလောက်ရိုးရှင်းတဲ့ကိစ္စတစ်ခုကို နားမလည်နိုင်အောင်ဖြစ်နေကြတာလား"
ယုအင်ပါယာသမိုင်းတွင် ဒုတိယစွမ်းအားအကြီးဆုံးဖြစ်သည့် ဝူယွီထောင်သည် တော်ရုံတန်ရုံဖြင့် မကြောက်တတ်။
"နိုင်ငံ့ကံကြမ္မာစွမ်းအားက မင်းကို ကူးဖြတ်ခြင်းအခြေခံအဆင့်ထိပဲ မြှင့်တင်ပေးနိုင်တာပါ။ ငါတို့သုံးယောက်နဲ့ တန်းတူပဲ။ သုံးယောက်တစ်ယောက်တိုက်ခိုက်တာကို မင်းနိုင်မယ်ထင်နေတာလား"
အရှင်စန်းလဲနှင့် အရှင်ဝူကျိက နတ်မယ်ကို မသေမျိုးအစစ်ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သို့သော် သူ့ခန္ဓာကိုယ်အစစ် ဤနေရာတွင်မရှိ။ နိုင်ငံ့စွမ်းအားကို ထိန်းချုပ်နေသည့် ဝိညာဉ်ခန္ဓာတစ်ခုသာဖြစ်သည်။
သူ့အစွမ်းက ကူးဖြတ်ခြင်းအခြေခံအဆင့်သာရှိလျှင် သူတို့ကြောက်စရာမလို။
ကူးဖြတ်ခြင်းအဆင့်ချင်းတူလျှင် ဘယ်သူကဘယ်သူ့ထက် ဘယ်လောက်အားနည်းနိုင်မည်နည်း။
နတ်မယ်က အတက်အကျမရှိသည့်လေသံဖြင့် ထပ်ပြောသည်။
"ယင်ထန်တို့၊ ချီလင်တို့ ကိုးဆမသေမျိုးတို့ ကူးဖြတ်ခြင်းအခြေခံအဆင့်နဲ့ သုံးယောက်ပေါင်းတိုက်ခိုက်မယ်ဆိုရင်တော့ ငါ့အတွက် ခက်ခဲမှာပါ။ ဒါပေမယ့် နင်တို့လိုအမှိုက်သရိုက်သုံးကောင်ကတော့..."
နတ်မယ် ခေါင်းကိုညင်သာစွာခါရမ်းနေသည်။ ဘာမှထပ်မပြောတော့။
ယုအင်ပါယာများထဲတွင် ဒုတိယစွမ်းအားအကြီးဆုံးလူဆိုသည်မှာ သူ့အတွက် စာမဖွဲ့လောက်။ ဝူယွီထောင်သည် ယုနိုင်ငံခေတ်တစ်ခုလုံး၏ ဒုတိယစွမ်းအားအကြီးဆုံးပင်မဟုတ်သေး။
နတ်မယ်သဘောထားကြောင့် ဝူယွီထောင် ဒေါသထွက်သွားသည်။
"မိုးမြေလက်ဝါး"
နေ့အချိန်ဖြစ်သော်လည်း ဟန်ရွှေ့မြို့တစ်ခုလုံး ချက်ချင်းအမှောင်ကျသွားသည်။ မြို့ခံလူထုများစွာ ကောင်းကင်သို့ အလိုလိုမော့ကြည့်မိပြီး ထိတ်လန့်တု်လှုပ်နေကြသည်။
ကြီးမားသည့်လက်ဝါးတစ်ခု ဟန်ရွှေ့ကောင်းကင်ကို ဖုံးအုပ်ထားသည်။ သာမန်မျက်လုံးဖြင့် ထိုလက်ဝါး၏ အစွန်းအနားကိုမမြင်နိုင်။ အရာအားလုံးဖုံးအုပ်ထားသည်ကိုသာ ခံစားမိကြသည်။
ချိုးကျင်အန်နှင့်ကိုးငရဲဂိုဏ်းချုပ်က ထိုထက်မက ပိုမြင်နိုင်စွမ်းရှိကြသည်။ ထိုလက်ဝါးတွင် ကမ္ဘာငယ်များစွာပါဝင်သည်။ ရှားပါးပန်းပွင့်များ ဆေးပင်များ သဘာဝရတနာများ အမြောက်အများရှိသည်။ ကမ္ဘာငယ်များဖြစ်သည်။
ကမ္ဘာငယ်တစ်ခုချင်းစီသည် စကြာဝဠာငယ်တစ်ခု၊ ရတနာတိုက်တစ်ခုဖြစ်သည်။
ရူးမတတ်ဒေါသထွက်နေသည့် ဝူယွီထောင်ကို နတ်မယ် အရယ်အပြုံးကင်းမဲ့သည့်မျက်နှာဖြင့် လှမ်းကြည့်သည်။ သူ့လက်ညှိုးထိပ်မှ အားလှိုင်းတစ်ခု ထွက်လာသည်။
လက်ညှိုးထိပ်နှင့် ကြီးမားသည့်လက်ဝါးရိပ် ရင်ဆိုင်တွေ့သည်။ ဝူယွီထောင်၏လက်ဝါးရိပ် ကြာကြာထိန်းမထားနိုင်ဘဲ လက်ညှိုးစွမ်းအားကြောင့် ကြေမွပျက်စီးသွားသည်။
"ဘုန်း"
ထိုပေါက်ကွဲသံနှင့်အတူ ဝူယွီထောင်တည်ဆောက်ထားသည့် "တစ်ရက်အတွင်း ဟန်ရွှေမြို့ထဲမှ ဘယ်သတင်းမှမထွက်ရ"ဟူသည့်စည်းမျည်းလည်း ပျက်စီးသွားသည်။
အရှင်ဝူကျိ ကူးဖြတ်ခြင်းအဆင့်တက်ချိန်ကပင် ခံနိုင်ရည်ရှိခဲ့သည့်စည်းမျဉ်းက နတ်မယ်၏ လက်တစ်ချောင်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။
လောကတစ်ခုလုံး ငြိမ်သက်သွားသည်။
နတ်မယ် လက်ကိုပြန်ရုတ်၍ ဒဏ်ရာအပြင်းအထန်ရပြီး သွေးချောင်းဆိုးနေသည့် ဝူယွီထောင်ကို လှမ်းကြည့်သည်။ အတက်အကျမရှိသည့်လေသံဖြင့် ထပ်ပြောသည်။
"ဒါကမှ မိုးမြေလက်ချောင်းစွမ်းအားအစစ်ပါ"
**************************************************