← Chapters

အသေအကြေတိုက်ပွဲ

Vol. 30 Ch. 446

အသေအကြေတိုက်ပွဲ

Vol. 30 Ch. 446

ထာဝရနတ်မယ် သုံးယောက်တစ်ယောက် တိုက်ခိုက်ရသော်လည်း ပင်ပန်းနွမ်းနယ်သည့် လက္ခဏာမျိုးမရှိ။ တိုက်ပွဲကြာလေ ပို၍ကြမ်းတမ်းခက်ထန်လာလေဖြစ်သည်။

တောင်တန်းများက ထိုအဆင့်စွမ်းအားအောက်တွင် တို့ဟူးသားလို့ ပျော့ပျောင်းနေသည်။ ဝူယွီထောင်တို့သုံးယောက် တောင်တန်းပေါင်းများစွာကို ရိုက်ခတ်လျက် လွင့်ထွက်သွားကြသည်။

သုံးယောက်လုံး ဘောလုံးများလို မြှောက်လိုက်ကျလိုက် ခုန်ဆောင့်လွင့်ထွက်သွားခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ကြ။

"လေဟာနယ်အကာအကွယ်စွမ်းအား"

ဝူယွီထောင် ပထမဆုံး ကိုယ်ရှိန်သိပ်နိုင်ခဲ့သည်။ လေဟာနယ်အကာအကွယ်များစွာ တည်ဆောက်လိုက်သည်။ မဟာယုခေတ်အင်ပါယာအဆက်ဆက်လက်ဆင့်ကမ်းခဲ့သည့် ပညာအမွေဖြစ်သည်။

လေဟာနယ်များက အရွယ်အစားမတူကြ။ ဖြတ်သန်းဖို့မဖြစ်နိုင်။ ကြောက်စရာကောင်းသည့် ထောင်ချောက်များပြည့်နေသည်။ ထိုထဲသို့ ကျသွားသူမှသမျှ သေဖို့သေချာသလောက်ရှိသည်။ ထွက်ပြေးလွတ်မြောက်ခဲ့မည်ဆိုလျှင်ပင် သေလုမျောပါးဖြစ်နေလိမ့်မည်။

နတ်မယ် သူ့ရှေ့တွင်ပိတ်ဆို့ထားသည့် လေဟာနယ်ကို တစ်ချက်ကြည့်သည်။ ‌ရှေ့သို့ပေါ့ပါးစွာလျှောက်သွားသည်။ လေဟာနယ်များကို အလွယ်တူ ဖြတ်သန်းသွားသည်။ ထို့နောက် ဝူယွီထောင်မျက်နှာကို ပိတ်ကန်လိုက်သည်။

ထိုကန်ချက်ကြောင့် ဝူယွီထောင်၏ဦးခေါင်း လည်ထွက်သွားသည်။

"ဘယ်...ဘယ်လိုဖြစ်နိုင်မှာလဲ"

ဝူယွီထောင် မယုံနိုင်အောင်ဖြစ်သွားသည်။ ပြိုင်ဘက်က လေဟာနယ်ပညာများ ကျွမ်းကျင်နေလျှင်ပင် ဤလေဟာနယ်များကို ဖြတ်သန်းဖို့မဖြစ်နိုင်ဟု သူယူဆသည်။

ထိုလေဟာနယ်များက လေဟာနယ်ပညာသုံး၍ ဖြတ်သန်းသူများကို တားဆီးရန် သီးခြားတီထွင်ထားသည့်ပညာဖြစ်သည်။

"သူက မြေချုံ့ပညာနဲ့ ခြေတစ်လှမ်းမိုင်ချီပညာကို တစ်ပြိုင်တည်းသုံးလိုက်တာပဲ"

စန်းလဲ့၏ စူးရှည့်မျက်လုံးများက နတ်မယ်၏နည်းလမ်းကို ချက်ချင်းမှတ်မိသည်။

သို့သော် ထိုထိပ်တန်းအဆင့် လေဟာနယ်ပညာမျိုးကို တစ်ပြိုင်တည်းသုံးနိုင်သူဟု သူတစ်ခါမှမကြားဖူး။

ဝူယွီထောင်တို့သုံးယောက်သာ ကြောက်နေကြသည်မဟုတ်။ ဘေးမှကြည့်နေသည့် ချိုးကျင်အန်းနှင့် ကိုးငရဲဂိုဏ်းချုပ်ပါ မင်သက်မိနေသည်။

အဆင့်တူပြိုင်ဘက်သံဒးယောက်ကို ထိုသို့သက်‌တောင့်သက်သာ တိုက်ခိုက်နိုင်သည်မှာ မသေမျိုးအဆင့် စွမ်းအားထိန်းချုပ်နိုင်စွမ်းကြောင့်သာ ဖြစ်သည်။

"သူ့ကို အဓိပဓိပဲဝါအရှင်လို့ ခေါ်ကြတာ မဆန်းတော့ပါဘူး။ ကြယ်ကမ္ဘာတွေကို ပဲစေ့တွေလို ထိန်းချုပ်နိုင်တဲ့သဘောပဲ"

ကိုးငရဲဂိုဏ်းချုပ် သက်ပြင်းချသည်။ နတ်မယ်၏စွမ်းအားကို တစ်ချက်ကြည့်ရုံဖြင့် ထိုဘွဲ့နာမည်သည် တင်စားချက်သက်သက်မဟုတ်မှန်းသိသည်။

ချိုးကျင်အန်း ကိုးငရဲဂိုဏ်းချုပ်ကို တအံ့တဩလှမ်းကြည့်သည်။

"ကြယ်ကမ္ဘာတွေကို ပဲစေ့တွေလို ထိန်းချုပ်တယ်..ဟုတ်လား။ သူက တိုက်ပွဲအရှင်မဟုတ်ဘူးလား"

"ပဲဝါပါ၊ တိုက်ပွဲမဟုတ်ပါဘူး"

ကိုးငရဲဂိုဏ်းချုပ်က အခေါ်အဝေါ်မှားနေသည်ကို ပြန်ပြင်ပေးသည်။ သို့သော် နောက်ထပ်ဆက်ရှင်းမပြ။

.......

ထာဝရနတ်မယ် အကြောတစ်ချက်ဆန့်လိုက်သည်။ သိစိတ်နယ်မြေတွင် အချိန်ကြာမြင့်စွာနေခဲ့ရပြီး ယခုမှ သူ့ကြွက်သားများ ဆန့်ထုတ်ခွင့်ရသည်။

"ကစားတာတော်လောက်ပြီ။ အဆုံးသတ်ဖို့ အချိန်ကျပြီ"

သူလက်သီးသုံးချက်ထိုးလိုက်သည်။ လက်သီးချက်တိုင်းက လေဟာနယ်စွမ်းအင်နိယာမများ ပါဝင်နေသည်။ ရှောင်တိမ်းရန်မဖြစ်နိုင်။ သုံးယောက်လုံး လက်သီးချက်ထိ၍ ဖွဲအိတ်များလို ကောင်းကင်မှ ပြုတ်ကျလာသည်။

"အဟွတ်..အဟွတ်"

ဝူယွီထောင် အနက်ရောင်သွေးများ အန်ထုတ်လိုက်သည်။ သူ့မျက်လုံးများ နီရဲနေသည်။ သူသည် မွေးကတည်းက အင်ပါယာ၏ ကျားနဂါးစွမ်းအင်ရောင် ပိုင်ဆိုင်ခဲ့သည်။ အရာအားလုံး ချောမွေ့ခဲ့သည်။ မသေမျိုးလမ်းစဉ်အတွက် သူ့ပါရမီက ထူးခြားသည်။

အားလုံးက သူ့ဘိုးဘေးများ၏အရှိန်အဝါမျိုးရှိသည်၊ အောင်မြင်မှုကြီးကြီးမားမားရမည်ဟု ချီးကျူးခဲ့သည်။ တကယ်လည်း မှန်ခဲ့သည်။ သူ့ကျင့်စဉ်လမ်းက ထမင်းစားရေသောက်သလို လွယ်ကူသည်။ အဟန့်အတားများ လုံးတမတွေ့ခဲ့။

ကူးဖြတ်ခြင်းအဆင့်သို့ တက်ချိန်တွင် သူအခက်အခဲတစ်ချို့ကြုံသည်။ သို့သော် ထိုမျှသာဖြစ်သည်။

မဟာယု၏ ခြောက်ဆက်မြောက်အင်ပါယာအဖြစ် လွယ်လွယ်ကူကူရလာသည်။ သူ့ညီနောင်များ သူ့ကိုလုံးဝမယှဉ်နိုင်။

အင်ပါယာဖြစ်လာပြီးနောက် ကူးဖြတ်ခြင်းအဆင့်တက်ဖို့ ကျင့်ကြံရာတွင် အခက်အခဲကြုံရသည်။ အရင်လို မချောမွေ့တော့။ သို့သော် သူ့ရည်ရွယ်ချက်က ကူးဖြတ်ခြင်းအဆင့်လောက်သာမဟုတ်။

မသေမျိုးဖြစ်ချင်သည်။

ထို့ကြောင့် နိုင်ငံ့ဆရာအစီအမံအတိုင်း လိုက်နာ၍ ဂူအောင်းအိပ်စက်ခဲ့သည်။ နှစ်ပေါင်း ၁၈၀၀၀၀ ကြာပြီးမှ မသေမျိုးအခွင့်အလမ်းအတွက် နိုးထခဲ့သည်။

မသေမျိုးမဖြစ်မီ သူ့ကျားနဂါးစွမ်းအင်ရောင်ကို အသွင်‌ပြောင်းလဲပြီး အနာဂတ်မသေမျိုးတိုက်ပွဲများတွင် များစွာအထောက်အကူပြုနိုင်သည့် နိုင်ငံ့ကံကြမ္မာစွမ်းအားကိုရဖို့ သူပစ်မှတ်ထားခဲ့သည်။

နိုင်ငံ့ဆရာက ထိုစွမ်းအားကို လေ့လာချင်သည်။ သူက အသုံးချချင်သည်။ ထို့ကြောင့် ဟန်ရွှေ့မြို့တော်အစီအစဉ် ဖြစ်ပေါ်လာသည်။

"ငါဟာ မဟာယုအင်ပါယာပဲ။ အင်ပါယာတစ်‌ယောက်ဟာ ဘယ်တော့မှ ဒူးမထောက်ဘူးကွ"

ဝူယွီထောင် အနက်ရောင်သွေးများ အန်ထုတ်လိုက်သည်။ မသေမျိုးအကြိုအဆင့်ဆေးတစ်လုံး သောက်သည်။ သူ့စွမ်းအင်ရောင် ချက်ချင်းမြင့်တက်လာသည်။ ကျားနဂါးစွမ်းအရိပ်များက သူ့ဘေးတွင် စစ်သူကြီးများပမာ ထွက်ပေါ်လာသည်။

စန်းလဲ့က တောင်တန်းထဲ နစ်ဝင်နေသည်။ အိုမင်းနေသည့် သူ့ရုပ်သွင်က ပို၍ပင်အိုစာလာသည်။ အသက်ကို မောပန်းစွာရှူရိုက်နေရသည်။ နတ်မယ်၏လက်သီးချက်ကို ကာကွယ်ဖို့ လျှို့ဝှက်စွမ်းအားများစွာ သူထုတ်သုံးခဲ့ရသည်။ သို့တိုင်အောင် အပြည့်အဝမကာကွယ်ခဲ့။

ယခု သူ့ကိုယ်သူ ကယ်တင်ဖို့သာ လုပ်ရတော့မည်။

မျက်လုံးကို ဖြေးညှင်းစွာ မှိတ်လိုက်သည်။ သူ့ဘဝပုံရိပ်များ အတွေးအာရုံတွင် ပြန်ပေါ်လာသည်။

ပထမနိုင်ငံ့ဆရာ နိုင်ငံကိုစီမံဖို့ အကူအညီပေးနေစဉ်ကာလတွင် သူမွေးဖွားခဲ့သည်။ အလတ်တန်းဆင့် မိသားစုတစ်ခုဖြစ်သည်။ မျိုးနွယ်ခေါင်းဆောင်က ဝိညာဉ်ပြောင်းအဆင့်သာဖြစ်သည်။ သူ့နောက်ခံကြောင့် မျိုးနွယ်ထဲတွင် တန်ဖိုးထားခြင်းမခံရ။

မကြာခဏအနိုင်ကျင့်ခံရသည်။ တောင်တန်းများပေါ် ဆေးမြစ်သွားရှာချိန်တွင် လျှို့ဝှက်နယ်မြေတစ်ခုသို့ အမှတ်မထထင်ရောက်သွားသည်။ မိုးကြိုးပညာအမွေကို ရသည်။

ထိုပညာအမွေရပြီးနောက်တွင်လည်း သူ့အခြေအနေက နည်းနည်းသာတိုးတက်သည်။ ကျင့်စဉ်ပညာရှိသော်လည်း ဘာအထောက်အပံ့မှ မရှိ။

အထောက်အပံ့ရဖို့ သူအတင်းကြိုးစားတိုက်ခိုက်သည်။ သူ့ကိုယ်သူ တိုးတက်အောင်လုပ်ဖို့ ကြမ်းတမ်းပြင်းထန်သည့် သွေးသံရဲရဲ တိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့သည်။ ပြိုင်ဘက်ကင်းဟုခေါ်သည့် ပြိုင်ဘက်ပေါင်းများစွာ အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် သူနာမည်ရလာသည်။

တစ်ချိန်က သူ့ကိုအထင်သေးခဲ့သည့်မျိုးနွယ်ကို ဖျက်ဆီးလိုက်သည်။

လူငယ်ဘဝက မဆင်မခြင်တိုက်ခိုက်ခဲ့ခြင်းနှင့် မိုးကြိုးကျင့်စဉ်ပညာက မပြည့်စုံခြင်းတို့ကြောင့် သူ့သက်တမ်းများစွာ ဆုံးရှုံးသွားသည်။ တစ်ခြားကူးဖြတ်ခြင်းအဆင့်များထက် သက်တမ်းတိုသည်။

သူ့သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ အိပ်စက်ရန် ဆုံးဖြတ်ခဲ့သည်။ မသေမျိုးဖြစ်ရန် ဆက်မကျင့်ကြံသေးဘဲ သက်တမ်းတိုးမြင့်နိုင်သည့် ဝိညာဉ်ရတနာများရှာဖွေဖို့ ဖြစ်သည်။

ဘယ်သူအင်ပါယာဖြစ်လာဖြစ်လာ ဘယ်သူမသေမျိုးဖြစ်လာဖြစ်လာ သူဂရုမစိုက်။ ဟန်ရွှေ့အစီအစဉ်တွင် သူပါဝင်ခဲ့သည်မှာ နိုင်ငံ့ဆရာကသူ့ကို သက်တမ်းဆွဲဆန့်သည့် ဝိညာဉ်ရတနာများရှာဖွေဖို့ ကူညီပေးမည်ဟု ကတိပေးထားသောကြောင့်သာဖြစ်သည်။

ယခုလို သူ့အသက်ကို အန္တရာယ်ပေးနိုင်သည့် အင်အားကြီးရန်သူမျိုးနှင့် ကြုံရမည်ဟု ထင်မထား။

သူအညံ့ခံရမည်လော။

သူ့အသိစိတ်များ တဖြေးဖြေးပျောက်ကွယ်သွားသည်။ ဘဝပုံရိပ်များ သူ့အာရုံတွင် လျင်မြန်စွာ ဖြတ်သန်းပြေးလွှားနေသည်။ အခြေတည်အဆင့်အထောက်အပံ့ပစ္စည်းများရဖို့ သူ့ညီဝမ်းကွဲကို အနိုင်ယူခဲ့သည်။

ရွှေသန္ဓေအဆင့်အတွေးအမြင်များရဖို့ ကြေးစားလူသတ်ဂိုဏ်းတစ်ခုသို့ ဝင်ခဲ့သည်။ နတ်ဝိညာဉ်ချောမွေ့စွာ တည်ဆောက်နိုင်ဖို့ အဆင့်တူကျင့်ကြံသူသုံးယောက်ကို ဆက်တိုက်အနိုင်ယူခဲ့သည်။ မီးစားကုန်ဆီခမ်းသည့်အချိန်ထိ သူတိုက်ခိုက်နေခဲ့သည်။

မဟုတ်သေး။

စန်းလဲ့မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ သူ့တစ်ဘဝလုံး တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမည်။ သတ်ဖြတ်ရမည်။

ထိုမိန်းမကြောင့် သူတစ်ကြိမ် အထိနာခဲ့သော်လည်း သူနိုင်ခြေရှိသေးသည်။

တိုက်ခိုက်ရမည်။

ရင်းနှီးသယောင်နှင့် စိမ်းနေသည့် ယင်အလောင်းတောင်တန်းကိုကြည့်၍ အရှင်ဝူကျိ သက်ပြင်းချသည်။ သူသည် လျှို့ဝှက်သည့် သမိုင်းဝင်ဝူမျိုးနွယ်၏ မျိုးဆက်ဖြစ်သ်ည။ သူ့မျိုးနွယ်၏ လျှို့ဝှက်အလောင်းထိန်းပညာကို ခိုးခဲ့သဖြင့် သူ့ကျင့်စဉ်စွမ်းအား ဖျက်ဆီးခံရသည်။

ပညာရပ်မှတ်ဉာဏ် ဖျက်ဆီးခံရသည်။ မျိုးနွယ်မှ နှင်ထုတ်ခံရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့မှတ်ဉာဏ်က လုံးလုံးပျောက်မသွား။ အလောင်းထိန်းပညာရပ် မှတ်ဉာဏ်အပိုင်းအစများ မကြာခဏ သူ့အာရုံတွင် ပေါ်လာသည်။ ထိုမှတ်ဉာဏ်များကို အားကိုး၍ ဂူသင်္ချိုင်းမျိုးစုံသို့ သူစွန့်စားသွားလာခဲ့သည်။

ထိုပတ်ဝန်းကျင်ကို အသုံးချ၍ ကျင့်ကြံသည်။ သူ့ကျင့်စဉ်စွမ်းအား ပြန်ရလာသည်။ နောက်ဆုံးတွင် အလောင်းထိန်းကျင့်စဉ်ပညာအပြည့်အစုံကို မှတ်မိလာသည်။

သူ့ကျင့်စည်အဆင့်တက်ဖို့ မဟာယုခေတ်တွင် ဖုတ်ကောင်ကပ်ဆိုးတစ်ခု သူဖန်တီးခဲ့သည်။ တော်ဝင်ရုံးတော်က သူ့ကိုဖမ်းဆီးခဲ့သော်လည်း မသတ်ခဲ့။ သူ့စွမ်းရည်ကို ရိပ်စားမိကြသဖြင့် သူ့ကိုလေ့ကျင့်ပေးကြသည်။

တော်ဝင်ရုံးတော်၏ လမ်းညွှန်မှုဖြင့် သူ့ကျင့်စဉ်စွမ်းအားက သက်တူရွယ်တူများထက် တဖြေးဖြေးသာလွန်လာသည်။ ကူးဖြတ်ခြင်းအဆင့်သို့ရောက်သည်။

ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ပြီးပြီးချင်း ဝူမျိုးနွယ်ကို အရင်ဆုံးတိုက်ခိုက်သည်။ အားလုံးကိုသတ်ဖြတ်၍ ပညာအမွေအနှစ်များစွာ သိမ်းယူသည်။

တော်ဝင်ရုံးတော်က သူလက်စားချေဖို့ လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် မဟာယုရုံးတော်အတွက် သူ့အသက်နှင့် ကျေးဇူးကျွေးဆပ်ရမည်။ ထိုလုပ်ရပ်သည် သူ့သစ္စာစောင့်သိမှုပင်ဖြစ်သည်။

"အင်ပါယာအရှင်၊ ခင်ဗျား ဒီမှာသေလို့မဖြစ်ဘူး။ ငါတို့ တိုက်ခိုက်ရမယ်"

သုံးယောက်လုံး၏မျက်လုံးတွင် ပြတ်သားသည့်အရိပ်အယောင်များ ထွက်ပေါ်နေသည်။ အသေခံတိုက်ပွဲအတွက် အသင့်ပြင်သည်။

"ကျားနဲ့နဂါးရိပ်၊ ငါနဲ့အတူ တိုက်ခိုက်ပါ"

ဝူယွီထောင် နဂါးရိပ်ပေါ်တွင် ရပ်လိုက်သည်။ ကျားအရိပ်က အကာအကွယ်ဆေးမင်ကြောင်အဖြစ် သူ့ကျောကုန်းထဲသို့ စိမ့်ဝင်သွားပြီး အဆက်မပြတ်ဟိန်းဟောက်နေသည်။ သူ့မျက်လုံးများ ပုံစံပြောင်းသွားသည်။ ဘက်မျက်လုံးက နဂါးများလုံး၊ ညာမျက်လုံးက ကျားမျက်လုံးအသွင် ဖြစ်လာသည်။ ကြမ်းတမ်းရက်စက်သည့် ဟန်ပန်မျိုးဖြစ်လာသည်။

"ကောင်းကင်မိုးကြိုး ခန္ဓာကိုယ်ထဲကိုတိုးဝင်၊ အကြိမ်တစ်ထောင် သန့်စင်မယ်"

ကြီးမားသည့် လျှပ်စီးတန်းတ်စခု စန်းလဲ့အရှင်ကို ရိုက်ခတ်သည်။ မိုးကြိုးတံဆိပ်တစ်ခု သူ့နဖူးတွင်ပေါ်လာသည်။ သူ့ဆံပင်များ ထောင်သွားသည်။ လျှပ်စီးအလင်းများ ဆံပင်ဖျားတွင် တဖျတ်ဖျတ်တောက်နေသည်။ သူ့ရုပ်ရည်လည်း လူငယ်တစ်ယောက်လို ပြန်ဖြစ်လာသည်။

ခန္ဓာကိုယ်စွမ်းအား အမြင့်ဆုံးပြန်ရဖို့ အသက်ဓာတ်ကို စတေးလိုက်ခြင်းဖြစ်သည်။

"သရဲအိုစန်းလဲ့က သက်တမ်းကို စတေးနေပြီ။ ငါလည်း နောက်ကျခံလို့မဖြစ်ဘူး။...ဝူမျိုးနွယ်လျှို့ဝှက်ကျင့်စဉ်ပညာ...ကောင်းကင်ယာဇ်ပလ္လင်လက်သီး"

ဝူကျိ လုံးဝထိန်းမထားတော့ ကျယ်လောင်စွာအော်ဟစ်၍ သူ့ကိုသူ ကောင်းကင်ကိုစတေးလိုက်သည်။ သိပ်သည်းများပြားသည့် စွမ်အင်များ ကောင်းကင်မှဆင်းလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်သွားသည်။ ဆဲလ်တစ်ခုချင်းစီက အရောင်လက်လာသည်။

သူ့စွမ်းအား အပြည့်ဝဆုံးအနေအထားသို့ ရောက်လာသည်။

"အတူတိုက်ကြမယ်ဟေ့"

သုံးယောက်လုံး အစွမ်းထက်ဆုံးပညာကိုယ်စီဖြင့် ပြိုင်တူတိုက်ခိုက်၍ ထာဝရနတ်မယ်ကို အသေသတ်ဖို့ ကြိုးစားသည်။

"သတိထား"

ချိုးကျင်အန်း အော်ဟစ်သတိပေးလိုက်သည်။ အဝေးမှပင် ထိုသုံးယောက်၏ တိုက်ခိုက်မှုက အလွန်တရာပြင်းထန်ကြောင်း ခံစားနေရသည်။ သူ့နဖူးတွင် ချွေးသီးများ ပေါ်လာသည်။

ကိုးငရဲဂိုဏ်းချုပ်လည်း စိတ်ပူပန်လာသဖြင့် တံတွေးတစ်ချက်ကျိတ်မြိုလိုက်သည်။ ပဲဝါအရှင် မခုခံနိုင်မည်ကို စိုးရိမ်နေသည်။

"ဘုန်း ဘုန်း ဘုန်း"

နတ်မယ်က သူ့မသေမျိုးလက်သီးပညာကို သုံးသည်။ တစ်ယောက်တစ်ချက်စီ ထိုးလိုက်သည်။

သုံးယောက်လုံး မြေပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ်များ အကြောဆွဲနေသည်။

"အတော်ရယ်ရတာပဲ။ အဖြစ်မရှိဘဲ ငါ့ကိုလာခြိမ်းခြောက်နေတယ်။ နင်တို့မှာ စွမ်းအားကြီးတဲ့ တိုက်ခိုက်နည်းမျိုး ရှိမယ်ထင်ထားတာ"

*******************************

All Chapters