တိုက်ပွဲအဆုံးသတ်
Vol. 30 Ch. 447
ထိုပြိုင်ဘက်ကု ဘယ်လိုမှ အနိုင်မယူနိုင်ကြောင်း ဝူယွီထောင်တို့ သဘောပေါက်သွားသည်။ တိုက်ပွဲစပြီးကတည်းက ယခုချိန်ထိ ထိုရန်သူကို ထိအောင်ပင်မတိုက်ခိုက်နိုင်ကြသေး။
ကောင်းကင်ရုံးတော်ဂိုဏ်း၏ တိုက်ပွဲအဓိပဓိသည် မခန့်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းနေသည်။
"ပြေးကြဟေ့"
အဖြစ်မှန်ကို သဘောပေါက်ကြသည်။ မနိုင်လျှင် ထွက်ပြေးရမည်။ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ အချိန်ယူရမည်။
သူတို့ရုပ်ခန္ဓာလှုပ်ရှားမှုက ဝိညာဉ်လှုပ်ရှားမှုထက် များစွာနှေးကွေးသည်။ ဝါရင့်တိုက်ခိုက်ရေးသမားများဖြစ်၍ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချက်ချင်းချသည်။ ခန္ဓာကိုယ်မှ ဝိညာဉ်ကိုခွဲထုတ်၍ တစ်ယောက်တစ်နေရာစီ ထွက်ပြေးသည်။
"တော်သေးတာပေါ့။ သူက မသေမျိုးရဲ့ စိတ်ဝိညာဉ်တစ်ခုပါပဲ။ ငါတို့သုံးယောက်လုံးကို တစ်ပြိုင်တည်း လိုက်မဖမ်းနိုင်ဘူး။ ပြီးတော့ နိုင်ငံ့ကံကြမ္မာစွမ်းအားက နေရာပြောင်းလို့မရဘူး။ ငါတို့နောက်ကို လိုက်ချင်ရင် ဒီစွမ်းအားကို သူလက်လွှတ်ရမယ်။
လက်လွှတ်လိုက်ရင် သူစွမ်းအားလျော့သွားမယ်။ ငါတို့ကို အမီလိုက်နိုင်ရင်တောင် သူငါတို့ကို အနိုင်ယူနိုင်တော့မှာမဟုတ်ဘူး"
...
ထွက်ပြေးသွားသည့်သုံးယောက်ကို ခဏကြည့်ပြီးနောက် နတ်မယ်အကြည့်လွှဲလိုက်သည်။
တိုက်ပွဲပြီးသွားပြီးနောက် နယ်စားလွီ တိုက်ပွဲကွင်းသို့ လျှောက်လာသည်။ အလောင်းသုံးခုနှင့် ပိုင်ရှင်မဲ့ နိုင်ငံ့စွမ်းအားသာ ကျန်ရစ်ခဲ့သည်။ အရိုင်းနယ်မြေတံဆိပ်ဖြင့် နိုင်ငံ့စွမ်းအားကို ချက်ချင်းပြန်သိမ်းယူလိုက်သည်။
ချိုးကျင်အန်း ဘေးသို့လှည့်၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။
"ခုနက ခင်ဗျားကူညီတာ ကျေးဇူးတင်ပါတယ်မိတ်ဆွေ။ ခင်ဗျားနာမည်ကိုတောင် ကျုပ်မေးခွင့်မရခဲ့ဘူး"
သို့သော် သူ့ဘေးတွင် ဘယ်သူမှမရှိတော့။ စက္ကူဖြူဦးထုပ်နှင့်လူ ထွက်ပြေးသွားပြီဖြစ်သည်။
"တကယ်အဆင့်မြင့်တဲ့ ထွက်ပြေးနည်းပဲ။ သူထွက်သွားတာလား။ ဒါမှမဟုတ် ထွက်ပြေးသွားတာလား"
ချိုးကျင်အန်း မျက်လုံးမှေးစင်းလျက် စဉ်းစားနေသည်။ တိုက်ခိုက်စဉ်က ထိုလူသုံးခဲ့သည့်ပညာကို သူနည်းနည်းသံသယဝင်မိသည်။
သို့သော် သူတို့ကို ကူညီခဲ့သူဖြစ်၍ ရန်သူအဖြစ်ချက်ချင်းသတ်မှတ်လျှင် မသင့်တော်လှ။။
အကြီးအကဲကိုင်တို့လည်း အလောင်းထိန်းဂိုဏ်းသို့ ပြန်ကြသည်။ ဂိုဏ်းချုပ်၏အလောင်းကိုကြည့်၍ ဝမ်းနည်းပက်လက် ငိုကြွေးကြသည်။ မျက်ရည်များ မိုးရွာသလိုကျလာသည်။
"ဂိုဏ်းချုပ်ကြီး၊ ဘာလို့ ဒီလိုအသေဆိုးနဲ့သေရတာလဲ"
"ကျုပ်တို့ သေချာပေါက်လက်စားချေပေးမယ်"
ဂိုဏ်းတပည့်တို့၏မျက်လုံးများ ဒေါသကြောင့် နီရဲနေသည်။ အားလုံးသံပြိုင်အောဟစ်၍ ကတိပြုကြသည်။ အလောင်းထိန်းဂိုဏ်းတစ်ခုလုံး ဝမ်းနည်းရိပ်များပြည့်နေသည်။
လုယန်တို့လည်း အလောင်းထိန်းဂိုဏ်းသို့ အမြန်သွားကြသည်။ မြေပေါ်တွင် ကူးဖြတ်ခြင်းအဆင့်အလောင်းသုံးခုရှိနေသည်။ အလောင်းထိန်းဂိုဏ်းဝင်များ အတောမသတ်နိုင်အောင် ငိုကြွေးရင်း လက်သီးတင်းတင်းဆုပ်ထားကြသည်။ နဖူးမှသွေးကြောများ ဖောင်းထနေသည်။
ဂိုဏ်းချုပ်မရှိတာ့သဖြင့် ဂိုဏ်းတာဝန်များကို မဟာအကြီးအကဲဖြစ်သည့် အကြီးအကဲကိုင်က လက်လွှဲယူရသည်။ ဝမ်းနည်းနေသည့်လူအုပ်ကို လှည့်ကြည့်၍ နှစ်သိမ့်သည်။
"လောင်လူဟာ အသက်ရှိစဉ်အချိန်က အကောင်းမြင်ိစတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့လူပါ။ သူ့ဝိညာဉ်က စောင့်ကြည့်နေမှာပါ။ မင်းတို့ဒီလိုဖြစ်နေတာကို သူမြင်ချင်မှာမဟုတ်ဘူး။
ဒီတော့ သူ့ကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့...ရယ်ရယ်မောမောနေကြပါ။
...လောင်လူ၊ မင်း စိတ်ချပါ။ ငါတို့မင်းအမွေကို ဆက်ထိန်းပြီး အလောင်းထိန်းဂိုဏ်း အင်အားတိုးအောင် လုပ်မှာပါကွာ"
အကြီးအကဲကိုင်က တဟက်ဟက်ရယ်၍ လူပါချန်းကို နှုတ်ဆက်သည်။
"ခွေးမသား လောင်ကိုင်၊ ငါသေပြီလေ။ ဒါတောင်မင်းက သူတို့ကိုရယ်ခိုင်းနေတယ်ပေါ့"
ဂိုဏ်းချုပ်လူအလောင်းက ရုတ်တရက် ထထိုင်၍ အကြီးအကဲကိုင်ကို မကျေမနပ်စိုက်ကြည့်သည်။
ထင်မထားသည့်မြင်ကွင်းကြောင့် အားလုံး မင်သက်မိသွားသည်။ နယ်စားလွီက အသင့်တိုက်ခိုက်နိုင်အောင် ပြင်ထားသည်။ ဂိုဏ်းချုပ်လွီ(ဝူယွီထောင်) အသက်ပြန်ဝင်လာပြီး နိုင်ငံ့ကံကြမ္မာစွမ်းအားကို နောက်တစ်ကြိမ်ထပ်လုမည်ကို စိုးရိမ်နေသည်။
"သောက်ရေးမပါတာမပြောနဲ့။ မင်းမသေသေးဘူးဆိုတာ ငါမသိပဲနေမလားကွ"
အကြီးအကဲကိုင် တဟားဟားအော်ရယ်ရင်း ပြန်ဆဲသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
နယ်စားလွီ နားမလည်တော့။ ဂိုဏ်းချုပ်လူ အသက်ပြန်ရှင်လာသည်ကို အကြီးအကဲကိုင် အံ့ဩဟန်မရှိ။
ဂိုဏ်းချုပ်လူ ရှင်းပြသည်။
"ခင်ဗျားက နယ်စားအသစ်မဟုတ်လား။ ကျုပ်တို့ချင်း ဒါပထမဆုံး တရားဝင်တွေ့ကြတာပဲ။ ကျုပ်က အလောင်းထိန်းဂိုဏ်းချုပ် လူပါချန်းပါ"
နယ်စားလွီ ယဉ်ကျေးမှုအရ ပြန်နှုတ်ဆက်လိုက်သည်။ သို့သော် အခြေအနေကို နားမလည်သေး။
"နယ်စားလွီ သိချင်မှသိမယ်။ ကျုပ်တို့အလောင်းထိန်းဂိုဏ်းနဲ့ တာအိုလမ်းစဉ်ဂိုဏ်းက အတော်ရင်းနှီးပါတယ်။ တာအိုရှင်ဝစီပိတ်ကလွဲရင် တစ်ခြားဂိုဏ်းဝင်အားလုံး ကျုပ်တို့နဲ့ ရင်းနှီးတယ်။
အလောင်းထိန်းဂိုဏ်းမှာ မိတ်ဆွေချင်းခင်မင်ရင်းနှီးမှုကိုပြတဲ့ ဓလေ့တစ်ခုရှိတယ်။ အလောင်းထိန်းဂိုဏ်းက အဆင့်မြင့်ဂိုဏ်းဝင်တိုင်းဟာ ဝိညာဉ်မီးအိမ်နှစ်ခုစီ ဖန်တီးကြတယ်။
တစ်ခုကို အလောင်းထိန်းဂိုဏ်းမှာထားပြီး နောက်တစ်ခုကို တာအိုလမ်းစဉ်ဂိုဏ်းမှာ ထားပါတယ်။ ဒီနေ့လိုအခြေအနေတွေဖြစ်လာရင် အန္တရာယ်ကင်းအောင်ပေါ့"
ချိုးကျင်အန်း ကျိတ်၍ခေါင်းငြိမ့်သည်။ ထိုအကြောင်း သူကြားဖူးသည်။ ထိုကိစ္စကို ထူးဆန်းသည်ဟု မတွေးမိ။
ရင်းနှီးသည်ဂိုဏ်းအတော်များများ ထိုဓလေ့မျိုးရှိကြသည်။ ဓာတ်ငါးမျိုးဂိုဏ်းတွင်လည်း တစ်ခြားဂိုဏ်းများမှ အဆင့်မြင့်ဂိုဏ်းဝင်တို့၏ ဝိညာဉ်မီးအိမ်များ ထိန်းသိမ်းထားသည်။
(**တာအိုဝတ္ထုတို့တွင် ဝိညာဉ်မီးအိမ်၊ ဝိညာဉ်တံဆိပ်၊ ဝိညာဉ်ကမ္ဗည်းတိုင် တစ်ခုခုသုံးကြပါသည်)
လူပါချန်း ဆက်ပြောသည်။
"ဒါပေမယ့် ဒီရှေးဟောင်းကျင့်ကြံသူတွေမှာ ကျုပ်တို့နားမလည်နိုင်တဲ့ ကျင့်စဉ်နည်းလမ်းတွေရှိမယ်လို့ မထင်ခဲ့မိဘူး။ သူတို့က ကျုပ်ဝိညာဉ်ကို မဖျက်ဆီးဘဲနဲ့ ကျုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကြတယ်။
အရှင်ဝူကျိက ကျုပ်ကိုဝင်ပူးခဲ့ပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းက ရိပ်မိသွားမှာစိုးလို့ ကျုပ်ဝိညာဉ်ကို မဖျက်ဆီးရဲဘူးလေ။ ကျုပ်ဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ခွဲထုတ်ပြီး ချိတ်ပိတ်ထားခဲ့တယ်။ ဒါကြောင့် ကျုပ်အခုလို အသက်ပြန်ရှင်နိုင်တာပါ။
ပြီးတော့ ကျုပ်မှတ်ဉာဏ်တွေကိုလည်း သူဝင်စစ်ဆေးလို့မရဘူး။ အကြီးကဲကိုင်တို့နဲ့ မကြာခဏပြောဆိုဆက်ဆံနေရင်လည်း သူ့အကြောင်းကို ရိပ်မိသွားကြမှာ။ ဒါကြောင့် တံခါးပိတ်ကျင့်မယ်လို့ ကြေညာပြီး ဝိညာဉ်ဖျက်မှော်အဆောင် ပူးပေါင်းဖန်တီးကြတဲ့တစ်ကြိမ်တည်းပဲ သူထွက်လာတာ"
ထိုအကြောင်းပြန်တွေးရင်း ဂိုဏ်းချုပ်လူ ကြက်သီးထလာသည်။ အရှင်တူကျိသာ တာအိုလမ်းစဉ်ဂိုဏ်းကို မကြောက်ခဲ့လျှင် သူတကယ်သေသွားခဲ့ပြီးဖြစ်မည်။
"ဒါဆိုအခု ခင်ဗျားက ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီပေါ့"
နယ်စားလွီ တစ်ခြားကိစ္စတစ်ခုကို သတိလာသည်။
"တစ်ဝက်ပဲဆိုပါတော့။ အပြည့်အဝသတ်မှတ်လို့တော့ မရသေးဘူး။ ကျုပ်ခန္ဓာကိုယ်က ကူးဖြတ်ခြင်းအဆင့်ပါ။ ဒါပေမယ့် အဆင့်တက်ခဲ့တာက ဝူကျိလေ။ ကျုပ်ဝိညာဉ်က စုစည်းခြင်းအဆင့်မှာပဲ ရှိပါသေးတယ်။ အဲတော့ ကျုပ်က ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ပေါ့။ ကျုပ်ဝိညာဉ်စွမ်းအား တိုးတက်လာမှ ပြည့်စုံတဲ့ ကူးဖြတ်ခြင်းအဆင့်ဖြစ်မှာပါ။
ဒါပေမယ့် ဘာပဲပြောပြော ကျူပ်နဲ့မျိုးဆက်တူတွေထဲမှာ ကူးဖြတ်ခြင်းအဆင့်ကို ကျူပ်ပထမဆုံးတက်နိုင်ခဲ့တဲ့ သဘောပဲမဟုတ်လား"
ဂိုဏ်းချုပ်လူက သူနှင့်အဆင့်တူထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် ချိုးကျင်အန်းကို ကြည့်၍ပြောသည်။
"မင်းအရှက်မရှိဘူးလား"
ချိုးကျင်အန်း နှာခေါင်းရှုံ့သည်။ ထိုလူ တာအိုလမ်းစဉ်ဂိုဏ်းနှင့် အလွမ်းသင့်နေသည်မှာ အံ့ဩစရာမရှိတော့။
"အရှက်ရှိတာမရှိတာ နောက်ထား။ ငါသေလုမျောပါးအခြေအနေကို ဖြတ်ကျော်ပြီး ကူးဖြတ်ခြင်းအဆင့်ဖြစ်လာတာကိုတော့ မင်းဝန်ခံလိုက်ပါ"
ဂိုဏ်းချူပ်လူက အတည်အတံ့လေသံဖြင့်ပြောသည်။ ရှက်သည့်အရိပ်မျိုး လုံးဝမရှိ။
ချိုးကျင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ လူပါချန်းစကားကလည်း သဘာဝတော့ကျသည်။
စုစည်းခြင်းအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ပုဂ္ဂိုလ်များ၏ စကားနိုင်လုပွဲကို လုယန်စိတ်ဝင်တစား ကြည့်နေသည်။ ထို့စဉ် နတ်မယ်က သူ့သိစိတ်နယ်မြေသို့ ပြန်ဝင်လာသည်။
"ဟူး...မောလိုက်တာ။ ကဲ ဘယ်လိုလဲ။ ခုနက ငါလုပ်လိုက်တာ အရမ်းလန်းတယ်မဟုတ်လား"
နတ်မယ်က လက်မထောင်၍မေးသည်။ သူ့နှုတ်ခမ်းထောင့်တွင် တွန့်ပြုံးရိပ်ပေါ်နေသည်။
"အရမ်းမိုက်ပါတယ် နတ်မယ်။ ခင်ဗျားက တကယ်အားကိုးရတယ်။ ...ဒါနဲ့ အခုခင်ဗျားနောက်က ပါလာတဲ့သုံးယောက်က ဘယ်သူတွေလဲ"
လုယန်အကြည့်က နတ်မယ်နောက်မှ ဝိညာဉ်သုံးခုဆီ ရောက်သွားသည်။
တကယ်တော့ မေးစရာပင်မလိုလှ။ ထိုဝိညာဉ်များ၏မျက်နှာကို ရင်းနှီးနေပါသည်။ ဝူယွီထောင်၊ စန်းလဲနှင့် ဝူကျိတို့ဖြစ်သည်။
ကူဖြတ်ခြင်းအဆင့်သုံးယောက် ရှက်ရွံ့နေပုံရသည်။ နိုင်ငံ့ကံကြမ္မာကို ထိန်းချုပ်ခဲ့သူက မသေမျိုးဝိညာဉ်သိစိတ်တစ်ခုဟုတ်ဘဲ ပြည့်စုံသည့် မသေမျိုးဝိညာဉ်ခန္ဓာဖြစ်ကြောင်း နားလည်ကြပြီးဖြစ်သည်။
မသေမျိုးဝိညာဉ်ရှေ့တွင် သူတို့ လွတ်မြောက်နိုင်စရာအကြောင်းမရှိ။
ဝိညာဉ်သိစိတ်တစ်ခုဆိုလျှင်လည်း အခြေအနေပြောင်းလဲနိုင်ခြေရှိမရှိ မသေချာပါ။
"သူတို့က တိုက်ပွဲသိမ်းပစ္စည်းတွေပဲလေ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်းအတွက် လူနည်းနည်းဖမ်းပေးပြီး ကျိုးဆောင်မှတ်နဲ့လဲတာ သဘာဝကျတယ်မဟုတ်လား"
နတ်မယ်က သူရမည့်ကျိုးဆောင်မှတ်ပမာဏကို လက်ချိုးတွက်ချက်နေသည်။
ပြီးခဲ့သည့်တစ်ခေါက် ရှေးဟောင်းစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုဖမ်းခဲ့စဉ်ကရသည် ကျိုးဆောင်မှတ်များသည် သုံးရက်တာ ဂိုဏ်းချုပ်လုပ်ခွင့်ကူပွန်ဖြင့် လဲလှယ်နိုင်ခဲ့သည်။
ယခု ကူးဖြတ်ခြင်းအဆင့်သုံးယောက်ဖမ်းမိထားသည်။ ရလာမည်အခွင့်ထူးများ ဘယ်လောက်များမည်မသိ။
လုယန် မျက်နှာပျက်လာသည်။ မနှစ်မြို့စရာအတိတ်မှတ်ဉာဏ်များ ပြန်ပေါ်လာသည်။
သူတို့ပြောနေသည့်စကားကို နားထောင်ရင်း ကူးဖြတ်ခြင်းအဆင့်သုံးယောက် တုန်လှုပ်သွားသည်။ ထိုမျှအင်အားကြီးသည့် မသေမျိုးတစ်ယောက်ပင် တာအိုလမ်းစဉ်ဂိုဏ်း၏ ဧည့်သည်အကြီးအကဲအဆင့်သာရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ နောက်ကွယ်မှအင်အားသည် ဘယ်လောက်ကြီးမားသည်မသိတော့။
နိုင်ငံ့ဆရာက ထိုဂိုဏ်း၏အင်အားကို လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုပဲဝါအရှင်၏အမူအရာသည် တိုက်ပွဲချိန်အတွင်းကပုံစံနှင့် ဘာကြောင့်လုံးဝကွဲပြားနေသည်ကို သူတို့စဉ်းစားမရ။
လုယန်လည်း တွေးရခက်နေသဖြင့် သူတို့သုံးယောက်မေးချင်နေသည့်ထိုးမေးခွန်းကို မေးရန်ပြင်သည်။
ထိုစဉ် ထာဝရနတ်မယ်က နောက်ထပ်ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခု ထုတ်ပြောလာသည်။
"ယင်ထန်မသေမျိုးကပြောတယ်။ ကိုယ့်အပြုအမူကို အများလေးစားအောင် ထိန်းသိမ်းနိုင်တာဟာ မသေမျိုးတွေမှာရှိရမယ့် စွမ်းရည်တစ်မျိုးပဲတဲ့"
****************************************