မဟာယုအစီအစဉ်
Vol. 30 Ch. 450
ဝူယွီထောင် အံတင်းတင်းကြိတ်၍ စိတ်ထဲတွင် ခံရခက်နေသည်။ မဟာယု၏ခြောက်ဆက်မြောက်အင်ပါယာ၊ မဟာရှားကိုနန်းချပြီး မဟာယုဂုဏ်သရေကို ပြန်တည်ဆောက်မည့် သူ့လိုလူကို အလွယ်တကူခြိမ်းခြောက်၍မရနိုင်။
ဘဝမုန်တိုင်းများ သွေးထွက်သံရိုတိုက်ပွဲများစွာ သူဖြတ်ကျော်ခဲ့သည်။ လက်နက်ဝိညာဉ်အဖြစ် သန့်စင်မည်ဟု ခြိမ်းခြောက်ရုံဖြင့် သူမကြောက်။
သူစကားပြောရန်ပြင်နေစဉ် လုယန်က တွေးတွေးဆဆလေသံဖြင့်။
"သမိုင်းဆိုတာ အောင်နိုင်သတွေ ရေးတယ်လို့ ပြောကြတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက မဟာရှားရုံးတော်နဲ့ အတော်ရင်းနှီးတယ်။ ရုံးတော်က သမိုင်းမှတ်တမ်းဆရာတွေကို ခင်ဗျားအကြောင်း နည်းနည်းကြည့်ကောင်းအောင် တန်စာဆင်ပြီးရေးပေးဖို့ ကျုပ်တို့ပြောပေးလို့ရတယ်။
ခင်ဗျားရိုးရိုးသားသား ဝန်ခံမယ်ဆိုရင် ခင်ဗျားဟာ ကျုပ်တို့ဖမ်းတာခံရပြီးတဲ့နောက်မှာတောင် လုံးဝအညံ့မခံဘူး၊ နှိပ်စက်မှုမျိုးစုံကို ကျိတ်မှိတ်သည်းခံတယ်၊ သတင်းအချက်အလက် တစ်ခုမှထုတ်မပြောဘူး၊ တကယ်သိက္ခာမာနရှိတဲ့ တော်ဝင်သွေးအစစ်ပဲလို့ သမိုင်းဆရာတွေက ရေးကြလိမ့်မယ်။
မဟာရှားအင်ပါယာကတောင် ခင်ဗျားဟာ မသေမျိုးဖြစ်နိုင်ခြေရှိတဲ့ ဉာဏ်ရည်မြင့်ဘုရင်တစ်ပါးပဲလို့ ချီးကျူးလိမ့်မယ်။ ခေတ်ကာလမှားယွင်းပြီးမွေးလာတဲ့ ခင်ဗျားအတွက် စိတ်မကောင်းဘူးလို့ပြောမယ်။ ခင်ဗျားသာ မဟာယုခေတ်မှာ ဆက်ပြီးအုပ်ချုပ်ခဲ့ရင် နိုင်ငံကို တစ်ခါမှမရှိခဲ့ဖူးတဲ့ တိုးတက်စည်ပင်မှုမျိုး ဖန်တီးပေးနိုင်လိမ့်မယ်။ ခင်ဗျားရဲ့ ပါရမီတွေဟာ နိုင်ငံတည်ထောင်တဲ့ ခင်ဗျားဘိုးဘေးနဲ့ တန်းတူရှိတယ်လို့ ပြောလိမ့်မယ်။
အဲ...ဒါပေမယ့် ခင်ဗျားဘာတစ်ခုမှ ထုတ်မပြောရင်တော့ ခင်ဗျားက အဖမ်းခံရတာနဲ့ ငိုယိုပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုတယ်။ မဟာရှားဟာ တကယ်စွမ်းအားကြီးပြီး မဟာယုဟာ မဟာရှားထက် ညံ့ပါတယ်လို့ ဝန်ခံတယ်လို့ သမိုင်းဆရာတွေကို ကျုပ်တို့ရေးခိုင်းမယ်။ အဲလိုမဟုတ်ရင်လည်း မဟာရှားဟာ အကျဉ်းသားတွေကိူ ကောင်းကောင်းဆက်ဆံတယ်။ ဒါကြောင့် ခင်ဗျားကဟာတာအိုလမ်းစဉ်ဂိုဏ်းမှာ ဇိမ်ကျကျနဲ့ နေထိုင်ပြီး မဟာယုအကြောင်း အားလုံးမေ့-"
"ငါဝန်ခံမယ်"
ဝူယွီထောင် ချက်ချင်းစကားဖြတ်ပြောသည်။ လုယန်စကားကြောင့် သူကြောက်ချွေးပြန်လာသည်။
မည်သို့ဆိုစေ သူရှုံးနိမ့်၍ အဖမ်းခံထားရပြီဖြစ်သည်။ မသေမျိုးဖြစ်ဖို့မဆိုထားနှင့်။ သူ့သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်ပိုင်ခွင့်မရှိတော့။ လုယန်ပြောသည့်အတိုင်းသာ သမိုင်းတွင်သွားလျျင် သေသည်ထက်ဆိုးမည်။ သူအမြဲတမ်း လှောင်ပြောင်ကဲ့ရဲ့ခံနေရမည်။
လုယန်ကို နာနာကျည်းကျည်း သူစိုက်ကြည့်လိုက်သည်။ သို့သော် လုယန်က အမူအရာမပျက်။
ယွမ်ကျိ လုယန်ကို တအံ့တဩကြည့်သည်။ ထိုနည်းလမ်း အလုပ်ဖြစ်မည်ဟု ထင်မထားခဲ့။ ထိုနှစ်ယောက် ပါးစပ်ပွင့်လာအောင် သုံးနေကျ ညှင်းပန်းနှိပ်စက်နည်းများကိုသာသုံးဖို့ သူတွေးနေခဲ့သည်။
ယွမ်ကျိက ဖြူဖွေးသည့်သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ကောက်ဝတ်မှ ရွှေရောင်ခေါင်းလောင်းငယ်များ တချွင်ချွင်မြည်လာသည်။ အလင်းလွှာတစ်ခုဖန်တီး၍ ဝူယွီထောင်နှင့် အရှင်စန်းလဲ့ကို သီးခြားစစ်ဆေးမေးမြန်းသည်။
"အရိုင်းနယ်မြေမှာ ရှင်တို့ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"နိုင်ငံ့ဆရာနဲ့ကျုပ်...အင်း...မဟာရှားတိုးတက်တာကိုတားဆီးဖို့ မဟာရှားရဲ့နိုင်ငံ့ကံကြမ္မာစွမ်းအားဟာ အဓိကသော့ချက်ပဲလို့ ကျုပ်တို့ယူဆတယ်။ သူက အဲဒီ့စွမ်းအားသဘာဝနဲ့ မဟာရှားအပေါ်သက်ရောက်မှုကို လေ့လာချင်တယ်။ အရိုင်းနယ်မြေက နိုင်ငံ့ကြမ္မာစွမ်းအားကို သိမ်းယူဖို့ စီစဉ်တယ်။
ဒီစွမ်းအားအကြောင်း နားလည်သွားရင် ကျုပ်ရဲ့ ကျားနဂါးစွမ်းအင်ကို အားဖြည့်နိုင်မယ်။ ကျုပ်မသေမျိုးဖြစ်ဖို့ အခွင့်အရေးပိုများလာမယ်လေ"
"မဟာယုကို ပြန်တည်ဆောက်ဖို့ ဘယ်လိုစီစဉ်ထားလဲ"
"ပထမနိုင်ငံ့ဆရာပဲ အစီအစဉ်အပြည့်အစုံကို သိပါတယ်။ ဒုတိယနိုင်ငံ့ဆရာနဲ့ကျုပ်က တစ်စိတ်တစ်ပိုင်းပဲသိတယ်။ ကျုပ်နိုးထလာကတည်းက သမိုင်းမှာ နာမည်ကျော်တဲ့ ပထမနိုင်ငံ့ဆရာကို ကျုပ်တစ်ခါမှမမြင်ဖူးဘး။ ဒုတိယနိုင်ငံ့ဆရာနဲ့ကျုပ်ပဲ အတူတူအစီအစဉ်ဆွဲတာ"
ပထမနိုင်ငံ့ဆရာသည် ဝူယွီထောင်မမွေးခင်ကတည်းက ပျောက်သွားပြီးဖြစ်သည်။ ထို့ကြောင့် ဝူယွီထောင်အတွက် ဒဏ္ဍာရီလူသားတစ်ယောက် ဖြစ်နေသည်။
"ကျုပ်တို့အစီအစဉ်ထဲမှာ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်မျိုးနွယ်၊ နတ်ဆိုးဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့လည်းပါတယ်။ မဟာကပ်ရောက်လာတဲ့အခါ တိုက်နယ်ရဲ့ အတွင်းအပြင်အင်အားနှစ်ခုပေါင်းပြီး မဟာရှားကို သိမ်းပိုက်မယ်။ ကျုပ်က ယုအင်ပါယာဖြစ်လာမယ်"
ဝူယွီထောင်၏ အစီအစဉ်ပထမပိုင်းကို ရင်းနှီးနေသလိုလို ထာဝရနတ်မယ်ခံစားရသည်။ တစ်နေရာရာတွင် ကြားဖူးသည်ထင်သည်။
(**လုယန် ကိုးငရဲဂိုဏ်းကို အကြံပေးခဲ့သည်)
လုယန် စဉ်းစားသည်။ ဝူယွီထောင်၏အစီအစဉ်က အကြမ်းဆန်လွန်းသည်ဟု မြင်သည်။ အခြေခံအစီစဉ်မျှသာဖြစ်သည်။ တကယ်အစီအစဉ်ချသူများက နိုင်ငံ့ဆရာနှစ်ယောက် ဖြစ်ဟန်ရှိသည်။
ထိုသို့ဖြစ်သည်ကလည်း သမိုင်းမှတ်တမ်းများနှင့် ကိုက်ညီပါသည်။ မဟာယုအစောပိုင်းနေ့ရက်များတွင် အင်ပါယာနှင့် နိုင်ငံ့ဆရာက အတော်တွဲဖက်ညီသည်။ နိုင်ငံ့ဆရာက အုပ်ချုပ်ရေးပါရမီရှိသည်။ အင်ပါယာကို အကြံပေးသည်။ အင်ပါယာက သူအကြံအတိုင်း အကောင်းအထည်ဖော်သည်။ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ဆည်းကြသည်။ ထို့ကြောင့် မဟာယုနိုင်ငံ တိုးတက်အောင်လုပ်နိုင်ခဲ့သည်။
အင်ပါယာတိုင်း ခေါင်းဆောင်ကောင်းဖြစ်သည်မဟုတ်။ ဥပမာ၊ ဝူယွီထောင်သည် ကျင့်စဉ်ပါရမီမြင့်မားသည်။ သို့သော် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိ။
"ခင်ဗျားက မဟာယုအင်ပါယာဖြစ်ချင်တယ်ပေါ့။ နိုင်ငံတည်အင်ပါယာက ဘယ်ရောက်သွားလဲ"
မဟာယုခေတ်တွင် နိုင်ငံတည်အင်ပါယာသည် စွမ်းအားအကြီးဆုံးဖြစ်သည်။ သမိုင်းမှတ်များအရ သူသည်။ အန္တရာယ်မှန်သမျှကို ရှေ့ဆုံးမှတိုက်ခိုက်သည်။ နောက်ဆုံးတွင် မဟာချန်ကိုသိမ်းပိုက်၍ လောကကိုစုစည်းပြီး မဟာယုခေတ်ကို တည်ထောင်နိုင်ခဲ့သည်။
နှစ်ပေါင်းသုံးထောင်အုပ်ချုပ်ပြီးနောက် နှစ်ရှည်တိုက်ပွဲအတွင်း ရခဲ့သည့်အတွင်းဒဏ်ရာဟောင်းများနှင် ရောဂါနှိပ်စက်မှုကြောင့် သေခဲ့သည်။
လုယန် ထိုအချက်ကို သိပ်မယုံချင်။ စွမ်းအားမြင့်သူများစွာ တွေ့ကြုံဖူးသည်။ မဟာယုခေတ်၏စွမ်းအားအကြီးဆုံး နိုင်ငံတည်အင်ပါယာက ဘယ်လိုလွယ်လွယ်သေနိုင်မည်နည်း။
"ကျုပ်ဘိုးဘေးက တကယ်သေသွားပါပြီ။ ကျုပ်အင်ပါယာအဖြစ်ဆက်ခံပြီးချိန်မှာ သူ့အလောင်းကိုတောင် ဂါရဝပြုခဲ့ပါသေးတယ်"
ဝူယွီထောင် အခိုင်အမာပြောသည်။ နိုင်ငံတည်အင်ပါယာမသေလျှင် နိုင်ငံ့ဆရာအစီအစဉ်ကို သူလက်ခံရဲမည်မဟုတ်။
မည်သို့ဆိုစေ နိုင်ငံတည်အင်ပါယာ သက်ရှိထင်ရှားရှိနေသေးလျှင် ယုအင်ပါယာအသစ်အဖြစ် သူဆက်ခံခွင့်ရမည်မဟုတ်။ မသေမျိုးဖြစ်ဖို့ အခွင့်အရေးရမည်မဟုတ်။
"လက်ရှိမှာ ခင်ဗျားတို့လူတွေ ဘယ်လောက်များများ နိုးထပြီးပြီလဲ။ သူတို့ကျင့်စဉ်အဆင့်က ဘာလဲ"
"စုစည်းခြင်းအဆင့် သုံးဆယ့်နှစ်ယောက်နဲ့ ကူးဖြတ်ခြင်းအဆင့် ခုနစ်ယောက်ပါ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ ထိုအင်အားသည် ကပ်ဆိုးအရှင်ပြောခဲ့သည်ထက် ပိုများသည်။ ကပ်ဆိုးအရှင်က ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်သာရှိသည်ဟု ပြောခဲ့သည်။
ကပ်ဆိုးအရှင်သည် မဟာယုအစီအစဉ်တွင် သိပ်အရေးပါသူဟုတ်ဟန်မတူ။ အရန်သာဖြစ်လောက်သည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို အရန်အင်အားအဖြစ်ထားနိုင်ခြင်းသည် မဟာယု၏ ပုန်းကွယ်နေသည့်စွမ်းအားစုက ဘယ်လောက်ကြောက်စရာကောင်းကြောင်း ထင်ရှားနေသည်။
"ကူးဖြတ်ခြင်းအဆင့်ခုနစ်ယောက်ရဲ့ စွမ်းအားကို အသေးစိတ်ပြောပါဦး"
"အခြေခံအဆင့်သုံးယောက်၊ အလတ်တန်းဆင့်နှစ်ယောက်၊ နောက်ဆုံးအဆင့်နှစ်ယောက်ပါ။ လေးယောက်က နိုးထမလာသေးဘူး။ တစ်ခြားလူတွေရှိသေးသလားဆိုတာတော့ ကျုပ်မသိဘူး"
လုယန် တွေ့ခဲ့သမျှ မဟာယုကူးဖြတ်ခြင်းအဆင့်များကို ရေတွက်ကြည့်သည်။ ကပ်ဆိုးအရှင်၊ အရှင်စန်းလဲ့၊ အရှင်ဝူကျိတို့သည် ကူးဖြတ်ခြင်းအခြေခံအဆင့်များဖြစ်သည်။
"တစ်ခြားအလတ်တန်းဆင့်၊ နောက်ဆုံးအဆင့်ကျင့်ကြံသူတွေ ဘယ်မှာအိပ်နေတာလဲ"
"နိုင်ငံ့ဆရာပဲသိတယ်။ ကျုပ်မသိဘူး"
နိုင်ငံ့ဆရာနှစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လိုလဲ"
"ပထမနိုင်ငံ့ဆရာရဲ့စွမ်းအားကို ဘယ်သူမှမသိဘူး။ သူနဲ့တွေ့ဖူးတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေကို ကျုပ်မေးကြည့်တယ်။ မသေမျိုးဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်လို့ တစ်ချို့ကပြောတယ်။ တစ်ချို့ကလည်း အရိယဖလရပြီးလို့ မသေမျိုးဖြစ်နေပြီလို့ ပြောကြတယ်။
ဒုတိယနိုင်ငံ့ဆရာကတော့ မသေမျိုးတစ်ဝက်အဆင့်ပါ"
ပထမနိုင်ငံ့ဆရာ မသေမျိုးဖြစ်ကြောင်းပြောချိန်တွင် သူ့မျက်လုံး၌ ဂုဏ်ယူသည့်အရိပ်မျိုး ပေါ်နေသည်။
သို့သော် လုယန်က အမူအရာပြောင်းမသွား။ မသေမျိုးများနှင့် ပတ်သက်လျှင် ထာဝရနတ်မယ်နှင့် ကံဆိုးသူလေးယောက်ကိုသာ သူတွေးမိသည်။
မသေမျိုးများကို ထူးထူးခြားခြားအထင်မကြီးမိ။
မသေမျိုးတစ်ဝက်အဆင့်သည် အရိယဖလပုံရိပ်ရထားသည့် ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။
ထိုမသေမျိုးတစ်ဝက်အဆင့်မျိုး တစ်ယောက်သာ လုယန်သိသည်။ ထာဝရမျိုးဆက်၏ တတိယခေါင်းဆောင် ထာဝရအရှင်ဖြစ်သည်။
"အရိုင်းနယ်မြေကအစီအစဉ် အောင်မြင်သွားရင် ခင်ဗျားတို့ ဘာဆက်လုပ်မှာလဲ"
"ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေ စည်းမျဉ်းစွမ်းအားသုံးပြီး ကျိပြည်နယ်က မြို့တော်တစ်ခုကို ထိန်းချုပ်လိမ့်မယ်။ စည်းမျဉ်းစွမ်းအားနဲ့ မြို့ထဲကလူတွေကို မဟာယုလက်အောက်ခံအဖြစ် သွတ်သွင်းဖိုကြိုးစားကြမှာ"
"ဘယ်မြို့လဲ"
"အဆင်ပြေတဲ့မြို့တစ်ခုကို ရွေးမှာ"
ယွမ်ကျိက အရှင်စန်းလဲ့ကိုလည်း ထိုမေးခွန်းများ ထပ်မေးသည်။ စန်းလဲ့က ဝူယွီထောင်လောက်ပင်မသိ။ သို့သော် နှစ်ယောက်လုံး၏ အဖြေများကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီးနောက် အချက်အလက်များ ခိုင်မာကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဝူယွီထောင်ပြောခဲ့သည့်အကြောင်းများကို တော်ဝင်ရုံးတော်နှင့် တစ်ခြားမသေမျိုးလေးဂိုဏ်းသို့ သတင်းပို့ဖို့လိုမည်ဟု ယွမ်ကျိယူဆသည်။ အထူးသဖြင့် ကျိပြည်နယ်ကိစ္စကို သေချာပြင်ဆင်ရမည်။
သန့်စင်ထားသည့် အရှင်ဝူကျိကို ကြိုးဖြင့်တုပ်နှောင်ပြီး လုယန်ကို လွှဲပေးလိုက်သည်။
"ဒီဝိညာဉ်ကို အကြီးအကဲငါးဆီ သွားပေးလိုက်ပါ။ ငါဒီနှစ်ယောက်ကို အကျဉ်းထောင်တောင်ထိပ်ကို သွားပို့ပြီးရင် နန်းမြို့တော်ကိုသွားမယ်"
ယွမ်ကျိထွက်သွားသည်ကို ကြည့်နေရင်းမျှ ထာဝရနတ်မယ် ကိစ္စတစ်ခု ခေါင်းထဲပေါ်လာသည်။
"ဟာ...သွားပြီ။ ကျိုးဆောင်မှတ်ကိစ္စ ပြောဖို့မေ့သွားပြီ"
**************************************