ရှန်းရွှေလက်ဆောင်ဆန်က အံ့ဩစရာ! ၃
Vol. 64 Ch. 949
ဝိုင်အသစ်တစ်ပုလင်းကို လေလံစျေး ၇၀၀၀၀၀ ?
သူတို့ကုမ္ပဏီရဲ့နှစ် ၃၀ ဝိုင်က ဒီစျေးရဲ့သုံးပုံတစ်ပုံတောင်မရ။
အဓိကက သူတို့ကုမ္ပဏီဝိုင်အသစ်ကိုရောင်းရင် ဘယ်လောက်များရမလဲ? စျေးအပေါဆုံးမှ ယွမ် ၂၀၀ တည်း။
ယွမ် ၂၀၀ နဲ့ ယွမ် ၇၀၀၀၀၀ ဘယ်လောက်ကွာလဲ?
ချင်းလင်ဝိုင်လုပ်ငန်းက လုံးဝကြော်ငြာစတန့်ထွင်နေတာပဲ။ ဒီလိုကြော်ငြာနည်းက ရွံစရာကောင်းလိုက်တာ။ ဟောင်လျန်က သူ့အတွင်းရေးမှူးကိုချက်ချင်းခေါ်ပြီး ညွှန်ကြားလိုက်သည်_
"ချင်းလင်ဝိုင်လုပ်ငန်းက လေလံကိုတမင်နာမည်ကြီးအောင်လုပ်ပြီး အားလုံးအရူးလုပ်နေတဲ့အကြောင်းဖော်ထုတ်ပါ... ငါတို့လက်ချက်ဆိုတာ ဘယ်သူမှမသိစေနဲ့''
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး ချက်ချင်းထွက်သွား၏။
ဟောင်လျန်က အေးစက်စက်နှင့်မဲ့လိုက်သည်။
ချင်းလင်ဝိုင်လုပ်ငန်းအပေါ် မနာလိုခြင်းနှင့်အာဃာတထားခြင်းက ရောယှက်နေသည်။ ဒီတော့ သူ့အတွက်အကျိုးမရှိရင်တောင် အဲဒီဝိုင်လုပ်ငန်းကိုထိခိုက်ရင် သူဝမ်းသာသည်။
မကြာမီ အင်တာနက်ပေါ်ရေပန်းစားလာသောခေါင်းစဉ်မှာ ချင်းလင်လေလံသတင်းများဖြစ်သည်:
'ချင်းလင်ဝိုင်လုပ်ငန်းက လူတွေကိုအရူးလုပ်တာ!'
'ကိုယ့်ဂုဏ်ကိုယ်ဖော် ကိုယ့်ကိုယ်ကိုယ်စင်မြင့်ပေါ်တင်တဲ့ ချင်းလင်ဝိုင်လုပ်ငန်းရဲ့ရည်ရွယ်ချက်က အားလုံးရဲ့အကျိုးအမြတ်ကိုရိတ်ဖို့ပဲ'
'ဦးနှောက်လေးသုံးပြီးစဉ်းစားကြည့်ရင်တောင် ဝိုင်သစ်ကဒီလောက်မတန်မှန်းသိလိမ့်မယ်... မောက်ထိုက်နဲ့ဖန်းကျိုဝိုင်အသစ်အကြောင်းတွေးကြည့်!'
အချိန်တစ်ခုအထိ ချင်းလင်ဝိုင်က တမင်နာမည်ကြီးအောင်လုပ်ခြင်းဖြစ်ကြောင်း၊ သူတို့ရည်ရွယ်ချင်က အမြတ်ကြီးစားဖို့ဖြစ်ကြောင်း အင်တာနက်မှာပြည့်နေသည်။
အပန်းဖြေစံအိမ်ရုံးခန်းတွင် လင်းလန်ဇီက ချင်လင်ကိုအစီရင်ခံနေသည်_
"ဥက္ကဌချင်... ဒါတစ်ယောက်ယောက်လက်ချက်ပဲ... အင်တာနက်ရေတပ်ရဲ့ခြေရာလက်ရာတွေ သိသာတယ်''
ချင်လင်သက်ပြင်းချလိုက်သည်။
နာမည်ကြီးရင် ဒီလိုပဲနေမည်။
တစ်ခါတလေ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ကိုပစ်မှတ်ထားသူတွေကရှိတတ်စမြဲ။
"ဒီသတင်းကိုဘယ်လိုလုပ်မလဲ စဉ်းစားပါဦး''
ချင်လင်က မတတ်သာပုံနှင့်ပြောသည်။
မောက်ထိုက်နဲ့ဖန်းကျိုကုမ္ပဏီတွေလို လေလံပွဲလုပ်ပြီး ချင်းလင်ဝိုင်နာမည်ကိုထိန်းထားချင်တာ၊ ဒီလိုကြောက်စရာကိစ္စမျိုးဖြစ်လာမယ်လို့ဘယ်ထင်မလဲ?
"ဥက္ကဌချင်... ကျွန်မတို့ဘာမှလုပ်စရာမလိုဘူးထင်တယ်''
လင်းလန်ဇီက ရုတ်တရက်ထပြောရင်း သူ့ကိုဖုန်းပြသည်။
ချင်လင်ကဇဝေဇဝါနှင့်ဖုန်းယူပြီး ဗီဒီယိုကြည့်လိုက်သည်။
အရက်ဖြူအဖွဲ့အစည်းဥက္ကဌပေါင်ပင်_
"ဟား ဟား... ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်ထားတဲ့ချင်းလင်ဝိုင်တစ်ပုလင်းရတာ ကံကောင်းလှချည့်... ဒီဝိုင်ကိုသောက်ဖူးမှပဲ တကယ့်ဝိုင်ကောင်းဆိုတာဘာလဲ မင်းတို့သိလိမ့်မယ်''
ဒါချင်းလင်ဝိုင်ကိုနာမည်ဆယ်ပြီး မျက်နှာသာပေးလိုက်ခြင်းပင်။
ဥက္ကဌပေါင်နောက်တွင် တခြားတစ်ယောက်ကလည်း ဥက္ကဌပေါင် ချင်းလင်ဝိုင်ကိုလေလံဆွဲပြီးဝယ်ထားတဲ့အကြောင်း သူ့အခိုက်အတန့်များမှာတင်ထားသည်။
ထိုလူမှာ အဖွဲ့အစည်းကြီးတစ်ခု၏သူဌေးဖြစ်ပြီး သူအနေနှင့် ချင်းလင်ဝိုင်လုပ်ငန်းကိုကြော်ငြာပေးစရာအကြောင်းမရှိပေ။
ထို့နောက် အဆက်အသွယ်အသီးသီးမှ ဂုဏ်သရေရှိဝိုင်စုဆောင်းသူများမှာ ချင်းလင်ဝိုင်လေလံဆွဲရာတွင်ပါဝင်ခဲ့ကြောင်းပြောလာကြသည်။
ဒီလူတွေ လေလံမှာပါခဲ့တယ်ဆိုမှတော့ ချင်းလင်ဝိုင်လုပ်ငန်းကလုပ်တာလို့ဘယ်သူပြောမလဲ?
နောက်ပြီး ဒီလူတွေက ချင်းလင်ဝိုင်လုပ်ငန်းကိုကြော်ငြာပေးစရာအကြောင်းလည်းမရှိ။
ဒီတော့ ဒီချင်းလင်ဝိုင်တစ်သုတ်က တကယ်ဒီလောက်တန်တယ်ဆိုတဲ့သဘောပေါ့။
ဟောင်လျန်ကသတင်းရပြီး မှင်တက်သွားသည်။
ချင်းလင်ဝိုင်လေလံကို ချင်းလင်ဝိုင်လုပ်ငန်းကတမင်လုပ်တာမဟုတ်ဘူးရင် ဒီလောက်တန်လို့လား?
ထိုအချိန် အင်တာနက်ပေါ်တွင် ဒီချင်းလင်ဝိုင်အသုတ်တန်ဖိုးကြီးခြင်းမှာ ရှန်းရွှေလက်ဆောင်ဆန်နှင့်ဆက်စပ်နေမည်ဟု တစ်ယောက်ယောက်ကသုံးသပ်ပြထားသည်။
ဘာပဲဖြစ်ဖြစ် ဒီဝိုင်ကိုရှန်းရွှေလင်ဆောင်ဆန်နဲ့လုပ်ထားတာ။ အရင်ကဘယ်သူမှ ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်မလုပ်ဖူး။
ရှန်းရွှေလက်ဆောင်ဆန်က ထူးခြားလို့များလား?
ဟောင်လျန်လည်း ဒီလိုထင်သောကြောင့် ဥက္ကဌပေါင်ကိုချက်ချင်းဖုန်းဆက်ပြီးမေးလိုက်သည်_
"ဥက္ကဌပေါင်... ကျွန်တော်မေးချင်တာရှိလို့''
ဥက္ကဌပေါင်တို့က လေလံမှာတမင်သက်သက်ဝင်ပါဖို့မဖြစ်နိုင်။ အဖြစ်နိုင်ဆုံးက ဒီဝိုင်ကိုသောက်ဖူးပြီး အခြေအနေသိထား၍ဖြစ်မည်။
ဥက္ကဌပေါင်က ဖုံးကွယ်မနေ။ အခု ဒီချင်းလင်ဝိုင်တစ်သုတ်သတင်းက အင်တာနက်မှာပြန့်နေပြီ။ အနှေးနဲ့အမြန်သိကြတော့မည်။
ထို့ကြောင့် ဟောင်လျန်လည်း သတင်းရပြီးနောက်:
"ဟုတ်ပါပြီ... အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်ထားပြီး ဝိုင်အသစ်က နှစ် ၃၀ ၄၀ သက်တမ်းရှိတဲ့ဝိုင်နဲ့ယှဉ်နိုင်တယ်ပေါ့''
ဖုန်းချပြီးနောက် ဟောင်လျန်လည်းမယုံနိုင်အောင်ဖြစ်နေသည်။ ရှန်းရွှေလက်ဆောင်ဆန်သုံးပြီးဝိုင်စိမ်တာ ဒီလိုအာနိသင်မျိုးရှိတယ်ပေါ့?
သူကသူ့အတွင်းရေးမှူးကိုအမြန်ခေါ်ပြီး ညွှန်ကြားသည်_
"ရှန်းရွှေလက်ဆောင်ဆန်အဆက်အသွယ်တွေသွားရှာလိုက်... ငါ ရှန်းရွှေလက်ဆောင်ဆန်ဝယ်ချင်တယ်... ဘယ်လောက်ဖြစ်ဖြစ်!''
ဟောင်လျန်သာမက မောက်ထိုက်၊ဖန်းကျိုတို့လိုအရက်ကုမ္ပဏီသူဌေးများလည်း အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်အကြောင်းကြားသည်။ အားလုံးက သူတို့အဆက်အသွယ်များမှတဆင့် ရှန်းရွှေလက်ဆောင်ဆန်ကိုစုံစမ်းပြီး ဘယ်လောက်ဖြစ်ဖြစ် ဝယ်ချင်ကြသည်။
နောက်ဆုံး ရှန်းရွှေလက်ဆောင်ဆန်အရောင်းအဝယ်လုပ်သူများ ဇဝေဇဝါဖြစ်ကုန်သည်။