အရှက်ကွဲချင်သူ အကြီးအကျယ်အရှက်ကွဲခြင်း!
Vol. 64 Ch. 955
ချင်လင်က ထူးဆန်းသည်မထင်။
တော်ဝင်ပညာရှင်လော့အောင်မြင်သည်ဆိုမှ ထူးဆန်းနေဦးမည်။
မျောကျောက်က အခုအလုပ်မလုပ်။
သူ့ကိုနားလည်နိုင်စွမ်းမရှိသူဟု ပြောရဲသေးသည်။
နောက်ပြီး သူပြောနေတဲ့အမျိုးသမီးတွေက လင်းလျိုနဲ့ထန်ရှိုးဝမ်ဖြစ်မည်။ လူကြီးကသူ့အမေဖြစ်ပြီး ကိုယ်ဝန်ဆောင်က သူ့ဇနီးကျောက်မိုချင်းဖြစ်မည်။
အခုတော့ တော်ဝင်ပညာရှင်လီနဲ့ဝန်ကြီးလုက ဘာကြောင့်သဘောမကျကြောင်း သူသိပြီ။
ဝန်ကြီးလုမျက်နှာကြောင့်သာ သူ့ကိုနေခွင့်ပေးထားခြင်းပင်။
အခုတော့ သူဘာလုပ်လိုက်လဲ? သူ့အမေနဲ့သူ့ဇနီး၊ သူ့သူငယ်ချင်းတွေရဲ့ဇနီးတွေနဲ့တောင် ပြဿနာတက်လိုက်သေး။
လော့ဟွေကဆက်ပြီး_
"သူဌေးချင်... ငါ့အကြံပြုချက်ကိုလက်ခံမယ်ထင်ပါတယ်... ဘာပဲဖြစ်ဖြစ် ငါ့လိုနက်နက်နဲနဲတွေးနေတဲ့တော်ဝင်ပညာရှင်တွေကိုအနှောင့်အယှက်မဖြစ်စေချင်ဘူး... နောက်ကျ မင်းရဲ့အပန်းဖြေစံအိမ်ကိုဘယ်တော်ဝင်ပညာရှင်မှလာအနားယူရဲမှာမဟုတ်တော့ဘူး''
တော်ဝင်ပညာရှင်လာပြီးအနားယူတာနဲ့ မိန်းမတွေကလေးတွေနဲ့ယှဉ်ရင် တော်ဝင်ပညာရှင်ကိုရွေးသင့်သည်ဟု သူထင်သည်။ သူသာအပန်းဖြေစံအိမ်သူဌေးဆိုရင် ဘယ်ဟာကိုရွေးရမလဲ သူလည်းသိလိမ့်မည်။
တော်ဝင်ပညာရှင်တစ်ဦးလာအနားယူတာ အဓိပ္ပါယ်အလွန်ရှိသည်။
ချင်လင်က ရယ်လိုက်ပြီး_
"တော်ဝင်ပညာရှင်လော့... ဒီလိုဆိုရင်တော့ အားနာပါတယ်... ကျွန်တော့်နေရာက ခင်ဗျားတို့လိုတော်ဝင်ပညာရှင်တွေအနားယူဖို့မသင့်တော်ပါဘူး''
"အနှောင့်အယှက်ဖြစ်တယ်ထင်ရင် ကျွန်တော်စာရင်းပြန်ထုတ်ပေးပါမယ်... ကုန်ကျစရိတ်ကိုတော့ တရုတ်သိပ္ပံအကယ်ဒမီကိုပြန်လွှဲပေးပါမယ်!''
ချင်လင်စကားကြောင့် လော့ဟွေကြောင်သွားသည်။
သူ့အမြင်ကိုလာပြောပြတာလေ။ ကျွန်တော်တို့ဖြေရှင်းပေးပါမယ်လို့ပြောရမှာမဟုတ်ဘူးလား? ဘာတွေဖြစ်နေတာလဲ? သူ့ကိုတောင် ထွက်သွားခိုင်းနေတာလား?
လော့ဟွေကတွေးလေလေ တစ်ခုခုမှားနေသလိုလိုနှင့် မျက်မှောင်ကြုတ်ကာ_
"သူဌေးချင်... မင်းက ဘာသဘောလဲ?''
ချင်လင်ကမေးခွန်းကိုမဖြေဘဲ ပြုံးလိုက်ပြီး_
"ကျွန်တော်မိတ်ဆက်ပေးပါရစေ တော်ဝင်ပညာရှင်လော့... ခင်ဗျားပြောတဲ့အမျိုးသမီးတွေက ကျွန်တော့်မိတ်ဆွေညီအစ်ကိုတွေရဲ့ဇနီးတွေပါ... အဲဒီထဲကတစ်ယောက်က ပါမောက္ခလီခိုင်ရဲ့ဇနီးပဲ''
"ပြီးတော့ ခင်ဗျားပြောတဲ့လူကြီးက ကျွန်တော့်အမေ... ကိုယ်ဝန်ဆောင်က ကျွန်တော့်ဇနီးပဲ... ခင်ဗျားဘယ်လိုထင်လဲ? သူတို့က ဒီမှာဘာလို့နေမရတာလဲ?''
လော့ဟွေက ဒီလိုမထင်ခဲ့သော်လည်း ဆက်ပြောသေးသည်_
"သူဌေးချင်... အဲလိုဆိုရင်တောင် မင်းကအပန်းဖြေစံအိမ်ဖွင့်ထားတာ... ငါတို့တော်ဝင်ပညာရှင်တွေအတွက်ပတ်ဝန်းကျင်ကောင်းရှိအောင်လုပ်ပေးရမှာပေါ့... ငါ့လိုရုတ်တရက်အတွေးပေါက်တဲ့သူတွေ အာရုံပျက်သွားရင် သုတေသနအတွက်ဘယ်လောက်ဆိုးလဲ သိတယ်မလား''
"တော်ဝင်ပညာရှင်လော့!''
ချင်လင်က လော့ဟွေကိုစကားဖြတ်ပြီး အေးစက်စက်ကြည့်ကာ_
"ဒီကမ္ဘာမှာ လူနှစ်စားပဲရှိတယ်... ပထမတစ်စားက ကျွန်တော့်အစ်ကိုလီခိုင်လို တော်ဝင်ပညာရှင်ကျူးတို့လို လုပ်နိုင်စွမ်းရှိတဲ့သူတွေ''
"သူတို့ ကျွန်တော့်အပန်းဖြေစံအိမ်မှာအောင်မြင်တာ သူတို့လုပ်နိုင်စွမ်းရှိလို့... မိန်းမတွေကလေးတွေကိုအပြစ်တင်မနေဘူး''
"နောက်တစ်စားကတော့ ဘာလုပ်နိုင်စွမ်းမှမရှိလို့ ဟိုဟိုဒီဒီအပြစ်တင်ဖို့ပဲတတ်တယ်... စိတ်ကူးရမရကတော့ သူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်!''
သူ့စကားတွေမှာအရိပ်ပြပြီး လှောင်ပြောင်ထားသည်။
ချင်လင်က လုံးဝမျက်နှာသာမပေး။
ဘယ်လိုလုပ်ပြီး နှောင့်ယှက်တာဖြစ်မလဲ?
မျောကျောက်အာနိသင်ရှိမရှိက သူသာသိသည်။
သူတို့တွေအားလုံးတော်ဝင်ပညာရှင်များဖြစ်သော်လည်း ဒီလူ၏အကျင့်စရိုက်က တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ကျူးတို့လောက်မကောင်း။
ချင်လင်၏အဓိပ္ပါယ်ကို လော့ဟွေကသဘောပေါက်သောကြောင့် နည်းနည်းအပြစ်ရှိသလိုခံစားရပြီး အချိန်တော်တော်ကြာသည်အထိ ဘာမှမပြောနိုင်။
ထို့နောက် သူနည်းနည်းစိတ်ရှုပ်သွားသည်။
သူ့လုပ်ရည်ကိုင်ရည်က တော်ဝင်ပညာရှင်လီနဲ့တော်ဝင်ပညာရှင်ကျူးကိုမီမမီ မေးခွန်းထုတ်ခံနေရတာ!
ဘယ်သူ့ကိုအထင်သေးနေတာလဲ?
သို့ရာတွင် ချင်လင်၏အေးစက်စက်အကြည့်နှင့်တိုးပြီး ဘာမှမပြောနိုင်တော့။ သူပိုပြီးစိတ်ရှုပ်လာသည်။ ဒီလူငယ်ကြောင့် သူဆွံ့အသွားပြီ။
"ဟွန့်!''
နောက်ဆုံး လော့ဟွေကသက်ပြင်းချပြီး ရုံးခန်းထဲမှထွက်လာရတော့သည်။
ချင်လင်ကမျက်မှောင်ကြုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ဆရာလင်းကိုဖုန်းဆက်ကာ တော်ဝင်ဆေးစွပ်ပြုတ်အတွက်ပါဝင်ပစ္စည်းများပြင်ခိုင်းသည်။
တချို့လူတွေက လုံးဝမျက်နှာသာပေးလို့မရ။
ဒီတော့ သူမျက်နှာသာမပေးတာ အပြစ်မဆိုဘဲ သူ့ဆီကပြန်သွားဖို့မျှော်လင့်သည်။
ချင်လင်အဖို့တော်ဝင်ဆေးစွပ်ပြုတ်လုပ်ရတာ အလွန်ရိုးရှင်းသောအရာပင်။
စားဖိုဆောင်ထဲရောက်သောအခါ ဆရာလင်းကပါဝင်ပစ္စည်းများပြင်ဆင်ပေးသည်။ သူကရှေ့ဖုံးခါးစည်းတပ်ပြီး စချက်သည်။ ခဏအကြာ စားဖိုဆောင်ထဲတွင် အထူးဆေးနံ့မွှေးလာသည်။
ချင်လင်ကတော်ဝင်ဆေးစွပ်ပြုတ်ချက်ပြီးနောက် ဆရာလင်းကိုမှာလိုက်သည်_
"ဆရာလင်း... ဒီဆေးစွပ်ပြုတ်ကိုအပြင်ယူသွားခိုင်းလိုက်ပါ!''
ဆရာလင်းက ဆေးစွပ်ပြုတ်ကိုကြည့်ပြီးမေးသည်_
"သူဌေး... ကြည့်ရတာ နှစ်ယောက်စာလိုမယ်!''
ချင်လင်ကပြုံးလိုက်ကာ_
"ရပြီ... ကျွန်တော့်မိတ်ဆွေတွေအတွက်ပဲ... ဟိုအသစ်နှစ်ယောက်ကိုသဘောမကျဘူး!''
"ဪ!''
ဘယ်နှစ်ယောက်လဲ ဆရာလင်းကတန်းသိသည်။
တော်ဝင်ပညာရှင်လော့ပဲ။
သူဌေးကတမင်လုပ်တာဆိုတော့ တော်ဝင်ပညာရှင်လော့က သူဌေးကိုဘယ်လိုအနှောင့်အယှက်ပေးလိုက်သည်မသိ။
ချင်လင်က တမင်လုပ်ခြင်းပင်။
သူက လုံးဝမျက်နှာသာမပေး။ ကိုယ့်အကြောင်းကိုယ်သိတဲ့သူက အလိုက်တသိထွက်သွားလိမ့်မယ်မလား?
အချိန်ကျရင် ဝန်ကြီးလုကိုတောင်းပန်လိုက်ရုံသာ။
ဘယ်သူက ဒီလူကိုပြဿနာရှာခိုင်းလို့လဲ? သူ့အမေနဲ့ဇနီးကိုလေ။
သို့ရာတွင် လွတ်ရာလွတ်ကြောင်းဖြစ်ကြောင်း သူကမှာလိုက်သည်_
"တော်ဝင်ဆေးစွပ်ပြုတ်အတွက်ပါဝင်ပစ္စည်းတွေကမလောက်လို့ တန်းစီရမယ်ပြောလိုက်ပါ... နောက်တစ်ခါ ပါဝင်ပစ္စည်းရတဲ့အချိန်အထိစောင့်ရမယ်လို့''
"နားလည်ပါပြီ သူဌေး!''
ဆရာလင်းခေါင်းညိမ့်လိုက်သည်။
သူကရှင်းသည်။
ပါဝင်ပစ္စည်းဘယ်တော့ရမလဲက သူဌေးသဘော!
တဖြည်းဖြည်း မိုးချုပ်လာသည်။
တော်ဝင်ပညာရှင်လီကအခန်းထဲနားနေစဉ် ဧည့်ခန်းကဖုန်းဆက်လာ၏။ ဒီည တော်ဝင်ဆေးစွပ်ပြုတ်ဟုကြားသောအခါ သူစိတ်လှုပ်ရှားသွားသည်။
သူကကိုယ်လက်သန့်စင်ပြီး အခန်းပြင်ထွက်လာရာ လော့ဟွေနှင့်သူ့လက်ထောက်ထွက်လာသည်နှင့်ဆုံသည်။