အရှက်ကွဲချင်သူ အကြီးအကျယ်အရှက်ကွဲခြင်း! ၃
Vol. 64 Ch. 957
လော့ဟွေက ပေကျင်းအမြန်ပြန်လာသည်။ သူပြန်ရောက်သောအခါ သိပ္ပံသုတေသနနှင့်နိုင်ငံရေးရောချင်သူတော်ဝင်ပညာရှင်တချို့က လာမေးသည်_
"တော်ဝင်ပညာရှင်လော့... ချင်းလင်အပန်းဖြေစံအိမ်ကဘယ်လိုလဲ? ဒီတစ်ခါ ခင်ဗျားရဲ့သုတေသနကိုအထောက်အကူဖြစ်ရဲ့လား?''
"ဟုတ်တယ်... ကျုပ်သုတေသနက အခက်တွေ့နေတာ... ခင်ဗျားအဆင်ပြေရင် ကျုပ်အဆက်အသွယ်နဲ့ ချင်းလင်အပန်းဖြေစံအိမ်သွားမလို့''
"အလုပ်ဖြစ်မှာပါ... တော်ဝင်ပညာရှင်ကျုးတို့ဆို နောက်ဆုံးဒုံးပျံတင်တော့မယ်''
သူတို့စကားသံများကြောင့် လော့ဟွေကစိတ်ရှုပ်ရှုပ်နှင့်_
"ဘာအသုံးဝင်ရမှာလဲ? ကောလာဟလတွေ... တော်ဝင်ပညာရှင်ကျူးတို့က ကံကောင်းရုံသက်သက်ပဲ... ချင်းလင်အပန်းဖြေစံအိမ်နဲ့ဘာဆိုင်ရမလဲ?''
သူကအောင်မြင်ဖို့နေနေသာသာ ဒေါသပါထွက်ရသေး။ ဒီအတိုင်းတော့ မထားနိုင်။ သူကဖုန်းထုတ်ပြီး တရုတ်သိပ္ပံအကယ်ဒမီ၏ဓာတုသိပ္ပံအတွင်းရေးအဖွဲ့ထဲစာပို့လိုက်သည်:
"အခုပဲ ချင်းလင်အပန်းဖြေစံအိမ်ကပြန်ရောက်တယ်... ငါကြုံရတာပြောဦးမယ်... ပတ်ဝန်းကျင်ကမဆိုးပါဘူး... ဒါပေမဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ!''
"ငါတို့တော်ဝင်ပညာရှင်တွေက အနားယူတဲ့အချိန်မှာ တိတ်ဆိတ်အေးချမ်းဖို့လိုတယ်... ဒါပေမဲ့ သူ့ဆီမှာ မိန်းမတွေကလေးတွေတပြုံတခေါင်းနဲ့... ကလေးတွေက အရမ်းဆူတာ... စိတ်ငြိမ်ဖို့မဖြစ်နိုင်ဘူး''
"ငါလဝက်လောက်သွားပြီးမှ စိတ်ကူးလေးရတာကို ကလေးငိုနေတာနဲ့ပျက်သွားတယ်... အဲဒါကြောင့် တော်ဝင်ပညာရှင်ကျူးတို့ကသက်သက်ကံကောင်းတာ... ချင်းလင်အပန်းဖြေစံအိမ်နဲ့ဘာမှမဆိုင်ဘူး''
"ပြီးတော့ အားလုံးပဲ... မဟုတ်တာတွေလျှောက်မပြောကြနဲ့... ချင်းလင်အပန်းဖြေစံအိမ်က သုတေသနအတွက်အထောက်အကူဖြစ်တယ်ဆိုတာ အဓိပ္ပါယ်မရှိတာတွေ''
လော့ဟွေကထိုသတင်းဖြန့်ပြီး အတော်စိတ်ကျေနပ်သွားသော်လည်း တရုတ်သိပ္ပံအကယ်ဒမီမှာအုတ်အော်သောင်းတင်းဖြစ်သွားသည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်ကျူးတို့ ချင်းလင်အပန်းဖြေစံအိမ်သွားစဉ်ကစိတ်ကူးရခဲ့သည်။ ပါမောက္ခလီခိုင်လည်း အတူတူပင်။ အားလုံး ဒီအကြောင်းသိထားကြသည်။
ဒါပေမဲ့ အဲဒါကတိုက်ဆိုင်တာတဲ့လား?
တရုတ်သိပ္ပံအကယ်ဒမီပထမဌာနတွင် တော်ဝင်ပညာရှင်ကျူးတို့အနားယူနေကြသည်။ အတွင်းရေးအဖွဲ့ထဲကစာကို သူတို့မြင်သွားပြီး သုံးယောက်သားခေါင်းခါလိုက်ကြသည်။
ဒီလော့ဟွေတော့!
ဝန်ကြီးလုလည်းသတင်းတွေ့ပြီး နည်းနည်းစိတ်ရှုပ်သွားသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်အပန်းဖြေစံအိမ်ကပိုပြီးထူးခြားတာ လက်သင့်ခံနိုင်သည်။ အခုလော့ဟွေမအောင်မြင်တာ သူ့လုပ်နိုင်စွမ်းကအကန့်အသတ်ရှိလို့ပေါ့။ ဒါကိုဘာရည်ရွယ်ချက်နဲ့ထုတ်ပြောရတာလဲ?
ဒီလူကိုပညာပေးချိန်တန်ပြီဟု သူထင်သည်။
သူကဖုန်းခေါ်လိုက်သည်။
လော့ဟွေက သူများနှင့်နေရာချင်းပြိုင်နေမှန်း သူသိသည်။ သူ့ကို တော်ဝင်ပညာရှင်လီ၊တော်ဝင်ပညာရှင်ကျူးတို့နှင့်တစ်တန်းတည်းဖြစ်သော လော့ဟွေ၏ပြိုင်ဘက်ဟုခေါ်နေကြသည်။
ချင်းလင်အပန်းဖြေစံအိမ်_
တော်ဝင်ပညာရှင်လီက အောင့်သက်သက်နှင့် ချင်လင်ရုံးခန်းထဲသွားပြီး_
"သူဌေးချင်... အဲဒီတော်ဝင်ပညာရှင်လော့က တကယ်အင်အားပြသွားတာပဲ''
"တော်ဝင်ပညာရှင်လီက ဘာလို့တောင်းပန်ရမှာလဲ?''
ချင်လင်က မေးသည်_
"စီနီယာကြီးက သက်သက်... သူကသူပဲ''
"ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက တရုတ်သိပ္ပံအကယ်ဒမီကလေ''
တော်ဝင်ပညာရှင်လီက မတတ်သာပုံနှင့်_
"အဲဒီတော်ဝင်ပညာရှင်လော့ကပြန်သွားပြီး ချင်းလင်အပန်းဖြေစံအိမ်အကြောင်း မကောင်းပြောသေးတယ်''
"သူဘယ်လောက်ပြောနိုင်မှာလဲ? ကျွန်တော်တို့အပန်းဖြေစံအိမ်မှာမအောင်မြင်ဘူးလို့လား? ဘာမှအဓိပ္ပါယ်မရှိဘူးမလား?''
ချင်လင်က ဒါပဲတွေးမိသည်။
ဘာပဲဖြစ်ဖြစ် သူက'အာရုံပျက်တယ်၊အာရုံပျက်တယ်'လို့ အထပ်ထပ်ပြောသွားတာ။ တကယ်တော့ သူဘာမှစိတ်ကူးမရလို့ ထွက်ပေါက်ရှာတာပဲ။ သူပြန်ရောက်တော့ ဒါပဲပြောနေမှာပေါ့။
"မင်းသိတယ်?''
တော်ဝင်ပညာရှင်လီ မှင်တက်သွားသည်။
ချင်လင်ကပြုံးပြီး_
"သူလိုလူက ဒီထက်ပိုပြီးဘာပြောနိုင်မှာလဲ? ဒါနဲ့ တော်ဝင်ပညာရှင်လီ... ကျွန်တော်တို့အပန်းဖြေစံအိမ်မှာနေရာရှိသေးတယ်... စီနီယာကြီးတို့ဌာနမှာ လော့ဟွေနဲ့ပြိုင်နေတဲ့သူရှိလား?''
တော်ဝင်ပညာရှင်လီ ဘယ်လိုပြန်ဖြေရမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ဒါအပြင်လူတွေကိုပြောပြလို့ရတဲ့ကိစ္စမဟုတ်။ ဒါပေမဲ့ အပြင်လူက သူဌေးချင်ဆိုတော့ ချီတုံချတုံနှင့်_
"အခုတလော တော်ဝင်ပညာရှင်ကျင်းနဲ့ပြိုင်နေတယ်... တော်ဝင်ပညာရှင်ကျင်းက အရမ်းနာမည်ကြီးတာ''
"ဒါဆို တော်ဝင်ပညာရှင်ကျင်းလာမလာ ဝန်ကြီးလုကိုမေးကြည့်မယ်... ကျွန်တော့်မှာနေရာရှိသေးတယ်!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
လော့ဟွေက ဒီအပန်းဖြေစံအိမ်အကြောင်းအတင်းပြောမှတော့ သူမလုပ်ချင်တာလေးတွေလုပ်ရဦးမှာပေါ့။
ဒီလူကိုအကောင်းဆုံးသင်ခန်းစာပေးနိုင်မယ့်နည်းက သူချင်းလင်အပန်းဖြေစံအိမ်မှာဘာမှမရဘဲပြန်သွားရပေမဲ့ သူ့ပြိုင်ဘက်ကအောင်မြင်သွားတယ်ဆိုတဲ့အချက်ပဲ။
ဒါဆိုရင် သူ့ချင်းလင်အပန်းဖြေစံအိမ်ကပြဿနာမရှိ၊ တစ်ဖက်လူရဲ့လုပ်နိုင်စွမ်းကသာပြဿနာရှိနေသည့်သဘောပင်။
ဒါလော့ဟွေလိုလူကို အကြီးအကျယ်အရှက်ရစေလိမ့်မည်။
နောက်ပြီး သူ့ပြိုင်ဘက်တွေကအောင်မြင်မှာသေချာသည်။
သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ဝန်ကြီးလုပင်။ သူကဖုန်းကိုင်လိုက်ရာ ဝန်ကြီးလုက_
"သူဌေးချင်... ငါတို့ဆေးရုံမှာ မင်းဆီလာပြီးအနားယူချင်တဲ့တော်ဝင်ပညာရှင်ကျင်းဆိုတာရှိတယ်... စီစဉ်ပေးပါဦး''
"ကောင်းပါပြီ!''
ချင်လင်က ချက်ချင်းသဘောတူလိုက်သည်။ ဝန်ကြီးလုကလော့ဟွေအကြောင်းမပြောသော်လည်း သူတို့အချင်းချင်းနားလည်ပြီး တပြိုင်တည်းဖုန်းချလိုက်လေသည်။
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလုကဖုန်းချပြီး အတွင်းရေးအဖွဲ့ထဲစာပို့လိုက်သည်:
"တော်ဝင်ပညာရှင်ကျင်း အဆင်သင့်လုပ်ထားပါ... ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူဖို့သွားကြမယ်''
ထိုရိုးရိုးစာလေးတစ်ကြောင်းကြောင့် တရုတ်သိပ္ပံအကယ်ဒမီကလူများမှင်တက်သွားသည်။
အကယ်၍ တော်ဝင်ပညာရှင်ကျင်းသာ ချင်းလင်အပန်းဖြေစံအိမ်မှာအောင်မြင်ရင် ပွဲကလှပြီ။
လော့ဟွေနှင့်သူ့လက်ထောက်က စာမြင်ပြီး သဘောပေါက်သောကြောင့် မျက်နှာပျက်သွားကြသည်။
"တော်ဝင်ပညာရှင်လော့... ဝန်ကြီးလုက ဘာသဘောလဲ?''
လက်ထောက်က မျက်မှောင်ကြုတ်ပြီးမေးသည်။
"သူသွားရင် အကူအညီဖြစ်တယ်ထင်လို့နေမှာပေါ့''
လော့ဟွေကနှာခေါင်းရှုံ့လိုက်သည်။ ဟာသပဲ။
သူ ချင်းလင်အပန်းဖြေစံအိမ်သွားပြီး မိန်းမတွေ၊ကလေးတွေပဲတွေ့ခဲ့တာ။ ဘာမှမထူးဘူး။
တော်ဝင်ပညာရှင်ကျူးတို့က ကံကောင်းရုံသက်သက်ပဲ။
ဒါပေမဲ့ အခု အဲဒီနေရာကနေ သူဒီလိုပြန်လာရပြီ။ သူလုံးဝမသွားသင့်!
တော်ဝင်ပညာရှင်ကျင်း ချင်းလင်အပန်းဖြေစံအိမ်ကနေ လက်ဗလာနဲ့ပြန်လာမှ တကယ်အသုံးမဝင်ကြောင်းသိကြလိမ့်မည်။
အဲလိုနေရာမျိုးက တော်ဝင်ပညာရှင်တွေလာအပန်းဖြေကြတယ်ဆိုတဲ့ဂုဏ်မျိုးမရထိုက်။