အခန်း (၅၀၀)
Vol. 34 Ch. 500
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် အဆင့်(၈) စိတ်ဝိညာဉ်ဆေးပင် စုစုပေါင်း (၁၀)ပင် ရှိနေသည်။
ထိုအခိုက်အတန့်တွင် သူတို့ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့၏။
နက်နဲခြင်းအင်ပါယာဂိုဏ်း...အရမ်းချမ်းသာလွန်းတယ်...
အဆင့်(၈) စိတ်ဝိညာဉ်ဆေးပင်အား ဆေးလုံးအဖြစ် သန့်စင်ခြင်းမပြုလျှင်တောင် တပည့်များ နားလည်နိုင်စွမ်းအတွက် အသုံးပြုနိုင်သည်။
အသုံးပြုသူအနေနှင့် ကောင်းကင်နှင့်မြေကြီးအကြားမှ တာအိုသဘောတရားအနည်းငယ်မျှ နားလည်နိုင်လျှင်ပင် ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့ဖြစ်ရာ နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ချမ်းသာမှုက စကားလုံးများဖြင့်ပင် ဖော်ပြနိုင်ခြင်း မရှိတော့ပေ။
လက်ရှိ သူတို့မြင်ရသလောက်ဆိုလျှင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် လူနေထိုင်ရာအိမ် (၁၀) လုံးမျှသာရှိ၏။
ယင်းက လူတစ်ယောက်ချင်းစီတိုင်းက အဆင့်(၈) စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ကိုယ်တိုင်အသုံးပြုနိုင်သည့် သဘောပင်။
ပုံမှန်ပျမ်းမျှအဆင့်ပါရမီရှိသူတစ်ယောက်ပင်လျှင် ထိုစိတ်ဝိညာဉ်ဆေးပင်များ အကူအညီဖြင့်ဆိုပါက အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသည်။
သို့သော် တစ်ဖက်တွင် ရွှမ်ယီ၏ တပည့်များဖြစ်သော ဒေါင်ရွှမ်၊ လီလန်နှင့် ဝေ့ယွမ်တို့အားလုံး အလွန်ပါရမီကောင်းကြသူများချည်းသာ။
သူတို့အားလုံး တာအိုအရှင်သခင်အဆင့်သို့ ရောက်ရုံသာမက တာအိုအရှင်သခင်အဆင့် အထွတ်အထိပ်သို့ပင် အလွယ်တကူရောက်သွားနိုင်သည်။
ထိုသို့ဖြစ်ရန် အချိန်တစ်ခုသာ လိုအပ်၏။
သူတို့မျက်စိရှေ့မှောက်မှ မြင်ကွင်းများကြောင့် မည်သည့်မြင့်မြတ်နယ်မြေမဆို ဆွဲဆောင်ခံရပေလိမ့်မည်။
သို့သော် သူတို့ရှေ့၌ရပ်နေသော ရွှမ်ယီ၏ ထူးမခြားနားသော အမူအရာကိုမြင်လျှင် မည်သူမှ စိတ်ထဲ၌ မကောင်းသော အတွေးများ မတွေးဝံ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ ပြောင်းလဲမှုများကို ရွှမ်ယီက လက်ဖျောက်တစ်ချက်တီးရုံနှင့် ဖန်တီးခဲ့သောကြောင့်ပင်။
သို့ဖြစ်ရာ ရွှမ်ယီ၌ ဖုံးကွယ်ထားသော ဝှက်ဖဲ မည်မျှကျန်သေးကြောင်း အတိအကျမသိဘဲ မည်သူမှ လောင်းကြေးမထပ်ဝံ့ကြချေ။
ထို့ကြောင့် ဖီးနစ်မီးတောက်အင်ပါယာက သတိပြန်ဝင်လာသည်နှင့် ချက်ချင်း အလျှော့ပေးတောင်းပန်လိုက်ခြင်းဖြစ်၏။
တစ်ဖက်တွင်မူ ကျန်လူများအားလုံးလည်း တွန့်ဆုတ်နေခြင်း အလျှင်းမရှိပေ။
တစ်ယောက်ပြီးတစ်ယောက် နက်နဲခြင်းအင်ပါယာဂိုဏ်းထံသို့ တန်ဖိုးကြီးမားသော လက်ဆောင်များပေးအပ်ရန် ကြေညာလိုက်ကြသည်။
ရွှမ်ယီက ၎င်းတို့၏ တုံ့ပြန်ခြင်းအပေါ် အံ့ဩသင့်ခြင်းမရှိသလို ဂရုလည်းမစိုက်ပေ။
၎င်းတို့ထဲမှ ဖီးနစ်မီးတောက်အင်ပါယာက အစောပိုင်းတွင် ဒေါင်ရွှမ်အား သူ့ထံမှ လုယူရန် ကြိုးစားခဲ့ပေသည်။
သို့သော် ထိုလူက အလွန်လျင်မြန်ပါးနပ်စွာဖြင့် ချက်ချင်းအလျှော့ပေးတောင်းပန်ခဲ့၏။ သို့ဖြစ်ရာ သူ့အနေဖြင့် ၎င်းအား ခက်ခဲအောင် မပြုလုပ်လိုတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ အဓိကပန်းတိုင်ကမူ ပြီးမြောက်သွားခဲ့ချေပြီ။
လူအများ၏ အံ့ဩသင့်မှု၊ လေးစားမှုများက ဂိုဏ်း၏ဂုဏ်သတင်းရမှတ်ကို အလွန်တိုးလာစေနိုင်စွမ်းရှိသည်။
အစောပိုင်း သူလက်တစ်ချက်ဝှေ့ယမ်းကာ နက်နဲခြင်းအင်ပါယာဂိုဏ်း အခြေစိုက်သည့်နယ်မြေတစ်ခုလုံး ပြောင်းလဲခဲ့သည့်မြင်ကွင်းကြောင့် ဂိုဏ်းဂုဏ်သတင်းရမှတ် (၁၉၀၀) အထိ ရောက်သွားခဲ့၏။
ထို့အပြင် ၎င်းက ဆက်လက်မြင့်တက်နေဆဲပင်။ ဂိုဏ်းဖွင့်ပွဲသို့ ရောက်လာသူများ ပြန်သွားသည့်အချိန်တွင်လည်း သတင်းက ထပ်မံပျံ့နှံ့သွားပြီး ဂိုဏ်းဂုဏ်သတင်းရမှတ်များ အလွန်တိုးလာပေလိမ့်မည်။
ထို့နောက် သူသာ တောင်ပိုင်းနယ်မြေမှ မဟာမူလကုန်းမြေနှင့် သန့်စင်ခြင်းမျှော်စင်ဌာနခွဲများအား ဖျက်ဆီးပစ်ပြီးလျှင် အလွန်များပြားသော ဂုဏ်သတင်းအမှတ်များ တိုးပွားလာမည်မှာ မလွဲဧကန်ပင်။
ထိုအခါ စနစ်မှတာဝန်လည်း ပြီးမြောက်သွားမည်ဖြစ်ပြီး ဂုဏ်သတင်းရမှတ်များလည်း ပိုလျှံနေပေလိမ့်မည်။
ထိုအခါ ယခင်တစ်ကြိမ်ကဲ့သို့ ကန့်သတ်ချက်ထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ခြင်းအတွက် ဆုလာဘ်ထပ်မံရရှိမည်ဖြစ်သည်။
ယခုလုပ်ဆောင်နေသည့် တာဝန်အတွက် ဆုလာဘ်က တာအိုအရှင်သခင်အဆင့်အထွတ်အထိပ်နှင့် ညီမျှသော တိုက်ခိုက်မှုဆိုသည်ကို မေ့ထား၍မရပေ။
သို့ဖြစ်ရာ ကန့်သတ်ချက်ထက် ကျော်လွန်သွားသော ဆုလာဘ်က မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
ရွှမ်ယီ ခေါင်းယမ်းလိုက်ရင်း မျှော်လင့်ချက်များစွာနှင့် အတွေးများအား ခေတ္တထိန်းချုပ်ထားလိုက်သည်။
ထို့နောက် အင်ပါယာအဆင့်ကျင့်ကြံသူအုပ်စုထံသို့ အကြည့်များကျရောက်သွားခဲ့ပြီး
“ နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်အနေနှင့် တကူးတကလာရောက်ဂုဏ်ပြုပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်… ပြီးတော့ အားလုံးကို အကူအညီတောင်းစရာ ကိစ္စလေးတစ်ခုရှိတယ်… ကျုပ်တို့ နက်နဲခြင်းအင်ပါယာဂိုဏ်းက မဟာပျက်စီးခြင်းနယ်မြေရဲ့အစပ်မှာ တည်ထောင်ထားတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ ပြန်သွားတဲ့အချိန်ကျရင် သတင်းတချို့ သယ်သွားပေးနိုင်မလား…”
ရွှမ်ယီ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်နေခဲ့သော်လည်း ကြားလိုက်ရသူတိုင်း နားထဲတွင် မိုးခြိမ်းသံများအလားပင်။
“ ကျုပ်တို့နက်နဲခြင်းအင်ပါယာဂိုဏ်းက လူသားမျိုးနွယ်မြင့်မြတ်နယ်မြေတစ်ခုပဲ… ဒါကြောင့်မို့လို့ ကျုပ်တို့အနေနဲ့ နတ်ဆိုးတွေကို တိုက်ခိုက်သွားပြီး လူသားမျိုးနွယ်နယ်မြေကို ကာကွယ်ပေးသွားမှာပါ… ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းက တောင်ပိုင်းကောင်းကင်တံခါးကို မပူးပေါင်းထားတာမို့လို့ ထုံးစံအတိုင်း တောင်ပိုင်းကောင်းကင်တံခါးက မြင့်မြတ်ခြင်းမဟာမိတ်အဖွဲ့နဲ့လည်း ဘာမှပတ်သက်နေမှာ မဟုတ်ဘူး… ဒါကြောင့်မို့ ခင်ဗျားတို့ပြန်ရောက်တဲ့အခါကျရင် သက်ဆိုင်ရာအကြီးအကဲတွေနဲ့ တပည့်တွေကို အကြောင်းကြားပေးပါ…”
ထိုနေရာအရောက်တွင် ရွှမ်ယီ၏ လေသံက အေးစက်သွားလေသည်။ သူ၏မျက်ဝန်းများက ဓားသွားများအလား ထက်မြိနေပြီး မည်သူမှ တိုက်ရိုက်ကြည့်ဝံ့ခြင်း မရှိချေ။
“ ခင်ဗျားတို့ အင်အားစုတွေနဲ့ ပတ်သက်တဲ့လူတွေ၊ လက်အောက်ငယ်သားတွေအားလုံးကို ထိန်းသိမ်းထားပေးပါ… ကျုပ်တို့ နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ တပည့်တွေကို ပြဿနာမရှာမိပါစေနဲ့…”
“ ဒီစကားတွေကို မှတ်ထားပါ… လုံးဝမမေ့ဖို့ ပြောချင်ပါတယ်…”
စကားဆုံးသည်နှင့် ရွှမ်ယီက ဆက်မနေတော့ပေ။ နောက်လှည့်ထွက်ခွာသွားတော့၏။
တစ်ဖက်တွင်မူ လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့်ကျန်ခဲ့ပြီး ရဲ့ချင်းစုန်က ထိုင်ခုံများ၌ထိုင်ရန် ဖိတ်ခေါ်လိုက်မှ ပြန်လည်သတိဝင်လာကြသည်။
….
ဂုဏ်ပြုရန် ရောက်ရှိလာခဲ့သော လူအုပ်ကြီး ပြန်သွားပြီး ရက်အနည်းငယ်ကြာပြီးနောက် ရွှမ်ယီမျှော်လင့်ထားသည့်အတိုင်း သတင်းများ ပျံ့နှံ့သွားခဲ့ပြီး ဂိုဏ်းဂုဏ်သတင်းအမှတ်များ တစ်ဖန်မြင့်တက်လာကာ (၂၂၀၀)အထိ ရောက်သွားလေသည်။
လက်တစ်ချက်ဝှေ့ယမ်းကာ မြင့်မြတ်နယ်မြေတစ်ခု ဖန်တီးခြင်းအကျိုးသက်ရောက်မှုက သူမျှော်လင့်ထားသည်ထက်ပင် ပို၍ကြီးမားနေသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်တန်း၏ ပြောင်းလဲခြင်းကို အာရုံစိုက်နေကြသော ပုံမှန်လူများနှင့် ဆန့်ကျင်စွာ သန့်စင်ခြင်းမျှော်စင်နှင့် မဟာမူလကုန်းမြေတို့ကမူ ကျန်ကိစ္စတစ်ခုပေါ်၌ အလေးအနက် အာရုံစိုက်နေခဲ့သည်။
တောင်ပိုင်းနယ်မြေသည် ကီလိုမီတာ သန်းပေါင်းရာနှင့်ချီ ကျယ်ဝန်းပြီး သန့်စင်ခြင်းမျှော်စင်ဌာနခွဲက ကောင်းကင်ကိုးကွေ့မြစ်၏အဆုံး တောင်ပိုင်းကောင်းကင်တံခါး အနောက်ဘက်အခြမ်းတွင် တည်ရှိသည်။
ထိုနေရာတွင် ကောင်းကင်ထက်မှ တိမ်များသို့ပင် ထိုးဖောက်ကာ အလွန်မြင့်မားသော မျှော်စင်ကြီးတစ်ခု ရှိနေ၏။ ၎င်း၏ ကိုယ်ထည်အကျယ်အဝန်းကပင် ကီလိုမီတာပေါင်း ထောင်နှင့်ချီ ကျယ်ပြန့်သည်။
၎င်းပတ်ဝန်းကျင်တွင် နိုင်ငံကြီး သုံးထောင်နှင့် မရေမတွက်နိုင်သော နိုင်ငံငယ်လေးများ ရှိနေ၏။
ထိုတိမ်များအကြားသို့ ထိုးဖောက်နေသည့် မျှော်စင်ကြီးကိုမူ မူလမျှော်စင်ဟုခေါ်သည်။
ကောင်းကင်ကိုးကွေ့မြစ်ကမ်းဘေးနှစ်ဖက်တွင် နေထိုင်ကြသော ကျင့်ကြံသူများ၏ အိပ်မက်မှာ တစ်နေ့တွင် ထိုမျှော်စင်ကြီးထံသို့ ဝင်ရောက်နိုင်ရန်ဖြစ်၏။
သူတို့အနေဖြင့် ပြင်ပတပည့်များ ဖြစ်ခွင့်ရလျှင်ပင် အလွန်ပျော်ရွှင်ကြပေလိမ့်မည်။
မူလမျှော်စင်ဆိုသည်မှာ သန့်စင်ခြင်းမျှော်စင်၏ တောင်ပိုင်းနယ်မြေမှ ဌာနခွဲဖြစ်သည်။ ၎င်း၏ သတ်မှတ်ချက်များ၊ တည်ဆောက်ထားသော ပုံစံများအားလုံး ပင်မဂိုဏ်းနှင့် အလုံးစုံနီးပါး ဆင်တူ၏။