← Chapters

အခန်း (၅၀၁)

Vol. 34 Ch. 501

အခန်း (၅၀၁)

Vol. 34 Ch. 501

မူလမျှော်စင်တွင် အဓိကခေါင်းဆောင်တစ်ယောက်၊ ဒုခေါင်းဆောင်သုံးယောက်နှင့် အကြီးအကဲကိုးယောက် ရှိကြသည်။

မူလမျှော်စင်၏ အလုံးစုံအမိန့်အာဏာက ၎င်းတို့လက်ထဲ၌ ရှိပေသည်။

အကြီးအကဲကိုးယောက်က ကောင်းကင်ပလ္လင်အဆင့် (စတုတ္ထအတိဒုက္ခအဆင့်) အင်ပါယာများဖြစ်ကြ၏။

ဒုခေါင်းဆောင်သုံးယောက်ကမူ ဆန်းကြယ်ပလ္လင်အဆင့်အင်ပါယာများ ဖြစ်ပေသည်။

အဓိကခေါင်းဆောင်၏ ကျင့်ကြံမှုက မြင့်မြတ်ပလ္လင်အဆင့် ( ဆဌမ အတိဒုက္ခ ) ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။

[ Note- အရှေ့အပိုင်းတွေမှာ ကျင့်ကြံဆင့်အဆင့်တွေလွဲနေပါတယ် ။ အဲ့တာနဲ့ ပတ်သက်ပြီး Noteကို Chapter-503မှာ ထည့်ပေးထားပါတယ်ခင်ဗျာ ]

ကောင်းကင်ကိုးကွေ့မြစ်ကမ်းနှစ်ဖက်ရှိ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ၎င်းတို့က အနှိုင်းမဲ့တန်ခိုးကြီးမားလှကာ ကောင်းကင်နတ်ဘုရားများအလားပင်။

ယခုအချိန်တွင် သူတို့အားလုံး မျက်နှာများ မှောင်မိုက်နေကြပြီး မျက်ဝန်းများက အလွန်လေးနက်နေကြသည်။

“ သူက တောင်ပိုင်းကောင်းကင်မြင့်မြတ်ခြင်းမဟာမိတ်နဲ့ မပေါင်းစည်းထားဘူးတဲ့လား...”

အကြီးအကဲတစ်ဦးက ရှေ့မှစားပွဲအား လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ နက်နဲခြင်းအင်ပါယာဂိုဏ်းက ကျုပ်တို့ကို ပစ်မှတ်ထားနေတာ လုံးဝသေချာတယ်…”

တောင်ပိုင်းကောင်းကင်တံခါး၌ရှိသော မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအားလုံး လူသားနယ်မြေကို နတ်ဆိုးများရန်မှ ကာကွယ်ရန် တာဝန်ရှိသည်။

ထို့အပြင် တောင်ပိုင်းကောင်းကင်တံခါးမှ မြင့်မြတ်နယ်မြေများ အချင်းချင်းပျက်စီးသည်အထိ မတိုက်ခိုက်ရဟူသော စည်းမျဉ်းက ရေးထိုးမှတ်တမ်းတင်ထားခြင်း မရှိသော်လည်း ယင်းက မှတ်တမ်းတင်မထားသည့် စည်းမျဉ်းတစ်ခုပမာ ဖြစ်တည်နေခဲ့သည်။

ထို့အပြင် သူတို့အား တောင်ပိုင်းကောင်းကင်မြင့်မြတ်ခြင်းမဟာမိတ်ဟု ခေါ်ဆိုကြ၏။

ယခုတွင် ရွှမ်ယီက ထိုစကားများအား ရှင်းလင်းစွာ ပြောကြားခဲ့သည်။

ရည်ရွယ်ချက်က အလွန်ထင်ရှားနေပြီဖြစ်၏။

သူက မဟာမူလကုန်းမြေနှင့် သန့်စင်ခြင်းမျှော်စင်တို့အား ပစ်မှတ်ထားနေသည်။

“ အဲဒါတင် မကသေးဘူး… ဒီကောင်လေးက အသက်ငယ်ပေမဲ့ ရက်စက်လွန်းတယ်… တချို့နတ်ဆိုးအိုကြီးတွေအောက် လုံးဝမလျော့ဘူး...”

မူလမျှော်စင်မှ မျှော်စင်သခင် အုံ့မှိုင်းနေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

“ စဉ်းစားကြည့်လိုက်မယ်ဆိုရင် ရွှမ်ယီရဲ့ စကားတွေက ငါတို့ကို စစ်ကြေညာနေရုံတင် မဟုတ်ဘူး… တခြားလူတွေကိုပါ အသိပေးလိုက်တာပဲ… မကြာမီ လာမယ့်တိုက်ပွဲမှာ အပြင်လူတွေ ဝင်ရှုပ်လို့မရဘူး… တကယ်လို့ ဝင်ရှုပ်ခဲ့မယ်ဆိုရင် သူတို့အင်အားစုတွေကို နက်နဲခြင်းအင်ပါယာဂိုဏ်းက တိုက်ခိုက်မယ်ဆိုတဲ့ သဘောပဲ...”

“ သူ ဒီလောက်တောင် တိုက်ချင်နေမှတော့ တိုက်ခိုက်ကြတာပေါ့… နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းကောင်းကင်တံခါးကို ဝင်မှမဝင်ရသေးတာ… ကျုပ်တို့ ဘာကြောက်နေကြမှာလဲ...”

ဒုမျှော်စင်သခင်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။

“ မျှော်စင်သခင် တွန့်ဆုတ်မနေတော့နဲ့… ဂိုဏ်းကို ချက်ချင်းစာပို့လိုက်ပါ… သူတော်စင်အဆင့်လက်နက်တစ်ခု တောင်းယူပြီးသွားရင် မဟာမူလကုန်းမြေနဲ့ ပူးပေါင်းကြမယ်… ကျုပ်တို့ဂိုဏ်းနှစ်ခု ပူးပေါင်းလိုက်ရင် သူတို့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး...”

မျှော်စင်သခင် အချိန်အတန်ကြာ တွေးတောပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့ မျက်ဝန်းများထဲ၌ ကူကယ်ရာမဲ့မှုများ ရှိနေ၏။

အကယ်၍ သူသာ နက်နဲခြင်းအင်ပါယာဂိုဏ်းအန္တရာယ်မှ ကာကွယ်ပြီး အနိုင်ယူနိုင်ခဲ့လျှင်ပင် နောက်ဆုံး၌ ပင်မဌာနချုပ်ထံတွင် အပြစ်တင်ခြင်း ခံရနိုင်သေးသည်။

သို့သော် လက်ရှိအချိန်တွင် ရွေးချယ်စရာက တစ်ခုတည်းသာ ရှိတော့၏။

“ ကောင်းပြီလေ… အဲ့လိုပဲ လုပ်ကြတာပေါ့...”

မျှော်စင်သခင် ဆုံးဖြတ်ချက်ချလိုက်ပြီး ပင်မဂိုဏ်းထံသို့ သတင်းပို့ရန် ပြင်လိုက်သည်။

သို့သော် သူ သတင်းမပို့ရသေးမီ မူလမျှော်စင်အပေါ်ဆုံးအထပ် တံခါးအား ဂိုဏ်းမှတပည့်တစ်ယောက်က ရုတ်တရက် တွန်းဖွင့်လိုက်၏။

“ ဒါ ဘယ်သူ့တပည့်လဲကွ… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယဉ်ကျေးမှုမရှိတာလဲ… ဒီနေရာကို မင်းဝင်လို့ရတဲ့နေရာ မှတ်နေတာလား...”

အကြီးအကဲတစ်ဦး ဒေါသတကြီးအော်ဟစ်လိုက်ပြီး တပည့်အား နှင်ထုတ်ရန် ပြင်လိုက်သည်။

သို့သော် အလျင်စလိုပြေးဝင်လာသော တပည့်က ထိတ်လန့်တကြား အော်ပြောလိုက်၏။

“ မျှော်စင်သခင် အရေးကြီးသတင်း တင်ပြစရာ ရှိပါတယ်… ခရမ်းတိမ်တောင်တန်းမှာရှိတဲ့ မဟာမူလကုန်းမြေဌာနခွဲကို နက်နဲခြင်းအင်ပါယာဂိုဏ်းက ဖျက်ဆီးလိုက်ပါပြီ...”

“ ဘာ...”

ထိုစကားအား ကြားလျှင် အခန်းတွင်းရှိ ခေါင်းဆောင်ပိုင်းများအားလုံး အံ့အားသင့်မှုများ ပြည့်နေသော မျက်ဝန်းများဖြင့် ဝုန်းခနဲ ထရပ်လိုက်ကြသည်။

သို့သော် သူတို့ ကြားလိုက်ရသော မဟာမူလကုန်းမြေဌာနခွဲ ဖျက်ဆီးခြင်းခံလိုက်ရသည့် သတင်းအား စိတ်တွင်း၌ မချေဖျက်နိုင်သေးမီ မူလမျှော်စင်ရှိရာသို့ ကောင်းကင်ဘုံကိုးခုအထက်မှ ဆင်းသက်လာသကဲ့သို့ အလွန်ပြင်းထန်သော အရှိန်အဝါကြီးတစ်ခု ကျဆင်းလာလေသည်။

အစိမ်းရောင်ထင်းရှူးကိုင်းမှနေ၍ အကန့်အသတ်မဲ့သော သူတော်စင်လက်နက်စွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားခဲ့၏။

ထိုအချိန်တွင် ကောင်းကင်ကိုးကွေ့မြစ်၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ကျင့်ကြံသူများအားလုံး ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဉ်ချီစွမ်းအင်များ ပါးလျသွားခြင်းကို သတိပြုမိလိုက်ကြပြီး မသိစိတ်အရ မူလမျှော်စင်ရှိရာဘက်သို့ လှည့်ကြည့်မိလိုက်ကြသည်။

ထိုအခါ လူတိုင်း မျက်စိမလွှဲနိုင်အောင် ဖြစ်သွားခဲ့ရ၏။

မူလမျှော်စင်အား ဗဟိုပြုပြီး ပတ်ဝန်းကျင် မိုင်ထောင်ချီအောင် အစိမ်းရောင်အလင်းများ ဖုံးလွှမ်းနေခဲ့ပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အလား ထင်မှတ်ရလောက်သည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသောအရာမှာ အစိမ်းရောင်အလင်းများ၏ အလယ်ဗဟို၌ ရှိနေသော အစိမ်းရောင် ထင်းရှူးကိုင်းကြီးတစ်ခုဖြစ်၏။ ၎င်း ပုံသဏ္ဌာန်က ကောင်းကင်ကြီးကို ထောက်ကန်ပေးထားသည့် တိုင်လုံးကြီးတစ်ခုအလားပင်။

မူလမျှော်စင်တစ်ခုလုံး တုန်ခါသွား၏။

ထို့နောက် အစီအရင်များ တစ်ခုပြီးတစ်ခု ဆင့်ကဲအသက်ဝင်လာလေသည်။

ကြောက်မက်ဖွယ် နတ်စွမ်းအားများ မြင့်တက်လာခဲ့ပြီးနောက် ရောင်စုံနတ်အလင်းတန်းများ ဖြစ်ပေါ်လာကာ မူလမျှော်စင်အထက်၌ ဧရာမရှေးဟောင်းဆေးမီးဖိုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဧရာမဆေးမီးဖိုကြီးအထက်တွင် တောင်တန်းများ၊ မြစ်များနှင့် ကြယ်တာရာများ ရေးထိုးထားပြီး နတ်ဘုရားသင်္ကေတများက တစ်ဖျတ်ဖျတ်တောက်ပနေ၏။

“ မူလမျှော်စင်ကို ကာကွယ်ကြ…”

မျှော်စင်ထိပ်ဆုံးထံမှ အင်ပါယာအဆင့်ကျင့်ကြံသူ (၁၃)ယောက်တို့ ကောင်းကင်ထက်သို့ ခုန်တက်လိုက်ကြပြီး ရှေးဟောင်းဆေးမီးဖိုကြီးပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။

သို့သော် သူတို့နှလုံးသားထဲတွင်မူ သိပ်ပြီး ယုံကြည်မှု မရှိကြချေ။

“ ဘယ်သူလဲကွ… အကြောင်းအရင်းမရှိဘဲ မူလမျှော်စင်ကို ဘာလို့လာပြီး တိုက်ခိုက်တာလဲ… ငါတို့ မူလမျှော်စင်က သန့်စင်ခြင်းမျှော်စင်ရဲ့ ဌာနခွဲတစ်ခုဆိုတာ မသိဘူးလား...”

ယခုအချိန်ထိ မူလမျှော်စင်မှ ကျင့်ကြံသူအများစု ၎င်းတို့အား မည်သူက လာရောက်တိုက်ခိုက်သည်ကို မသိကြသေးပေ။

ဤသို့ဖြင့် ကောင်းကင်သို့ မော့ကြည့်ရင်း ဒေါသတကြီး အော်ဟစ်နေခဲ့ကြသည်။

“ အဲဒါ မူလမျှော်စင်မှာ တိုက်ပွဲဖြစ်နေတာလား...”

ကောင်းကင်ကိုးကွေ့မြစ်ကမ်းဘက်မှ ကြည့်နေကြသော ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြ၏။

မူလမျှော်စင်မှ ထွက်ပေါ်နေသော ရှေးဟောင်းဆေးမီးဖိုကြီးပုံရိပ်က နတ်စွမ်းအားအရိပ်အယောင်ထင်ခြင်းမျှသာ ဖြစ်သော်လည်း လူတိုင်းကို စေ့စေ့မကြည့်နိုင်လောက်အောင် ဖြစ်စေသည်။

ယင်းက သန့်စင်ခြင်းမျှော်စင်ရှိ သူတော်စင်အဆင့်တစ်၀က်အဆင့် လက်နက်များထဲမှ တစ်ခုဖြစ်သည်။

ထို့အပြင် မူလမျှော်စင်မှ အကာအကွယ်အစီအရင်ကိုလည်း ထိုသူတော်စင်တစ်၀က်လက်နက်မှတစ်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

ထိုအစီအရင်ဖြင့် သူတော်စင်တစ်၀က်လက်နက်၏ စွမ်းအားကို ထုတ်ယူအသုံးပြုနိုင်စွမ်းရှိသည်။

တစ်ချက်ထိခတ်ရုံမျှဖြင့် ကောင်းကင်ပလ္လင်အဆင့်ကျင့်ကြံသူများ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကာ ဆန်းကြယ်ပလ္လင်အဆင့်အင်ပါယာများပင် နောက်သို့ပြန်ဆုတ်သွားရပေလိမ့်မည်။

သို့သော် အစိမ်းရောင်ထင်းရှူးကိုင်းကြီး၏ရှေ့တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဆေးမီးဖိုကြီးက လှိုင်းထန်နေသော ပင်လယ်ကြားမှ လှေငယ်လေးတစ်စင်းပမာ ဖြစ်နေခဲ့ရသည်။

မုန်တိုင်းအကြား၌ လွင့်ပါနေသည့်အလား ဘယ်ညာယိမ်းထိုးနေ၏။

“ နက်နဲခြင်းအင်ပါယာဂိုဏ်း...”

မျှော်စင်သခင် အံကြိတ်လိုက်၏။

ရွှမ်ယီ သူတို့ထံသို့ ဤမျှလျင်မြန်စွာ လာရောက်တိုက်ခိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

All Chapters