← Chapters

အခန်း (၅၀၂)

Vol. 34 Ch. 502

အခန်း (၅၀၂)

Vol. 34 Ch. 502

ထို့အပြင် သူ့အား ထိတ်လန့်သွားစေသောအရာမှာ ဤမတိုင်ခင် တပည့်တစ်ဦး လာပို့ခဲ့သော သတင်းဖြစ်ပေသည်။

တောင်ပိုင်းနယ်မြေမှ မဟာမူလကုန်းမြေဌာနခွဲ၏ ကာကွယ်ရေးစနစ်မှာ သူတို့မူလမျှော်စင်ထက် အားကောင်းသည်။

ထိုကိစ္စများကို အပြင်လူများက သေသေချာချာ မသိကြသော်လည်း မဟာမူလကုန်းမြေ၏ မဟာမိတ်ဖြစ်သော မူလမျှော်စင်မှ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူက အားလုံးသိရှိထားသည်။

ခရမ်းတိမ်တောင်တန်းခေါင်းဆောင်က လွန်ခဲ့သော နှစ်(၁၀၀၀) ခန့်ကတည်းက မြင့်မြတ်ပလ္လင်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူက အမြဲတမ်း သိုဝှက်ထားခဲ့၏။

ထိုအချက်နှင့်ပတ်သက်ပြီး မဟာမူလကုန်းမြေပင်မဂိုဏ်းကြီးက ၎င်းတို့၏ သူတော်စင်လက်နက်တစ်ခုဖြစ်သော နတ်ဘုရားအလင်းဆီးလ်ကို လွန်ခဲ့သော နှစ်(၁၀၀၀)က ဌာနခွဲထံသို့ အထူးပေးအပ်ခဲ့သည်။

၎င်းတို့က ယခုနှစ် ဆောင်းဦးအမဲလိုက်ပွဲတွင် ဂုဏ်သတင်းတိုးမြင့်လာစေရန်အတွက် ထိုသူတော်စင်လက်နက်အား အသုံးပြုရန် စီစဉ်ထားခဲ့ကြ၏။

သို့သော် ယခုတွင် အခြေအနေက မည်သို့နည်း…?

ဝုန်း...

ရုတ်တရက် မူလမျှော်စင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ထို့နောက် အစိမ်းရောင်ထင်းရှူးကိုင်းကြီး နံဘေးတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။

၎င်းတို့က ရွှမ်ယီနှင့် ရဲ့ချင်းစုန်တို့ ဖြစ်ကြပြီး ပတ်ဝန်းကျင်မှ ဖုန်မှုန့်များ၊ အညစ်အကြေးများ သူတို့အနားသို့ တစ်လက်မမျှ တိုးကပ်နိုင်ခြင်းမရှိပေ။

သို့သော် တစ်ဖက်တွင်မူ ရွှမ်ယီထွက်ပေါ်လာသည်နှင့် မူလမျှော်စင်သခင်၏ နောက်ဆုံးမျှော်လင့်ချက်များအားလုံး ပြိုလဲသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ၏ခါး၌ ချိတ်ထားသော ခရမ်းရောင် ဆီးလ်တံဆိပ်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။

ယင်းက ခရမ်းတိမ်တောင်တန်းကို အကာအကွယ်ပေးထားသည့် သူတော်စင်လက်နက်မှတစ်ပါး တခြားမဟုတ်ချေ။

“ ဂိုဏ်းချုပ်ရွှမ်... ကျုပ်တို့မူလမျှော်စင်က တာအိုအရင်းအမြစ်ဂျင် (၁)သောင်း ၊ တာအိုလက်နက် (၇)ခု၊ အဆင့်(၇) မှော်ဆေးလုံးသုံးလုံးနဲ့ အဆင့်(၆) မှော်ဆေးအလုံး(၃၀၀)တို့ကို လျော်ကြေးအဖြစ် ပေးလိုပါတယ်… ကျေးဇူးပြုပြီး ကျုပ်တို့မူလမျှော်စင်ကို တစ်ကြိမ်လောက် ချမ်းသာပေးပါ...”

မျှော်စင်သခင် အံကြိတ်လိုက်၏။

ရွှမ်ယီ၏ ခါးမှ ခရမ်းရောင်စည်းတံဆိပ်ကို မြင်ကတည်းက တိုက်ပွဲအဖြေကို သူသိလိုက်ချေပြီ။

သူတို့အနေဖြင့် မည်သို့မှ ခုခံနိုင်တော့မည် မဟုတ်ပေ။

သူတော်စင်အဆင့်လက်နက် အကာအကွယ်ရှိသော ခရမ်းတိမ်တောင်တန်းပင်လျှင် ပျက်စီးသွားခဲ့ရသည်။

သူတို့မူလမျှော်စင်မှ အကာအကွယ်က သူတော်စင်တစ်ဝက်အဆင့် လက်နက်မျှသာဖြစ်၏။

သို့ဖြစ်ရာ နက်နဲခြင်းအင်ပါယာဂိုဏ်း၏ တိုက်ခိုက်မှုကို မည်သို့တားဆီးနိုင်လိမ့်မည်နည်း။

“ မျှော်စင်သခင်...”

သို့သော် မူလမျှော်စင်မှ ကျင့်ကြံသူအများစုကမူ လက်ရှိပြဿနာ၏ နက်ရှိုင်းမှုကို မသိကြသေးပေ။

လူတိုင်း မျှော်စင်သခင်အား အံ့ဩမှုနှင့် ထိတ်လန့်မှု ရောယှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ကြသည်။

သူတို့ခေါင်းဆောင် မည်သည့်အရာများ ပြုလုပ်နေကြောင်း သူတို့နားမလည်နိုင်ကြချေ။

တစ်ဖက်တွင် ရွှမ်ယီကမူ မျှော်စင်သခင်အား လုံးဝလျစ်လျူရှုထားခဲ့သည်။

သူ့ အကြည့်များက တည်ငြိမ်နေဆဲဖြစ်ပြီး အေးစက်စွာ ပြောလိုက်၏။

“ ဆက်လုပ်...”

ဝုန်း...

ရဲ့ချင်းစုန် လှုပ်ရှားလိုက်သည်။

အစိမ်းရောင်ထင်းရှူးကိုင်းကြီး တုန်ခါသွားပြီး ကြောက်မက်ဖွယ် နတ်တန်ခိုးစွမ်းအင်များ လှိုင်းလုံးကြီးပမာ တစ်လုံးပြီးတစ်လုံး ဆင့်ကဲထွက်ပေါ်လာ၏။

ထို့နောက် ပြင်းထန်သော စွမ်းအားများနှင့် တောက်ပသော နတ်အလင်းများ မူလမျှော်စင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားလေသည်။

“ ချီးပဲ… တိုက်ကြ…”

မူလမျှော်စင်မှခေါင်းဆောင်ပိုင်းများ ဟစ်ကြွေးလိုက်ကြပြီး ထာ၀ရနတ်ဘုရားစင်မြင့်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။

ထိုက်နောက် ရှေးဟောင်းဆေးမီးဖိုကြီးနှင့်ပေါင်းစပ်သွားပြီး ပို၍ စွမ်အားမြင့်တက်လာခဲ့၏။

အုန်း…

ရှေးဟောင်းဆေးမီးဖိုကြီးနှင့် အစိမ်းရောင်ထင်းရှူးကိုင်းမှ ထွက်ပေါ်လာသောစွမ်းအားများ အချင်းချင်း ထိတွေ့သွားကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းဆေးမီးဖိုကြီး တစ်ခဏမျှသာ ခုခံနိုင်ခဲ့၏။

ဝုန်း…

အင်ပါယာအဆင့်ကျင့်ကြံသူ(၉)ယောက်တို့၏ အရှိန်အဝါများ ထိုးကျသွားလေသည်။

ထို့နောက် ထာ၀ရနတ်ဘုရားစင်မြင့်များ၌ အက်ကြောင်းများဖြစ်ပေါ်လာကာ ပေါက်ကွဲသွားတော့၏။

“ ပြေးကြ…”

ရဲ့ချင်းစုန်စတင်လှုပ်ရှားလိုက်ကတည်းက သူတို့ကာကွယ်နိုင်မည်မဟုတ်ကြောင်း ခန့်မှန်းထားခဲ့ပြီးသားပင်။

ဂိုဏ်းထံမှ တပည့်များကိုပင် ဂရုမစိုက်နိုင်ကြတော့ချေ။

မျှော်စင်သခင်၏ ထာ၀ရနတ်ဘုရားပလ္လင်အထက်မှ နတ်ဘုရားအမှတ်အသား(၅)ခုလုံး လင်းလက်လာပြီး ကြောက်မက်ဖွယ်စွမ်းအားတစ်ခု တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။

ထို့နောက် အရှိန်အမြင့်ဆုံးတင်လျက် အလင်းတန်းတစ်ခုအလားပြောင်းလဲကာ အဝေးသို့ ထွက်ပြေးတော့၏။

ခေါင်းဆောင်ထွက်ပြေးသွားပြီဖြစ်ရာ ‌ဒုမျှော်စင်သခင်များလည်း ဆက်လက်ခုခံရန် သတ္တိမရှိတော့ချေ။

တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးရန် ကြိုးစားကြတော့၏။

သို့သော်…

“ ခင်ဗျားတို့ လွတ်မယ်ထင်နေတာလား…”

ရွှမ်ယီ၏ အေးစက်သော စကားသံနှင့်အတူ မိုးခြိမ်းသံကဲ့သို့ ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ညာလက်အား အသာအယာလက်ဝှေ့ယမ်းလိုက်ပြီး အရှေ့ဘက်မှ လေဟာနယ်ကို ခွဲချလိုက်၏။ ကြက်သွေးရောင် ဓား(၇)ချောင်းက ထို အက်ကြောင်းအတွင်း လျင်မြန်စွာ တိုး၀င်သွားလေသည်။

၎င်းတို့က မူလမျှော်စင်မှ အဓိကခေါင်းဆောင် (၄)ယောက်နောက် လိုက်သွားကြခြင်းဖြစ်၏။

ရွှပ်.. ရွှပ်.. ရွှပ်.. ရွှပ်…

ကောင်းကင်ထက်၌ သွေးတန်း(၄)ခု ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းတွင်…

ရဲ့ချင်းစုန်ရှေ့မှ ဧရာမအစိမ်းရောင် ထင်းရှူးကိုင်းကြီးက မူလ အရွယ်အစားသို့ ပြန်ပြောင်းသွားပြီး လက်အတွင်းသို့ ရောက်ရှိသွား၏။

ထို့နောက် ၎င်းအား အသာအယာ ဝှေ့ယမ်းလိုက်သည်။

ဘုန်း…

ကမ္ဘာမြေတစ်ခွင်သို့ ကြောက်မက်ဖွယ် မုန်တိုင်းကြီး တိုက်ခတ်လာသည့်အလားပင်။

ကောင်းကင်ကိုးကွေ့မြစ်ဒေသ၌ နှစ်ပေါင်း ထောင် ၊ သောင်းချီ တည်ရှိနေခဲ့သော တိမ်များအကြား တိုး၀င်နေသည့် ဧရာမ မဟာမျှော်စင်ကြီး…

အသာအယာ ထိတွေ့မှုလေးတစ်ခုအောက်၌ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

“ ဒင်…!”

“ ကောင်းကင်ကိုးပါးကို လှုပ်ခါစေခြင်း(၃) တာ၀န် ပြီးမြောက်သွားပါပြီ…”

“ တာ၀န် ဆုလာဘ်များ ထုတ်ပေးလိုက်ပါပြီ…”

“ နတ်ဘုရားစွမ်းရည်ခန်းမကို စနစ်သိုလှောင်ခန်းမှာ ခေတ္တသိမ်းဆည်းထားပါတယ်… ဂိုဏ်းကို ပြန်ရောက်မှ စိတ်ကြိုက်နေရာချပါ…”

“ ဒင်…! တာ၀န်ကို ပြီးပြည့်စုံစွာ ပြီးမြောက်ခဲ့တဲ့အတွက် အပိုဆုလာဘ်များ ထုတ်ပေးလိုက်ပါတယ်…”

“ ဒင်…! တာအိုအရင်းအမြစ် ဂျင်(၅)သိန်း လက်ခံရရှိပြီး စနစ်သိုလှောင်ခန်းအတွင်း သိမ်းထားလိုက်ပါပြီ…”

“ ဒင်…! အင်ပါယာအဆင့်အတွက် တပည့်များလေးကျင့်ရေး လက်ဆောင်ထုပ် (၁၀)ခု လက်ခံရရှိပြီး စနစ်သိုလှောင်ခန်းအတွင်း သိမ်းထားလိုက်ပါပြီ…”

“ ဒင်…! သူတော်စင်အဆင့် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို လက်ခံရရှိပါတယ်…”

ရွှမ်ယီ မျက်၀န်းများတောက်ပသွားပြီး မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူ့အား ပြုံးသွားစေသောအရာမှာ တခြားမဟုတ်ပေ။ သူတော်စင်အဆင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ဖြစ်၏။

ဤအစီအရင်ကြီးရှေ့မှောက်တွင် တာအိုအရှင်သခင့်အဆင့်ကျင့်ကြံသူများပင် မည့်သည့်အရာမှ လုပ်နိုင်မည်မဟုတ်ပေ။

သူ၏ ရန်သူ မြင့်မြတ်နယ်မြေ(၃)ခု မဆိုထားနှင့် ၊ တောင်ပိုင်းနယ်မြေမှ နတ်ဆိုးမျိုးနွယ်(၃၆)ခု လာရောက်တိုက်ခိုက်လျှင်ပင် ၎င်းတို့အတွက် အဖြေတစ်ခုတည်းသာရှိ၏။

ယင်းက သေခြင်းတရားပင်။

….

မဟာပျက်စီးခြင်းနယ်မြေ၏ အဆုံးတွင် နေ့ ည မပြတ် မြူခိုးများ ဖုံးလွှမ်းနေသည့် မြင့်မားသော တောင်တစ်လုံး ခမ်းနားစွာရှိနေခဲ့သည်။

ထိုကဲ့သို့ မြူခိုးများ ဖုံးလွှမ်းနေခြင်းမှာ စိတ်ဝိညာဉ်စွမ်းအင်များ လွန်ကဲစွာ ပြည့်၀နေမှသာ ဖြစ်ပေါ်လာတတ်သော လက္ခဏာမျိုးဖြစ်၏။

တောင်ပေါ်သို့ မတက်ရသေးဘဲ မိုင်ထောင်ပေါင်းများစွာ အကွာမှ ကြည့်လျှင်ပင် ထိုမြင်ကွင်းက လူတစ်ယောက်၏ နှလုံးသားကို စွဲလမ်းသွားစေနိုင်သည်။

ထို့အပြင် ယင်းနေရာက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်အကြားမှ ရှေ့တန်းစစ်မျက်နှာပြင်လည်းဖြစ်၏။

မဟာပျက်စီးခြင်းနယ်မြေ၏ အဆုံးတွင် ဂိုဏ်းတစ်ခုတည်ထောင်ရဲသော အင်အားစု တစ်ခုတည်းသာရှိသည်။

နက်နဲခြင်း အင်ပါယာဂိုဏ်း ၊ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်…

ထိုအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်နှင့် မိုင်ထောင်ချီဝေးသော နေရာ၌ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ မျက်၀န်းများက အလွန်နက်ရှိုင်းလွန်းလှပြီး မိုင်ထောင်ချီကွာဝေးသောနေရာမှ သတ္တဝါများအားလုံး၏ လျှို့ဝှက်ချက်များကို ဖောက်မြင်နိုင်သည့်အလားပင်။

All Chapters