အခန်း (၅၀၃)
Vol. 34 Ch. 503
လက်ရှိအချိန်တွင် မဟာပျက်စီးခြင်းနယ်မြေ၌ နေထိုင်သော သားရဲများ ဖြစ်စေ ၊ လူသားများဖြစ်စေ ၊ နတ်ဆိုးများဖြစ်စေ
၎င်းတို့ အားလုံး၏ ကျင့်ကြံဆင့် နှင့် ပုံသဏ္ဍာန် ထိုမျှ မကသေးဘဲ အသိစိတ်ပင်လယ်အထိ ထို ထူးဆန်းသော ပုဂ္ဂိုလ်၏ မျက်၀န်းများအတွင်း ထင်ဟပ်နေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ် မြင်နိုင်စွမ်းက အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူများထံ၌သာရှိ၏။
[ Note - ဘာသာပြန်ရတာမှာ အခက်အခဲတစ်ချို့ရှိတဲ့အတွက် အရှေ့ပိုင်းမှာ ကျင့်ကြံမှုအဆင့်တွေသုံးတာ မှားယွင်းသွားပါတယ်။ Eng ဘာသာပြန်က အစပိုင်းမှာ အင်ပါယာအဆင့်ကို (၇)ဆင့် အသေချာ ရေးပြခဲ့ပေမယ့် အဲ့တာပြီးကတည်းက အဲ့အသုံးအနှုန်းတွေ ထပ်မပါတော့ပါ။ စာလုံးအသစ်တွေနဲ့ ရေးချင်သလိုပြောင်းရေးထားတာမို့ ကျနော်လည်း အဆင်ပြေအောင် ကြိုးစားပြီး ရှေ့က နာမည်တွေအတိုင်းပဲ လူတွေ ဖတ်ရမခက်အောင် ရေးပေးခဲ့ပါတယ် ။ Saint Emperor , Sage Emperor အစုံပါဘဲခင်ဗျာ , Profound Emperor ကတော့ အဆင့်(၅)ပါ ၊ ဂိုဏ်းဖွင့်ပွဲလာတဲ့ လူတွေလည်း အဆင့် (၅) လောက်မှာပဲရှိမှာပါ တချို့လောက်ပဲ (၆) ပါ ၊ အဆင့်(၇) အန္တိမအင်ပါ မဟုတ်ပါဘူးခင်ဗျာ။ မှားယွင်းဘာသာပြန်မှုအတွက် တောင်းပန်ပါတယ်။
အဆင့်နာမည်တွေက ခနခနပြောင်းနေတာမို့ပါ ။ ကျန်တာက ရှင်းပါတယ် အင်ပါယာအဆင့် (၅) (၆) (၇)မှာတိုင်ပတ်နေတာ ၊ အဲ့တာအပြင် ဂိုဏ်းနာမည်တွေကလည်း တချို့ဆို ပြောင်းပြောင်းသွားပါသေးတယ် ၊ အကောင်းဆုံးကြိုးစားပြီး ဖတ်ရမခက်အောင် ရေးပေးထားတာမို့ အဆင့်တွေ ပြန်ပြင်တာအပေါ် နားလည်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ )
ထူးဆန်းသော ပုဂ္ဂိုလ် မဟာပျက်စီးခြင်းနယ်မြေ အဆုံးသို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်ပြိုလဲခြင်းတောင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ထိုနေရာမှ အလွန်တောက်ပနေသော (၇)ရောင်ခြယ်အလင်းကြောင့် မျက်၀န်းထဲ၌ ဒေါသအခိုးအငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
“ နက်နဲခြင်းအင်ပါယာဂိုဏ်း… တောင်ပိုင်းနယ်မြေမှာ ဒီ ဂိုဏ်းအသစ် ဘယ်တုန်းက ပေါ်လာတာလဲ… ငါနှစ်သက်တဲ့ ဆက်ခံသူကိုတောင် ခေါ်သွားရဲတယ်…”
ထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသော စကားသံက တိုးညှင်းသော်လည်း ဖုံးကွယ်မရသော ဒေါသအငွေ့အသက်များ ပါ၀င်နေခဲ့သည်။
ထိုစကားသံကြောင့် ပတ်၀န်းကျင်မှ လေဟာနယ်ပင် တစ်ဂျိန်းဂျိန်းမြည်သွားခဲ့ပြီး အောက်ဘက်မှ သားရဲများလည်း မသိစိတ်အရ ခေါင်းငုံ့မိလိုက်ကြ၏။
ထို့နောက် ရှိသမျှ သတ္တိစုစည်းကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်လျှင် ဆန်းကျယ်သော ပုဂ္ဂိုလ်မရှိတော့ဘဲ ထိုနေရာ၌ သေးငယ်သော အလင်းစက်လေးတစ်ခုသာ ကျန်နေရစ်ခဲ့သည်။
ရွှစ်.. ဝှစ်...
ဆန်းကျယ်သော ပုဂ္ဂိုလ်ကမူ ကောင်းကင်ပြိုလဲခြင်းတောင်သို့ ဦးတည်လျက် လျင်မြန်စွာသွားနေ၏။
သို့သော် သူရပ်တန့်ခဲ့သော နေရာ၌မူ တစ်စုံတစ်ရာကို သတိထားခဲ့မိဟန်တူသည့် အနီးပတ်၀န်းကျင်ရှိ မျိုးနွယ်စုကြီးတစ်ခုမှ ဘိုးဘေးတစ်ဦး ရောက်ရှိလာသည်။
သူက တစ်စုံတစ်ခုကို အတည်ပြုရန် ရောက်လာခြင်းဖြစ်၏။
သူက နှစ်ပေါင်း(၃)သိန်းနီးပါး ရှင်သန်နေထိုင်ခဲ့ပြီးဖြစ်ကာ ဆန်းကျယ်သော ပုဂ္ဂိုလ်ချန်ထားခဲ့သည့် လှုပ်ခတ်မှုလေးမှတစ်ဆင့် ရင်းနှီးသလိုခံစားရသောကြောင့် ရောက်လာခြင်းဖြစ်သည်။
လျှို့ဝှက်ဆန်းကျယ်စွာ တောက်ပနေသော အလင်းစက်လေးအား အသေအချာ စိုက်ကြည့်ရင်း မျက်နှာထက်၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။
အလင်းစက်လေးက မှိန်ဖျော့နေသော်လည်း သူ အသေအချာမြင်နိုင်ဆဲပင်။
၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုဖြစ်သည်။
အလွန်ခိုင်ခံ့သော လေဟာနယ်ဥပဒေသများရှိနေသည့် အရှေ့ပိုင်းတိုက်ကြီး၌ပင် ထိုအစီအရင်က လူများကို ကီလိုမီတာ ရာနှင့်ချီပို့ဆောင်ပေးနိုင်စွမ်းရှိ၏။
သို့ရာတွင် သက်ရှိရုပ်ကြွင်းတစ်ခုအဖြစ် ယူဆနိုင်သော အဘိုးအိုအား အမှန်တကယ် ထိတ်လန့်စေသည့်အရာမှာ အစီအရင်၏ အကျိုးသက်ရောက်မှုမဟုတ်ပေ။ ၎င်းအား ဖန်တီးသော နည်းလမ်းဖြစ်၏။
နှစ်ပေါင်း(၃)သိန်းအတွင်း ထိုသို့ပြုလုပ်နိုင်သူ တစ်ယောက်သာ သူ မြင်ဖူးခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း(၂)သိန်းခန့်တွင် ဆန်းကြယ်သော အမွေအနှစ်တစ်ခုကြောင့် တောင်ပိုင်းကောင်းကင်တံခါးမှ မြင့်မြတ်နယ်မြေများအကြား ကြီးမားသော ပဋိပက္ခတစ်ခုဖြစ်ပွားခဲ့၏။
တစ်ဖက်တွင် နတ်ဆိုးများက ထိုအခြေအနေကို အခွင့်ကောင်းယူလျှက် အလုံးအရင်းတိုက်ခိုက်ခဲ့ရာ လူသားများ နောက်သို့ ဆုတ်ပြီးရင်း ဆုတ်ခဲ့ရသည်။
လူသားမျိုးနွယ်မှ မိသားစုများ ၊ အင်အားစုများ စုစုပေါင်း(၁)သောင်းကျော် သိမ်းပိုက်ထားခဲ့သည့် မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံး ရှင်းလင်းခံရလုနီးပါး အခြေအနေသို့ ရောက်သွားခဲ့၏။
မဟာပျက်စီးခြင်းနယ်မြေတစ်လျှောက် အလောင်းများတောင်လိုပုံပြီး ၊ သွေးမြစ်များစီးသွားခဲ့သည်။
ထိုအခြေအနေတွင် တောင်ပိုင်းကောင်းကင်တံခါးမှ ခေါင်းဆောင်များလည်း ဖြစ်ပွားနေသော ပဋိပက္ခများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိချေ။
ထိုအချိန်တွင် အန္တိမအင်ပါယာတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး သတ်ဖြတ်ခြင်းအစီအရင်(၉)ခု တစ်ပြိုင်နက်တည်း ခင်းကျင်းလိုက်သည်။
မဟာပျက်စီးခြင်းနယ်မြေသို့ ကျူးကျော်တိုက်ခိုက်လာသော နတ်ဆိုးစစ်သည် (၁)သိန်းကျော် ချက်ချင်းအသတ်ခံခဲ့ရ၏။
ထို့အပြင် သူက ဆန်းကျယ်သော တည်နေရာဖြတ်ကျော်ခြင်းအစီအရင် (၁၈)ခု တည်ဆောက်ခဲ့ပြီး တောင်ပိုင်းကောင်းကင်တံခါးမှ အတွင်းရေး ပြသနာများကို ငြိမ်သက်စေကာ လူသားတပ်ဖွဲ့ကြီးအား ဦးဆောင်လျက် နတ်ဆိုးမျိုးနွယ်၏ ကျူးကျော်မှုကို ရပ်တန့်စေခဲ့ပြီး တောင်ပိုင်းနယ်မြေမှ လူသားများအား ကပ်ဘေးအတွင်းမှ ကယ်တင်ပေးခဲ့သည်။
ထို့နောက် စစ်ပွဲပြီးဆုံးချိန်တွင် တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီး သူ့အကြောင်းကမူ တောင်ပိုင်းနယ်မြေ၌ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကာ ဒဏ္ဍာရီတစ်ပုဒ်အဖြစ်ပမာ ကျန်ရစ်ခဲ့တော့၏။
ယခု ရောက်ရှိလာသော သက်ရှိရုပ်ကြွင်း အဘိုးအိုကမူ ထိုအချိန်တုန်းက လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ပြီး စစ်ပွဲ၌ပါ၀င်ခဲ့ဖူးသည်။
ထို့အပြင် တာအိုအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သော တည်နေရာဖြတ်ကျော်ခြင်း အစီအရင်ကိုလည်း အသေအချာမြင်တွေ့ခဲ့ဖူး၏။
ယခု သူ့ရှေ့မှ တည်နေရာကူးပြောင်းခြင်းအစီအရင်က တစ်ကြိမ်သုံးမျှသာဖြစ်ပြီး ထည့်သွင်းထားသော ရုန်းက သုံးပြီးသည်နှင့် ပျက်စီးသွားချေပြီ။
သို့သော် ကြွင်းကျန်ရစ်ခဲ့သော ရုန်းအားကြည့်ရသည်မှာ ထိုအချိန်တုန်းကနှင့် အလွန်ဆင်တူပြီး အဲ့တုန်းကထက် ပို၍ပင် အဆင့်မြင့်နေနိုင်သည်။
“ အဲ့တုန်းက အန္တိမအင်ပါယာက အခုထိအသက်ရှင်လျက်ရှိနေသေးတာလား...?”
အဘိုးအို ပတ်၀န်းကျင်သို့ လှည့်ပတ်ကာ ရှာဖွေကြည့်လိုက်၏။
သို့သော် ဆန်းကျယ်သော ပုဂ္ဂိုလ်ကမူ အဝေးသို့ ရောက်သွားပြီဖြစ်ရာ ရှာမတွေ့တော့ချေ။
….
ထိုအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ လေထုက အတန်ငယ်ထူးဆန်းနေခဲ့သည်။
“ ဒါက စီနီယာ ရဲ့ လက်ခံခဲ့တဲ့ တပည့်ပေါ့...”
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင်...
ရဲ့ချင်းစုန်နောက်၌ ရပ်နေသော မိန်းကလေးအား ကြည့်ရင်း ရွှမ်ယီ ထူးဆန်းသော အမူအရာနှင့် မေးလိုက်သည်။
ရှက်ရွံ့နေဟန်ရသော မိန်းကလေးက တိုက်ရိုက်ပြန်မဖြေပဲ ရဲ့ချင်းစုန်အား မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်လိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်
မူလမျှော်စင်အား ဖျက်ဆီးပြီးချိန်တွင် စနစ်ထံမှ ဆုလာဘ်အဖြစ်ရရှိခဲ့သည့် မဟာကောင်းကင်ကြယ်စင်စု အစီအရင်အား လေ့လာရန်အတွက် ရွှမ်ယီ ထိုနေရာ၌ ကျန်နေရစ်ခဲ့သည်။
တစ်ဖက်တွင် ရဲ့ချင်းစုန်ကိုမူ ဂိုဏ်းသို့ ရှေ့မှ ပြန်စေခဲ့၏။
ထိုအချိန်အတွင်း ရဲ့ချင်းစုန် တပည့်တစ်ယောက် ကောက်ခါငင်ကာခေါ်လာလိမ့်မည်ဟု ရွှမ်ယီ လုံး၀ မမျှော်လင့်ထားခဲ့ပေ။
လီလန်နှင့် ဒေါင်ရွှမ်တို့ နှစ်ယောက်ပင် အံ့အားသင့်သွားခဲ့ကြ၏။
အဘယ်ကြောင့်ဆို့သော် သူမတို့ အမြင်တွင် ရဲ့ချင်းစုန်က တစ်သီးတစ်ခြားနေတတ်ကာ လောကကြီးအပေါ် စိတ်မ၀င်စားသူတစ်ဦးပမာ ဖြစ်နေသောကြောင့်ပင်။
သို့သော် ဂိုဏ်းချုပ်နှင့် တောင်အောက်ဆင်းသွားသော တစ်ခဏအတွင်း သူမတို့အတွက် ဂျူနီယာညီမလေးတစ်ဦး ခေါ်ဆောင်လာခဲ့သည်။
အလွန်တည်ငြိမ်သော ရဲ့ချင်းစုန်ပင် ပတ်၀န်းကျင်မှ ထူးဆန်းသော မျက်၀န်း(၃)စုံကြောင့် အနည်းငယ် မနေတတ်ဖြစ်သွားခဲ့ပြီး အလျင်စလိုလက်ယှက်လိုက်ကာ
“ ဒီကိစ္စ ဂိုဏ်းချုပ်ကို အရင်မတင်ပြခဲ့မိဘူး... ကျုပ် အမှားလုပ်မိသွားတယ်...”
ရွှမ်ယီက အသာအယာ လက်ဝှေ့ယမ်းလိုက်ပြီး
“ ကိစ္စမရှိပါဘူး... ခင်ဗျားအတွက် အမွေ ဆက်ခံသူတစ်ယောက် ရှာတွေ့လာတာ ကျုပ်တို့ နက်နဲခြင်းအင်ပါယာဂိုဏ်းအတွက် ၀မ်းသာစရာကိစ္စပဲကို.. ဘာလို့ အမှားဖြစ်ရမှာလဲ...”
ရဲ့ချင်းစုန်အား ထာ၀ရဆင့်ခေါ်ခွင့်ရရှိပြီးနောက် စနစ်ထံမှ သူနှင့်ပတ်သက်သော အချက်အလက်တချို့ ရွှမ်ယီ လက်ခံရရှိခဲ့သည်။
ရဲ့ချင်းစုန်သည် စနစ်ထံမှ ဆင့်ခေါ်ခြင်းမခံရသေးခင်ကတည်းက အမွေဆက်ခံရန် တပည့်တစ်ဦး အလွန်လိုချင်နေခဲ့၏။
ယခင် ကမ္ဘာတွင် သူ၏ ကျင့်ကြံမှုက အဆင့်မြင့်သော်လည်း သက်တမ်းကန့်သတ်ချက်သို့ ရောက်နေခဲ့သည်။
နောက်ပိုင်း စနစ်အကူအညီဖြင့် လက်ရှိ ချန်ရွှမ်ကုန်းမြေကြီးသို့ ရောက်ရှိလာပြီးနောက် ကျင့်ကြံခြင်းမြှင့်တင်ပေးခြင်း ခံခဲ့ရကာ သက်တမ်းပြသနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။
သို့သော် မဖြေရှင်းနိုင်ခဲ့သော အမွေဆက်ခံသူကိစ္စကမူ စိတ်ထဲ၌ စွဲလမ်းမှုတစ်ခုပမာ ဖြစ်နေခဲ့သည်။
ယခုတွင် ရဲ့ချင်းစုန်၏ ဆန္ဒပြည့်၀သွားပြီဖြစ်ရာ ရွှမ်ယီအနေဖြင့် မကျေမနပ်ဖြစ်စရာ အကြောင်းမရှိပေ။