← Chapters

အခန်း (၅၀၄)

Vol. 34 Ch. 504

အခန်း (၅၀၄)

Vol. 34 Ch. 504

ထို့အပြင် ထိုမိန်းကလေး၏ ပါရမီက သူ့၏ အဓိက တာ၀န် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

ဤသို့ အတွေး၀င်လာသည်နှင့် ရှက်ရွံ့နေဟန်ရသော မိန်းကလေးအား ရွှမ်ယီ စိုက်ကြည့်လိုက်သည်။

“ ရီဟန်- ပါရမှရမှတ် (၄၇၅) ၊ ရွှမ်ရှင်း အင်ပါယာခန္ဓာ ( ကမ္ဘာပေါ်မှ သက်ရှိ သတ္တဝါတိုင်းနှင့် လိုက်လျောညီထွေစွာ သဟဇာတဖြစ်ပြီး အကောင်းနှင့် အဆိုးကို ပိုင်းခြား သိမြင်နိုင်သည်… ဉာဏ်ရည်အမြင့်ဆုံးသော အင်ပါယာခန္ဓာ ) ၊ကိုးငရဲ နတ်ဘုရားလမ်းကြောင်း အစီအရင် ( အသက်မ၀င်သေးပါ ) ”

ကြည့်ရသည်မှာ ထို ရွှမ်ရှင်းအင်ပါယာခန္ဓာက ရဲ့ချင်းစုန်၏ အမွေကိုဆက်ခံရန် လိုအပ်သော အခြေအနေဖြစ်ဟန်တူသည်။

သို့သော် နောက်ဆုံး၌ ရေးထားသော [ ကိုးငရဲနတ်ဘုရားလမ်းကြောင်း အစီအရင် ( အသက်မ၀င်သေးပါ ) ဆိုသော အရာက အဘယ်နည်း..?

ရွှမ်ယီ ရဲ့ချင်းစုန်ကို လှည့်ကြည့်လိုက်၏။

ရဲ့ချင်းစုန်ထံတွင် စနစ်၏ ခွဲခြမ်းစိတ်ဖြာခြင်း အကူအညီမရှိလေရာ ရီဟန်၏ ခန္ဓာကိုယ်က သူ့ အမွေနှင့်လိုက်ဖည်ညီကြောင်းကိုသာ ခံစားနိုင်ခဲ့သည်။

ရွှမ်ယီ၏ သတိပေးစကားကို ကြားလိုက်လျှင် ရဲ့ချင်းစုန် အလွန်တုန်လှုပ်သွား၏။

သူက ဤတပည့်လေးအား သမီးတစ်ဦးပမာ မြတ်နိုးပေသည်။

တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရွံ့သဖြင့် ချက်ချင်း သူမ ပုခုံးထက်သို့ လက်တင်ကာ စစ်ဆေးကြည့်လိုက်၏။

ရုတ်တရက်မို့ ရီဟန် အနည်းငယ် ထိတ်လန့်သွားသော်လည်း ချက်ချင်း သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

သူမ ခန္ဓာကိုယ်အတွင်း အေးမြသော စွမ်းအင်တစ်ခု စီး၀င်လာပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

အစပိုင်းတွင် စိမ်းသက်နေဆဲဖြစ်သည့် ဂိုဏ်းချုပ်ဖြစ်သူအား အနည်းငယ် ကြောက်လန့်နေဆဲဖြစ်သော်လည်း ယခုတွင် ထိုခံစားချက်များ ခဏတာ ကွယ်ပျောက်သွားခဲ့သည်။

တစ်ခဏအကြာတွင် ရဲ့ချင်းစုန်က လက်အား ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း ပြုံးလိုက်ကာ

“ ပြသနာမရှိဘူး… အဲ့တာက တည်နေရာကို အထူးမှတ်သားထားတဲ့ ပုံစံပါဘဲ… ကြည့်ရတာ ရီဟန်လေးရဲ့ ပါရမီကို သတိပြုမိတာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးနဲ့တူတယ်… တခြား လူတစ်ယောက် ဒါမှမဟုတ် အင်အားစုတစ်ခုလည်း သတိပြုမိပုံဘဲ… ဒါပေမယ့် အဲ့လူက အချိန်မရှိလို့ အမှတ်သားပဲ ချန်ထားခဲ့တာဖြစ်မယ်…”

ရွှမ်ယီ ခေါင်းညိတ်ပြလိုက်ပြီး ရီဟန် ဘက်သို့လှည့်ကာ

“ မင်းက အကြီးအကဲရဲ့ ကို ဆရာတင်ထားပြီးပြီဆိုတော့ နက်နဲခြင်းအင်ပါယာ ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်သွားပြီ… ဒါကြောင့် အကြီးအကဲရဲ့ နဲ့အတူ ကျင့်ကြံရင်း ဓားပညာနဲ့ပတ်သက်ပြီး မေးစရာရှိရင် ငါ့ဆီ လာခဲ့….”

ရီဟန်က ရဲ့ချင်းစုန်၏ တပည့်ဖြစ်သော်လည်း စနစ်မှ ဇယားထဲတွင် သူ့တပည့် တစ်ဦးအဖြစ် ထည့်တွက်ထား၏။

ထို့အပြင် သင်ကြားပေးရန်လည်း အကြံပေးထားသည်။

ရွှမ်ယီ၏ နွေးထွေးသောစကားသံကြောင့် တစ်ချိန်လုံး အနည်းငယ် ရှက်ရွံ့ကာ ထိတ်လန့်နေသော မိန်းကလေး စိတ်အေးလက်အေး ဖြစ်သွားတော့၏။

ထို့နောက် လီလန် နှင့် ဒေါင်ရွှမ်တို့အား အတုယူလျက် ရွှမ်ယီအား ဦးညွှတ်ကာ

“ တပည့် ရီဟန်.. ဂိုဏ်းချုပ်ကို ဂါ၀ရပြုပါတယ်…”

“ ဖူး…”

ရီဟန်၏ အလွန်ချစ်စရာကောင်းသော အပြုအမူကြောင့် လီလန် မနေနိုင်တော့ဘဲ အော်ရယ်မိလိုက်လေသည်။

သို့သော် ရွှမ်ယီ လှည့်ကြည့်လာသည်ကိုမြင်လျှင် ချက်ချင်း မျက်နှာပိုးသတ်လျက် တည်ငြိမ်သောပုံစံသို့ပြောင်းလဲလိုက်၏။

ရွှမ်ယီက အရှေ့ပိုင်းတိုက်ကြီးမှ ဒုတိယ တပည့်လေးအား တစ်ချက်ကြည့်လိုက်ပြီး

“ ရှောင်လန် ( လန်လေး ) ကြည့်ရတာ မင်းရဲ့စိတ်က မတည်မငြိမ် ဖြစ်နေပုံဘဲ… အဲ့တာကြောင့် လာမယ့် (၃)လလုံး မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ရဲ့ နေ့စဉ် လည်ပတ်မှုကို မင်းပဲ တာ၀န်ယူလိုက်ပါ…”

“ အမ်…”

ရွှမ်ယီ၏ စကားကြောင့် လီလန် မျက်နှာ ပျက်သွားခဲ့လေသည်။

မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်က သူတော်စင်အဆင့် အကြီးစား အစီအရင်တစ်ခုဖြစ်၏။

၎င်း၌ ပါ၀င်သော ရုန်းများကို ရွှမ်ယီ စီစဉ် နေရာချ ခဲ့ပြီးချေပြီ။

သို့သော် ၎င်းက အချိန်တိုအတွင်း ကောင်းကင်ပြိုလဲခြင်းတောင်နှင့် အပြည့်အ၀ ပေါင်းစပ်ဦးမည်မဟုတ်ပေ။

အကယ်၍ မည်သို့မှ မထောက်ပံ့ဘဲ သဘာ၀အတိုင်း ပေါင်းစပ်စေလိုက်ပါက ခရမ်းတိမ် တောင်တန်းနှင့် မူလမျှော်စင်တို့ကဲ့သို့ ဖြစ်လာရန် နှစ်ပေါင်းထောင်နှင့်ချီ ကြာသွားပေလိမ့်မည်။

သို့သော် တစ်စုံတစ်ယောက်က အစီအရင်အား ထိန်းချုပ်ပြီး နေ့စဉ် ထိန်းသိမ်းပေးနေပါက အပြည့်အ၀ ပေါင်းစည်းရန် လိုအပ်သောကြာချိန် လျော့ကျသွားမည်ဖြစ်၏။

လီလန်နှင့် ဒေါင်ရွှမ်တို့ ယခင် တစ်ပါတ်က ဤတာ၀န်ကို အလှည့်ကျ ယူခဲ့ကြပြီးဖြစ်လေရာ မည်မျှ ခက်ခဲ ပင်ပန်းကြောင်း ကောင်းစွာ နားလည်ထားကြသည်။

အမြဲတစေ အပတ်တကုတ် ကြိုးစားလေ့ရှိသော မိန်းကလေးနှစ်ဦးပင်လျှင် ယင်းကိစ္စနှင့် ပတ်သက်ပြီး မညည်းငြူဘဲ မနေနိုင်ကြတော့ချေ။

ယခုတွင် စီနီယာအစ်မဖြစ်သူ၏ အပြစ်ဒဏ်ကြောင့် နောက်ထပ် သုံးလတိတိ ထိုဒုက္ခတွင်းသို့ သက်ဆင်းစရာ မလိုတော့ချေ။

အမြဲတစေ တည်ငြိမ်နေလေ့ရှိသော ဒေါင်ရွှမ်၏ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေသည်။

သို့သော် ရွှမ်ယီ တွေ့သွားမည်စိုးသဖြင့် အလျင်အမြန် ပြန်လည်ဖုံးကွယ်ထားလိုက်၏။

ဤရက်အနည်းငယ်အတွင်း အကြောင်းကိစ္စများစွာကို အလျှင်အမြန်ကြုံတွေ့ခဲ့ရသော ရီဟန်အနေဖြင့် ရွှမ်ယီ၏ စကားများအား ကြားလျှင် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး

“ ဂိုဏ်းချုပ်… အဲဒီအကာအကွယ်အစီအရင်ဆိုတာက ဘာလဲ… ဘာဖြစ်လို့ အဲဒါကို ထိန်းသိမ်းပေးနေဖို့ လိုတာလဲ...”

အပြစ်ကင်းစင်သော မိန်းကလေးထံမှ မေးခွန်းအား ကြားလျှင် ရွှမ်ယီ မနေနိုင်တော့ဘဲ ရယ်မောမိလိုက်ကာ ယခုအထိ ကျင့်ကြံရသေးခြင်းမရှိသော ရီဟန်အား မည်သို့ရှင်းပြရမှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် ရုတ်တရက် ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ အေးစက်သော အလင်းတစ်ချက်လက်သွား၏။

တစ်ချိန်တည်းတွင် ရီဟန်အား ကြည့်ကာ ပြုံးနေသော ရဲ့ချင်းစုန်လည်း ကောင်းကင်ပြိုလဲခြင်းတောင်တန်းမှ မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ထို့နောက် အေးစက်သော လေသံဖြင့်

“ ဂိုဏ်းချုပ်… ကျုပ်တို့ဂိုဏ်းနယ်မြေထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်… ရန်သူလား၊ မိတ်ဆွေလားဆိုတာတော့ မသဲကွဲသေးဘူး… သူ့ကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ...”

ထိုဝင်ရောက်လာသော ပုံရိပ်၏ အမြန်နှုန်းက အလွန်လျင်မြန်လှသည်။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ အာရုံခံနိုင်စွမ်းက ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ အလွန်ကြွယ်ဝသော စွမ်းအင်များ၏ ထောက်ပံ့မှုနှင့်အတူ မိုင်သုံးသောင်းအကွာအထိ မြင်နိုင်စွမ်းရှိသည်။

ထိုကန့်သတ်ချက်အတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာသည်နှင့် ချက်ချင်းသိနိုင်ပေလိမ့်မည်။

သို့သော် ရန်သူလော မိတ်ဆွေလော မသဲမကွဲသူက ချက်ချင်း မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင် အစွန်းသို့ ရောက်ရှိလာသည်။

ထိုလူ မည်သူဖြစ်ကြောင်းနှင့် သူ၏ရည်ရွယ်ချက်ကို မသိရသော်လည်း ၎င်းက ကောင်းကင်ပြိုလဲခြင်းတောင်ဆီသို့ ဦးတည်လာနေမှန်း သိသာပေသည်။

ထိုအချိန်တွင် ကျူးကျော်ဝင်ရောက်လာသူအား နတ်အသိဖြင့် ထောက်လှမ်းနေသော ရွှမ်ယီနှင့် ရဲ့ချင်းစုန်တို့ ထူးဆန်းမှုတစ်ခုကို မြင်လိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပြိုလဲခြင်းတောင်ဆီသို့ ဦးတည်လာနေသော ထိုပုံရိပ်က မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်အနီးသို့ ရောက်သည်နှင့် ရှေ့သို့ဆက်မလာတော့ဘဲ အစီအရင်ကြီး နံဘေး၌ ရုတ်တရက် ရပ်တန့်လိုက်သောကြောင့်ပင်။

ထို့နောက် ထိုနေရာ၌ မလှုပ်မယှက်ရပ်နေခဲ့ပြီး မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်အတွင်း၌ လှည့်ပတ်နေသော ရုန်းကို စိုက်ကြည့်နေလေသည်။

ထိုလူက မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်နှင့် ပတ်သက်ပြီး အလွန် စိတ်ဝင်စားနေဟန်ရ၏။

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဒါကို ဘယ်လို ဖန်တီးထားတာပါလိမ့်...”

ကျူးကျော်ဝင်ရောက်လာသူ၏ မျက်နှာကို မမြင်ရသေးသော်လည်း ထိုထူးဆန်းသောဧည့်သည် ရေရွတ်လိုက်သည့် စကားများကို ရွှမ်ယီနှင့် ရဲ့ချင်းစုန်တို့နှစ်ယောက်လုံး ကြားနေရသည်။

“ ဟားဟားဟား… ဒါပဲကွ… ဒါဆိုရင် ဒီကာကွယ်ရေးအစီအရင်က ဒီလိုတည်ဆောက်ထားရတာပေါ့...”

ထူးဆန်းသောဧည့်သည်က တောက်ပသော မျက်ဝန်းများဖြင့် ရုတ်တရက် ရယ်မောလိုက်လေသည်။

ထို့နောက် သူ၏လက်ချောင်းများအား လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော နတ်အလင်းများ ဖြစ်ပေါ်လာလေသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ၎င်း၏လက်တွင်း၌ မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီးကို တည်ဆောက်ထားသော ရုန်းနှင့်ဆင်တူသည့် ဆန်းကြယ်သော ရုန်းတစ်ခု ဖြစ်ပေါ်လာ၏။

All Chapters