အခန်း (၅၀၆)
Vol. 34 Ch. 506
“ ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျုပ် သဘောမတူနိုင်ဘူး…”
“ အာ… ဘာလို့လဲ ဂိုဏ်းချုပ်ရွှမ်… အစီအရင် ဆရာသခင်ကြီးက ကျုပ်ကို ဘာလို့ လက်မခံချင်တာလဲ…”
အလွန်ကြီးမားသော အခွင့်အရေး ဆုံးရှုံးသွားပြီဟူသော အသိနှင့် ဂျီကျူးယွဲ့ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့သော်လည်း မျက်နှာထက်မှ တည်ငြိမ်မှုကို ကြိုးစား၍ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
သို့သော် မေးခွန်းမေးလိုက်ချိန်တွင် စကားသံထဲ၌ ဖုံးကွယ်မရသော တုန်ခါမှုများ ပါ၀င်နေ၏။
….
“ မြန်မြန်.. မြန်မြန်ဟေ့… ငါတို့မှာ အရေးကြီးတာ၀န်ပါလာတယ်… လုံး၀ နှောင့်နှေးနေလို့မရဘူး…”
ကောင်းကင်ထက်တွင် သက်တန့်ရောင် နတ်အလင်းတန်းကြီးတစ်ခု တိမ်ပင်လယ်အား ထိုးခွင်းကာ ဖြတ်သန်းသွားနေသည်။
အံ့မခန်းလှပကာ အရှိန်အဝါကြီးမားသော မြင်ကွင်းက မြင်လိုက်ရသူတိုင်းအား မျက်လုံး မလွှဲစေနိုင်အောင် ဖြစ်သွားစေနိုင်စွမ်းရှိ၏။
၎င်းက လှေပျံကြီးတစ်စင်းဖြစ်ပြီး လှေပျံကြီးပေါ်မှ ကျင့်ကြံသူများက ၎င်းတို့ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုလျက် အစွမ်းကုန် မောင်းနှင်နေကြသည်။
ဤသို့ဖြင့် ကောင်းကင်ပြိုလဲခြင်းတောင်သို့ ဦးတည်နေသည့် လှေပျံကြီးက မြန်သထက် မြန်လာခဲ့၏။
“ အဲ့တာ တောင်ပိုင်းကောင်းကင် နတ်ဘုရားလှေပျံကြီးမဟုတ်လား…”
တစ်စုံတစ်ယောက်က ကောင်းကင်ထက်မှ လှေပျံကြီးအားမြင်လျှင် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
ကောင်းကင်ထက်၌ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော ဧရာမ လှေပျံကြီး၏ ကိုယ်ထည်၌ နတ်အလင်းရောင်စုံက တစ်ခုနှင့် တစ်ခု ရောယှက်ပြေးလွှားနေ၏။
မြင့်မြတ်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်ပင် ၎င်းအား တားဆီးလိုပါက များစွာ အားစိုက်ထုတ်ရပေလိမ့်မည်။
သို့သော် ဤကဲ့သို့ လှေပျံကြီးတစ်စင်း တည်ဆောက်ရန် ကုန်ကျစရိတ်ကလည်း အလွန်ကြီးမားလှ၏။
လှေပျံ၏ ကိုယ်ထည်တစ်ခုလုံးကို အဆင့်(၆) ရွှေခရမ်းသစ်ပင်မှ သစ်သားနှင့် အဆင့်(၇) နတ်ဘုရားသံတို့ ရောစပ်ကာ တည်ဆောက်ထားသည်။
လှေပျံကြီး၌ တပ်ဆင်ထားသော တိုက်ခိုက်ခြင်း အစီအရင်များကို ထည့်မတွက်ဘဲ ၎င်း၏ ခိုင်မာသော အကာကွယ်ကပင် မြင့်မြတ်ပလ္လင်အဆင့် နတ်ဆိုးအင်ပါယာများ၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်စွမ်းရှိသည်။
ထိုကဲ့သို့ လှေပျံမျိုးအား တောင်ပိုင်းနယ်မြေတစ်ခုလုံး ပေါင်းလျှင်ပင် သုံးစင်းလောက်သာ တည်ဆောက်နိုင်၏။
ထို့အပြင် ၎င်းအား မကြာခဏ အသုံးပြုလေ့မရှိပေ။
နတ်ဆိုးများနှင့် စစ်ပွဲဖြစ်မှသာ အသုံးပြုလေ့ရှိသည်။
“ ဒီအတောအတွင်း မဟာပျက်စီးခြင်းနယ်မြေကို နတ်ဆိုးတွေ ကျူးကျော်လာတယ်လို့ သတင်းမကြားမိပါလား… ဘာလို့ နတ်ဘုရား လှေပျံထွက်ပေါ်လာတာလဲ…”
တစ်စုံတစ်ယောက်က နားမလည်နိုင်စွာ ရေရွတ်လိုက်၏။
ယင်းကိုကြားလျှင် နံဘေးမှလူက ခေါင်းယမ်းလိုက်ပြီး
“ မင်းမသိသေးတာပါ … လက်ရှိမှာ တောင်ပိုင်းနယ်မြေက အရင်နဲ့မတူတော့ဘူး… ဆရာသခင် ရွှမ်ယီက မဟာပျက်စီးခြင်းနယ်မြေအဆုံးမှာ ဂိုဏ်းတစ်ခု တည်ထောင်လိုက်တယ်… အဲ့ဒီ နက်နဲခြင်းအင်ပါယာဂိုဏ်းက အရမ်းနာမည်ကြီးနေပေမယ့် အခုထိ တောင်ပိုင်းကောင်းကင်တံခါးကို မ၀င်ရောက်ရသေးဘူး…”
ထိုပြောလိုက်သူက နက်နဲခြင်းအင်ပါယာဂိုဏ်းအား တော်တော်လေး နှစ်သက်ဟန်ရ၏။
နက်နဲခြင်းအင်ပါယာဂိုဏ်း၏ အမည်ကို ပြောစဉ် သူ့လေသံက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“ မကြာခင် တောင်ပိုင်းနယ်မြေမှာ ဆောင်းဦးအမဲလိုက်ပွဲစတော့မယ်… မြင့်မြတ်ခြင်းမဟာမိတ်က နတ်ဆိုးနယ်မြေကို တပ်ဖွဲ့တွေ စေလွှတ်ချင်နေတာ… ဒါပေမယ့် နက်နဲခြင်း အင်ပါယာဂိုဏ်းက စိတ်၀င်စားပုံမရဘူး…အဲ့တာကြောင့် နက်နဲခြင်းအင်ပါယာဂိုဏ်းကို တိုက်ပွဲမှာ ပါ၀င်စေဖို့ ကြီးမားတဲ့ လက်ဆောင်တွေ ပေးအပ်ကြလိမ့်မယ်…”
“ ငါ့အထင်တော့ အဲ့ဒီလှေပျံက ဂိုဏ်းချုပ်ရွှမ်ကို ဖိတ်ခေါ်ဖို့ တောင်းပိုင်းကောင်းကင်ဗိုလ်ချုပ် စေလွှတ်လိုက်တာပဲ…”
….
“ ခစ်ခစ်… အစ်မ ကြည့်ပါဦး… အဲ့လူရဲ့ ကျင့်ကြံမှုက ဒီလောက်မမြင့်ဘူး…. ဒါပေမယ့် သူမှန်းတာ တော်တော်တိကျတာပဲ…”
လှေပျံကြီးအပေါ်ရှိ မီတာ (၁၀၀၀) ကျယ်သော ကုန်းပတ်ပေါ်တွင် အဖြူရောင်၀တ်စုံနှင့် မိန်းကလေးတစ်ဦး လှပသော ရှုခင်းများအား ကြည့်ရှုနေစဉ် အောက်ဘက်မှ ဆွေးနွေးသံကို ကြားလိုက်ရသည်။
ဤသို့ဖြင့် မနေနိုင်ဘဲ ရယ်မောရင်း အနောက်ဘက်၌ ထိုင်လျက် ကျင့်ကြံနေသော အစ်မဖြစ်သူကို လှည့်ပြောလိုက်တော့၏။
သူမ၏ အစ်မဖြစ်သူက အနက်ရောက်၀တ်စုံကို ၀တ်ဆင်ထားပြီး ဆန့်ကျင်ဘက်အသွင်ဆောင်နေကာ သူမတို့အား ပို၍ လှပသွားစေသည်။
ညီမဖြစ်သူ၏ စကားသံကိုကြားလျှင် ကျင့်ကြံနေသော အနက်၀တ် မိန်းကလေး မတတ်သာဘဲ မျက်လုံးဖွင့်လိုက်ရင်း ကူကယ်ရာမဲ့စွာဖြင့်
“ ညီမလေး… ငါ ကျင့်ကြံနေရင် စကားလာမပြောဖို့ နင့်ကို ဘယ်နှစ်ကြိမ်တောင် ပြောခဲ့ပြီးပြီလဲ…”
အဖြူရောင် ၀တ်စုံနှင့် မိန်းကလေး လျှာထုတ်ပြလိုက်ပြီး အစ်မဖြစ်သူ နံဘေး တိုးကပ်သွားလိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး
“ ကျင့်ကြံခြင်း… ကျင့်ကြံခြင်း နေ့တိုင်း အဲ့တာပဲ ပြောနေတော့တာဘဲ… အစ်မ နင် တကယ်ကြီး အသက်(၂၀) မပြည့်ခင် အင်ပါယာအဆင့်ကို ချိုးဖျက်ချင်နေတာလား…ဟွန့်…”
အနက်ရောင်၀တ် မိန်းကလေးကမူ ညီမဖြစ်သူ၏ စကားကို မငြင်းဆန်ဘဲ
“ လီလန်က အင်ပါယာအဆင့်ကိုရောက်သွားပြီ… ငါ့မှာ နှောင့်နှေးနေဖို့ အချိန်မရှိဘူး…”
“ အင်းပါ.. အင်းပါ.. ဟုတ်ပြီ…”
အဖြူရောင်၀တ်မိန်းကလေး မတတ်သာစွာဖြင့် တုန့်ပြန်လိုက်ရသည်။
သူမအနေဖြင့် အစ်ဖြစ်သူအား အနားယူစေချင်သော်လည်း ငယ်စဉ်ကတည်းက အပြိုင်အဆိုင်ဖြစ်နေသော လီလန်အကြောင်း ပါလာသည်ဖြစ်ရာ မတတ်သာစွာဖြင့် လက်လျှော့လိုက်ရ၏။
ညီမတစ်ယောက်အနေနှင့် အစ်မဖြစ်သူအား ကောင်းစွာ နားလည်ပေသည်။
သူမအနေဖြင့် မည်သည့်ကို မဆို ရှုံးနိမ့်နိုင်သော်လည်း ငယ်စဉ်ကတည်းက အတူကြီးပြင်းလာပြီး သူမအပေါ် အမြဲတစေ လွှမ်းမိုးထားခဲ့သော လီလန်တော့ မဖြစ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်သာ ကုန်းပတ်ထက်မှ ညီအစ်မနှစ်ယောက်၏ အသွင်အပြင်ကို မြင်တွေ့လိုက်ရပါက အလွန်ထိတ်လန့်သွားပေလိမ့်မည်။
ယင်းက သူမတို့နှစ်ယောက်၏ အလှတရားကြောင့်ချည်း မဟုတ်ဘဲ ကျင့်ကြံမှုကြောင့်လည်းဖြစ်သည်။
သူမတို့ နှစ်ယောက်လုံး အသက်(၂၀)ပင် မကျော်သေးသော်လည်း အနည်းငယ် သွက်လက်သည့် အဖြူ၀တ် မိန်းကလေးက အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ချေပြီ။
တစ်ဖက်တွင် အနက်ရောင်၀တ် မိန်းကလေးကမူ အင်ပါယာတစ်၀က်အဆင့်သို့ ရောက်နေပြီးဖြစ်ကာ အင်ပါယာအဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။
အကယ်၍ သူမတို့နှစ်ဦး၏ အစစ်အမှန်ပုံရိပ်ကို သိလျှင် ထိုကိစ္စက သိပ်ပြီး အံ့ဩစရာဖြစ်တော့မည် မဟုတ်ချေ။
“ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ရွှမ်ယီကို ဖိတ်ခေါ်ဖို့ သူ့မြေး(၂)ယောက်ကိုတောင် နက်နဲခြင်း အင်ပါယာဂိုဏ်းဆီ စေလွှတ်လိုက်တာပဲ…”
တောင်ပိုင်းကောင်းကင်တံခါးရှိ တိုင်ရွှမ်မင်းဆက်အတွက် သတ်မှတ်ထားသော အခန်းအတွင်း၌ အင်ပါယာ ရွှမ်ဟောင် တည်ငြိမ်စွာထိုင်လျက် ရေရွတ်လိုက်၏။
[ Note- မီရက်မင်းဆက် နာမည်ကိုပြောင်းထားပါတယ် ။ Engမှာ ပြောင်းထားလို့ပါ ။ မပြောင်းချင်ပေမယ့် မီရက်က တမျိုးကြီးဖြစ်နေတာမို့ လိုက်ပြောင်းထားပါတယ် ]
သို့သော် သူ့ စကားကြောင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူ၏လက် အနည်းငယ် တုန်ခါသွားပြီး လက်ဖက်ရည်ခွက်ချင်း ထိခတ်သံ သဲ့သဲ့ ထွက်ပေါ်လာလေသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသူက ဖီးနစ်မီးတောက် အင်ပါယာဖြစ်ပြီး သူက ခေါင်းယမ်းလိုက်ကာ
“ ခင်ဗျားတင်မဟုတ်ဘူး… ကျုပ်လည်း အဲ့ကိစ္စကြောင့် တော်တော်လေး အံ့ဩသွားတာ…”
တောင်ပိုင်းကောင်းကင် ဗိုလ်ချုပ်၏သားဖြစ်သူက လွန်ခဲ့သောနှစ်များအတွင်း နတ်ဆိုးများနှင့်တိုက်ပွဲ၌ ကျဆုံးသွားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ် အပြစ်ရှိစိတ် ခံစားခဲ့ရပြီး မြေးမလေး နှစ်ယောက်အပေါ် များစွာ အချစ်ပိုခဲ့တော့၏။
သူမတို့ နှစ်ယောက်ကလည်း တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်မြေးများ ပီသကြသည်။
ကျင့်ကြံခြင်းပါရမီအလွန်ကောင်းမွန်ကြပြီး မြင့်မြတ်နယ်မြေ တချို့မှ အမွေဆက်ခံသူများပင် သူမတို့နှင့် ယှဉ်နိုင်ခြင်း မရှိကြချေ။
အင်ပါယာရွှမ်ဟောင် တစ်ဖက်သို့လှည့်ပြီး အခန်းအတွင်းမှ နောက်ထပ် ဧည့်သည် နှစ်ဦးကို ကြည့်လိုက်သည်။
ကျူးယောင် မြင့်မြတ်နယ်မြေနှင့် ရှီချီမင်းဆက်မှ အင်ပါယာ(၂) ယောက်လုံး ရွှမ်ဟောင်၏ စူးရှသော အကြည့်များကို ခံစားမိလိုက်ကြလျှင် မချိပြုံး ပြုံးလိုက်ကြပြီး
“ ကျုပ်တို့လည်း သိပြီးပြီ.. ဒါပေမယ့် တကယ့် အံအားသင့်စရာကိစ္စက အဲ့တာ မဟုတ်သေးဘူး…”
တိုင်ရွှမ် ၊ ကျူးယောင် ၊ ဖီးနစ်မီးတောက် နှင့် ရှီချီ…
သူတို့အင်အားစု (၄)ခုက တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ထံမှ အမိန့်လက်ခံရရှိခဲ့ကြသည်။
လာမည့် ဆောင်းဦးအမဲလိုက်ပွဲအတွက် သူတို့(၄)ဦးက ရှေ့ပြေးတပ်ဖွဲ့၌ ပါ၀င်ကြ၏။
သို့သော် ဤအစီအစဉ်၌ သူတို့က အဓိကမကျပေ။
ဤတစ်ကြိမ် ခရီးအတွက် အဓိကပစ်မှတ်က နက်နဲခြင်း အင်ပါယာဂိုဏ်းနှင့် ၎င်းတို့ ဂိုဏ်းချုပ် ရွှမ်ယီ ဖြစ်၏။