← Chapters

အခန်း (၅၀၇)

Vol. 34 Ch. 507

အခန်း (၅၀၇)

Vol. 34 Ch. 507

ပို၍ တိတိကျကျပြောရမည်ဆိုလျှင် ယခင် ရွှမ်ယီ၏ တာအိုကာကွယ်သူ တစ်ဖြစ်လဲ ယခု နက်နဲခြင်းအင်ပါယာဂိုဏ်း အကြီးအကဲဖြစ်သော ရဲ့ချင်းစုန်ဖြစ်ပေသည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူတို့ (၄)ဦးလုံး တောင်ပိုင်းကောင်းကင် ဗိုလ်ချုပ်အား စောဒကမတက်ဝံ့ကြချေ။

သို့သော် ရင်ထဲ၌ မကျေမနပ်ဖြစ်နေဆဲဖြစ်၏။

နက်နဲခြင်းအင်ပါယာဂိုဏ်း အားကောင်းတာမှန်သည်။

သို့သော် နောက်ဆုံးတွင် ၎င်းက မကြာခင်ကမှ အသစ်ဖြစ်ပေါ်လာသော ဂိုဏ်းတစ်ခုဖြစ်၏။

ဂိုဏ်းချုပ်ဖြစ်သော ရွှမ်ယီ၏ ကျင့်ကြံမှုနှင့် အသက်အရွယ်က သူတို့အား လေးစားစေရန် မလုံလောက်သေးပေ။

ထိုလူငယ်လေး၌ တောင်ပိုင်းစစ်တပ်အား ကွပ်ကဲရန် မည်သို့ အရည်အချင်း ရှိလိမ့်မည်နည်း…?

အားလုံးထဲတွင် တိုင်ရွှမ်မင်းဆက်မှ အင်ပါယာရွှမ် ပို၍ မပျော်မရွှင်ဖြစ်နေခဲ့သည်။

ထိုစကားများအားကြားခဲ့ပြီးဖြစ်သည့်တိုင် တောင်ပိုင်းကောင်ကင်ဗိုလ်ချုပ်က ရွှမ်ယီအား တန်ဖိုးထားနေဆဲဖြစ်ပြီး ဆက်လက်၍ အကူအညီတောင်းရန် ကြိုးစားနေဆဲ ဖြစ်သောကြောင့်ပင်။

ထို့အပြင် စိတ်ရင်းကိုပြသရန်အတွက် ချစ်လှစွာသော မြေးမလေး နှစ်ယောက်ကိုပင် သံတမန်အဖြစ်စေလွှတ်ပြီး ‌တောင်ပိုင်းကောင်းကင်ဘုံ နတ်ဘုရားလှေပျံကို လက်ဆောင်အဖြစ် ပေးအပ်ခိုင်းလိုက်၏။

ဤသို့ဖြင့် အင်ပါယာ ရွှမ်ဟောင် လွန်စွာ မကျေနပ်ဖြစ်နေခဲ့ရသည်။

ထိုနေ့တွင်ပင် နောက်ထပ် ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ထပ်မံလက်ခံရရှိခဲ့၏။

ရှုချီ မင်းဆက်မှ အင်ပါယာ သက်ပြင်းချရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ ကျုပ်တို့လည်း သတင်းကြားခဲ့တယ်… တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က သူ့မြေးနှစ်ယောက်လုံးကို နက်နဲခြင်း အင်ပါယာဂိုဏ်းထဲ၀င်စေချင်ကြောင်း ရွှမ်ယီကို ကိုယ်တိုင် သတင်း‌ပါးလိုက်တယ်တဲ့…”

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ခေါင်းဆောင် (၄)ယောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

နှစ်(၁)ထောင်ကြာမှ တစ်ကြိမ် ကျင်းပလေ့ရှိသော တောင်းပိုင်းနယ်မြေမှ ဆောင်းဦးအမဲလိုက်ပွဲက ကမ္ဘာတုန်စေသော ပွဲကြီးတစ်ခုဖြစ်ကာ တစ်ခါကျင်းပါလျှင် နှစ်နဲ့ချီပြီး ကြာလေ့ရှိတတ်သည်။

ကျင့်ကြံသူများ သန်းနှင့်ချီ သေဆုံးလေ့ရှိပြီး ထိုတိုက်ပွဲ၌ လူသားဘုရင်အဆင့်ကျင့်ကြံသူများအားလုံး ပုရွက်ဆိတ်များသာဖြစ်ကြပြီး အင်ပါယာအဆင့်ကျင့်ကြံသူများလည်း သေဆုံးကြပေလိမ့်မည်။

တိုက်ပွဲအတွင် ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူများ သေဆုံးခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

သို့ဖြစ်ရာ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ကဲ့သို့ အဆင့်အတန်းမြင့်မားသူများအနေဖြင့် စစ်မြေပြင်သို့ မလိုအပ်ပဲ ကိုယ်တိုင်ကိုယ်ကျ သွား၍ မဖြစ်ချေ။

ထို့ကြောင့် တပ်ဖွဲ့ကြီးအား ဦးဆောင်ရန်အတွက် ခေါင်းဆောင် တစ်ဦး ရွေးချယ်ရန် လိုအပ်သည်။

မြင့်မြတ်နယ်မြေများစွာတို့ ထိုရာထူးအား ရရှိရန် မျှော်လင့်ထားခဲ့ကြ၏။

တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ မြေးမလေးနှစ်ဦး ကြီးပြင်းလာသည်နှင့် အဆင့်မြင့်ကျင့်ကြံသူများဖြစ်လာရန် သေချာသည်။ တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။

သို့ဖြစ်သည့်တိုင်အောင် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က သူမတို့အား နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ စေလွှတ်လိုက်၏။

အဖြေက ရှင်းနေချေပြီ။

တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်းကို အလားအလာရှိသော ဂိုဏ်းတစ်ခုသာမက တောင်ပိုင်းနယ်မြေမှ အင်အားစုတိုင်းထက် သာလွန်နေသည်ဟု တွေးထားခြင်း ဖြစ်ရမည်။

ထိုသို့မဟုတ်လျှင် သူ၏ မြေးမလေးနှစ်ယောက်ကို ကာကွယ်ရန် လုံလောက်မည်မဟုတ်ချေ။

အတန်ကြာတိတ်ဆိတ်သွားခဲ့ပြီးနောက် အင်ပါယာ ရွှမ် ခေါင်းယမ်းလိုက်ပြီး

“ တောင်ပိုင်းကောင်းကင် ဗိုလ်ချုပ်က ဆုံးဖြတ်လိုက်ပြီးပြီမို့ ကျုပ်တို့ ဒီမှာ ဆွေးနွေးနေလို့ ဘာမှ မထူးဘူး…. ကံကောင်းတာက သံတမန်အဖွဲ့ထဲမှာ ကျုပ်တို့ဂိုဏ်းတွေက အကြီးအကဲတွေနဲ့ တပည့်တွေ ပါသွားတာပဲလေ… ပြန်ရောက်တဲ့အချိန်ကျ သူတို့အမြင်ကို နားထောင်ကြည့်ကြတာပေါ့…”

ရွှမ်ယီ လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် တောင်တစ်ခုလုံး ပြန်လည်ဆန်းသစ်လိုက်သည့် မြင်ကွင်းက သူတို့စိတ်ထဲ၌ စွဲထင်နေဆဲပင်။

သို့သော် သူတို့အမြင်တွင်မူ ၎င်းက နက်နဲခြင်းအင်ပါယာဂိုဏ်းအတွက် အစမျှသာရှိသေးပြီး ပြီးပြည့်စုံစွာ အားကောင်းလာရန် နှစ်ပေါင်းထောင်နှင့်ချီ ကြာမြင့်ပေဦးမည်။

ယခုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်း ခွန်အားက မည်သို့နည်း…?

ဂိုဏ်းချုပ်ဖြစ်သော ရွှမ်ယီက အင်ပါယာအဆင့်သို့ပင်မရောက်သေးချေ။

သူက အားကောင်းသည်မှန်သော်လည်း အစစ်အမှန် ဆန်းကြယ်ပလ္လင်အဆင့် တစ်ယောက်အဖြစ် ယူဆ၍ မရသေးပေ။

ရဲ့ချင်းစုန်ကလည်း အန္တိမ အင်ပါယာတစ်ယောက်နှင့်သာ ညီမျှသည်။

ထို့အပြင် လီလန်နှင့် ဒေါင်ရွှမ်တို့နှစ်ဦးကလည်း ယခုမှ ကြီးပြင်းနေဆဲဖြစ်၏။

နှစ်ပေါင်း သောင်းနှင့်ချီ သမိုင်းကြောင်းရှိသော မြင့်မြတ်နယ်မြေများနှင့် နှိုင်းယှဉ်ပါက ကွာာဟချက် အလွန်ကြီးမား လွန်းလှသည်။

တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ကမူ နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့်ပတ်သက်ပြီး အလောင်းအစား လုပ်ထားချေပြီ။

သို့သော် သူတို့ကမူ ထိုကိစ္စနှင့်ပတ်သက်ပြီး သံသယရှိနေဆဲဖြစ်၏။

ကျန်မြင့်မြတ်နယ်မြေများလည်း ထိုနည်းတူ တွေးနေခဲ့ကြသည်။

ထိုအချိန်တွင် တောင်ပိုင်းကောင်းကင် နတ်ဘုရားလှေပျံကြီးအထက်၌ ရှီချီမင်းဆက်မှ အင်ပါယာတစ်ဦး အဝေးမှ တိမ်ပင်လယ်ကြီးအား လှမ်းကြည့်နေရင်း ခေါင်းယမ်းလိုက်ကာ

“ ကျုပ်တော့ အခုထိ နားမလည်နိုင်သေးဘူး… တောင်ပိုင်းကောင်းကင် ဗိုလ်ချုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ် ဘာကြောင့် ဒီလောက်ထိ အလေးထားနေရတာလဲ…”

နံ‌ဘေးတွင်ရပ်နေသည့် ကျူးယောင်း မြင့်မြတ်နယ်မြေမှ အကြီးအကဲက ၎င်း၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း

“ သူဘာတွေတွေးနေလည်းဆိုတာ ကျုပ်တို့ ခန့်မှန်းနိုင်တဲ့အရာမဟုတ်ဘူး… ကျုပ်တို့ လုပ်ဖို့လိုအပ်တာက ပေးအပ်လိုက်တဲ့တာ၀န်ကို အသေအချာ ပြီးဆုံးအောင် လုပ်ဖို့ပဲ…”

“ ကောင်းပြီလေ… အဲ့ဒီ နက်နဲခြင်းအင်ပါယာဂိုဏ်း ဘယ်လောက် အစွမ်းထက်လဲ ကြည့်ကြတာပေါ့…”

ထိုအချိန်တွင် တိုင်ရွှမ်မင်းဆက်မှ မင်းမိသားစု၀င်ဦး ထရပ်လိုက်ပြီး လှေပျံအစွန်းသို့ လျှောက်သွားလိုက်သည်။

ထို့နောက် ကောင်းကင်ပြိုလဲခြင်းတောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး

“ ဟဟ.. နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းကောင်းကင် နတ်ဘုရားလှေပျံကိုတောင် မမောင်းနှင်နိုင်မှာ စိုးမိသား…”

ထိုစကားအား ကြားလျှင် မြင့်မြတ်နယ်မြေ(၄)ခုလုံးမှလူများ အားပါးတရ ရယ်မောလိုက်ကြသည်။

ယင်းက ချဲ့ကားပြောနေခြင်း မဟုတ်ပေ။

တောင်ပိုင်းကောင်းကင် နတ်ဘုရားလှေပျံက သာမန်ရတနာတစ်ခု မဟုတ်ချေ။

၎င်းက အထွတ်အမြတ်လက်နက်အဆင့်သို့ မရောက်သေးသော်လည်း အထွတ်အမြတ်လက်နက်တစ်ဝက်အဆင့်အဖြစ် မှတ်ယူ၍ရသည်။

ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံသူ နှစ်ယောက်ပူးပေါင်းလျှင်ပင် ဤလှေပျံအား မောင်းနှင်နိုင်မည် မဟုတ်ပေ။

အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် လက်၌သာ ဤတောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံက ၎င်း၏အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။

သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်းတွင်မူ အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူ မရှိပေ။

အင်ပါယာရဲ့ချင်းစုန်က အစွမ်းထက်သည်မှန်သော်လည်း ၎င်း၏မှော်လက်နက်များနှင့် အဆင့်မြင့်နတ်တန်ခိုးစွမ်းရည်များကို အသုံးပြုမှသာ အန္တိမအင်ပါယာအဆင့် တိုက်ခိုက်နိုင်စွမ်းအား ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားသော စိတ်ဝိညာဉ်စွမ်းအင်များက တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံအား စွမ်းအားဖြည့်တင်းရန် မလုံလောက်ပေ။

ယင်းအား တွေးကြည့်ပြီးလျှင် လှေပျံပေါ်မှ လူများ မရယ်မောဘဲ မနေနိုင်ကြတော့ချေ။

ထို့အပြင် သူတို့ စကားပြောနေစဉ် အနည်းငယ်မျှ အသံလျှော့ထားကြခြင်း မရှိပေ။

သို့ဖြစ်ရာ တစ်ဖက်ခြမ်းတွင်ရှိသော ညီအစ်မနှစ်ယောက်လည်း ထိုဆွေးနွေးမှုများအားလုံး ကြားခဲ့ရသည်။

ထိုအခါ အဖြူဝတ်မိန်းကလေး အတန်ငယ် စိတ်ပျက်သွားခဲ့၏။

နောက်ဆုံးတွင် သူမတို့အဘိုးဖြစ်သူက နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် ပတ်သက်ပြီး တော်တော်လေး အလေးထားနေသည်။ သူမအနေဖြင့် နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူး၊ မမြင်ဖူးသော်လည်း မကြာခဏကြားဖူးနေခဲ့သည်။

သို့သော် နေရာစိမ်း၌ ကျင့်ကြံရန် ပို့လွှတ်ခြင်း ခံရသည်ဖြစ်လေရာ စိတ်ထဲ၌ မသက်မသာဖြစ်နေခဲ့ရ၏။

ဆန့်ကျင်ဘက်အနေဖြင့် အနက်ရောင်ဝတ်မိန်းကလေးကမူ အလွန်တည်ငြိမ်နေခဲ့၏။

“ လီလီ နင်စိတ်မပူဘူးလား...”

ပိုင်ရှုရှုဟုခေါ်သော အဖြူဝတ်မိန်းကလေးက အစ်မဖြစ်သူအား ညင်သာစွာမေးလိုက်သည်။

All Chapters