← Chapters

အခန်း (၅၀၉)

Vol. 34 Ch. 509

အခန်း (၅၀၉)

Vol. 34 Ch. 509

သူက အစီအရင် ပညာရှင်တစ်ဦးဖြစ်လေရာ အစီအရင်များနှင့်ပတ်သက်ပြီး အထူးအားရုံခံနိုင်စွမ်းရှိ၏။

ခြေထောက်အောက်ရှိ နီလာရောင် ကျောက်ပြားများ၌ ပြေးလွှားနေသည့် ရုန်းများက သာမန်အတိုင်း ဖြစ်သလို ဖွဲ့စည်းထားဟန်တူသော်လည်း အမှန်အတွင် ၎င်းက မျှော်စင်(၉)ထပ်လုံးကို လွှမ်းခြုံထားသည့် အကာအကွယ် အစီအရင်ကြီးဖြစ်ပေသည်။

သူတစ်သက်တာလုံး ‌ကြိုးစားလေ့ကျင့်ကာ ဖန်တီးခဲ့သည့် ကိုးငရဲ နတ်ဘုရားအစီအရင် တာအိုက တိုက်ခိုက် သတ်ဖြတ်ခြင်း နှင့် ကာကွယ်ရေး စွမ်းအားများရှိသော်လည်း အဓိကလမ်းကြောင်းက လေဟာနယ် တာအိုဖြစ်၏။

ယခု ခြေထောက်အောက်၌ တွေ့ရသော အစီအရင်ကလည်း အဆင့်(၇)အစီအရင်တစ်ခုဖြစ်သည်။

၎င်းတွင် အလွန် ခိုင်ခံ့သော ခုခံ ကာကွယ်နိုင်စွမ်းရှိရုံသာမက ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကိုလည်း မမြင်သာသော နည်းလမ်းဖြင့် အားဖြည့်ပေးနိုင်စွမ်းရှိသည်။

ဆိုလိုသည်မှာ ထိုအစီအရင်က ဂျီကျူးယွဲ့ တစ်သက်လုံး လေ့လာခဲ့သည့် လေဟာနယ် တာအိုထက် ပို၍နက်နဲကာ နှလုံးသား၏ နူးညံ့သိမ်မွေ့သော တာအိုနှင့် ပို၍ နီးစပ်နေချေပြီ။

“ ဂလု…”

ဂျီကျူးယွဲ့ တံတွေးတစ်လုပ် မြိုချမိလိုက်၏။

နတ်တန်ခိုးစွမ်းရည် ခန်းမသို့မ၀င်ရောက်မီ နတ်တန်ခိုးစွမ်းရည်ခန်းမ၌ ထိပ်ဆုံးအထပ်က အဖိုးတန်ဆုံးဖြစ်သည်ဟု ရွှမ်ယီက သူ့ကို ပြောခဲ့သည်။

သို့ဖြစ်ရာ အောက်အထပ်များ၌ သိမ်းဆည်းထားသော ကျင့်စဉ်များ ၊ သိုင်းပညာများကို ကြည့်ရန် စိတ်မ၀င်စားတော့ချေ။

ဂျီကျူးယွဲ့၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ခါသွားပြီး အန္တိမအင်ပါယာအဆင့် စွမ်းအားကို အပြည့်အ၀အသုံးချလိုက်သည်။

(၉)ထပ်မြင့်သော နတ်တန်ခိုးစွမ်းရည်ခန်းမက မီတာ (၁၀၀၀)ကျော် မြင့်မားကာ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်သဖြင့် တိမ်များအကြားသို့ ထိုးဖောက် ၀င်ရောက်နေသည်။

ဂျီကျိူးယွဲ့ အလျင်အမြန်ပြေးတက်ပြီး ထိပ်ဆုံးအထပ်သို့ ရောက်ရှိလာသည်။

မျှော်စင်က ထိပ်ပိုင်းသို့သေးသွားသည့် ပုံစံဖြစ်လေရာ အပေါ်ဆုံးထပ်က စတုရန်းမီတာ (၃၀၀)မျှသာ ကျယ်၀န်း၏။

ထို့အပြင် အောက်အထပ်များနှင့်မတူဘဲ အခန်းတစ်ခုလုံး ဗလာရှင်းနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီကိုယ်တိုင်လည်း မဟာနတ်တန်ခိုးစွမ်းရည်များ မပိုင်ဆိုင်သေးသောကြောင့်ပင်။

ဤသို့ဖြင့် (၉)ထပ်မြောက်၌ ရှိနေ‌သည့် တစ်ခုတည်းသော အရာမှာ ခန်းမအလယ်ဗဟိုမှ အနက်ရောင်ဖျာငယ်လေးတစ်ခု ဖြစ်သည်။

[ အနက်ရောင်ဖျာငယ် ဆိုပေမယ့် Futon- ဂျပန်ရိုးရာ ကြမ်းခင်းမွေ့ရာ ၊ အိပ်ယာဖြစ်စေ ဖင်ထိုင်ဖျာပေါ်မှာဖြစ်စေ အထက်က ထပ်ပြီးခင်းတဲ့ ဟာမျိုးပါ ]

ဂျီကျူးယွဲ့ အနည်းငယ် အံ့အားသင့်သွား၏။

အဘယ်ကြောင့် ဘာမှမရှိရသနည်း..?

ရွှမ်ယီပြောခဲ့သည့် အဖိုးတန်ဆုံးဆိုသော အရာနှင့် ပတ်သက်သည့် ဆန်းကြယ်မှုများက ထိုအနက်ရောင်ဖျာအထဲ၌ ကွယ်ဝှက် တည်ရှိနေသည်လော…?

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရှေ့သို့ လျှောက်သွားလိုက်ကာ အနက်ရောင်ဖျာအထက်၌ တင်ပလင်ခွေထိုင်လျက် အာရုံစူးစိုက်လိုက်သည်။

ထိုအချိန်တွင် ထူးဆန်းမှုများ စတင်ဖြစ်ပေါ်လာတော့၏။

သူ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဖျာ၏ (၃)ပေ ပတ်လည်တွင် ဆန်းကျယ်သော အရှိန်အဝါတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

ထို့နောက် ၎င်းတို့က ချက်ချင်း ဂျီကျူးယွဲ့၏ ဦးခေါင်းထက်သို့ စုရုံးသွားခဲ့ကာ အံ့ဖွယ် ဥပဒေသ အမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကောင်းကင်ဘုံကိုးပါးအထက်မှ ခေါင်းလောင်းသံ သဲ့သဲ့ကြားနေရသကဲ့သို့ ခံစားနေရ၏။

အသက်တစ်ရှိုက်ရှုလိုက်တိုင်း ဂျီကျူးယွဲ့၏ စိတ်များ ကြည်လင်သထက် ပိုမို ကြည်လင်လာခဲ့သည်။

အသိစိတ်ပင်လယ်အတွင်းမှ နတ်အသိစွမ်းအားကလည်း တဖြည်းဖြည်းတုန်ခါလာခဲ့ပြီး အနက်ရောင်ဖျာဘေးပတ်လည်တွင်လည်း ဆန်းကျယ်သည့် အစီအရင်တစ်ခု အလိုလို ဖွဲ့စည်း ဖြစ်ပေါ်လာ၏။

ထိုအချိန်တွင် မျှော်စင်၏ ထိပ်ဆုံးထပ်၌ ကမ္ဘာအသစ်တစ်ခု ဖြစ်ပေါ်လာသည့်အလားပင်။

ကောင်းကင်နှင့် မြေပြင်အကြားမှ တာအိုသဘောတရားများလည်း ဆန်းကြယ်စွာ ဖြစ်ပေါ်လာသည့် အစီအရင်အတွင်း၌ ရောယှက် ပျံ့နှံ့နေသည်။

၎င်းတို့က အသက်ရှိနေသည့်အလား တွန့်လိမ်ကာ လှုပ်ရှားနေ၏။

အနက်ရောင်ဖျာအထက်၌ ငြိမ်သက်စွာ ထိုင်နေသော ဂျီကျူးယွဲ့၏ မျက်၀န်းများက မှိန်းဖျော့နေရာမှ ပြန်လည် တောက်ပလာခဲ့သည်။

ဘယ်လောက်မှ မကြာလိုက်သောအချိန်လေးအတွင်း အကြိမ်ပြောင်းများစွာ ပြောင်းလဲသွား၏။

နှစ်ပေါင်းထောင်နှင့်ချီ ကြာညောင်းသွားခဲ့သည့် အလားပင်။

ဤနေရာက နက်နဲခြင်းအင်ပါယာဂိုဏ်းမှ တပည့်များအတွက် အလွန်အဖိုးတန်သော နေရာတစ်ခု ဖြစ်ပေသည်။

ဗောဓိသူတော်စင် အစီအရင်…!

နတ်တန်ခိုးစွမ်းရည်ခန်းမကို ကာကွယ်ထားသည့် အစီအရင်အား ဂျီကျူးယွဲ့က အဆင့်(၇) အစီအရင်အဖြစ် အကဲဖြတ်ခဲ့၏။

သို့သော် ဤ ဗောဓိသူတော်စင် အစီအရင်ကမူ ကောင်းကင်နှင့် မြေပြင်အကြား သဘာ၀အတိုင်း ဖြစ်တည်လာသည့် အစီအရင်တစ်ခုဖြစ်ပေသည်။

“ နက်နဲခြင်းအင်ပါယာဂိုဏ်း… တကယ့် အစစ်အမှန် နောက်ခံက လူ‌တိုင်း ထိတ်လန့်သွားအောင် ကြောက်မက်ဖွယ် ကောင်းပါလား…”

ကျင့်ကြံခြင်းမှ ပြန်လည်နိုးထလာခဲ့သော ဂျီကျူးယွဲ့တစ်ယောက် အသက်တစ်ချက် ပြင်းပြင်းရှိုက်လျက် ရေရွတ်လိုက်သည်။

ထိုအချိန်တွင် (၈)ထပ်မြောက်၌ ဆမ်ဆာရာ ပိုင်းဖြတ်ခြင်း ( ၀င်စားခြင်း တာအို(၆)ပါး ပိုင်းဖြတ်ချက် ) ကို လေ့ကျင့်နေသော ရွှမ်ယီ ဂျီကျူးယွဲ့စကားအားကြားလျှင် မနေနိုင်ဘဲ ရယ်မောမိလိုက်၏။

အဘယ်ကြောင့်ဆိုသော် (၉) ထပ်မြောက်မှ

တာအိုဉာဏ်အလင်း အစီအရင်က ဂျီကျူးယွဲ့ထင်သလောက် မရိုးရှင်းချေ။

ထို ဗောဓိ သူတော်စင် အစီအရင်က ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို အရှိန်မြှင့်တင်ပေးနိုင်ရုံမကဘဲ ဂိုဏ်းချုပ် အသုံးပြုလျှင် နတ်တန်ခိုးစွမ်ရည်များကိုပါ ဖန်တီးနိုင်ကြောင်း သိသွားပါက ဂျီကျူးယွဲ့ မည်မျှ ထိတ်လန့်သွားလိမ့်မည်နည်း။

ရွှမ်ယီ ခေါင်းယမ်းရင်း အတွေးများကို ဖယ်ရှားကာ ဆမ်ဆာရာ ပိုင်းဖြတ်ခြင်း စာအုပ်ကို စင်မြင့်ထက်သို့ ပြန်တင်ထားလိုက်၏။

ဤ နတ်တန်ခိုးစွမ်းရည်၌ အလွန်ကောင်းမွန်သော သတ်ဖြတ်နိုင်စွမ်းရှိကာ ၎င်းအား သူ့ အသိစိတ်ထဲ၌ မှတ်ထားပြီးချေပြီ။

၎င်းအား အသေအချာလေ့လာပြီး လေဟာနယ် တာအိုနယ်မြေနှင့် ပေါင်းစပ်ကာ မဟာ နတ်တန်ခိုးစွမ်းရည် သို့မဟုတ် နတ်တန်ခိုးစွမ်းရည်အသစ်တစ်ခု ဖန်တီးနိုင်မလား ကြည့်ရမည်။

နတ်တန်ခိုးစွမ်းရည်ခန်းမ တည်ဆောက်ပြီးသည်နှင့် စနစ်မျက်နှာပြင်၌ ကဏ္ဍအသစ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုနေရာ၌ ဖော်ပြထားသော အရာများအရဆိုလျှင် သူ့အနေဖြင့် တစ်ကမ္ဘာလုံးမှ လေ့ကျင့်ရေးနည်းစနစ်များကို စုဆောင်ရန်လိုအပ်ပြီး တစ်ခုပြီးမြောက်သွားတိုင်း အံ့ဖွယ်ဆုလာဘ်ကို ရရှိပေလိမ့်မည်။

လက်ရှိအချိန်တွင် သူ့အတွက် ပြီးမြောက်ရန် အနီးစပ်ဆုံးမှာ နတ်တန်ခိုးစွမ်းရည်ဖြစ်သည်။

“ နတ်တန်ခိုးစွမ်းရည် စုစုပေါင်း (၃၆)ခု စုဆောင်းပါ… ပြီးဆုံးပါက ဆုလာဘ်အဖြစ် မဟာနတ်တန်ခိုးစွမ်းရည် တစ်ခု ရရှိမည်ဖြစ်ပြီး ဓားရည်ရွယ်ချက် တစ်ဆင့် မြှင့်တင်ပေးမည်…”

“ လက်ရှိ ပြီးမြောက်မှုနှုန်း - ၇/၃၆ ”

ရွှမ်ယီ သတိပြန်၀င်လာလျှင် သူ့ရှေ့၌ ဦးညွှတ်နေသော ဂျီကျူးယွဲ့ကို တွေ့လိုက်ရ၏။

၎င်း၏ မျက်နှာထက်၌ အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများ ရှိနေဆဲပင်။

ဗောဓိ သူတော်စင် အစီအရင်က သူ့အား တော်တော်လေး ရှော့ခ်ရသွားစေခဲ့ကြောင်း ထင်ရှားသည်။

ဂျီကျူးယွဲ့ ပါးစပ်ဟပြီး ထိုအစီအရင် မည်သည့်နေရာမှ ဆင်းသက်လာကြောင်း ရွှမ်ယီအား မေးရန်ပြင်လိုက်စဉ်

ရုတ်တရက် ကောင်းကင်ပြိုလဲခြင်းတောင်အပြင်ဘက်ရှိ မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီရင်အစွန်းဘက်မှ တုန်လှုပ်နေသော စကားအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ နက်နဲခြင်းအင်ပါယာဂိုဏ်း… ကျုပ်တို့က တောင်ပိုင်းကောင်းကင်တံခါးက ရောက်လာတဲ့ သံတမန်တွေပါ…. တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ဆီက အမှာစကား ပါလာပါတယ်… ကျေးဇူးပြုပြီး ဂိုဏ်းချုပ်နဲ့ တွေ့လို့ရမလား…”

တောင်ပိုင်းကောင်းကင်တံခါးမှ လာရောက်လည်ပတ်ခြင်းကြောင့် ရွှမ်ယီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

ထို့အပြင် ရောက်ရှိလာသည့် လှေပျံထက်မှ လူတိုင်းကလည်း အလွန်လေးစားနေကြဟန်တူသည်။

သို့သော် ထပ်ပြီးစဉ်းစားကြည့်လိုက်လျှင် ရွှမ်ယီ နားလည်သွားတော့၏။

၎င်းတို့အဆင့်ဖြင့် မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအား အသေးစိတ်ခံစားသိရှိနိုင်ခြင်းမရှိသော်လည်း ယင်းထံမှ ခြိမ်းခြောက်မှုကိုမူ ခံစားနိုင်ကြသည်။

ဤသို့ဖြင့် သံတမန်တစ်ဖွဲ့လုံး ကြောက်ရွံ့ လေးစားသွားကြဟန်တူသည်။

အစီအရင်ကြီးထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက စတုတ္ထအတိဒုက္ခအဆင့် ( ကောင်းကင်ပလ္လင် ) အင်ပါယာတစ်ယောက်ကို ကြောက်ရွံ့သွားစေနိုင်စွမ်းရှိ၏။

All Chapters