← Chapters

ပျင်းစရာကောင်းသည့်တိုက်ပွဲ

Vol. 8 Ch. 106

ပျင်းစရာကောင်းသည့်တိုက်ပွဲ

Vol. 8 Ch. 106

ညအချိန်တွင် ကျင့်ကြံသူဆယ်ဦးခန့်သည် ဟွမ်းယွီ အိမ်တော်ထက်တွင် ရပ်နေကြသည်။ ထို့နောက် လေးဦးခန့်သည် အိမ်တော်၏ ပတ်ပတ်လည် အရပ်မျက်နှာ တစ်ခုစီတွင် မျက်နှာချင်းဆိုင်နေရာ ယူလိုက်ကြသည်။ ထို့နောက် သူတို့၏လက်ထဲတွင် အနီရောင်အလံငယ်များထွက်ပေါ်လာပြီး ပြိုင်တူနေရာချလိုက်၏။ ထို့နောက် တူညီသည့် လက်ပုံစံများ ဆက်တိုက်ထုတ်ဖော်လိုက်သည်။ ထိုအချိန်တွင် ဟွမ်းယွီအိမ်တော်အာ မှိန်လျသည့် အပြာရောင် အလင်းတန်းများနှင့် စတင်ဖုံးအုပ်လာ၏။ ထို့နောက်တွင် အစီအရင်ဖွဲ့စည်းထားသူ လေးဦးမှအပ ကျန်ခြောက်ဦးသည် ခြံဝန်းအတွင်းသို့ ဆင်းသက်လာသည်။

“ခင်ဗျားရဲ့ ရုပ်လုံအမှန်ပေါ်လာပြီပဲ၊ ခိုးကြောင်ခိုးဝှက် ဝင်လာတဲ့ကိစ္စကို ရှင်းစမ်းပါဦး”

လုရှင်းယန်သည် အိမ်တော်နံရံတွင် မှီရပ်နေကာ ပျင်းတိပျင်းရွဲပုံစံနှင့်ပြောလိုက်၏။

“ဘယ်လို..”

နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်ရှိနေသည့် လွီထင်းသည် အနည်းငယ်ထိတ်လန့်သွား၏။ သူသည် လုရှင်းယန်၏ တည်ရှိနေမှုကို မခံစားမိပေ။ သို့သော် ချက်ချင်းပင် မောက်မာစွာပြောလိုက်၏။

“ဟမ့် ကောင်လေး မင်းအသင့် စောင့်နေတော့လဲ အဆင်ပြေသွားတာပေါ့၊ မသေချင်ရင် ဆေးလုံးဖော်စပ်နည်းစနစ်ကို ထုတ်ပေးလိုက်၊ မဟုတ်ရင် နောင်တရသွားလိမ့်မယ်”

“ကျုပ်ကတော့ နောင်တရမဲ့သူက ခင်ဗျားလို့ ထင်မိတာပဲ”

လုရှင်းယန်သည် အေးအေးဆေးဆေးပင် ဖြေလိုက်၏။ လွီထင်း၏ မျက်လုံးမှာ မှေးကျဉ်းသွားသည်။ ထို့အပြင် လုရှင်းယန်၏ ပုံစံကိုကြည့်ကာ အံ့ဩမှု အနည်းငယ်ဖြစ်ပေါ်လာ၏။

“အခြေအနေကို မသိတဲ့ကောင်၊ အေးအေးဆေးဆေး နည်းစနစ်ကို ထုတ်ပေးလိုက်၊ မင်းကို မသတ်တော့ဘူးလို့ အာမခံတယ်”

“ခင်ဗျားက ပိတ်လှောင်ထားတဲ့ အစီအရင်ကိုတောင် ချပြီးပြီပဲ၊ မတိုက်ခိုက်ရင် နှမြောစရာကောင်းမှာပေါ့၊ ခင်ဗျားကို မသတ်မိဖို့တော့ အာမမခံနိုင်ဘူး”

ထို့နောက် လုရှင်းယန်သည် ဖီးနစ်နှလုံးသားလှံကို ထုတ်ဖော်ကာ လွီထင်းအား တိုက်ခိုက်ရန်ပြင်လိုက်၏။

“အဆုံးထိ မောက်မာနိုင်ဦးမလားကြည့်ရသေးတာပေါ့၊ အကြီးအကဲချီထောင် ဒီကောင်လေးကို ရိုက်နှက်ပေးလိုက်၊ မသေစေနဲ့ဦး”

လွီထင်းသည် ချီထောင်ကို အမိန့်ပေးလိုက်၏။ ချီထောင်သည် သူတော်စင်အထွတ်ထိပ်ပင်ရှိနေသူဖြစ်သည်။ သူသည် လုရှင်းယန်ကို ချက်ချင်းတိုက်ခိုက်လိုက်၏။ သို့သော် လုရှင်းယန်သည် ချီထောင်၏ တိုက်ခိုက်မှုများကို သူ၏လှံနှင့် အသာယာပင် ခုခံနေသည်။

“ဒုတိယအစ်ကို ကြမ်းကြမ်းတမ်းတမ်းတိုက်လို့ အိမ်တော်ပျက်စီးမှုရှိရင် ဆရာပြန်လာရင် ရိုက်လောက်မယ်နော်”

ထိုအချိန်တွင် လွီထင်းသည် သူ၏နောက်မှာ ထွက်ပေါ်လာသည့် အသံကြောင့် အံ့ဩသွား၏။ ထို့နောက် အသံလာရာသို့ ကြည့်လိုက်ရာ လူလေးဦး အေးအေးလူလူပင် ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လွီထင်းသည် မျက်မှောင်ကြုတ်သွားရ၏။ လုရှင်းယန်အပါအဝင် ထိုလေးဦး၏ တည်ရှိမှုကို မခံစားနိုင်သောကြောင့်ပင်။

ပိုင်ကျန့်ယွီသည် လုရှင်းယန်၏ တိုက်ပွဲကို ကြည့်နေရင်းအော်လိုက်ခြင်းဖြစ်သည်။ ထိုလူများ လာရောက်တိုက်ခိုက်မှုသည် သူတို့၏ အိမ်တော်တွင် ဖြစ်နေသည်။ တိုက်ပွဲကြီးကြီးမားမားဖြစ်လျှင် ပျက်စီးမှုများစွာကြုံရမည်ဖြစ်သည်။ ထို့ကြောင့် ပိုင်ကျန့်ယွီသည် လုရှင်းယန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

“သူတို့ကိုပါ သတ်စမ်း”

လွီထင်းသည် ကျန်ရှိသည့် နောက်လိုက်လေးဦးကိုပါ အမိန့်ပေးလိုက်၏။ ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာသည် နောက်သို့ ဆုတ်သွားကြ၏။ ထိုလေးဦးသည် သူတော်စင်ကနဦးအဆင့်တွင်သာ ရှိနေသည်။ ထို့ကြောင့် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် နှစ်ဦးစီ တာဝန်ယူကာ တိုက်ခိုက်လိုက်၏။

“ဝုန်း..”

လုရှင်းယန်သည် သူ၏လှံနှင့် ချီထောင်ကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သောကြောင့် လွင့်စင်သွားသည်။ ထို့နောက် ချီထောင်၏ရင်ဘက်ကိုချိန်ရွယ်ကာ ထိုးချလိုက်၏။

“ဒုတိယအစ်ကို သတိထားဦး၊ အိမ်တော်ရဲ့ ပန်းအိုးတွေကွဲကုန်ပြီ”

ပိုင်ကျန့်ယွီသည် နောက်လိုက်နှစ်ဦးအားတိုက်ခိုက်နေရင်း လုရှင်းယန်ကို လှမ်းသတိပေးလိုက်၏။

“တတိယအစ်ကိုရဲ့ ဓားကိုလဲ သတိထားပြီးခုတ်ဦး အိမ်တော်ရဲ့ သစ်ပင်တွေခုတ်မိကုန်ပြီ”

လျှိုမင်ယွမ်သည်လည်း ပိုင်ကျန့်ယွီကို သတိပေးလိုက်၏။

‘ဒီကောင်တွေ သူတော်စင်ကနဦး အဆင့်ရောဟုတ်ရဲ့လား’

လွီထင်းသည် စွံ့အနေ၏။ ဤကဲ့သို့ တိုက်ပွဲမျိုးတွင် ထိုသုံးကောင်သည် မျက်နှာပြောင်နေကြသေးသည်။ သို့သော် သူတို့၏ ဖိအားမရှိပဲ တိုက်ခိုက်နေပုံကိုတွေ့မြင်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

လုရှင်းယန်သည် လဲကျသွားသည့် ချီထောင်ကို လှံနှင့် ထိုးလိုက်ခြင်းဖြစ်သည်။ သို့သော် ချီထောင်သည် သူ၏ ဓားနှင့် လျင်လျင်မြန်မြန်ကာကွယ်လိုက်သည်။ ထို့ကြောင့် လုရှင်းယန်သည် စိတ်မရှည်တော့ချေ။ သူ၏ သူတော်စင်အထွတ်ထိပ်အရှိန်ဝါကို ဖော်ထုတ်လိုက်၏။ ထို့နောက်တွင် ပြင်ထန်လှသည့် စွမ်းအင်းများနှင့် ချီထောင်ကို အဆက်မပြတ် ထိုးနှက်လိုက်သည်။ သို့သော် ချီထောင်သည်လည်း သူတော်စင် အထွတ်ထိပ်အဆင့်မို့ ချက်ချင်းပွဲသိမ်းဖို့ ခက်ခဲနေ၏။ ထို့နောက် မထူးတော့ပြီမို့ ငရဲကိုးဘုံမီးတောက်ပါ ထုတ်ဖော်လိုက်သည်။ ထို့နောက်တွင် ထိုမီးတောက်သည် သူ၏လှံတွင် တောက်လောင်လာပြီး အရှိန်ဟုန်ပြင်းပြင်းနှင့် ချီထောင်ကို ချိန်ရွယ်ကာ ထိုးလိုက်သည်။

ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည် သူတို့၏ အရှိန်ဝါများကို ဖော်ထုတ်ကာ ထိုနောက်လိုက်လေးဦးကို တပြိုင်နက် တိုက်ခိုက်လိုက်သည်။

ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓားနှင့် နောက်လိုက်နှစ်ဦးကို ခုတ်ပိုင်းလိုက်သည်။ ထိုနှစ်ဦးသည် ပိုင်ကျန့်ယွီကို လုံးဝဖိအားမပေးနိုင်ခဲ့ချေ။ သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း အဆင့်ကွာဟချက်ကြောင့် အသာအယာပင်ဖိနိပ်ထားသည်။

လျှိုမင်ယွမ်သည် စိတ်စွမ်းအင်ကြိုးများ ထုတ်ဖော်လိုက်ကာ သူနှင့် တိုက်ခိုက်နေသည့် နှစ်ဦးကို တုတ်နှောင်လိုက်သည်။ ထိုနှစ်ဦးသည် ချက်ချင်း ရုန်းကန်ရှောင်ရှားလိုက်ကြ၏။ ထို့နောက် ထိုကြိုးမျှင်များသည် ရှု့ထောင့်ပေါင်းစုံမှ ပေါ်ထွက်လာပြီး ထိုနှစ်ဦး၏ ပြေးလမ်းများကို ပိတ်ပင်လိုက်သည်။ ထိုနှစ်ဦးသည် လျှိုမင်ယွမ်၏ စိတ်စွမ်းအင်ကြိုးများမှ မလွတ်မြောက်နိုင်တော့ချေ။ ၎င်းကြိုးများသည် ထိုနှစ်ဦးအားတင်းကြပ်စွာ တုပ်နှောင်သွား၏။

ထို့နောက် သူသည် စိတ်စွမ်းအင်များစွာ ထုတ်သုံးကာ ဓားနှစ်ချောင်း ကိုထုတ်ဖော်လိုက်သည်။ ထို့နောက် ချည်နှောင်ထိမ်းချုပ်ခံထားရသည့် ထိုနှစ်ဦးထံ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ထိုလူနှစ်ဦးသည် ဓားနှစ်ချောင်းလာနေသည်ကို မြင်နေရသော်လည်း မလွှတ်မြောက်နိုင်တော့ချေ။

“ရွှတ်..”

ထိုဓားနှစ်ချောင်းသည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ် အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် လျှိုမင်ယွမ်သည် သူ၏ စွမ်းအင်များကို ရုတ်သိမ်းလိုက်၏။ ထို့ကြောင့် နောက်လိုက်နှစ်ဦးသည် လဲကျသွားတော့သည်။

တစ်ဖက်ရှိ ပိုင်ကျန့်ယွီသည်လည်း သူ၏ တိမ်လွှာဓားကို သပ်သပ်ရပ်ရပ် ဆော့ကစားလိုက်ကာ မြန်ဆန်လှသည့် အရှိန်နှင့် သူနှင့်တိုက်ခိုက်နေသည့် နောက်လိုက်နှစ်ဦးကို ပိုင်းဖြတ်လိုက်သည်။ စက္ကန့်ပိုင်း အတွင်းတွင် ထိုနှစ်ဦးသည် လဲကျသွားခဲ့သည်။ မြန်ဆန်လှသည့် ဓားချက်ကြောင့် မည်သို့ သေဆုံးသွားရမှန်း မသိလိုက်ချေ။

“မြန်လိုက်တာ..၊ သူတော်စင်အထွတ်ထိပ်အဆင့်တွေလား”

လွီထင်းသည် အလွန်ပင်အံ့သြသွား၏။ ထိုကောင်လေးသုံးဦးသည် ချက်ချင်းပင် သူတော်စင်အထွတ်ထိပ်အဆင့် အရှိန်ဝါတွေထုတ်ဖော်လိုက်ပြီးနောက် နောက်လိုက်လေးဦးကို ချက်ချင်းသတ်ဖြတ်လိုက်ကြသည်။ ထိုအရာက သူတွေးမထားသည့် အရာပင်။

“ကလန်..”

ထို့နောက် လုရှင်းယန်၏ လှံသည် ချီထောင်၏ လည်မြိုဝသို့ ထိုးစိုက်ခါနီးတွင် လွီချင်းသည် ချက်ချင်းပေါ်လာပြီး ကာကွယ်လိုက်သည်။

“ဝုန်း..”

လွီထင်းသည် သူ၏နတ်ဘုရားတစ်ပိုင်းအရှိန်ဝါကို ဖော်ထုတ်လိုက်ပြီးနောက် လုရှင်းယန်ကို နောက်သို့ဆုတ်စေလိုက်သည်။

“အစီအရင်ကို လွှတ်ထားခဲ့တော့၊ သူတို့သတ်ပစ်”

လွီထင်းသည် ကောင်းကင်ထက်ရှိ အစီအရင်ကို ထိန်းချုပ်နေသည့် နောက်လိုက်လေးဦးကို အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ သူသည် အလွန်ပင် ဒေါသထွက်နေပြီဖြစ်၏။ နောက်လိုက်လေးဦးသေဆုံးသွားသည့်အပြင် အကြီးကဲတစ်ဦးပါ သေလုမြောပါး ဒဏ်ရာရရှိထားသည့်အတွက်ပင်။

“ဘုတ်..”

သို့သော် ထိုကဲ့သို့ မြည်သံလေးခုသာပေါ်ထွက်လာခဲ့သည်။ ထိုလေးဦးသည် ခရမ်းရောင်ရေခဲများနှင့် ရုပ်တုသဖွယ်ဖြစ်ကုန်သောကြောင့်ပင်။ လွီထင်းသည် တုန်လှုပ်သွားခဲ့ရ၏။

ထို့နောက် ခရမ်းနုရောင်ဆံနွယ်များနှင့် ယွဲ့ဝူယောင်သည် လွီထင်းရှေ့သို့ တလှမ်းချင်း လှမ်းလာခဲ့သည်။

“မင်း..မင်းက နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ”

လွီထင်းသည် လုရှင်းတို့၏ ကျင့်ကြံမှုအဆင့် အစစ်မှန်ကို တွေ့လိုက်သည့် အချိန်တွင် အံ့ဩမှုသာဖြစ်ပေါ်ခဲ့သည်။ ထိုသုံးဦးအား သူ၏ အဆင့်နှင့်ဖိနှိပ်နိုင်ဦးမည်ဟု ယုံကြည်နေသည်။ သို့သော် ယွဲ့ဝူယောင်သည် နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်နေသည်ကို တွေ့လိုက်ရချိန်တွင် အလွန်ပင် တုန်လှုပ်သွားရသည်။ သူတော်စင် အထွတ်ထိပ်အဆင့် သုံးဦးအပြင် နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“ကျုပ်ရဲ့စကားမှန်ရဲ့လား”

All Chapters