သက်တမ်းရင့်အမှိုက်
Vol. 8 Ch. 107
လွီထင်းသည် ထိုလူငယ်များ၏ အကြောင်းကို သေချာမစုံစမ်းမိခဲ့သည့်အတွက် နောင်တရသွားသည်။ ထို့အပြင် သူတို့ရောက်လာသည့်အခါ ထိုလူငယ်များ မထိတ်လန့်ကြသည်မှာ အံ့ဩစရာမရှိပေ။ ဖြစ်နိုင်သည်က သူတို့လာမည်ကို စောင့်နေသည့်အလားပင်။
“အကြီးကဲချုပ် ပြေးတော့၊ ကျုပ်ထိန်းထားလိုက်မယ်”
ချီထောင်သည် တိုးလျစွာပြောလိုက်၏။ သို့သော် လွီထင်းသည် ချီထောင်ကို ကိုင်က အလျင်အမြန်ပင် ပြေးထွက်သွားသည်။ သူသည် ဟိုင်ချင်းအိမ်တော်အဖွဲ့ဝင်ကို ပစ်မထားခဲ့နိုင်ပေ။
“ထွက်မပြေးမှာကို စိုးရိမ်လိုက်ရတာ”
ပိုင်ကျန့်ယွီသည် လွီထင်းထွက်ပြေးသွားသည်ကို ကြည့်ကာ စိတ်အေးသွားသည့်အလားပြောလိုက်၏။
“ကျုပ်တို့အိမ်ထိလာရောက်စော်ကားထားတော့ သူတို့ရဲ့ အိမ်ကိုလည်း အလည်အပတ်သွားကြတာပေါ့”
လျှိုမင်ယွမ်သည် အေးစက်စက်ပြုံးကာပြောလိုက်၏။
“အဲ့ဒီလူက ဟိုချင်းကုန်သည်အဖွဲ့ကို ဦးနေတာမဟုတ်ဘူး၊ အဆင့်မြင့်အလွှာကိုပဲ”
ယွဲ့ဝူယောင်သည် ချုးယွီဟွာ ရေးဆွဲပေးထားသည့် အဆောင်ကို ကြည့်ကာရေရွတ်လိုက်သည်။
“တစ်ချီတည်းနဲ့ ငါးကြီးကြီးမိတာပဲ၊ ကျုပ်တို့ မြန်မြန်သွားရအောင်၊ မဟုတ်ရင် အစ်မရွှယ်အာ တစ်ယောက်ထဲ အကုန်လုံးကို ရိုက်နှက်သွားလိမ့်မယ်”
လုရှင်းယန်သည် ထိုသို့ပြောပြီးနောက် သူတို့လေးဦးသည် ကောင်းကင်ထက်သို့ ပျံသန်းကာ လွီထင်း ထွက်ပြေးသွားရာလမ်းကြောင်းသို့ဦးတည်လိုက်ကြသည်။ မော့ရွှယ်အာသည် လွီထင်း ထွက်ပြေးသည့် အချိန်ကတည်းက တိတ်တဆိတ်လိုက်သွားခဲ့ခြင်းဖြစ်၏။ သူတို့အားလုံးသည် သူများအိမ်တော်ကို အလည်အပတ်သွားရန် မစောင့်နိုင်တော့ပေ။
“ရပ်စမ်း၊ မင်းတို့က ဘယ်သူတွေလဲ”
လုရှင်းယန်တို့သည် အဆင့်မြင့် အလွှာ၏ဝင်ပေါက်တွင် သူတော်စင်အဆင့် အစောင့်နှစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“ကျုပ်တို့က လင်းယွမ်နယ်မြေက ပြိုင်ပွဲဝင်တွေလေ၊ လင်းယွမ်နယ်မြေစာရင်းထဲကို ကျုပ်တို့နာမည်တွေ ရှာကြည့်လိုက်”
လုရှင်းယန်သည် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“အော်တွေ့ပြီ၊ လင်းယွမ်နယ်မြေက မရောက်သေးတဲ့ ပြိုင်ပွဲဝင်လေးဦးပဲ”
အစောင့်နှစ်ဦးသည် စစ်ဆေးကြည့်ရာ သူတို့၏နာမည်နှင့် သက်သေခံကတ်ပြားများကို တွေ့ရှိသောကြောင့် ဝင်ခွင့်ပြုလိုက်၏။ အဆင့်မြင့်အလွှာတွင် ကာကွယ်ထားသည့် အစီအရင်သည် မော့ရွှယ်အာအတွက် ဘာမျှမဟုတ်ချေ။ ထို့ကြောင့် သူမသည် တိတ်တဆိတ်ဝင်သွားနိုင်ခြင်းဖြစ်သည်။
“အိမ်တော်သခင်...”
လွီထင်းသည် ဟိုင်ချင်းအိမ်တော် သို့အပြေးအလွှားရောက်ရှိလာခဲ့သည်။
“ဘာဖြစ်လာတာလဲ..၊ ချီထောင်ကို ဒဏ်ရာရအောင်ဘာ်သူလုပ်လိုက်တာလဲ..”
အဘိုးကြီးတစ်ဦးသည် ချီထောင်၏ အခြေအနေကိုမြင်ပြီး ကောင်းကင်နတ်ဘုရားအဆင့်အရှိန်အဝါ ထွက်ပေါ်လာခဲ့သည်။ သူသည် ဟိုင်ချင်းအိမ်တောသခင် လွီချင်းကော ဖြစ်၏။
လွီထင်းသည် အသက်ရှုနှုန်းမြန်ဆန်နေပြီး စကားပင်ဖြောင့်အောင် မပြောနိုင်သေးချေ။ ထို့နောက်တွင် ဖြစ်စဉ်ကို ရှင်းပြလိုက်၏။
“မင်းတို့ကောင်တွေ အသုံးမကျဘူး၊ ဒီလိုကိစ္စမျိုးကို အလောကြီးလုပ်စရာလိုလို့လားကွ”
လွီချင်းကောသည် ဒေါသထွက်စွာ ကြိမ်းမောင်းနေသည်။ လင်းအိမ်တော်ပင် သူတို့အား ထိုသို့ မစော်ကားရဲချေ။ သို့သော် ခုမှ မြို့တော်သို့ရောက်ရှိလာသည့် လူငယ်များသည် ဟိုင်ချင်းအိမ်တော်၏ နောက်လိုက်များကို သတ်ဖြတ်ပြီး အကြီးအကဲကိုပင် ဒဏ်ရာရရှိအောင် လုပ်လိုက်သေးသည်။
“ကျုပ်..”
“ဝုန်း..”
လွီထင်းသည် စကားပြောရန် ကြံရွယ်လိုက်သည့်အချိန်တွင် အသံကျယ်တစ်ခုပေါ်ထွက်လာပြီး ဟိုင်ချင်း အိမ်တော်ကြီးပင် တုန်ခါသွား၏။ လွီထင်းနှင့် လွီချင်းကောသည် အိမ်တော်ခန်းမ မှအပြင်သို့ချက်ချင်းပြေးထွက်လာပြီးနောက် ခန်းမ၏ အပေါက်ဝတွင် အနက်ရောင်တံစဉ်းကြီးသည် မြေပြင်ကိုထိုးခွဲပြီး စိုက်ဝင်နေသည်ကို တွေ့လိုက်သည်။ ထို့အပြင် ကောင်းကင်ထက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းမငယ်လေးတစ်ဦး တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့မြင်သွား၏။ ထိုမိန်းကလေး၏ အနီရောင်မျက်ဝန်းအစုံသည် သူတို့အားစိုက်ကြည့်နေသည်။
“သူမပဲ..”
လွီထင်းသည် မော့ရွှယ်အာကို မှတ်မိသွားခဲ့သည်။ ဟွမ်းယွီအိမ်တော်ကို တိုက်ခိုက်စဉ်က သူမသည် ရပ်ကြည့်နေသည်မှ လွဲ၍မည်သည့်တိုက်ခိုက်မှုမျှမလုပ်ခဲ့ချေ။ သို့သော် အချိန်တစ်ခဏ အတွင်း သူတို့၏အိမ်တော်သို့ရောက်ရှိနေပြီဖြစ်သည်။
“မိန်းကလေး၊ မင်းဟိုင်ချင်းအိမ်တော်ကို လာချင်တိုင်းလာလို့ရမယ်ထင်နေလား”
လွီချင်းကောသည် လွန်စွာ ဒေါသထွက်လျှက်ရှိသည်။ နောက်လိုက်များကိုသတ်ပြီး အကြီးအကဲကို ဒဏ်ရာရအောင်လုပ်သည့်အပြင် ယခု ဟိုင်ချင်းအိမ်တော်အထိပါ ကျုးကျော်နေပြီဖြစ်၏။ သူ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်သည်။
မော့ရွှယ်အာသည် ကောင်းကင်ထက်မှ လှလှပပ ခုန်ဆင်းလာကာ သူမ၏ အနက်ရောင်တံစဉ်းကို ဆွဲနုတ်လိုက်သည်။ သူမ၏ အမူအယာသည် လွန်စွာမှပင် နတ်ဆိုးဆန်လှသည်။ ထို့နောက် လွီချင်းကောကို ချိန်ရွယ်ကာပြောလိုက်၏။
“သက်တမ်းရင့်နေတဲ့ အမှိုက်”
“သူမကို သတ်ပစ်စမ်း”
ထိုစကားကြာပြီး လွီချင်းကောသည် အလွန်ပင်ဒေါသထွက်သွား၏။ ကောင်းကင်နတ်ဘုရားအဆင့် အရှိန်အဝါကို ဖော်ထုတ်လိုက်ပြီး ဟိုင်ချင်းအိမ်တော်အတွင်းရှိ နောက်လိုက်များကို အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် နောက်လိုက်များစွာသည် ပြေးထွက်လာပြီး မော့ရွှယ်အာကို တိုက်ခိုက်လိုက်ကြ၏။
“ဝုန်း..”
“ဝုန်း..”
ထိုအချိန်တွင် နောက်လိုက်များစွာ၏ ရှေ့တွင် လှံတစ်စင်းနှင့် ဓားတစ်ချောင်းတို့သည် အရှိန်ဟုန်ပြင်းစွာကျဆင်းလာခဲ့သည်။ မြေပြင်ကို ထိုးစိုက်သွားသည့် အရှိန်အဝါနှင့်ပင် နောက်လိုက်များစွာသည် အဝေးသို့လွင့်စင်ကုန်ကြပြီး ဖုန်မှုန့်များစွာ ပျံ့လွင့်သွား၏။ ခဏအကြာ ဖုန်မှုန့်များငြိမ်သက်သွားသည့်အခါ အေးစက်ပြီးလှပသည့် ခရမ်းနုရောင်ဆံနွယ်များနှင့်မိန်းကလေးတစ်ဦး၊ ချောမောပြီး နွေးထွေးမှုများပေးစွမ်းနေသည့် လူငယ်လေးတစ်ဦး၊ ဓားသွားအလား ထက်ရှလွန်းသည့် မျက်ဝန်းများပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ဦးနှင့် ချောမောလွန်းပြီး အေးစက်စက်အမူအယာရှိသည့် လူငယ်လေးတစ်ဦး ထွက်ပေါ်လာခဲ့ကြသည်။
“ကျုပ်တို့ လာရောက် လည်ပတ်တာပါ”
လုရှင်းယန်သည် လွီချင်းကောကို နွေးထွေးစွာပြုံးပြကာ ပြောလိုက်၏။
“တံစဉ်း၊ လှံနဲ့ ဓားတွေကို သူများအိမ်ထဲ လာစိုက်ပြီး အလည်အပတ်လာတယ် လို့ပြောရဲသေးတာလား”
လွီချင်းကောသည် လုရှင်းယန်၏ ထိုအပြုံးကိုမြင်ပြီး လွန်စွာမှ ပင်ဒေါသ ထွက်လာခဲ့သည်။ ဟိုင်ချင်းအိမ်တော် တည်ထောင်ပြီးကတည်းက ထိုသို့စော်ကားမှုမျိုး မကြုံဖူးခဲ့ရပေ။
“ခိုးကြောင်ခိုးဝှက်နဲ့ သူများအိမ်တော်ကို အစီအရင်ချပြီး တိုက်ခိုက်တဲ့ အမှိုက်တွေထက်တော့သာတယ်”
ပိုင်ကျန့်ယွီသည် ခနဲ့လိုက်၏။
“ဟမ့် သူတော်စင် သုံးယောက်နဲ့ နတ်ဘုရားတစ်ပိုင်းနှစ်ယောက်က ဟိုင်ချင်းအိမ်တော်ကို လာသောင်းကျန်းရဲတယ်လား၊ အကုန်သတ်စမ်း”
လုရှင်းယန်တို့သုံးဦးသည် ထိုနောက်လိုက်များကို ပုရွတ်ဆိတ်များအားသတ်သလိုပင် လွယ်လွယ်ကူကူသတ်ဖြတ်လိုက်ကြ၏။
ထိုအချင်းအရာကို လွီချင်းကောမြင်သည်နှင့် အလွန်ပင် ဒေါသထွက်သွားပြီး လုရှင်းယန်တို့ကို သတ်ဖြတ်ရန် ပြေးလာလိုက်သည်။
ထိုအချိန်တွင် သူ၏ရှေ့တွင် အနက်ရောင်တံစဉ်းကြီးပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်အား ပိုင်းဖြတ်လုမတက်ပင် ဖြစ်သွားခဲ့သည်။ လွီချင်းကောသည် လျင်လျင်မြန်မြန်ပင် တုန့်ပြန်လိုက်နိုင်သောကြောင့် လက်မတင်လေး လွတ်မြောက်သွား၏။ မော့ရွှယ်အာ၏ အမြန်နှုန်းကြောင့် သူသည် မျက်မှောင်ကြုတ်သွားသည်။
“အဆင့်ကွာခြားတာကို အနိုင်ကျင့် တိုက်ခိုက်ပြီး ဂုဏ်ယူချင်နေတာလား သက်တမ်းရင့်နေတဲ့ အမှိုက်ကြီး”
မော့ရွှယ်အာသည် မည်သူထံမှ သင်ယူထားသည်ကို မသိရသော်လည်း ထိုသို့ပြောရခြင်းကို အလွန်နှစ်သက်နေ၏။ လွီချင်းကောသည် သူမ၏စကားကြောင့် အလွန်ပင်ကျွဲမြှီးတိုသွားခဲ့သည်။ ထို့ကြောင့် လွီထင်းကို ကြည့်ကာ ပြောလိုက်၏။ ထို့အပြင် သူမနှင့်တိုက်ခိုက်ပြီး အချိန်မဖြုန်းချင်သေးပေ။ မဟုတ်လျှင် ဟိုင်ချင်းအိမ်တော်၏ နောက်လိုက်အဖွဲ့များသည် ပိုင်ကျန့်ယွီတို့ လက်ချက်ဖြင့် အကုန်ကုန်ဆုံးသွားနိုင်သည်။
“လွီထင်း ဒီမိန်းကလေးကို ရိုက်နှက်ပေးလိုက်”
သို့သော် လွီထင်းဆီမှ အကြောင်းပြန်စကားမကြားရတော့ချေ။ ထို့ကြောင့် နောက်သို့လှည့်ကြည့်လိုက်ရာ လွီထင်းသည် ခရမ်းရောင်ရေခဲရုပ်တု ဖြစ်နေပြီဖြစ်သည်။ ထိုရုပ်တုဘေးတွင် ခရမ်းနုရောင်ဆံနွယ်နှင့် မိန်းကလေးသည် ကျော့ရှင်းငြိမ်သက်စွာရပ်နေပြီး အေးစက်သည့်မျက်လုံးများနှင့် လွီချင်းကောကို စိုက်ကြည့်နေ၏။
“မဖြစ်နိုင်တာ.. သူမက နတ်ဘုရားတစ်ပိုင်း အဆင့်တစ်ယောက်ပဲကို”
လွီချင်းကောသည် ကျောရိုးအတွင်းစိမ့်သွားသည်အထိ အေးစက်မှုကို ခံစားလိုက်ရပြီး တုန်လှုပ်သွား၏။ လွီထင်းနှင့် အဆင့်တူချင်း ဖြစ်သည့်အလျောက် ထိုမိန်းကလေးသည် တိတ်တဆိတ်နှင့် လွီထင်းကို တိုက်ခိုက်သွားခဲ့သည်။ ကောင်းကင်နတ်ဘုရား ဖြစ်သည့်သူပင် ယွဲ့ဝူယောင်၏ လှုပ်ရှားမှုကို သတိမထားမိခဲ့ချေ။
“တစ်ခြားလူတွေရှိရင် ထပ်ခေါ်လိုက်ဦးလေ”
မော့ရွှယ်အာသည် လမ်းဘေးလူမိုက်အလားပြုမှုနေသည်။ သို့သော် ထိုအပြုအမူကို သူမ အတော်လေးနှစ်သက်သွား၏။