အမြစ်မှဆွဲနှုတ်ခြင်း
Vol. 8 Ch. 108
လုရှင်းယန်တို့စတိုက်ခိုက်ပြီး ရုန်းရင်းဆန်ခက်ဖြစ်နေချိန်တွင် ယွဲ့ဝူယောင်သည် လွီထင်း၏နောက်တွင် တိတ်တဆိတ်ပေါ်လာကာ အေးခဲပစ်လိုက်၏။
လွီထင်းသည် မည်သို့မျှပင် မတုန့်ပြန်နိုင်ခဲ့ချေ။ ခရမ်းရောင်ရေခဲအတွင်းတွင် ဝိညာဉ်စွမ်းအင်များစွာ လောင်ကျွမ်းပစ်ကာ ဖြိုခွဲရန်ကြိုးစားနေသော်လည်း အချီးအနှီးပင်။
“မင်းတို့အကုန်လုံးကို အစိတ်စိတ်အမွှာမွှာချေမွဖြစ်မယ်”
လီထင်းသည် လွီချင်းကော၏ ညီအရင်းဖြစ်လေသည်။ ထို့ကြောင့် လွီချင်းကောသည် လွန်စွာမှပင် ဒေါသများ ထွက်လာခဲ့ပြီး ယွဲ့ဝူယောင်ကို တိုက်ခိုက်ရန် ဦးတည်လိုက်ပြန်သည်။
“ဒီသက်တမ်းရင့်အမှိုက်က ငါ့ကိုလျစ်လျုရှုနေတာပဲ”
မော့ရွှယ်အာသည် တီးတိုးရေရွတ်ကာ နတ်ဘုရင်အဆင့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
“နတ်...နတ်ဘုရင်လား”
လွီချင်းကောသည် လွန်စွာမှပင် တုန်လှုပ်သွားရ၏။ သူ၏ ခြေလှမ်းများသည်လည်းရပ်တန့်သွားရသည်။ သူသည် မော့ရွှယ်အာကို နတ်ဘုရားတစ်ပိုင်းအဆင့်ဟုသာ ထင်မှတ်ခဲ့၏။ ထို့ကြောင့် အရေးတယူ ဂရုမစိုက်ခဲ့ချေ။ သို့သော် သူမသည် နတ်ဘုရင်အဆင့်မိန်းကလေးတစ်ဦးပင်ဖြစ်နေ၏။ သူ၏ စိတ်သည် ပြိုကွဲလုမတက်ပင်ဖြစ်သွားသည်။ သို့သော် ပူဆွေးနေချိန်မရချေ။ အလျှင်အမြန်ပင် ရှောင်တိမ်းလိုက်ရသည်။
အကြောင်းမှာ မော့ရွှယ်အာသည် သူမ၏ တံစဉ်းကို အရှိန်ပြင်းပြင်းနှင့် လွှဲယမ်းလိုက်သောကြောင့်ပင်။ လွီချင်းကောသည် ဆက်တိုက်ဆိုသလို ရှောင်တိမ်းနေရသည်။ ထို့နောက်တွင် မော့ရွှယ်အာ၏ လျှင်မြန်လွန်းသည့် ခုတ်ပိုင်းချက်ကြောင့် သူ၏ဓားကိုထုတ်ကာတားဆီးလိုက်၏။
“ဝုန်း..”
မော့ရွှယ်အာ၏ ပြင်းထန်လွန်းသည့် အင်အားကို လုံးဝ မခုခံနိုင်ချေ။ လွီချင်းကောသည် လွင့်စင်သွားပြီး သူတို့အိမ်တော်ရှိ အဆောက်ဦးများနှင့် တိုက်မိသွား၏။ သို့သော် လျှင်မြန်လွန်းသည့် မော့ရွှယ်အာသည် သူ၏ရှေ့တွင် ချက်ချင်းပေါ်ထွက်လာပြီး ထပ်မံခုတ်ချလိုက်သည်။ လွီချင်းကောသည် ရှောင်တိမ်းလိုက်နိုင်သော်လည်း အနက်ရောင်တံစဉ်း၏ ဖျတ်စီးအားသည် အဆောက်ဦးကို ပြိုကျသွားစေခဲ့သည်။
မော့ရွှယ်အာသည် လွီချင်းကောကို အနားမပေးချေ။ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပြီး အိမ်တော်အတွင်းရှိ အဆောက်အဦးများစွာသည်လည်း ပြိုကျပျက်စီးကုန်သည်။ လွီချင်းကောသည် ဒဏ်ရာများစွာနှင့် သူ၏အဝတ်စားများ စုတ်ပြဲနေပြီး သွေးများလည်း ဆက်တိုက်အန်နေရသည်။ သို့သော် မော့ရွှယ်အာ၏ ခွန်အားနှင့် လွီချင်းကောကို တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်သော်လည်း မလုပ်ခဲ့ပေ။ ထိုသို့ပြုလုပ်လိုက်လျင် သူတို့အားသက်ညှာရာ ရောက်သည်ဟု တွေးထင်ထားသောကြောင့်ပင်။
“မိန်းကလေး၊ ကျုပ်တို့ ဟိုင်ချင်းအိမ်တော်က မင်းတို့အပေါ် မှားယွင်းတဲ့ အပြုအမူတွေကို လုပ်ခဲ့မိတယ်၊ မင်းတို့ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်၊ ဒါ့ကြောင့် ကျုပ်တို့ကိုသက်ညှာပေးပါ”
လွီချင်းကောသည် အသည်းအသန်တောင်းဆိုနေ၏။ သို့သော် မော့ရွှယ်အာသည် ထိုစကားကို မကြားသည့်အလားပင်။
“အဲ့ဒီလိုဖြစ်ခဲ့တာပဲ ဆရာ”
လက်ရှိတွင် ယွဲ့ဝူယောင်သည် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။
“ဒါက..”
ထိုတိုက်ပွဲသံများကြောင့် နတ်အင်ပါယာများလည်း ရောက်ရှိလာပြီး ယွဲ့ဝူယောင်၏ ရှင်းပြမှုများကို နားထောင်ပြီး ထိုမြင်ကွင်းကို စွံ့အမှင်သက်စွာ ကြည့်နေမိကြသည်။ ထို့နောက် အဆင့်မြင့်အလွှာရှိ လူအချို့သည် ဟိုင်ချင်းအိမ်တော်နှင့် မနီးမဝေး အကွာဝေးတွင်ရှိသည့် ကောင်းကင်ထက်တွင် အလျှိုလျှိုနှင့်ပေါ်လာကြ၏။ လင်းထျန်းတောက်နှင့် လင်းယိုဟန်လည်းရောက်ရှိလာကြသည်။
“ဝုန်း..”
လွီချင်းကောသည် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး သွေးများစွာလဲ ရွှဲရွှဲစိုနေသည်။ ဒဏ်ရာများလည်း ပြင်းထန်နေ၏။
“ဟွမ်း..ရှင်ရောက်လာပြီလား၊ အဲ့ဒီလူအိုကြီးက ကျွန်မတို့ကို အနိုင်ကျင့်ခဲ့တယ်၊ ပြီးတော့ အစိတ်စိတ်အမွှာမွှာ ချေမွပစ်မယ် ပြောသေးတယ်”
မော့ရွှယ်အာသည် သူမ၏ တံစဉ်းကြီးကို ရုတ်ချည်းသိမ်းလိုက်ကာ အနိုင်ကျင့်ခံထားရသည့် လေသံငယ်လေးနှင့်ပြောသည်။ သူမသည် ငိုလုမတက်ပင် ဖြစ်နေ၏။
နတ်အင်ပါယာများ “...”
‘ငါတို့ မျက်လုံးတွေ လျှမ်းနေတယ်များထင်လို့လား’
လွီချင်းကောသည် ထိုစကားသံကိုကြားပြီးနောက် သွေးများဆက်အန်လိုက်ရသည်။ တိုက်ပွဲအစမှ အဆုံးထိတိုင်တောင် သူသည် ဘာမျှပင် မလုပ်လိုက်ရချေ။ ခဏအကြာတွင် အနည်းငယ်တည်ငြိမ်သွားပြီး နတ်အင်ပါယာများရောက်ရှိနေမှုကို သတိထားမိသွားသည်။ ထို့နောက် ကုန်းရုန်းထလာပြီး ရှင်းဝေ့ကျန်းကို တောင်းဆို၏။
“နတ်အင်ပါယာရှင်း ကျုပ်တို့ဗဟိုနယ်မြေအတွက် တရားမျှတမှုပြန်ရှာပေးပါ”
ရှင်းဝေ့ကျန်းသည် ထိုအဘိုးကြီးအား ပြေးရိုက်ချင်စိတ်ပင်ပေါက်၏။
‘မင်းတို့ဟိုင်ချင်းအိမ်တော်က အမှားလုပ်တာလေ ဘာလို့ ဗဟိုနယ်မြေကိုဆွဲထည့်နေတာတုန်း’
သို့သော် ဟိုင်းချင်းအိမ်တော်သည် ဗဟိုနယ်မြေမှ ဖြစ်သောကြောင့် ဝင်ရောက်မကူညီလျှင် နတ်အင်ပါယာဆိုသည့်ဂုဏ်ပုဒ်သည် မြောင်းထဲရောက်ပေလိမ့်မည်။ ထို့ကြောင့် ဟိုင်ချင်းအိမ်တော်အတွက် သက်ညှာပေးရန်တောင်းဆိုလိုက်၏။
“ရောင်းရင်းဟွမ်း၊ ဟိုင်ချင်းအိမ်တော်အတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးလိုက်ပြီး သူတို့ရဲ့အသက်တွေကို သက်ညှာပေးပါ”
ထိုတောင်းဆိုမှုကြောင့် လွီချင်းကောသည် အံ့ဩသွား၏။ ထျန်းယွမ်ကုန်းမြေ၏ အစွမ်းထက်ဆုံး နတ်အင်ပါယာတစ်ပါးသည် သာမန်လူအလားဖြစ်နေသည့် သူကို တောင်းဆိုနေရသည်။ သို့သော် မော့ရွှယ်အာတို့ကို ပြန်လည်တွေးမိသွားရင်း ထိုလူလည်း သာမန်လူမဖြစ်နိုင်ဟု တွေးမိသွားသည်။ ထို့ကြောင့် ပို၍တုန်လှုပ်လာသည်။
ဟွမ်းသည် ရှင်းဝေ့ကျန်း၏ စကားကို ကြားပြီးနောက် မည်သို့မျှ မတုန့်ပြန်ချေ။ မော့ရွှယ်အာကို ကြည့်ကာ ပြော၏။
“ရွှယ်အာ လူတစ်ယောက်ကို ဒီလိုရိုက်နေလို့ မသင့်လျော်လှဘူး၊ ရန်သူဖြစ်ပြီဆိုရင် ရှင်သန်ခွင့်မပေးရဘူး”
လွီချင်းကော “...”
လွီချင်းကောသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြန်၏။ သူသည် တုန့်ပြန်ရန်ပြင်ဆင်လိုက်သည့် အချိန်တွင် မော့ရွှယ်အာ၏ စကားသံကို ကြားလိုက်ရသည်။
“ဒီလူအိုကြီးက အားနည်းလွန်းတယ်၊ နတ်ဘုရင်အဆင့်တွေကလဲ ကျွန်မပြိုင်ဘက်မဟုတ်ဘူး”
မော့ရွှယ်အာသည် ထိုလူအိုကြီးအား ထိုက်သင့်သလောက်ရိုက်နှက်ပြီးပြီမို့ မသတ်ချင်တော့ပေ။ ရှင်းဝေ့ကျန်းသည်တော့ စိတ်အေးသွားသည့်အလား သက်ပျင်းချလိုက်သည်။ သို့သော် မော့ရွှယ်အာသည် သူမ၏ခေါင်းကို အသာယမ်းကာ ဆက်ပြောလိုက်၏။
“နတ်အင်ပါယာအဆင့်တွေကို ရိုက်ချင်တယ်”
ရှင်းဝေ့ကျန်း “...”
‘မြှားဦးက ငါ့ဘက်လှည့်လာသလိုပဲ’
ယခုတွင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသူမှာ ရှင်းဝေ့ကျန်းပင်ဖြစ်၏။ သူသည် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းပေးရုံသာ။ အဘယ့်ကြောင့် မော့ရွှယ်အာ၏ စကားသည် သူအားရည်ညွှန်းနေသည်ဟု ခံစားနေရသနည်း။ ထို့နောက်တွင် လုရှင်းယန်တို့သည် ဟွမ်းအနားသို့ရောက်လာသည်။ ယွဲ့ဝူယောင်သည်လည်း လွီထင်းအား အေးခဲထားသည် ရေခဲအလွှာများကို ပယ်ဖျတ်ပေးလိုက်၏။
“မင်းတို့ ကိုရှင်သန်ဖို့ အခွင့်ရေးပေးမယ်၊ ဒါပေမဲ့ ဒီမြို့တော်ကနေထွက်သွား”
ဟွမ်း၏ ရှားပါးသော သဘောထားကြီးမှုဖြစ်သည်။ သူသည် ရှင်းဝေ့ကျန်းကို မျက်နှာသာပေးခြင်းမဟုတ်ပေ။
“နတ်အင်ပါယာရှင်းတောင် ငါတို့ကို ဒီလိုပြောဖို့အခွင့်အရေးမရှိဘူး၊ နတ်အင်ပါယာရှင်းက မျက်နှာသေးပေးနေတယ်ဆိုပြီး ရောင့်တက်မလာနဲ့”
ရေခဲရုပ်တုအဖြစ်ခဲခံထားရသောကြောင့် လွီထင်းသည် လွန်စွာ ဒေါသထွက်နေခဲ့သည်။ ထို့အပြင် ဟွမ်းသည် မြို့တော်မှ နှင်ထုတ်နေသောကြောင့် သူ၏ ဒေါသများကို ထိန်းမထားနိုင်တော့ပေ။ ရှင်းဝေ့ကျန်းပင် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွား၏။
“ရွှယ်အာ၊ တစ်ချို့လူတွေက အခွင့်အရေးနဲ့ မထိုက်တန်ဘူး”
ဟွမ်းသည် ထိုသို့ပြောပြီး ခြေတစ်လှမ်း လှမ်းဟန်ပြုလိုက်၏။ ရုတ်ချည်းပင် လွီချင်းကောနှင့် လွီထင်း၏ ရှေ့တွင်ပေါ်လာခဲ့ပြီး မြေပြင်ကို ခြေတစ်ချက်ဖြင့် အသာဆောင့်နင်းလိုက်သည်။
ထိုအချိန်တွင် ဟိုင်ချင်းအိမ်တော်ကြီးတစ်ခုလုံး ခါယမ်းလာသည်။
“ဘာဖြစ်ကုန်တာလဲ”
အနီးနားရှိ လာရောက်ကြည့်ရှု့နေသူများသည်လည်း အကုန်အံ့ဩကုန်၏။
နတ်အင်ပါယာများလည်း ထိတ်လန့်သွားကြသည်။ အကြောင်းမှာ ဟိုင်းချင်းအိမ်တော်၏ မြေလွှာများအပါအဝင် အိမ်တော်တစ်ခုလုံး ကောင်းကင်ပေါ်သို့မြင့်တက်လာသောကြောင့်ပင်။ အိမ်တော်အောက်ခြေရှ်ိမြေသားပင် ပေသုံးဆယ်ခန့်ရှိ၏။
“ရောင်းရင်း ကျုပ်ခင်ဗျားပြောတဲ့အတိုင်းလုပ်ပါမယ်၊ ကျုပ်တို့ ဒီမြို့တော်က ထွက်သွားပါ့မယ်”
လွီချင်းကောသည် တုန်တုန်ယီယီနှင့်ပြောလိုက်သည်။ သူသည် အလွန်ပင် တုန်လှုပ်သွား၏။ ထိုအရာသည် သူတို့အိမ်တော်အား အမြစ်မှ ဆွဲနှုတ်ခြင်းပင်။ ယခုအချိန်မှ ဟွမ်း၏ စွမ်းအားကြောင့် လွီထင်းလည်း နောင်တရလာခဲ့သည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မရှိသည့် နောင်တများလည်းရှိပေ၏။ ဟွမ်းသည် သူတို့အား အခွင့်အရေးပေးခဲ့ပြီး ဖြစ်သည်။
“ဒီလူက နတ်အင်ပါယာတွေထက်တောင် ကြောက်စရာကောင်းနေတာလား”
အစွမ်းထက် ကျင့်ကြံသူများပင် တီးတိုးဆွေးနွေးနေကြပြီး နတ်အင်ပါယာလေးဦးကိုပင် တိတ်တခိုးကြည့်မိသွားသည်။ နတ်အင်ပါယာများ၏ မျက်နှာထက်တွင်လည်း စိုးရိမ်စိတ်များဝင်နေသည့်အလားပင်။ အားလုံးထဲတွင် အတုန်လှုပ်ဆုံးဖြစ်သူမှာ နတ်အင်ပါယာဟေးချုံးပင်။ သူသည် ဟွမ်းကိုပင် အော်ငေါက်ဖူး၏။