← Chapters

ကန့်ကွက်ချင်လား

Vol. 8 Ch. 109

ကန့်ကွက်ချင်လား

Vol. 8 Ch. 109

“အခုမှထွက်သွားချင်ရင်တော့ နောက်ကျသွားပြီ”

ဟွမ်းသည် အေးအေးဆေးဆေးပင် ပြော၏။

ကောင်းကင်အမြင့်ထက်သို့ ရောက်ရှိနေသည့် အတွက်ကြောင့် မြေသားများနှင့် ပျက်စီးနေသည့် အဆောက်အဦးများသည် ပြိုကျပြီး ကြေမွလာသည်။ ထို့နောက်တွင် ဟွမ်းသည် သူ၏ ခန္ဓာကိုယ်မှ ပျော့ပြောင်းသည့် အနက်ရောင်မီးတောက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ခဏအကြာတွင် ထိုမီးတောက်သည် အသက်ငါးနှစ်အရွယ်ကလေးတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်တည်လာခဲ့သည်။ ထိုမီးတောက်ထွက်ပေါ်လာခဲ့သော်လည်း ပတ်ဝန်းကျင်တွင် အပူချိန်သည် မြင့်တက်လာခြင်းမရှိပေ။ ထို့အပြင် မည်သည့်ကြောက်စရာစွမ်းအားမျှလည်း ထွက်ပေါ်မနေချေ။ ထို့နောက် ဟွမ်းသည် ထိုမီးတောက်ကိုကြည့်ကာ အမိန့်ပေးလိုက်၏။

“တစ်ခုမကျန် ဝါးမြိုလိုက်”

ထို့နောက်တွင် ကလေးအရွယ်အနက်ရောင်မီးတောက်သည် ဟိုင်ချင်းအိမ်တော်၏ အထက်သို့ ပျံတက်သွားသည်။ အမြင့်တစ်ခုသို့ရောက်ချိန်တွင် ထိုမီးတောက်သည် ပြန့်ကျဲသွားပြီး ဟိုင်ချင်းအိမ်တော်တစ်ခုလုံးအား ဖုံးအုပ်ထားသည့်အလားပင်။ ထို့နောက် တဖြည်းဖြည်းနှင့် နိမ့်ဆင်းလာကာ ဟိုင်ချင်းအိမ်တော်တစ်ခုလုံးအား လွှမ်းခြုံသွား၏။

“ဒါဘယ်လိုစွမ်းအင်နည်းစနစ်မျိုးလဲ”

အားလုံးသည် ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းထားသည့် အနက်ရောင်မီးတောက်ကိုကြည့်ကာ အလွန်ပင်ထိတ်လန့်နေကြသည်။

“ဒါမီးတောက်တစ်ခုလား၊ ဘယ်လိုမီးတောက်မျိုးလဲ”

ရှင်းဝေ့ကျန်းသည် တီးတိုးရေရွတ်မိသွား၏။

“ဆရာ၊ ကျုပ်အိမ်မက်ထဲက ဆရာ့ကို တိုက်ခိုက်တဲ့သူက အနီရောင်စွမ်းအားတွေသုံးတာဆိုတော့ ဒီလူတော့မဖြစ်နိုင်လောက်တော့ဘူး”

ရှင်းဝမ်ကျဲသည်လည်း ဤနေရာသို့ရောက်ရှိနေပြီဖြစ်သည်။ ရှင်းဝေ့ကျန်းသည် သူ၏တပည့်ဖြစ်သူ၏ ပြောကြားချက်ကို ခေါင်းညိတ်ကာ နားလည်ကြောင်းပြော၏။ ထို့နောက် ရှင်းဝမ်ကျဲသည် တိုးလျသည့်လေသံနှင့် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အရှေ့ပိုင်းနယ်မြေ ပျက်စီးသွားတာ အဲ့ဒီလူနဲ့ သက်ဆိုင်လောက်လား”

“တိတ်စမ်း၊ စကားကို လျှောက်ပြောလို့မရဘူး”

ရှင်းဝေ့ကျန်းသည် သူ၏တပည့်ကို မာန်မဲလိုက်၏။ ရှင်းဝမ်ကျဲ၏ အသံသည် မည်မျှပင်တိုးစေကာမှု ဟွမ်းကဲ့သို့ အစွမ်းထက်တည်ရှိမှု၏ နားမှမလွတ်မြောက်နိုင်ဟု ထင်နေသောကြောင့်ပင်။ ရှင်းဝေ့ကျန်းသည်လည်း နတ်အင်ပါယာထျန်းရှီ၏ သုံးသပ်ချက်အချို့ကို ပြန်လည်တွေးတောမိသွား၏။ ထျန်းရှီသည် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး၏ မိမိကိုယ်ကို ဖောက်ခွဲမှုဟု သုံးသပ်ခဲ့သည်။ ရှင်းဝေ့ကျန်းသည် ဖြစ်နိုင်ချေမျိုးစုံကို တွေးတောမိနေ၏။ သို့သော် တစ်ခဏအတွင်း ခေါင်းယမ်းကာ ပယ်ဖျတ်လိုက်၏။ ထိုအရာက ဟွမ်းနှင့် ပတ်သတ်နေလျှင်တောင် သူအနေနှင့် မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။

“အား...”

ထိုအနက်ရောင်မီးတောက်များအတွင်းမှ အာခေါင်ခြစ် အော်ဟစ်သံများစွာ ပေါ်ထွက်နေသည်။ လွီချင်းကောနှင့် လွီထင်းသည် သူတို့၏ စိတ်ဝိညာဉ်ကို တစိမ့်စိမ့် လောင်ကျွမ်းနေသည်ဟု ခံစားနေရသည်။ နာကျင်စွာ ဟစ်အော်နေရပြီး ကိုယ့်ကိုယ်ကိုပင် အဆုံးစီရင်နိုင်စွမ်းမရှိတော့ပေ။ သူတို့နှစ်ဦးသည် ဝိညာဉ်စွမ်းအင်များသုံး၍ ကာကွယ်နေသော်လည်း ထိုစွမ်းအင်များပါ ဝါးမြိုခံလိုက်ရသည်။

“အား..မဟုတ်ဘူး..အား”

“ကျေးဇူးပြုပြီးရပ်ပါတော့၊ ကျုပ်တို့ကို သေခွင့်ပေးပါ”

သူတို့သည် ထိုကဲ့သို့ နာကျင်မှုမျိုးကို မခံစားချင်တော့ပေ။ သေဖို့ကိုသာ မျှော်လင့်နေမိကြသည်။ ထိုမခံမရပ်နိုင်သည့် နာကျင်မှုကို အလူးအလဲခံစားနေရပြီး နှစ်ပေါင်းရာချီကြာမြင့်နေသည်အလား ခံစားနေရသည်။ ထို့ကြောင့် အော်ဟစ်နေယုံမှလွဲ၍ မတက်နိုင်ခဲ့ချေ။

ထို့နောက်တွင် ကောင်းကင်သို့ဖုံးလွှမ်းထားသည့် အနက်ရောင်မီးတောက်များသည် တဖြည်းဖြည်းနှင့် ကျုံ့ဝင်လာခဲ့သည်။ မီးတောက်အတွင်းရှိ အော်ဟစ်သံများသည်တစ်စထက်တစ်စ တိုးလျလာကာ ပျောက်ကွယ်သွား၏။ ထိုအတွင်းရှိ မြေလွှာများ၊ ပျက်စီးနေသည့် အဆောက်အအုံများ၊ အိမ်တော်တွင်ရှိနေသည့် လူများပါမကျန် လောင်ကျွမ်းသွားသည့်အလားပင်။ ခဏအကြာတွင် ဟိုင်ချင်းအိမ်တော်သည် ပျောက်ကွယ်သွားပြီး အစအန ပင်မကျန်ခဲ့ချေ။

ထို့နောက် အနက်ရောင်မီးတောက်သည် မူလအရွယ်အစားတိုင်းပြန်ဖြစ်သွားပြီးနောက် ဟွမ်းကိုကြည့်လိုက်သည်။ သူ့အကြည့်တွင် ‘မဝသေးဘူး ထပ်စားချင်သေးတယ်’ ဟုပြောနေသယောင်ပင်။ဟွမ်းသည် ခေါင်းအသာ ခါယမ်းကာ ထိုမီးတောက်ကို ဆွဲယူသိမ်းဆည်းလိုက်၏။

အနီးနားရှိကျင့်ကြံသူအများအပြားသည် ထိုမီးတောက်၏ အပူရှိန်ကို မခံစားရသော်လည်း ချွေးများကျဆင်းနေကြသည်။ ဟိုင်ချင်းအိမ်တော်သည် ဖုန်မှုန့်များ အဖြစ်ကိုပင် မရောက်ရှိခဲ့ရပေ။ လေထုအတွင်း အစအနမကျန်အောင်ပင် ပျောက်ကွယ်သွားရ၏။ သူတို့ပါ ကြောက်ရွံ့မှုများ ခံစားလာခဲ့ရသည်။

“ခင်ဗျား ကန့်ကွက်ချင်တဲ့အကြောင်းရင်း တစ်ခုခုရှိလား”

ဟွမ်းသည် ရှင်းဝေ့ကျန်းကို အေးစက်စက်ကြည့်ကာ မေးလိုက်၏။

“မရှိပါဘူး၊ ကျုပ်မကန့်ကွက်ပါဘူး၊ ရောင်းရင်းဟွမ်းရဲ့ ကြင်နာမှုကို လက်မခံခဲ့တဲ့ သူတို့ကိစ္စကို ဝင်မစွက်ဖက်ပါဘူး”

ရှင်းဝေ့ကျန်း၏ ရင်ထဲတွင် စိုးထိတ်သွား၏။ သူတပည့်ပြောသည့် စကားများကြားသွားသည်ဟုထင်လိုက်သည်။ သူသည် နတ်အင်ပါယာဆိုသည့် ဂုဏ်ကိုပင် မထိန်းသိမ်းနေတော့ချေ။

ထို့အပြင် ဟိုင်ချင်းအိမ်တော်သည် ဗဟိုကုန်းမြေ၏ ထိပ်တန်းအိမ်တော်တစ်ခုဖြစ်သော်လည်း အနိုင်ကျင့်ရက်စက်မှုများကို သိရှိလိုက်ရပြီးဖြစ်သည်။ ထိုလုပ်ရပ်များကပင် သူတို့ကိုယ်သူတို့ သေလမ်းသို့တွန်းပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အတွက်ကြောင့် ရှင်းဝေ့ကျန်းသည် ဟွမ်းနှင့် ရန်သူလုပ်ရန်မလိုအပ်ချေ။ ရန်သူလုပ်မိပါကလည်း သူ၏ဗဟိုနယ်မြေသည် ဟိုင်ချင်းအိမ်တော်နှင့် အလားတူဖြစ်ရပ်မျိုး ဖြစ်လာနိုင်သည်ဟုပင်တွေးမိနေ၏။

ဟွမ်းသည် ရှင်းဝေ့ကျန်း၏ စကားကြောင့် ပတ်ဝန်းကျင်အား ထပ်၍ဂရုမစိုက်တော့ချေ။ သူ့တပည့်များရှိရာသို့ ဆင်းလာသည်။

“သွားကြမယ်..”

ဟွမ်းသည် တပည့်များကို ဦးဆောင်ကာ ဟွမ်းယွီအိမ်တော်သို့ ပြန်လည်ထွက်ခွာသွားကြသည်။ ထိုအခါမှသာ ရှင်းဝေ့ကျန်းသည် သက်ပြင်းချရဲတော့၏။ နတ်အင်ပါယာတစ်ပါးအနေနှင့် အကြောက်တရားကို မခံစားမိသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဟွမ်းထွက်ပေါ်လာပြီးသည့်နောက်တွင် ဆက်တိုက် ခံစားနေခဲ့ရခြင်းဖြစ်သည်။

“သမီး ဒီလူက ဟိုကောင်လေးရဲ့ ဆရာဖြစ်လိမ့်မယ်၊ အတော်ကြောက်စရာကောင်းတာပဲ”

လင်းထျန်းတောက်သည် အကွာဝေးတစ်ခုမှ ကြည့်နေရင်း လင်းယိုဟန်ကို ပြောလိုက်သည်။

“ဒီလိုအနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ တပည့်ဖြစ်လာတဲ့ ‘သူ’က အစွမ်းထက်နေတာ အံ့ဩစရာမရှိတော့ဘူး”

လင်းယိုဟန်သည် အဝေးရှိလျှိုမင်ယွမ်ကို ယီဝေနေသည့် အကြည့်များနှင့်ကြည့်ကာ ရေရွတ်လိုက်၏။ ထိုတိုးလျသည့် ရေရွတ်သံကို လင်းထျန်းတောက်ကြားကာ ခေါင်းသက်ပြင်းချ၍ ပြောလိုက်၏။

“မနက်ဖြန်ကျရင် ဟွမ်းယွီအိမ်တော်ကို မိတ်ဖြစ်ဆွေဖြစ် အလည်သွားကြမယ်”

လင်းယိုဟန်သည် ထိုစကားကြားပြီး ရှက်သွားခဲ့၏။ ထို့နောက်တွင်ပြပွဲပြီးဆုံးသွားပြီဖြစ်သောကြောင့် အနားရှိကျင့်ကြံသူများလည်း ထွက်ခွာသွားကြသည်။ သူတို့သည် ဟွမ်း၏ ပုံရိပ်ကို အသေချာမှတ်ထားလိုက်ကြပြီး မစော်ကားမိစေရန် ဂရုစိုက်ကြတော့မည်ဖြစ်သည်။ ဟိုင်ချင်းအိမ်တော် တစ်ခုလုံး ပျောက်ကွယ်သွားသည့် ပုံရိပ်သည်လည်း သူတို့၏ စိတ်ဝိညာဉ်အထိပါ စွဲမြဲအောင် မှတ်မိနေကြ၏။

“အဲ့ဒီလူလုပ်လိုက်ရင် တစ်ခုထက်တစ်ခု ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတော့တာပဲ”

ဟေးချုံးသည် တံတွေးမြိုချကာ ပြောလိုက်၏။ နတ်အင်ပါယာဖြစ်သည့် သူပင်လျင် အာခေါင်များခြောက်နေခဲ့သည်။ သူပြသနာရှာခဲ့စဉ်က ချုးယွီဟွာနှင့်သာ တိုက်ခိုက်ခဲ့ရသည်မို့ အလွန်ပင် ကံကောင်းသည်ဟု တွေးလိုက်၏။

“မြို့တော်ထဲမှာ အမိန့်ထုတ်လိုက်၊ ဟွမ်းယွီအိမ်တော်ကို ဘယ်သူကမှပြသနာရှာခွင့်မရှိဘူး”

ရှင်းဝေ့ကျန်းသည် ဘေးနားရှိ ဗဟိုမြို့တော်၏အုပ်ချုပ်သူ လီချင်းဟုန်ကို အမိန့်ပေးလိုက်သည်။

“နတ်အင်ပါယာတို့ ကျုပ်တို့ မဟာမိတ်ဖွဲ့ထားတဲ့အတူတူ အဲ့ဒီစီနီယာကိုပါ မဟာမိတ်အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ကြမလား”

ဟေးချုံးသည် နတ်အင်ပါယာသုံးဦးကို အကြံပေးလိုက်၏။

“ရောင်းရင်းဟွမ်းသာ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲကို ဖိတ်ခေါ်လိုက်ရင် ထျန်းယွမ်ကုန်းမြေလဲ ဒီထက်တိုးတက် လာလိမ့်မယ်ထင်တယ်၊ အနာဂတ်ရဲ့လူငယ်တွေအတွက်လဲ ကြီးမားတဲ့ တိုးတက်မှုကို ခံစားခွင့်ရလာလိမ့်မယ်၊ မိစ္ဆာအင်ပါယာရဲ့ အတွေးကရော”

ရှင်းဝေ့ကျန်းသည်လည်း ဟေးချုံး၏ အကြံကို သဘောတူလက်ခံလိုက်ပြီး ချီမင်ယောင်၏ သဘောတူညီမှုကိုပါတောင်းခံလိုက်သည်။ ဟွမ်း၏ ငြင်းပယ်ခြင်းခံရလျှင်တောင် သူတို့အတွက် အရှုံးမရှိချေ။

“ဒီလို ကိစ္စကောင်းအတွက် ကျွန်မက ငြင်းစရာအကြောင်း မရှိပါဘူး”

ချီမင်ယောင်လည်းသဘောတူ၏။ သူမသည် လော့ရွှယ်နင် ဤကုန်းမြေသို့ ရောက်ရှိလာစဉ်ကတည်းက လောကကြီး၏ ကျယ်ပြန့်မှုကို တွေးမိလာခဲ့သည်။ ထို့နောက် ဟွမ်းနှင့် တွေ့ဆုံတိုင်းတွင် သူမ၏ အသိအမြင်များသည် များစွာပြောင်းလဲရ၏။ ထို့အတွက် ငြင်းပယ်စရာမရှိချေ။

“စီနီယာက ဒီကုန်းမြေမှာ အကြာကြီးနေမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်တို့ကြိုးစားကြည့်လို့တော့ရပါတယ်”

ထိုက်ဟုန်ကျွင်းသည် တစ်ချိန်တွင် ဟွမ်းထွက်သွားမည်ကို သိသောကြောင့် ပြောလိုက်၏။

“အဲ့ဒါဆို နတ်အင်ပါယာ ထိုက်ကိုပဲ အားကိုးရတော့မယ်”

နတ်အင်ပါယာသုံးဦးသည် ပြိုင်တူပြောလိုက်၏။ နတ်အင်ပါယာအားလုံးတွင် ထိုက်ဟုန်ကျွင်းသည်သာ ဟွမ်းနှင့် အနီးစပ်ဆုံးရှိသူဖြစ်သည်။

All Chapters