← Chapters

နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်

Vol. 8 Ch. 110

နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်

Vol. 8 Ch. 110

ဗဟိုနယ်မြေပြိုင်ပွဲစတင်ရန် သုံးရက်ခန့်သာလိုတော့သည်။ ထိုနေ့ရက်များတွင် ဟွမ်း၏ တပည့်များသည် တိတ်တဆိတ် ကျင့်ကြံနေကြ၏။ ထိုစဉ်တွင် ဟွမ်းယွီအိမ်တော်သို့ လူနှစ်ဦး ရောက်ရှိလာသည်။

“အိမ်တော်ခေါင်းဆောင်လင်း ခင်ဗျားအရင်ပြောလိုက်ပါ”

ထိုက်ဟုန်ကျွင်းသည် လင်းထျန်းတောက်ကို အရင်ပြောခွင့်ပြုလိုက်၏။

“ကျေးဇူးတင်ပါတယ် နတ်အင်ပါယာထိုက်”

“ကျုပ်ရဲ့တူဖြစ်တဲ့ လင်းဟွေ့က ရောင်းရင်းဟွမ်းရဲ့ တပည့်အပေါ်ကျုးလွန်ခဲ့တဲ့ ကိစ္စများအတွက် လာရောက်တောင်းပန်တာပါ”

လင်းထျန်းတောက်သည် ဆိုလိုက်၏။ သို့သော် လင်းဟွေ့ကိုတော့ ခေါ်မလာခဲ့ချေ။ လျှိုမင်ယွမ်သည် လင်းဟွေ့အား သူ၏မျက်စိရှေ့တွင် ပေါ်မလာမိစေရန် သတိပေးထားခဲ့ခြင်းကြောင့်ဖြစ်သည်။

“ဒီကိစ္စအကြောင်းဆိုရင် ပြန်တော့”

ဟွမ်းသည် ချက်ချင်းပြန်းခိုင်းလိုက်၏။ သူ့အနေနှင့် ထိုသို့ အာရုံနောက်စရာ ကိစ္စများနှင့် အချိန်မဖြုန်းချင်ပေ။ သူ၏တပည့်ကိုယ်တိုင်လဲ ထိုအကြောင်းရာများကို ဂရုမစိုက်တော့ချေ။

လင်းထျန်းတောက်ပြောစရာစကားမဲ့သွား၏။ သို့သော် သူသည် ဉာဏ်ကောင်းသည့် သူမို့ ထိုကိစ္စကို အစမဖော်ချင်ကြောင်း နားလည်သွားသည်။

“ရောင်းရင်းဟွမ်း၊ ဗဟိုမြို့တော်မှာ ကုန်သည်အဖွဲ့အစည်းနေရာက လစ်လပ်သွားပြီမို့၊ ဗဟိုမြို့တော်ရဲ့ အင်အားကြီးအိမ်တော်တွေက အစည်းအဝေးလုပ်ခဲ့တယ်၊ အဲ့ဒီအဖွဲ့အစည်းနေရာအတွက် အိမ်တော်တွေအားလုံးက စုပေါင်းပြီးကုန်သည်အဖွဲ့တစ်စု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါကြောင့် ရောင်းရင်းဟွမ်းကို ကုန်သည်အဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ချင်တာပါ”

လင်းထျန်းတောက်သည် အဓိက အကြောင်းရင်းကို ပြောလိုက်၏။ ဟိုင်ချင်းအိမ်တော်မရှိတော့သည်နှင့် ဗဟိုနယ်မြေ၏ ကုန်သွယ်ရေးကိစ္စများသည် အနည်းငယ်ရှုပ်ထွေးသွားသည်။ ဟိုင်ချင်းအိမ်တော်သည် ဗဟိုမြို့တော်တစ်ခုလုံး၏ အဓိက ကုန်သွယ်ရေး ကိစ္စများအပြင် ဗဟိုနယ်မြေရှိ အခြားမြို့များစွာ၏ ကုန်သွယ်ရေး လုပ်ငန်းများကို လွှမ်းမိုးထားခြင်းဖြစ်သည်။ ဟိုင်ချင်းအိမ်တော်၏ ခြေလက်အခွဲများသည် ဗဟိုနယ်မြေ၏ နေရာအနှံ့တွင် တည်ရှိနေသော်လည်း ပင်မထောက်တိုင် ပျက်စီးသွားပြီမို့ အဖွဲ့ငယ်များအတွက်လဲ ဖရိုဖရဲဖြစ်ကုန်ရ၏။ ထို့ကြောင့် ဗဟိုမြို့တော်၏ အင်အားစုများသည် လစ်လပ်နေသည့် ကုန်သည်အဖွဲ့အစည်းနှင့် အဖွဲ့ငယ်များကိုချုပ်ကိုင်ရန် ဆွေးနွေးခဲ့ကြသည်။

“ကျုပ် စိတ်မဝင်စားဘူး”

ဟွမ်းသည် ငြင်းပယ်လိုက်၏။ သူ့အနေနှင့် ထိုသို့ကိစ္စများကို ပါဝင်လုပ်ဆောင်မည်မဟုတ်ပေ။ သို့သော် လင်းထျန်းတောက်စိတ်ဓာတ်ကျသွားသည့်အချိန်တွင် ဟွမ်းသည် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ယွီဟွာက အဲ့ဒီလို ကိစ္စတွေမှာ ကျွမ်းကျင်တယ်၊ သူမ ဆန္ဒရှိရင်ပူးပေါင်းလိမ့်မယ်”

လင်းထျန်းတောက်၏ မျက်နှာလည် ရုတ်ချည်း တောက်ပလာသည်။ သူသည် ဟွမ်းယွီအိမ်တော်နှင့် ဆက်ဆံရေးတည်ဆောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

“စီနီယာအစ်ကို၊ အဆင်ပြေပါ့မလား”

ချုးယွီဟွာသည် တီးတိုးမေးလိုက်၏။

“မင်းဆန္ဒမရှိရင် အတင်းဖိအားပေးစရာမလိုဘူး”

ဟွမ်းသည် ထိုကိစ္စကို ချုးယွီဟွာ မလုပ်ချင်လည်း ရသည်ဟူသည့် သဘောပင်။ သို့သော် ချုးယွီဟွာသည် အနည်းငယ်စဉ်းစားပြီးနောက် ပူးပေါင်းရန် သဘောတူလိုက်၏။

ထို့နောက်တွင် လင်းထျန်းတောက်သည် ပြုံးရွှင်ရယ်မောနေကာ ဟွမ်းယွီအိမ်တော်မှ နှုတ်ဆက်ထွက်ခွာသွားသည်။

“စီနီယာကို ကျုပ်ကလဲ ထျန်းယွမ်မဟာမိတ် အဖွဲ့ထဲကို ဖိတ်ခေါ်ချင်လို့ပါ”

ထိုက်ဟုန်ကျွင်းသည် ရိုသေစွာပြောလိုက်၏။

“ငါက ဒီကုန်းမြေမှာ ကြာကြာနေဖို့ အစီစဉ်မရှိဘူး၊ ဒါကြောင့် မင်းတို့မဟာမိတ်အဖွဲ့ထဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဘာမှထူးခြားသွားမှာမဟုတ်ဘူး၊ ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ချည်နှောင်တာမျိုးကိုမကြိုက်ဘူး”

ဟွမ်းသည် ငြင်းပယ်လိုက်၏။ ထျန်းယွမ်မဟာမိတ်သည် သေးငယ်သည့် အဖွဲ့အစည်းမျှသာ ဖြစ်ခြင်းကြောင့်မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်က တပည့်များကို ခေါ်ကာ နတ်ဘုရားကုန်းမြေသို့ ပြန်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ ဝင်ရန်စိတ်ကူးမရှိချေ။

ထိုက်ဟုန်ကျွင်းသည် ထိုသို့ဖြစ်မည်ကို ကြိုတင်တွေးခဲ့ပြီးဖြစ်သော်လည်း လက်တွေ့နှင့် တစ်ထပ်တည်းကျနေသောကြောင့် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ သို့သော် ထပ်၍မံကြိုးစားခြင်းမပြုတော့ချေ။ ဟွမ်းသည် သူ၏ စကားကို ပြင်ဆင်မည်မဟုတ်ဟု သိနေသောကြောင့်ပင်။ ထို့နောက် ထိုက်ဟုန်ကျွင်းသည် စကားအချို့ပြောဆိုပြီးနောက် ထွက်ခွာသွား၏။

“ရွှယ်အာ၊ မင်းကိုလေ့လာခိုင်းထားတဲ့ နယ်ပယ်ဖြတ်ကျော်ခြင်း အစီအရင်ကို တည်ဆောက်နိုင်ပြီလား”

ဟွမ်းသည် မော့ရွှယ်အာကို မေးလိုက်၏။ သူသည် နတ်ဘုရားကုန်းမြေသို့ တိုက်ရိုက်သွားရန် လေဟာနယ်အစီအရင်တည်ဆောက်လိုခြင်းဖြစ်သည်။ အကြောင်းမှာ သူ့ထံတွင် လေဟာနယ်ကို ဖြတ်သန်းနိုင်သည့် လှေသင်္ဘောမရှိသောကြောင့်ပင်။ သူသည် လေဟာနယ်အတွင်း လွပ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော်လည်း နတ်ဘုရားကုန်းမြေသည် ထျန်းယွမ်ကုန်းမြေနှင့် ဝေးကွာလွန်းသောကြောင့် လူများစွာနှင့် သွားလာရန်မလွယ်ကူပေ။ ထို့ကြောင့် မော့ရွှယ်အာကို လေဟာနယ်အစီအရင်တစ်ခု ကိုလေ့လာခိုင်းခဲ့ခြင်းဖြစ်သည်။

“ကျွန်မ လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုတော့တည်ဆောက်နိုင်ပေမဲ့ လေဟာနယ်ဆိုတဲ့ အရာကို နားမလည်သေးဘူး”

မော့ရွှယ်အာသည် ခေါင်းယမ်းကာပြောလိုက်၏။ သူမအနေနှင့် နတ်ဘုရင်အဆင့်တွင်သာ ရှိနေသေးသည့်အတွက် လေဟာနယ် နှင့် ပတ်သတ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိချေ။ အဆင့်မြင့်ကုန်းမြေတစ်ခုသို့ သွားရောက်နိုင်သည့် တည်နေရာရွှေ့ပြောင်းရေး အစီအရင်သည် သာမန်မြို့တစ်မြို့မှတစ်မြို့သို့ ကူးပြောင်းသည့် အစီအရင်များထက် အဆပေါင်းများစွာ ရှုပ်ထွေးလွန်းသည်။ ထို့အပြင် ကုန်းမြေတစ်ခုနှင့် တစ်ခုကြားရှိ နယ်နိမိတ်ကို ထိုးဖောက်ဖြတ်သန်းရန် လောဟာနယ် စည်းမျဉ်းများကိုလည်း သိရှိနားလည်ရန် လိုအပ်နေသေး၏။

“ပြသနာမရှိဘူး၊ မင်းက အစီအရင်ကိုတည်ဆောက်နိုင်အောင်လုပ်၊ လေဟာနယ်နဲ့ပတ်သတ်ပြီး ညွှန်ပြပေးမယ်၊ ယောင်အာတို့ကိုပါ ခေါ်လိုက်”

ဟွမ်းသည် အိမ်တော်ရှိလူအားလုံးကို လေဟာနယ်နှင့် ပတ်သတ်ပြီး အတွေ့ကြုံရစေရန် လုပ်ဆောင်ပေးတော့မည်ဖြစ်သည်။ တပည့်များ ရောက်လာပြီးနောက်တွင် ဟွမ်းသည် အိမ်တော်၏ မြေကွက်လပ်နေရာသို့ သွားလိုက်၏။

ထို့နောက်တွင် သူ၏လက်သီးနှင့် လေထုကို အသာယာပင်ထိုးခွဲလိုက်သည်။

“ခရက်..”

လေထုအတွင်းတွင် ကြီးမားသည့်အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီးနောက် ထိုအက်ကြောင်းသည် ကျယ်ပြန့်လာခဲ့သည်။ ထို့နောက်တွင် လူဆယ်ဦးခန့်ဝင်ရောက်နိုင်သည်အထိ ကွဲထွက်သွား၏။

တပည့်လေးဦးအပြင် မိန်းကလေးနှစ်ဦးသည်လည်း ထိုအချင်းရာကို မြင်တွေ့လိုက်ရသောကြောင့် ဆန်းကြယ်မှုကို ခံစားလိုက်ရသည်။ သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်မှုများနှင့်ပြည့်နှက်နေ၏။

“အထဲကိုဝင်လိုက်ကြ”

ဟွမ်းသည် ထိုအက်ကွဲကြောင်း ကိုညွန်ပြကာပြောလိုက်၏။ သူတို့သည် ထိုအက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားသည်နှင့် ပြင်ပမှ အလင်းရောင်သည် ကွယ်ပျောက်သွား၏။ သို့သော် အမှောင်မိုက်သွားခြင်းလည်း မဟုတ်ပေ။ သူတို့ အားလုံးသည် နတ္ထိအခြေနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

သူတို့ ပထမဆုံးခံစားရသည်မှာ ဖိအား ဖြစ်သည်။ ထိုဖိအားသည် ရေနက်ပိုင်းသို့ ရောက်သွားသည့် ခံစားချက်မျိုး မဟုတ်ပေ။ စိတ်ဝိညာဉ်ရော ခန္ဓာကိုယ်ပါ ဖိချေနေသည့် ခံစားမှုမျိုးပင်။ စိတ်ဝိညာဉ်သန်မာသည့် လျှိုမင်ယွမ်ပင် ထိုဖိအားကို မခံစားနိုင်ချေ။ သူတို့အားလုံးသည့် စိုးရွံ့မှုကိုခံစားနေရသော်လည်း သူတို့၏ မြင်လွှာတွင် အမှောင်ထုပင်မဟုတ်သော လုံးဝဗလာနတ္ထိ ကိုသာ မြင်နေရသည်။ အရပ်မျက်နှာရှု့ထောင့်ပေါင်းစုံပင် မရှိချေ။ သူတို့၏ ဦးနှောက်ကို လျှင်မြန်စွာခိုင်းစေပြီး ထိုမြင်ကွင်းကို အဓိပ္ပာယ်ဖော်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူတို့၏ မြင်လွှာတွင် မဖြစ်နိုင်သောအရောင်များ၊ မမြင်ဖူးသည့်အရောင်များသာ ထွက်ပေါ်လာပြီး စိတ်ခြောက်ချားမှုပင် ခံစားသွားကြရသည်။

ထို့ကြောင့် ဟွမ်းသည် စွမ်းအင်သုံးကာ ထိုဖိအားများကို ပြေလျော့သွားစေ၏။

“ဆရာ ဒါဘယ်လိုနေရာမျိုးလဲ”

လုရှင်းယန်သည် တုန်ယင်နေသည့် လေသံနှင့်မေးလိုက်၏။ သူတို့ ခံစားသိရှိနေရသည့် အရာများသည် အိမ်မက်မဟုတ်ပေ။

“ဒီလေဟာနယ်ရဲ့ နိယာမတွေကို ခံစားကြည့်ပြီး အနည်းငယ် ဖမ်းဆုပ်နားလည်နိုင်အောင်လုပ်ကြ၊ ပြီးတော့ စိတ်ဝိညာဉ်နဲ့ လေဟာနယ်ထဲမှာ စူးစမ်းဖို့မကြိုးစားနဲ့၊ မင်းတို့အားလုံးရဲ့ အဆင့်ကမလုံလောက်သေးဘူး”

ဟွမ်း၏ စကားကြောင့် သူတို့သည် စတင်ခံစားကြည့်ရာ ဤနေရာတွင် ကြမ်းတမ်းလှသည့်ဖိအားအပြင် ရှုပ်ထွေးပွေလီလွန်းသည့် စွမ်းအင်များနှင့် ပြည့်နှက်နေ၏။

လေဟာနယ်သည် အဆုံးမရှိသော ဗလာနတ္ထိဖြစ်ပြီး၊ စိတ်ကိုခြောက်ခြားစေကာ အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရူးသွပ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဟွမ်း၏ ကာကွယ်မှုသာ မရှိပါက သူတို့၏လက်ရှိအဆင့်နှင့် စက္ကန့်ပိုင်းမျှသာ ခံနိုင်ပေလိမ့်မည်။ ထို့ကြောင့် လေဟာနယ်အတွင်း ဖြတ်သန်းရာတွင် မြင့်မားသည့်ကျင့်ကြံဆင့်အပြင် မည်သည့်အရာနှင့် ကြုံတွေ့ပါစေ တုန်လှုပ်ခြင်းမရှိသည့် စိတ်နှလုံးသား လိုအပ်သည်။

All Chapters