← Chapters

ဒုတိယအဆင့်ပြိုင်ပွဲ

Vol. 8 Ch. 111

ဒုတိယအဆင့်ပြိုင်ပွဲ

Vol. 8 Ch. 111

မော့ရွှယ်အာ၏ အဆင့်နှင့် နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင် တည်ဆောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ဟွမ်းသည် လေဟာနယ်လမ်းကြောင်းတည်ဆောက်ပေးမည်ဖြစ်၏။ ထို့ကြောင့် မော့ရွှယ်အာ အနေနှင့် အစီအရင်ချိတ်ဆက်ရာတွင် လေဟာနယ်၏ သဘောတရားကိုသာ ရင်းနှီးမှု ရစေရန်သာ လိုအပ်သည်။

“ဆရာ တပည့်တို့က လေဟာနယ်ထဲကို ဘယ်အဆင့်ရောက်မှ ရပ်တည်သွားလာနိုင်မှာလဲ”

သူတို့သည် လေဟာနယ်အတွင်းတွင် ရှိနေကြသည်မှာ လေးရက်ခန့်ပင်ရှိနေပြီဖြစ်၏။ ထို့ကြောင့် လေဟာနယ်နှင့်ပတ်သတ်သည့် ဟွမ်း၏ ရှင်းပြချက်များစွာကိုလဲကြားသိခဲ့ကြရသည်။ ထို့ကြောင့် လေဟာနယ်ခွဲကာ စတိုင်ကျကျ သွားလာနိုင်မည်အချိန်ကို မစောင့်နိုင်တော့ချေ။

“အဆင့်လေးနတ်အင်ပါယာဖြစ်သွားရင် သာမာန် အကွာအဝေးလောက်ကို သွားလာနိုင်ပြီ၊ ဒါပေမဲ့ လေဟာနယ်ရဲ့ နိယာမကို နားလည်မှုအပေါ်မူတည်တယ်၊ ပြီးတော့ အဆင့်လေးနတ်အင်ပါယာတွေရဲ့အောက်အဆင့်တွေက လေဟာနယ်ထဲ ဖြတ်သန်းဖို့ကို လုံလောက်တဲ့ သန်မာမှုမရှိသေးဘူး၊ မင်းတို့အဆင့်ငါးနတ်အင်ပါယာဖြစ်သွားရင်တော့ ကုန်းမြေတစ်ခုရဲ့ နေရာအနှံ့ကို သွားရောက်နိုင်တဲ့စွမ်းရည်တွေရှိလာလိမ့်မယ်”

ဟွမ်း၏စကားကြောင့် သူတို့၏ရှေ့တွင် လမ်းအရှည်ကြီးကျန်သေးမှန်း တွေးမိသွားကြ၏။

“ကောင်းပြီ ပြန်ထွက်ကြမယ်”

သူတို့သည်လေဟာနယ်အတွင်းရောက်နေသည်မှာ ရက်အနည်းငယ်ကြာနေပြီဖြစ်သည်။ ထို့ကြောင့် ထွက်ခွာရန်ပြင်လိုက်ကြသည်။ အပြင်ရောက်သည့်အချိန်တွင် လုရှင်းယန်တို့သည် ပြိုင်ပွဲအကြောင်းစုံစမ်းကြည့်ရာ ပထမအဆင့်ပြိုင်ပွဲပြီးဆုံးသွားပြီမှန်းသိလိုက်ရ၏။

ထိုပြိုင်ပွဲမှ အနိုင်ရခဲ့သည့် လေးဦးသည် သူတို့နှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သို့သော် ထိုအနိုင်ရသူများသည် သူတော်စင်အလယ်လတ်အဆင့်တွင်သာ ရှိနေမှန်းသိလိုက်ရ၏။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်ရန် စိတ်အားထက်သန်မှုများပျောက်ဆုံးသွားသည်။

နောက်ရက်တွင် ဗဟိုကုန်းမြေပြိုင်ပွဲ၏ ဒုတိယအဆင့်ပြိုင်ပွဲ စတင်ပြီဖြစ်သည်။ ဤအဆင့်တွင်တော့ ရိုးရှင်း၏။ ပထမအဆင့် တိုက်ပွဲမှ အနိုင်ရရှိသူလေးဦးနှင့် ဒုတိယအဆင့်ရှိလူလေးဦးနှင့် မဲနှိုက်ကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိုအဆင့်မှ အနိုင်ရရှိသူလေးဦးသည် လျှိုဝှက်ဆန်းကျယ်အချိန်တံခါးအတွင်း ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ဟွမ်းသည် သူ၏တပည့်များနှင့်အတူ အလယ်လတ်အလွှာ၏ ပြိုင်ပွဲကျင်းပရာ ကွင်းပြင်သို့ ဦးတည်သွားနေသည်။

“ထိုက်ရွှမ်မြို့က ပြိုင်ပွဲတောင် သတိရသွားမိတယ်”

လုရှင်းယန်သည် ရေရွတ်ရင်း မုန့်ချန်အာ၏ မျက်နှာလေးကိုပြန်လည်မြင်ယောင်လာသည်။

‘ကျုပ် အနာဂတ်မှာ ဘယ်လိုတွေပဲရင်ဆိုင်ရပါစေ ချန်အာကို ပြန်ခေါ်မယ်’

“ထိုက်ရွှမ်မြို့ရဲ့ ရင်ပြင်ထက်တောင် ခမ်းနားသေးတာပဲ”

ပိုင်ကျန့်ယွီသည် ရင်ပြင်တွင်းရောက်သည့်အချိန်တွင်ရေရွတ်လိုက်၏။ ဗဟိုမြို့တော်၏ ပြိုင်ပွဲရင်ပြင်သည် ထိုက်ရွှမ်မြို့၏ ရင်ပြင်ထက် ကြီးကျယ်ခန်းနားသော်လည်း သူတို့အတွက် အထူးအဆန်းသိပ်မဖြစ်တော့ပေ။ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များသည်လည်း နယ်မြေလေးခုမှ ဖြစ်သောကြောင့် ထိုက်ရွှမ်မြို့ပြိုင်ပွဲထက်ပင် များပြားသေးသည်။ သို့တိုင် အခြားနယ်မြေများ၏ ကျင့်ကြံသူတစ်ချို့တစ်ဝက်သာ လာရောက်နိုင်ကြခြင်းဖြစ်သည်။

ဟွမ်းသည် မိန်းကလေးသုံးဦးနှင့်အတူ သာမန် ပွဲကြည့်စင်မြင့်ထက်တွင်သာ နေရာယူလိုက်သည်။ လုရှင်းယန်တို့သုံးဦးသည်တော့ ပြိုင်ပွဲဝင်ရမည်မို့ ရင်ပြင်ရှိအစောင့်များသည် ပြိုင်ပွဲဝင်များရှိရာနေရာသို့ လိုက်လံပို့ဆောင်ပေးလိုက်၏။

ရင်ပြင်အတွင်းတွင် နေရာအဆောက်အဦးများကိုလည်း အသေအချာစီမံတည်ဆောက်ထား၏။ ရင်ပြင်၏ အလယ်တည့်တည့်တွင် ပြိုင်ပွဲကွင်းပြင်ရှိပြီး ဘေးပတ်ပတ်လည်တွင် ပွဲကြည့်စင်မြင့်အဆောက်အဦးများ တည်ဆောက်ထားသည်။ ပရိတ်သတ်များအတွက် စင်မြင့်များကို တညီတညာတည်း တည်ဆောက်ပေးထားပြီး ပြိုင်ကွင်းစင်မြင့်၏ အရှေ့ဘက်တွင် မြင့်မားသည့် အဆောက်အဦးကြီး သုံးခုတည်ဆောက်ထားသည်။

အလယ်ရှိစင်မြင့်သည် ရင်ပြင်အတွင်း အမြင့်ဆုံး အဆောက်အဦးဖြစ်ပြီး နတ်အင်ပါယာများကြည့်ရှု့နိုင်ရန်အတွက်ဖြစ်၏။ ညာဘက်ရှိ အဆောက်အဦးသည် အိမ်တော်ခေါင်းဆောင်များ၊ ဂိုဏ်းခေါင်းဆောင်များနှင့် အခြားကုန်းမြေ၏ ရာထူးကြီးမြင့်သူများ အတွက်ဖြစ်သည်။ ဘယ်ဘက်ရှိ အဆောက်အဦးတွင်တော့ ယခု ဒုတိယအဆင့်ပြိုင်ပွဲ၏ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသည့် လူငယ်လေးဦးအတွက်ဖြစ်သည်။ တိုက်ရိုက်ဝင်ခွင့်ရထားသူများသည်တော့ သူတို့၏ သက်ဆိုင်ရာနေရာများတွင်သာ ရှိနေကြသည်။

“ရောင်းရင်းလျှို၊ ရောက်လာပြီလား”

လျှိုမင်ယွမ်တို့ သုံးဦးသည် ဘယ်ဘက်အဆောက်အဦး၏ စင်မြင့်ထက်သို့ရောက်ရှိလာချိန်တွင် ချိုသာသည့် အသံလေးကိုကြားလိုက်ရ၏။ ထို့ကြောင့် လျှိုမင်ယွမ်သည် လှမ်းကြည့်လိုက်ရာ အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည်လင်သန့်စင်သည့် မျက်နှာလေးနှင့် မိန်းမငယ်လေးကိုတွေ့လိုက်ရသည်။

“ရောင်းရင်းလင်း..”

လျှိုမင်ယွမ်သည် ဝတ်ကြေတန်းကြေသာ နှုတ်ဆက်လိုက်ပြီး လင်းယိုဟန်၏ ဘေးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်၏ ပုံစံကိုကြည့်ကာ ခေါင်းခါယမ်းလိုက်၏။ ထို့နောက် သူတို့သည်လည်း လျှိုမင်ယွမ်ဘေးရှိခုံတွင် နေရာယူလိုက်သည်။

“ရောင်းရင်းလျှို၊ ပထမအဆင့်ပြိုင်ပွဲနေ့က လာမကြည့်ခဲ့ဘူးနော်”

လင်းယိုဟန်သည် လျှိုမင်ယွမ်နှင့် စကားပြောရန်ကြိုးစားလိုက်၏။ သို့သော် လျှိုမင်ယွမ်သည် ခေါင်းသာ အသာညိတ်ပြလိုက်သည်။ ထို့ကြောင့် ထိုအဆောက်အဦးပေါ်ရှိလေထုသည် တိတ်ဆိတ်သွား၏။

လုရှင်းယန်တို့ နှစ်ဦးသည်တော့ ဆွံ့အနေသည်။

‘ဒီကောင် မိန်းကလေးတစ်ယောက်က စကားစမြည်ပြောဖို့ကြိုးစားနေတာတောင် အလိုက်မသိဘူး’

ပွဲကြည့်စင်ရှိ ဟွမ်းတို့လေးဦးသည် တိတ်တဆိတ်သာ ထိုင်နေကြသည်။ ဘေးနားရှိကျင့်ကြံသူများသည်တော့ ပထမအဆင့် ယှဉ်ပြိုင်သည့်နေ့က ပြိုင်ပွဲများအကြောင်းနှင့် အနိုင်ရရှိခဲ့သည့် လူငယ်လေးဦး အကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။

“ထူးထူးခြားခြား သူတော်စင်ကနဦးအဆင့်နဲ့  ဒုတိယအဆင့်အထိ တက်ရောက်သွားနိုင်တဲ့ ကောင်လေးက အံ့ဩစရာပဲ”

“သူက ဗဟိုကုန်းမြေရဲ့ လင်းယွင်ဂိုဏ်းကတဲ့ ထင်ထားတာထက် ထူးခြားတာပဲ”

“ဒါပေမဲ့ ဒုတိယအဆင့်မှာ တိုက်ရိုက်ဝင်ခွင့်ရထားတဲ့သူတွေက အထွတ်ထိပ်တွေ ပြီးတော့ အသက်နှစ်ဆယ်ဝန်းကျင်တွေမှာပဲရှိသေးတာတဲ့”

“ထိပ်သီးဆယ်ဦးထဲက နှစ်ဦးက နတ်ဘုရားတစ်ပိုင်းတောင်ဖြစ်နေကြပြီလေ၊ သူတို့နှစ်ဦးရဲ့တိုက်ပွဲတောင် ကျုပ်မျက်မြင်ကိုယ်တွေ့ကြုံခဲ့သေးတယ်”

“ဟုတ်တယ် ခရမ်းရောင်ဆံပင်တွေနဲ့ မိန်းကလေးက ပါရမီရှင် ရှင်းဝမ်ကျဲကိုအနိုင်ယူခဲ့တဲ့အပြင် နတ်ဘုရင်ကိုတောင် ဖိအားပေးတိုက်ခိုက်ခဲ့သေးတာ”

“ဒီခေတ်ရဲ့လူငယ်တွေကတော့ စံချိန်တွေအမျိုးမျိုးချိုးဖြတ်နေကြတာပဲ”

ရင်ပြင်အတွင်းရှိ ပရိတ်သတ်များ၏ ဆွေးနွေးသံများ ဆူညံနေခဲ့သည်။ သို့သော် ခဏအကြာတွင် ရင်ပြင်တစ်ခုလုံးတိတ်ဆိတ်သွား၏။ နတ်အင်ပါယာများ ရောက်ရှ်ိလာသောကြောင့်ပင်။

ထို့နောက် ရင်ပြင်တစ်ခုလုံးရှိ ပရိတ်သတ်များအပြင် ရာထူးကြီးငယ် မရွေးအားလုံးသည် တညီတညာတည်း နှုတ်ဆက်အရိုသေပေးလိုက်၏။

“ဒီနေ့မှာ ထျန်းယွမ်ကုန်းမြေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲ အခမ်းအနားကိုစတင်မယ်”

မြို့အုပ်ချုပ်သူ ယဲ့ချန်းရန်သည် ပြိုင်ပွဲကွင်း၏ ဘေးရှိစင်မြင့်တစ်ခုပေါ်မှ ကြေညာလိုက်၏။ သူသည် ပြိုင်ပွဲအခမ်းအနားမှုးအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

“ပထမဆုံးပြိုင်ပွဲ အတွက် နတ်အင်ပါယာ ထိုက်က မဲနှိုက်ပေးပါ”

ယဲ့ချန်းရန်သည် စင်မြင့်ထိပ်တွင် တည်ရှိသည့် ကျောက်သားဖြင့်ပြုလုပ်ထားသည့် ပုံးနှစ်ခုကို ညွှန်ပြလိုက်၏။ ထိုပုံးနှစ်ခုအတွင်းတွင် ပြိုင်ပွဲဝင်များ၏ နာမည်ရေးထိုးထားသည့် ကျောက်စိမ်းပြားရှစ်ခုရှိသည်။ ထို့အပြင် ထိုကျောက်စိမ်းပြားများကို ဝိညာဉ်စွမ်းအင်များသုံး၍ ကြည့်ရှုခွင့်မပေးထားချေ။ ထို့အပြင် အခြားနတ်အင်ပါယာများလည်း တည်ရှိသောကြောင့် ထိုသို့မလုပ်နိုင်ပေ။

ထို့နောက် ထိုက်ဟုန်ကျွင်းသည် ထလာကာ ပုံးနှစ်ခုအတွင်းမှ ကျောက်စိမ်းပြားတစ်ခုစီကို ယူကာ ယဲ့ချန်းရန် ရှိရာသို့ ဝိညာဉ်စွမ်းအင်ကြိုးမျှင်များနှင့် အသာယာပို့ဆောင်လိုက်သည်။

ထို့နောက်ယဲ့ချန်းရန်သည် ကျောက်စိမ်းပြားတစ်ချက်ကို ခွဲချေလိုက်ကာ ကောင်းကင်ထက်သို့ လွှတ်တင်လိုက်သည်။

ထိုအချိန်တွင် ထိုကျောက်စိမ်းပြားအတွင်းများ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ထက်တွင် ‘ဗဟိုနယ်မြေမှ လင်းယိုဟန်’ ဟူသည် ဝိညာဉ်စွမ်းအင်စာလုံးများပေါ်ထွက်လာသည်။

“ကျုပ်သမီးတိုက်ခိုက်တာမြင်ရတော့မယ်၊ အဖေ သေချာကြည့်ထား”

လင်းထျန်းတောက်သည် အလွန်ပင်စိတ်လှုပ်ရှားနေကာ ဘေးနားရှိ ကြယ်တာယာနန်းတော်၏ အကြီးအကဲလင်းရှောင်ကို ပြောလိုက်၏။

“ငါ့မျက်လုံးကန်းနေလို့လားကွ၊ ငါ့မြေးမလေးကို ငါကိုယ်တိုင်သင်ပြပေးခဲ့တာကွ”

လင်းရှောင်သည် ကြယ်တာယာနန်းတော်၏ အကြီးအကဲဖြစ်သလို လင်းအိမ်တော်၏ ဘိုးဘေးလည်းဖြစ်သည်။ သူသည် ကြယ်တာယာနန်းတော်သို့ လင်းယိုဟန်ကို ငယ်စဉ်ကတည်းက ခေါ်ဆောင်သွားကာ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်၏။ သူမ၏ပါရမီနှင့် လင်းရှောင်၏ လေ့ကျင့်ပေးခဲ့မှုတို့ကြောင့် သူမသည် ယခုလိုအဆင့်သို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

All Chapters