← Chapters

ကြယ်စင်ခြွေအလင်းဓားချက်

Vol. 8 Ch. 112

ကြယ်စင်ခြွေအလင်းဓားချက်

Vol. 8 Ch. 112

ယဲ့ချန်းရန်သည် ကျန်ရှိသည့် ကျောက်စိမ်းပြားတစ်ချပ်ကို ခြေမွှကာ ထပ်မံမြောက်တင်လိုက်ပြန်၏။ ထိုအချိန်တွင် ‘မြောက်ပိုင်းနယ်မြေ ကျန်းဝမ်ဟောက်’ ဆိုသည့် စာလုံးများပေါ်လာခဲ့သည်။ သူသည် မြောက်ပိုင်းနယ်မြေ၏ ထိပ်သီးပါရမီရှင်ဖြစ်သည့် ကျီရှောင်းရှောင်း ပြီးလျှင် အစွမ်းထက်ဆုံးသူဖြစ်သည်။ သူသည် သူတော်စင်အလယ်လတ်အဆင့်တွင်ရှိနေသူဖြစ်၏။ ကျီရှောင်းရှောင်းသည် သူတော်စင်အထွတ်ထိပ်အဆင့် ဖြစ်သည့်အပြင် တိုက်ရိုက်ဝင်ခွင့်ရသွားသည့် မိန်းကလေးဖြစ်သည်။

“ကြယ်တာယာနန်းတော်ရဲ့ တပည့်တစ်ဦးနဲ့ထိပ်တိုက်ရင်ဆိုင်ရတာ ကျုပ်တို့မြောက်ပိုင်းနယ်မြေက ကံဆိုးတာပဲ”

ဟေးချုံးသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါက ပြောဖို့ ခက်ပါတယ်၊ အဲ့ဒီလူရဲ့ တပည့်တွေနဲ့ ရင်ဆိုင်ရတာကမှ တကယ့်ကံဆိုးမှုလို့ထင်မိတယ်”

ရှင်းဝေ့ကျန်းသည် နှစ်သိမ့်ပြောဆိုလိုက်၏။ နတ်အင်ပါယာနှစ်ပါး၏ အားငယ်စွာ ပြောဆိုနေပုံကို ပရိတိသတ်များသာ ကြားသွားလျှင် သူတို့၏နားပင် သူတို့ယုံနိုင်မည်မထင်ချေ။ ထိုက်ဟုန်ကျွင်းလည်း ထိုနှစ်ဦးကိုကြည့်ကာ မည်သို့ဝင်ပြောရမည်မှန်း မသိတော့ချေ။ ထို့ကြောင့် ပြိုင်ပွဲတွင်သာ အာ့ရုံစိုက်လိုက်တော့၏။

ထိုနောက်တွင် ပြိုင်ပွဲစင်ပေါ်သို့ လင်းယိုဟန်နှင့် ကျန်းဝမ်ဟောက်သည် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

“မင်းတို့စိတ်ကြိုက်တိုက်လို့ရတယ်၊ ဒါပေမဲ့ ရန်သူတွေမဟုတ်ကြလို့ ဒဏ်ရာအပြင်းအထန်ရတဲ့အထိ တိုက်စရာမလိုဘူး၊ ခံနိုင်ရည်မရှိတော့ရင် အရှုံးပေးလို့ရတယ်”

ယဲ့ချန်းရန်သည် ထိုနှစ်ဦးကို သတိပေးကာ ပြိုင်ပွဲစခိုင်းလိုက်သည်။ ပရိတ်သတ်များစွာ၏ အကြည့်များသည်လည်း ထိုနှစ်ဦးထံတွင်သာ ရှိနေခဲ့သည်။

“ရှင် အရင်စတိုက်ပါ”

လင်းယိုဟန်သည် သူမ၏ အဆင့်ကြောင့် ကျန်းဝမ်ဟောက်ကို ဦးစွာတိုက်စေ၏။ သူမသည် တစ်ဖက်သားအပေါ်ညှာတာခြင်းဖြစ်သည်။

“ဒီလိုလုပ်တာက ကျုပ်ကို စော်ကားရာရောက်ပါတယ်၊ မိန်းကလေးလင်း ကျုပ်တို့ အညီအမျှပဲ တိုက်ခိုက်ကြပါမယ်”

ကျန်းဝမ်ဟောက်သည် ပြတ်ပြတ်သားသားပြောလိုက်၏။ သူသည် လင်းယိုဟန်ထက် ကျင့်ကြံမှု နိမ့်ကျသော်လည်း ထိုအချင်းရာအပေါ် အခွင့်ကောင်းမယူချင်ပေ။ ထို့အပြင် ထိုစကားသည် သူ့အား နှိမ့်ချသည်ဟုပင် ခံစားမိသည်။

“ကောင်းပြီလေ”

လင်းယိုဟန်သည် သဘောတူလိုက်ပြီး တိုက်ခိုက်ရန်စတင်လိုက်သည်။

သူမ၏ ဓားကို ထုတ်ယူလိုက်သည်။ သူမ၏ ဓားသည် ငွေရောင်ဖြစ်နေပြီး ‘ကြယ်အလင်းဓား’ ဟုခေါ်သည်။ ထို့နောက် ကျန်းဝမ်ဟောက်ထံ ကြယ်အလင်းဓားကို ဦးတည်လိုက်သည်။

ကျန်းဝမ်ဟောက်သည်လည်း သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များလည်ပတ်လာပြီးနောက် သူ၏လက်တွင် သတ္တုစွမ်းအင်များသည် လက်အိတ် သဖွယ်ဖြစ်တည်လာ၏။ ထို့နောက်သူသည်စတင်လှုပ်ရှားလိုက်သည်။

“ဝုန်း..”

သူ၏ ‘သံမဏိလက်သီး’ ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ထိုးချလိုက်ခြင်းဖြစ်၏။ အသံပြင်းပြင်းနှင့်အတူ မြေပြင်သည် တုန်ခါသွားသည်။ သူ့ပတ်ပတ်လည်တွင် ‘သတ္တုတံတိုင်း’ တစ်ခု ဖြစ်တည်ပြီး သူ၏ ကိုယ်ခန္ဓာကို အကာအကွယ်ပေးလိုက်သည်။ သူသည် အဆင့်ကွာခြားချက်ကြောင့် ပြင်းထန်သည့် တိုက်ကွက်များနှင့် စတင်လိုက်၏။

“ချွင်..”

လင်းယိုဟန်၏ ဓားသည် ထိုသတ္တုတံတိုင်းကို ခုတ်မိသွားပြီး သတ္တုခြင်းပွတ်တိုက်သံထွက်ပေါ်လာ၏။

ထို့နောက် တံတိုင်းနောက်မှနေ၍ ကျန်းဝမ်ဟောက်၏ လက်သီးကို ရှေ့သို့ဆန့်တန်းလိုက်သည်နှင့်တပြိုင်နက် မြေပြင်မှ ချွန်ထက်သော သတ္တုလှံများ အများအပြားသည် လင်းယိုဟန်ထံသို့ တဟုန်ထိုး ထိုးထွက်လာသည်။ ထိုလှံများ၏ ထိမှန်ခြင်း ခံရပါက ဒဏ်ရာများစွာပင်ရသွားနိုင်၏။

လင်းယိုဟန်သည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းတုန့်ပြန်လိုက်သည်။ သူမထံ အရှိန်ပြင်းစွာ ဦးတည်လာနေသည့် သတ္တုလှံများကို ဓားဖြင့် ဝှေ့ယမ်းကာ ခုခံလိုက်၏။

“ချွင်..”

သတ္တုချင်း ထိခိုက်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ သူမသည် ဝိညာဉ်စွမ်းအင်အချို့သုံးစွဲကာ ထိုလှံများကို ဖျတ်စီးလိုက်သည်။ သူမ၏ မြန်ဆန်လှသည့် လှုပ်ရှားမှုကြောင့် ထိုလှံများမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်သည်။ သတ္တုလှံများစွာကို ခုခံလိုက်ရသော်လည်း သူမ၏ အမူအယာသည် ပင်ပန်းဟန်မရချေ။

ကျန်းဝမ်ဟောက်သည် သူ၏ သတ္တုလှံများ ပျက်စီးသွားသည်ကို မြင်သောအခါ အံ့ဩသွား၏။ သူ၏ လှံများကို ခုခံရုံဆိုလျင်ပင် အံ့အားသင့်မည်မဟုတ်ပေ။ သို့သော် သူ၏ သတ္တုလှံများသည် အစိတ်စိတ်မွှာမွှာပင် ကွဲကြေကုန်သည်။ လင်းယိုဟန်သည် သူထင်ထားသည်ထက်ပင် အစွမ်းထက်နေ၏။

‘ဒါက အဆင့်ကွာခြားချက်ကြောင့်လား’

သူသည် ထို့သို့တွေးမိကာ သတ္တုတံတိုင်းကို ဖျတ်သိမ်းလိုက်ပြီးနောက် လင်းယိုဟန်ထံ တိုက်ရိုက် ချဉ်းကပ်လိုက်သည်။ သူ၏ ‘သံမဏိလက်သီး’ ကို ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်းပြီးနောက် ပြင်းထန်သော လက်သီးချက်များ ဆက်တိုက် ထိုးနှက်လိုက်သည်။

“ဒဏ္ဍာရီလာ သတ္တုလက်သီးချက်များ”

သူ၏ လက်သီးချက်တိုင်းတွင် ပြင်းထန်သည့် သတ္တုစွမ်းအင်များ ပါဝင်နေပြီး လေထုပင် တုန်ခါသွား၏။ သူ၏ ရည်ရွယ်ချက်မှာ လင်းယိုဟန်ကို အနီးကပ် ဖိအားပေး၍ သူမ၏ ဓားချက်များကို မထုတ်လွှတ်နိုင်စေရန်ဖြစ်သည်။

လင်းယိုဟန်သည် ကျန်းဝမ်ဟောက်၏ ပြင်းထန်သော လက်သီးချက်များကို မြင်လိုက်ချိန်တွင် သူမ၏ ‘ကြယ်အလင်းဓား’ ဓားကို လှုပ်ရှားလိုက်သည်။ သူမ၏ ဓားချက်များက ရေကဲ့သို့ ချော့မွေ့စွာ စီးဆင်းပြီး လေကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ကျန်းဝမ်ဟောက်၏ လက်သီးချက်များကို ရှောင်တိမ်း၊ ခုခံလိုက်၏။

‘ချွင်၊ ချွင်၊ ချွင်’ ဟူသည့် မြည်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ သူမ၏ဓားသည် ကျန်းဝမ်ဟောက်၏ သံမဏိလက်သီး နှင့် ထိခပ်မိသော်လည်း သတ္တုစွမ်းအင်များစွာသုံးစွဲထားသောကြောင့် သတ္တုလှံများကဲ့သို့ ဖျတ်စီးရန်မလွယ်ကူချေ။

သို့သော် လင်းယိုဟန် ဓားချက်များ၏ ပေါ့ပါးမှုနှင့် လျင်မြန်မှုကြောင့် ကျန်းဝမ်ဟောက်သည် သူမကို ထိထိရောက်ရောက် ဖိအားပေးနိုင်ခြင်း မရှိချေ။ သူသည် အချိန်ကြာလာလျှင် ဝိညာဉ်စွမ်းအင်များ သူမထက်ပင် ပိုကုန်ဆုံးမည်ဖြစ်သည်။ အကြောင်းမှာ သူမအား စတင်တိုက်ခိုက်ကတည်းက ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‘သူမကို ဖိအားပေးဖို့ ခက်ခဲလွန်းတယ်’

ထို့ကြောင့် သူ၏ လက်သီးချက်များသည် အလုပ်မဖြစ်သည်ကို သိရှိသွားပြီးနောက်တွင် နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင် သတ္တုစွမ်းအင်များကို အားလုံး စုစည်းလည်ပတ်လိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းယိုဟန်သည် ကျန်းဝမ်ဟောက်ထက်ပင်မြန်ဆန်စွာ ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ ဓားတွင် ဝိညာဉ်စွမ်းအင်များထည့်သွင်းလိုက်၏။

“ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ကြစို့”

ထိုအချိန်တွင် ကြယ်အလင်းဓားတွင် ငွေရောင်အလင်းတန်းများထွက်ပေါ်လာပြီး နောက်သို့ ခုန်ဆုတ်သွားသည့် ကျန်းဝမ်ဟောက်ထံ ပစ်လွှတ်လိုက်သည်။

“ကြယ်စင်ခြွေအလင်းဓားချက်”

ကျန်းဝမ်ဟောက်သည် ထိုငွေရောင်အလင်းတန်းကို မြင်လိုက်ပြီးနောက် အန္တာရယ်ဟူသည့် ခံစားချက်ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာသည်လည်း အလွန်လေးနက်သွားပြီး မတုန့်နှေးတော့ပဲ ချက်ချင်း စုစည်းထားသည့် သတ္တုစွမ်းအင်များကို သံမဏိဒိုင်း သဖွယ်ဖန်တီးလိုက်၏။ ထိုဒိုင်းထဲတွင် သူ၏ ဝိညာဉ်စွမ်းအင်များ များစွာလည်ပတ်စီးဆင်းထားလိုက်၏။

လင်းယိုဟန် ထုတ်ဖော်လိုက်သည့် ဓားအလင်းတန်းသည် ပေါ့ပါးစွာ ထွက်ပေါ်လာသော်လည်း ကြီးမားသည့် အန္တရာယ်ရှိကြောင်းခံစားမိသည်။

ထို့ကြောင့် ရှိရှိသမျှ အားကုန်သုံးကာ ခုခံရန်ပြင်ဆင်လိုက်ပြီး ထိုဓားအလင်းတန်းကို ကာကွယ်နိုင်မည်ဟု အပြည့်အဝယုံကြည်လိုက်၏။ သူ၏ ဝိညာဉ်စွမ်းအင်များသည်လည်း လျင်မြန်စွာကုန်ဆုံးနေသည်။

“ဝုန်း..”

ပျော့ပျောင်းသည့် လင်းယိုဟန်၏ဓားအလင်းတန်းသည် ကျန်းဝမ်ဟောက်၏ သံမဏိဒိုင်းကို ထိမှန်သွားပြီး အသံပြင်းပြင်းထွက်ပေါ်လာသည်။ ထို့နောက်တွင် ငွေရောင်အလင်းတန်းများသည် ပြိုင်ပွဲကွင်းပြင် အနှံ့လွင့်စင်ကုန်၏။

ကျန်းဝမ်ဟောက်၏ သံမဏိဒိုင်းသည် တုန်ခါသွားသော်လည်း မပျက်စီးသွားပေ။ ထို့ကြောင့် ကျန်းဝမ်ဟောက်သည် စိတ်အေးသွားခဲ့သော်လည်း ခဏအကြာတွင် ‘ခရက်’ ဟူသည့် မြည်သံကြောင့် မှင်သက်သွားရ၏။

လင်းယိုဟန်၏နည်းစနစ်သည် ရိုးရှင်းသည့် ရုပ်ပိုင်းဆိုင်ရာ ထိုးဖောက်မှုမဟုတ်ခဲ့ချေ။ သူမ၏ ဓားချက်သည် သတ္တုဒိုင်း၏ အပြင်ဘက်ကိုသာ ထိခက်မိသည်ဟု ထင်ရသော်လည်း ငွေရောင်အလင်းတန်းများသည် သံမဏိဒိုင်းအတွင်းသို့ စိမ့်ဝင်သွား၏။ ထို့ကြောင့် ဒိုင်း၏ အပြင်ပိုင်းကို ပျက်စီးစေပဲ သတ္တုဗဟိုချက်ကို တိုက်ရိုက် ဖျတ်စီးခဲ့ခြင်းဖြစ်သည်။ ခဏ အကြာတွင် သူ၏ ဒိုင်းတစ်ခုလုံး ကြေမွပျက်စီးသွား၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျန်းဝမ်ဟောက်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ သူ၏ရှိသမျှစွမ်းအင်များစွာ သုံး၍ ခုခံခဲ့ခြင်းဖြစ်သည်။ သူသည် လင်းယိုဟန်၏ နည်းစနစ်တစ်ခုကို ကောင်းကောင်းကာကွယ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် လက်တွေ့တွင် ခက်ခဲလွန်း၏။ သူ၏ အတွေးများ ပျံ့လွင့်နေစဉ် သူ၏လည်ပင်းတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

“အရှုံးပေးလိုက်တော့”

လင်းယိုဟန်သည် ကျန်းဝမ်ဟောက်၏ လည်ပင်းကို ဓားဖြင့်ထောက်ထားကာပြောလိုက်၏။

All Chapters