ဒီကောင်အသက်လိမ်ထားတာ
Vol. 8 Ch. 114
ချန်ကျဲ၏ မျက်ဝန်းအတွင်းတွင် ပြတ်သားသည့် အကြည့်များပေါ်ထွက်လာသည်။ သူ၏စိတ်စွမ်းအင်များကို ကျစ်လစ်သိပ်သည်းစေကာ ခုခံကာကွယ်ရန်ပြင်ဆင်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များနှင့်ပင် စိတ်ဝိညာဉ်အလွှာကို ကာကွယ်လိုက်သည်။
လျှိုမင်ယွမ်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုနောက်တစ်ကြိမ်ပြုလုပ်လိုက်သည်။ သူ၏မျက်လုံးကို ခဏတာ မှိတ်လိုက်ပြီးနောက် ရုတ်ချည်းပြန်ဖွင့်လိုက်၏။ ထိုအချိန်တွင် သူ၏မျက်လုံးအတွင်း အနက်ရောင်အရိပ်တစ်ခုပေါ်ထွက်လာသည်။ ထိုအရိပ်သည် သူ၏မျက်လုံးအတွင်းတွင် ရေဝဲသဏ္ဌာန် ဖြစ်တည်လာသည်။ ထို့နောက်တွင် ထိုမျက်လုံးနှင့် ချန်ကျဲကို တိုက်ရိုက်ကြည့်လိုက်၏။
ချန်ကျဲသည် လျှိုမင်ယွမ်နှင့်အကြည့်ချင်းဆုံသွားသည့်အချိန်တွင် ထိုအနက်ရောင်အရိပ်သည် သူ၏ စိတ်ဝိညာဥ်အတွင်း တိုက်ရိုက်ဝင်ရောက်သွားသည်။
ချန်ကျဲ၏ စိတ်ဝိညာဉ်သည် ထိုအနက်ရောင် ရေဝဲအတွင်းကျဆင်းသွား၏။ သူသည် အဆုံးမဲ့ အမှောင်ရိပ်များသာ မြင်တွေ့နေရပြီး အမှောင်တွင်းနက်အတွင်းသို့ ဆက်တိုက်ကျဆင်းသွားသည့်အလားပင်။
ပြင်ပတွင် သူ၏မျက်နှာသည် ဖြူဖျော့သွားပြီး ကိုယ်ခန္ဓာ တဆက်ဆက်တုန်ယင်လာသည်။ သူ၏ စိတ်ဝိညာဉ်ကို ဧရာမ အမှောင်ထုလှိုင်းလုံးကြီးတစ်ခုသည် သူ၏ စိတ်ဝိညာဉ်ကို ပြန်လည်မထိန်းသိမ်းနိုင်အောင် အဆက်မပြတ် ဖိနှိပ်နေသည်ဟု ခံစားနေရ၏။ ချန်ကျဲသည် သူ၏ စိတ်ဝိညာဉ်ကို အစွမ်းကုန်ထိန်းသိမ်းထားကာ အပြင်းထန် ခုခံနေသည်။ သူ၏ စိတ်ဝိညာဉ်သည် အမှောင်တွင်းနက်အတွင်း လုံးဝ ထိန်းချုပ်မရဘဲ အပြီးတိုင် နစ်မြုပ်သွားမည့်အလား ဖြစ်လာခဲ့၏။
“ခလွမ်း..”
ချန်ကျဲ၏ စိတ်ဝိညာဉ် အကာအကွယ်များသည် လုံးဝ ပြိုလဲသွားသည်။ ထို့နောက် သွေးအန်လိုက်ရကာ သူ၏ ခန္ဓာကိုယ်ကိုပင်မထိန်းချုပ်နိုင်တော့ပဲ လဲကျသွား၏။ သို့သော် ထိုအချိန်တွင် လျှိုမင်ယွမ်သည် သူ၏ ခန္ဓာကိုယ်အား လဲကျမသွားစေရန် ထိန်းပေးထားလိုက်သည်။
“သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ်အရှုံးပေးပါတယ်၊ အစ်ကိုလျှိုရဲ့ နည်းစနစ်ကို ကျုပ်တစ်ခါမှ မကြုံဖူးဘူး”
ချန်ကျဲသည် အနည်းငယ်ပြန်လည်တည်ငြိမ်လာပြီးနောက် အားနည်းစွာ ဆိုလိုက်သည်။ လျှိုမင်ယွမ်သည် သူခံစားခဲ့ရသည့် အမှောင်ထုအတွင်း သူ၏စိတ်ဝိညာဉ်ပျက်စီးသည်အထိ ပိတ်လှောင်ထားနိုင်စွမ်းရှိသည်။ သို့သော် သူ၏အကန့်သတ် ရောက်သည့်အချိန်တွင် လျှိုမင်ယွမ်သည် ထိုစွမ်းအင်များကို ရုတ်သိမ်းပေးခဲ့ခြင်းဖြစ်၏။ သူ၏ စိတ်ဝိညာဉ်သန်မာမှုသည် လျှိုမင်ယွမ်နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရချေ။ ထို့အပြင်လျှိုမင်ယွမ်သာ တကယ်တိုက်ခိုက်လျှင် သူသည် ဘာမှန်းမသိသေဆုံးသွားရမည်ဟုပင် ခံစားမိ၏။
“ကျုပ်လဲ ဒီလိုသုံးနိုင်တဲ့စွမ်းအားကို မကြာသေးခင်အချိန်ကမှ သဘောပေါက်လာတာ”
လျှိုမင်ယွမ်သည် ပြောလိုက်၏။ ထို့နောက် ချန်ကျဲကို လေးစားမှုပြကာ စင်ပေါ်မှဆင်းသွားလိုက်သည်။ ချန်ကျဲသည် အရှုံးပေးလိုက်သည် ဖြစ်သောကြောင့် သူသည် ပြိုင်ပွဲစင်မြင့်တွင် ဆက်နေရန်မလိုတော့ပေ။
“အနိုင်ရသူ လင်းယွမ်နယ်မြေရဲ့ လျှိုမင်ယွမ်”
ယဲ့ချန်းရန်သည် ကြေညာချက်ထုတ်ဖော်လိုက်၏။
“ဘယ်လိုတိုက်ခိုက်လိုက်လို့ခဏလေးနဲ့ပြိုင်ပွဲပြီးသွားတာလဲ၊ စိတ်ဝိညာဉ်ကျင့်ကြံသူတွေက ဒီလိုပဲ တိုက်ခိုက်ကြတာလား”
ပရိတ်သတ်များ၏ အမြင်တွင် လူငယ်နှစ်ဦး မျက်နှာချင်းဆိုင်ရပ်နေကြပြီး ခဏအကြာတွင် ချန်ကျဲသည် လဲကျလုမတက်ဖြစ်သွားသည်ကိုသာ တွေ့မြင်လိုက်ကြရသည်။ မည်သို့တိုက်ခိုက်သွားသည် မှန်းမသိလိုက်ကြချေ။ ကြီးမားသည့် တိုက်ပွဲများကို မျှော်လင့်ထားခဲ့သော်လည်း မျက်နှာချင်းဆိုင်ရပ်နေယုံနှင့် ပြိုင်ပွဲ၏ အနိုင်အရုံးထွက်ပေါ်လာခဲ့ခြင်းကြောင့် သူတို့သည် အနည်းငယ်စိတ်ပျက်သွားကြ၏။
‘မင်ယွမ်ရဲ့ အမှောင်ဝိညာဉ်က နိုးထစပြုနေပြီလား၊ ဒါပေမဲ့ မင်ယွမ်က အားနည်းနေတုန်းပဲ”
ဟွမ်းသည် လျှိုမင်ယွမ်၏ မျက်ဝန်းထဲက အနက်ရောင်အရိပ်များပေါ်ထွက်လာသည်ကို ချက်ချင်းသိလိုက်သည်။ ထို့ကြောင့် သူသည် အတွေးနက်သွား၏။ အကယ်ဤသာ မှောင်ဝိညာဉ်သည်အပြည့်အဝ နိုးထလာပါက လျှိုမင်ယွမ်၏စိတ်ဝိညာဉ်ကို ကျိန်းသေ ဝါးမြိုသွားလိမ့်မည်။ အမှောင်ဝိညာဉ်ကဲ့သို့ ကြောက်စရာကောင်းသည့် တည်ရှိမှုမျိုးကို လျှိုမင်ယွမ်၏ လက်ရှိ အင်အားနှင့် ရင်ဆိုင်ဖိနှိပ်နိုင်မည်မဟုတ်သေးပေ။
“ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်က ဘယ်လောက်ထိသန်မာနေတာလဲ”
ရှင်းဝေ့ကျန်းသည် ရေရွတ်မိသွား၏။ စက္ကန့်ပိုင်းအတွင်း အနိုင်ယူခြင်းသည် တော်ရုံ စိတ်ဝိညာဉ် အားကောင်းရုံနှင့်ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် လူငယ်နှစ်ဦးကြား အဆင့်သေးတစ်ဆင့်သာ ကွာဟခြင်းဖြစ်သည်။
“အဲ့ဒီလူရဲ့ တပည့်တွေကလည်း သာမန်ကိုမဟုတ်ဘူးပဲ၊ ဒါနဲ့သူ့ကို ဒီစင်မြင့်ပေါ် ဖိတ်ခေါ်မထားဘူးလား”
ဟေးချုံးသည် ရှင်းဝေ့ကျန်းကို မေးခွန်းထုတ်လိုက်၏။ သူသည် ဟွမ်း၏ အငွေ့အသတ်ကို ခံစားနိုင်ခြင်းမရှိချေ။ သို့သော် အခြားမိန်းကလေးများ၏ စွမ်းအင်ကို ခံစားမိလိုက်သည်။ ဟွမ်းသည် သာမန် စင်မြင့် တစ်ခုတွင်သာ တိတ်တဆိတ် ကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။
“စီနီယာက အာရုံစိုက်ခံရတာမျိုးတွေကို မနှစ်သက်ဘူး”
ထိုက်ဟုန်းကျွင်းသည် ဟွမ်း၏အကြောင်း သိသည့်အလား ဖြေလိုက်သည်။
“ငါ့မြေးမလေး သက်ဝင်စုံမက်နေတာ ဒီကောင်လေးလား”
လင်းရှောင်သည် လျှိုမင်ယွမ်ကို ကြည့်ရင်း လင်းထျန်းတောက်ကိုမေးလိုက်၏။ လျှိုမင်ယွမ်၏ တိုက်ခိုက်ပုံသည် အတော်လေးကြောက်စရာကောင်းကြောင်း ခန့်မှန်းမိသည်။ သူနှင့် တိုက်ခိုက်သူတိုင်းသည် သူ့ထက်သာ မသန်မာလျင် စက္ကန့်ပိုင်းအတွင်း အနိုင်ယူခံရနိုင်ချေရှိသည်ဟုပင် တွေးမိ၏။
“ဟုတ်တယ်..”
လင်းထျန်းတောက်သည် တိုးလျစွာဖြေလိုက်၏။ သူသည် လျှိုမင်ယွမ်၏ စွမ်းအားကို အသိမှတ်ပြုလိုက်သည်။ ထိုကောင်လေး၏ လက်ရှိစွမ်းအားနှင့် သူတို့လင်းအိမ်တော်၏ သားမက်အဖြစ် အသိအမှတ်ပြုရန် မခက်ခဲပေ။ သို့သော် ပြသနာသည် ထိုကောင်လေးသည် သူ၏ သမီးဖြစ်သူကို အသိမှတ်ပြုချင်းမရှိသေးချေ။ သူသည်လည်း ထိုအကြောင်းတွေးရင်း ခေါင်းကိုက်သွား၏။
“ရောင်းရင်းလျှို ဂုဏ်ယူပါတယ်”
လင်းယိုဟန်သည် ချစ်စဖွယ်ကောင်းသည့် အပြုံးလေးနှင့် ဆိုလိုက်၏။
“ကိုယ့်ထက် အဆင့်နိမ့်တဲ့သူကို အနိုင်ရသွားတာက ဂုဏ်ယူစရာမရှိဘူး”
လျှိုမင်ယွမ်သည် အေးစက်စက်နှင့်ပြောကာ သူ၏နေရာတွင်ထိုင်လိုက်သည်။
“အငယ်ဆုံးလေး၊ ဒီမိန်းကလေးအပေါ်တော့ မင်းရဲ့ အေးစက်မှုတွေ လျော့လိုက်ပါဦး”
ပိုင်ကျန့်ယွီသည် တီးတိုးပြောလိုက်၏။ လျှိုမင်ယွမ်သည်တော့ သက်ပြင်းသာချလိုက်ရသည်။ သူ၏ အစ်ကိုနှစ်ဦးသည့် မည်သည့်အတွက်ကြောင့် ထိုကိစ္စများကို တတွတ်တွတ်ပြောနေသည်မှန်း နားမလည်နိုင်ချေ။
“တတိယမြောက်ပြိုင်ပွဲအတွက် နတ်အင်ပါယာဟေးချုံးက ရွှေးချယ်ပေးပါ”
ယဲ့ချန်းရန်သည် ဟေးချုံးကိုကြည့်ကာ တောင်းဆိုလိုက်၏။ ဤတကြိမ်ပြီးသည့် နောက်တွင် နောက်ဆုံးကျန်သည့် နှစ်ဦးအတွက် ရွေးချယ်ရန်မလိုအပ်တော့ချေ။
ဟေးချုံးသည် သွက်သွက်လက်လက်ပင် ကျောက်စိမ်းပြားနှစ်ခုကို ယဲ့ချန်းရန်ထံ ပေးပို့လိုက်သည်။ ဤတစ်ကြိမ်တွင် ‘မိစ္ဆာနယ်မြေ၏ ချီယိ’ ဟူသည့်စာလုံးသည် ဦးစွာပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ချီယိသည် သူ၏ နေရာမှထလာကာ ပြိုင်ပွဲစင့်မြင့်ထက်သို့ တက်ရောက်လာခဲ့သည်။ သူသည် မိစ္ဆာနယ်မြေ၏ ထိပ်သီးပါရမီရှင် ချီလင်းယီ ထက် အနည်းငယ်သာ စွမ်းရည် နိမ့်ကျသူ ဖြစ်သည်။ သူ၏အနီးနားရှိ လေထုသည် ညစ်ညမ်းသည်ဟု ထင်ရလောက်သည်အထိပင် လူအများ၏ စိတ်ကို မသက်မသာဖြစ်စေသည်။
ထို့နောက်တွင်ယဲ့ချန်းရန်သည် ယခင်နည်းလမ်းအတိုင်း ကျောက်စိမ်းပြား နောက်တစ်ခုကို ကောင်းကင်ထက်သို့ မြောက်တင်လိုက်၏။ ကောင်းကင်ထက်တွင် စွမ်းအင်များနှင့် ဖွဲ့စည်းထားသည့် စာလုံးများထွက်ပေါ်လာသည်။
‘လင်းယွမ်နယ်မြေ၏ ပိုင်ကျန့်ယွီ’
ပိုင်ကျန့်ယွီသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြိုင်ပွဲစင်မြင့်ထက်သို့ လျှောက်လှမ်းလာ၏။
“ဒီပိုင်ကျန့်ယွီဆိုတဲ့လူက အသက်ငါးဆယ်အောက်ရောဟုတ်ရဲ့လား”
“အသက်များ လိမ်ပြီးပြိုင်ပွဲထဲ ဝင်လာခဲ့တာလား”
“ဒီလိုတော့ မဖြစ်နိုင်ပါဘူး၊ နတ်အင်ပါယာတွေကိုယ်တိုင် စီစစ်ပြီးမှ ဝင်ခွင့်ပေးခဲ့တာပဲလေ”
“ဒါလဲဟုတ်တာပဲ၊ ဒီလူက အခြားပြိုင်ပွဲဝင်လူငယ်ချောချောလေးတွေကြားမှာ ထင်ပေါ်နေတာပဲ”
ပရိတ်သတ်များသည် ပိုင်ကျန့်ယွီပြိုင်ပွဲစင်မြင့်ထံ လျှောက်လာစဉ်တွင် တီးတိုးပြောဆိုဆွေးနွေးနေကြ၏။
‘ကျုပ် မကြားနိုင်ဘူးများ ထင်နေလား’
ပိုင်ကျန့်ယွီသည် စိတ်ဓာတ်ကျသလိုပင် ခံစားလိုက်ရသည်။ အဘယ်ကြောင့် သူ၏ရုပ်ရည်ကို တိုက်ခိုက်နေရသနည်း။ ထိုလူများကို တိမ်လွှာဓားထုတ်၍ ခုတ်ပိုင်းချင်သည့် စိတ်ပင်မရှိတော့ချေ။
‘ငါမျက်နှာဖုံးစွပ်ဓားသမားလုပ်လိုက်ရမလား’
သို့သော်လည်း သူသည် ထိုအရာများကို ဂရုမစိုက်တော့ချေ။ ချီယိနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်၏။
ထိုအချိန်တွင် ပထမအဆင့်အောင်မြင်ခဲ့သည့် အခန်းတွင် ထိုင်နေသည့်လူငယ်တစ်ဦးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
“ဒါဆို ငါ့ရဲ့ ပြိုင်ဘက်က လုရှင်းယန်ပေါ့၊ သူတို့သုံးယောက်လုံးနဲ့ တိုက်ခိုက်ဖို့ အခွင့်ရေးမရတာ နှမြောစရာပဲ”