နောက်ဆုံးပြိုင်ပွဲဝင်နှစ်ဦး
Vol. 8 Ch. 115
“ရောင်းရင်းပိုင် လက်နက်ထုတ်လိုက်ပါ”
ချီယိသည် ဦးစွာပြောလိုက်ပြီးနောက် သူ၏လက်နှစ်ဖက်တွင် လခြမ်းကဲ့သို့ကွေးညွတ်က စူးရှထက်မြက်သည့်အသွားများနှင့် ဓားမြောင်နှစ်စင်း ထုတ်လိုက်သည်။
“ကောင်းပြီ”
ပိုင်ကျန့်ယွီ၏ လက်ထဲတွက် အက်ကြောင်းများစွဲထင်နေသည့် ဓားတစ်လက်ပေါ်ထွက်လာသည်။ သူ၏ စူးရှနေသည့် မျက်ဝန်းများနှင့် ချီယိကို ကြည့်လိုက်၏။
ချီယိသည် သူ၏ လခြမ်းသဏ္ဌာန်ဓားမြောင်နှစ်စင်းနှင့် အရှိန်ယူကာ ပိုင်ကျန့်ယွီထံ တဟုန်ထိုးပြေးတင်လာသည်။ သူ၏ မြန်ဆန်လှသည့် အရှိန်နှင့် ပိုင်ကျန့်ယွီအနား ချဉ်းကပ်ရန် အချိန်များစွာ မလိုခဲ့ချေ။ ပိုင်ကျန့်ယွီအနားရောက်သည်နှင့် သူ၏ ဓားမြှောင်နှစ်လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဓားမြောင်များ၏ ဦးတည်ရာလမ်းကြောင်းသည် မြန်ဆန်လွန်းပြီး ခန့်မှန်းရခက်၏။ ဓားမြောင်တစ်လက်သည် ပိုင်ကျန့်ယွီ၏ လည်တိုင်ကို ဦးတည်ပြီး အခြားဓားမြောင်သည် ဝမ်းဗိုက်ကို ဦးတည်လိုက်သည်။
“ချွင်..”
“ချွင်..”
ပိုင်ကျန့်ယွီသည် အေးဆေးစွာပင် ရပ်တန့်နေပြီး ချီယိ၏ ဓားမြောင်နှစ်လက်ကို အသာယာပင် ကာကွယ်လိုက်သည်။ ချီယိ၏ အရှိန်သည် လွန်စွာ မြန်ဆန်လှသော်လည်း ပိုင်ကျန့်ယွီ၏ မျက်လုံးအတွင်းတွင် နှေးကွေးနေသည့်အလားပင်။ သူ၏ တိမ်လွှာဓားနှင့် ဓားမြောင်တစ်လက်ကို ရိုက်ထုတ်လိုက်ပြီး မြန်မြန်ဆန်ဆန်ပင် ဝမ်းဗိုက်ကို ဦးတည်ထားသည့် ဓားမြောင်ကိုကာကွယ်လိုက်သည်။ သူ၏ ဓားချက်များသည် သိမ်မွှေ့ပြီး တိကျလွန်း၏။
ထို့နောက်တွင် သူတို့နှစ်ဦးသည် အဆက်မပြတ် ခုတ်ပြီးထိုးနှက်နေကြပြီး သထ္ထု အချင်းချင်း ထိပ်ခက်သံများ ပေါ်ထွက်နေသည်။
ထို့နောက်တွင် ချီယိသည် ချက်ချင်း နောက်သို့ခုန်ဆုတ်ဟန်ပြကာ ရုတ်ချည်း ပိုင်ကျန့်ယွီ၏ နောက်ကျောတွင်ပေါ်လာခဲ့သည်။ ယခုတွင် သူ၏ ဓားမြောင်နှစ်လက်ကို ပိုင်ကျန့်ယွီ၏ ပခုံးတစ်နေရာတည်းကိုသာ ဦးတည်၍ ထိုးစိုက်လိုက်၏။
“ထန်..”
ပိုင်ကျန့်ယွီသည် နောက်ပင် လှည့်မကြည့်ချေ။ သူ၏ တိမ်လွှာဓားနှင့် အသာယာ ထိန်းလိုက်သည်။ ထို့နောက် ခန္ဓာကိုယ် တစ်ပတ်လည်သည့် ပုံစံဖြင့် လှည့်၍ ချီယိကို ခုတ်ဖြတ်လိုက်၏။
သူ၏ဓားသည် ဓားမြှောင်နှစ်လက်နှင့် ထိစပ်နေသောကြောင့် ပြင်းထန်သည့် ပွတ်တိုက်သံပေါ်ထွက်လာရုံပင်မက ပွတ်တိုက်မှုကြောင့် မီးပွှားများပါ လွင့်စင်လာသည်။ ပိုင်ကျန့်ယွီ၏ အင်အားကြောင့် ချီယိသည် နောက်သို့ အကွာဝေးတစ်ခုအထိ ဆုတ်ခွာလိုက်ရ၏။
“ဒီအတိုင်း တိုက်ခိုက်နေလို့ မဖြစ်တော့ဘူး”
ချီယိသည် အနီးကပ်တိုက်ခိုက်မှုတွင် ပိုင်ကျန့်ယွီကို ယှဉ်နိုင်ခြင်းမရှိသည်ကို တွေ့ပြီးနောက် ပိုင်ကျန့်ယွီနှင့် အကွာဝေးထိန်းလိုက်ပြီးနောက် သူ၏အရှိန်ဝါကို ထုတ်ဖော်လိုက်၏။
‘ဒါ မိစ္ဆာစွမ်းအင်လား၊ ဒီအရှိန်အဝါကို ရင်းနှီးသလို ခံစားမိပေမဲ့ စဉ်းစားမရဘူး’
ပိုင်ကျန့်ယွီသည် ချီယိ၏ အရှိန်ဝါကြောင့် အနည်းငယ်အံ့ဩသွား၏။ သူသည် ထိုသို့အရှိန်ဝါမျိုး ကြုံတွေ့ဖူးသလို ခံစားရသော်လည်း အသေအချာ စဉ်းစားပြီးနောက်တွင် အဖြေထွက်မလာချေ။
ချီယိ၏ ပတ်ဝန်းကျင်ရှိလေထုသည် ထိုင်းမှိုင်းလာခဲ့ပြီး မိစ္ဆာစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေ၏။ သူသည် ဓားမြောင်နှစ်လက်ကို အရှိန်ယူဟန်ပြုကာ ဝိညာဉ်စွမ်းအင်များသုံးလိုက်သည်။ ထို့ကြောင့် သူ၏နောက်တွင် ဓားမြောင်သဏ္ဌာန် စွမ်းအင်များ ဖြစ်တည်လာ၏။ သူ၏ နည်းစနစ်ကို ထုတ်ဖော်ပြီးနောက်တွင် ထိုစွမ်းအင်ဓားမြောင်များကို ပိုင်ကျန့်ယွီထံ ဦးတည်ပစ်လွှတ်လိုက်၏။
“ဦးတည်ရာမဲ့ ဓားမြောင်များ”
ပိုင်ကျန့်ယွီသည် သူ့ရှေ့တွင် အရှိန်ဟုန်ပြင်းစွာ လာနေသည့် ဓားမြောင်များကိုကြည့်လိုက်၏။ ထိုဓားမြောင်များလာရာလမ်းကြောင်းသည် ရှုပ်ထွေးရစ်ပတ်နေပြီး ပိုင်ကျန့်ယွီထံ ရှု့ထောင့်ပေါင်းစုံမှ ဦးတည်လာခြင်းဖြစ်သည်။ လေထုအတွင်း ဓားမြောင်များ၏ ထိုးဖျတ်ဝင်ရောက်မှုကြောင့် ‘ဝှစ်၊ ဝှစ်’ ဟူသည့် မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ပိုင်ကျန့်ယွီသည် ထိုစွမ်းအင်ဓားမြောင်များမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအင်ကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ မိစ္ဆစွမ်းအင်များသည် တိုက်စားနိုင်သည့် ဂုဏ်သတ္တိများရှိပြီး ကျင့်ကြံသူများနှင့် ထိမိလျှင် ထိုလူများ၏ စွမ်းအင်များကို ကုန်ခမ်းသွားသည်အထိ တိုက်စားသွားနိုင်သည်။ လုံလောက်သည် စွမ်းအားမရှိပါက ထိုတိုက်စားမှုဒဏ်ကို မည်သို့မျှ တွန်းလှန်နိုင်မည် မဟုတ်ချေ။
ထို့နောက်တွင် ပိုင်ကျန့်ယွီသည် ထိုဓားမြောင်များကို ပေါ့ပါးစွာခုန်ရှောင်ခြင်း၊ တိမ်လွှာဓားနှင့် တိုက်ရိုက် ခုခံခြင်းများ ပြုလုပ်ခဲ့သည်။ ရှု့ဒေါင့်ပေါင်းစုံမှ ထွက်ပေါ်လာခြင်းကြောင် စွမ်းအင်ဓားမြောင်များ၏ ဦးတည်ရာကို ခန့်မှန်းရခက်ခဲ၏။ သို့သော် ပိုင်ကျန့်ယွီသည် လှလှပပပင် ထိုစွမ်းအင်ဓားမြောင်များကို ဖျတ်စီးလိုက်သည်။
ပိုင်ကျန့်ယီသည် ၎င်းတို့ကို ဖျတ်စီးပြီးနောက်တွင် သူ၏နောက်ကျောမှ တစ်စုံတစ်ဦး ချဉ်းကပ်လာမှုကို ခံစားလိုက်ရသည်။
ချီယိသည် ပိုင်ကျန့်ယွီ အလုပ်ရှုပ်နေခြင်းကို အခွင့်ကောင်းယူကာ တိတ်တဆိတ်နှင့် ချဉ်းကပ်လိုက်ခြင်းဖြစ်သည်။ သူသည် ပိုင်ကျန့်ယွီနောက်ကျောမှ ရုတ်ချည်းပေါ်ထွက်လာကာ သူ၏ လခြမ်းဓားမြောင်နှစ်လက်နှင့် ပိုင်ကျန့်ယွီ၏ နောက်ကျောကို ထိုးသွင်းရန် ကြိုးစားလိုက်သည်။
ထိုမထင်မှတ်သည့် တိုက်ခိုက်မှုကြောင့် ပိုင်ကျန့်ယွီသည် အနည်းငယ် အံ့အားသင့်သွား၏။ သို့သော် ချီယိ၏ ဓားမြောင်နှစ်လက်သည် သူ၏ ကျောပြင်အားထိုးစိုက်လုဆဲဆဲတွင် ပိုင်ကျန့်ယွီသည် ရုတ်ချည်းပျောက်ကွယ်သွားသည်။ ထို့ကြောင့်ပင် ချီယိ၏ ဓားမြောင်နှစ်လက်သည် လေထုကိုသာ ဖြတ်ပိုင်းသွား၏။
‘မဟုတ်သေးဘူး’
ချီယိသည် ရုတ်တရက်သူ၏ နောက်ကျောကို သတိရလာ လှည့်ရန်ပြင်လိုက်၏။ သို့သော် သူသည် စက္ကန့်ပိုင်းမျှ နောက်ကျသွားခဲ့သည်။ ပိုင်ကျန့်ယွီသည် ချိယိ၏ နောက်တွင် ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ဓားအပြားနှင့်သာ ချီယိ၏ ကျောကို ရိုက်နှက်လိုက်၏။
“ဘုန်း..”
ပိုင်ကျန့်ယွီသည် အသာယာပင် ရိုက်လိုက်သော်လည်း ချီယိ၏ အမူအရာသည် လွန်စွာ ဆိုးဝါးသွား၏။ သူ၏မျက်နှာထက်တွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားရပုံပေါ်နေပြီး မူလနေရမှ ပေနှစ်ဆယ်ခန့်အထိ လွင့်စင်သွားရသည်။
သူ၏ ကိုယ်တွင်း အင်္ဂါများ လှုပ်ယမ်းသွားသည်ဟုပင် ခံစားလိုက်ရ၏။ ထို့နောက် သူသည် မထိန်းနိုင်တော့ချေ။ သွေးတလုတ်အန်လိုက်ရသည်။ သူ၏ ဓားမြှောင်နှစ်လက်ပင် လက်မှလွတ် ထွက်သွား၏။
“နောက်ကျောက တိုက်ခိုက်ရတဲ့ ခံစားချက်က တကယ်ပဲ မကောင်းဘူးပဲ”
ပိုင်ကျန့်ယွီသည် ချီယိက သူ့အား အကြိမ်ကြိမ်နောက်ကျောမှ တိုက်ခိုက်ရန်ကြိုးစားခဲ့ခြင်းကြောင့် ပြန်လည်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ သို့သော် ဓားသွားနှင့် တိုက်ခိုက်ခြင်းမပြုခဲ့ချေ။ ဓားသွားနှင့်သာ ခုတ်ပိုင်းခဲ့ပါက ချီယိသည် သွေးအန်ရုံလောက်နှင့်သာ ပြီးဆုံးသွားမည်မဟုတ်ပေ။
သို့သော် ချီယိကို အပြစ်တင်၍မရချေ။ သူသည် လျှင်မြန်မှုကို အသုံးချကာ တစ်ဖက်လူ၏ ဟာကွက်များကို လုပ်ကြံတိုက်ခိုက်ရခြင်းဖြစ်သည်။ ချီယိ၏ အရှိန်သည် အလွန်မြန်ဆန်သော်လည်း ပိုင်ကျန့်ယွီနှင့်ယှဉ်လျှင်သာမာန်မျှသာဖြစ်သွား၏။ တိုက်ခိုက်ခဲ့သည့်တစ်လျောက်လုံး ပိုင်ကျန့်ယွီသည် မည်သည့် ဖိအားမျှ မခံစားရချေ။
“ဆက်တိုက်ဦးမလို့လား ရောင်းရင်းချီယိ”
ချီယိသည် သူ၏ ဓားမြှောင်နှစ်လက်ကို ကောက်ကိုင်ရင်း ထရပ်လာသည်ကို တွေ့လိုက်ရသောကြောင့် ပိုင်ကျန့်ယွီသည် မေးလိုက်၏။
“ကျုပ်ရောင်းရင်းပိုင်ရဲ့ နည်းစနစ်ကို မြင်တွေ့ချင်ပါတယ်”
ချီယိသည် ပိုင်ကျန့်ယွီ၏ သန်မာမှုကို ကိုယ်တွေ့ သိရှိလိုက်ရပြီး ဖြစ်သည်။ သို့သော် သူသည် ဤမျှနှင့် အရှုံးမပေးချင်သေးပေ။ ပိုင်ကျန့်ယွီ၏ နည်းစနစ်ကို တွေ့မြင်ချင်၏။
“ကျုပ်ရဲ့ ဓားနည်းစနစ်ကို ခင်ဗျား ခုခံနိုင်ဖို့အထိ မလုံလောက်သေးဘူး”
ပိုင်ကျန့်ယွီသည် ခေါင်းယမ်းကာ ပြောလိုက်၏။ သူသည် ကိုယ့်ကိုယ်ကို အထင်ကြီးနေခြင်း မဟုတ်ချေ။ သူသင်ယူထားသည့် ဓားနတ်ဆိုး၏ နည်းစနစ်သည် သာမန်မဟုတ်ချေ။ ထို့အပြင် သူ၏ ဓားသန္ဓေခန္ဓာကိုယ်နှင့် ယှဉ်တွဲအသုံးပြုလျှင် နတ်ဘုရားတစ်ပိုင်းအဆင့်များပင် တိုက်ရိုက်ခုခံရန် စဉ်းစားရမည်ဖြစ်သည်။
“ကျုပ်နားလည်ပြီ၊ ကျုပ်အရှုံးပေးပါတယ်”
ချီယိသည် ပိုင်ကျန့်ယွီလိမ်ညာသည်ဟု မထင်မိချေ။ ပိုင်ကျန့်ယွီသည် သူအားများစွာ သက်ညှာပေးခဲ့၏။ သို့သော် သူသည် ပိုင်ကျန့်ယွီ၏ နည်းစနစ်ကို မမြင်တွေ့ရသောကြောင့် နှမြောမိသည်။ ထို့နောက် ပိုင်ကျန့်ယွီကို လေးစားမှုပြကာ စင်မြင့်အောက်သို့ ဆင်းသွားခဲ့သည်။
“ဒီလူငယ်လေးရဲ့ ဓားစွမ်းရည်ကလဲ သာမန်မဟုတ်ဘူး၊ ရှောင်ယိ အနိုင်မယူနိုင်တာတော့ အံ့အားသင့်စရာမဟုတ်ပါဘူး”
ချီမင်ယောင်သည် သက်ပြင်းချကာ ဆိုလိုက်၏။
“ဒါတောင် ပိုင်ကျန့်ယွီက နည်းစနည် ထုတ်မသုံးခဲ့သေးဘူး၊ သူရဲ့ စူးရှတဲ့မျက်ဝန်းတွေက သိုဝှက်ထားတဲ့ ဓားတစ်စင်းလိုပဲ”
ထိုက်ဟုန်ကျွင်းလည်း သုံးသပ်လိုက်၏။
ရှင်းဝေ့ကျန်းနှင့် ဟေးချုံးသည် ပိုင်ကျန့်ယွီ၏ သေသပ်လှသည့် ဓားချက်များကို ချီးကျုးလိုက်ကြသည်။
ယခုတွင် ပြိုင်ပွဲစဉ်သုံးပွဲပြီးဆုံးသွားပြီး နောက်ဆုံးပြိုင်ပွဲတစ်ပွဲသာကျန်တော့၏။