← Chapters

မင်းကဘယ်သူတုန်း

Vol. 8 Ch. 116

မင်းကဘယ်သူတုန်း

Vol. 8 Ch. 116

ပြိုင်ပွဲဝင်နှစ်ဦးသာကျန်ရှိတော့သည်မို့ ရွှေးချယ်စရာမလိုအပ်တော့ပေ။ ထို့ကြောင့် ယဲ့ချန်းရန်သည် ကျောက်စိမ်းပြားနှစ်ချပ်ကို လျင်လျင်မြန်မြန်ပင် ပစ်မြောက်လိုက်၏။ တစ်ခုတွင် ‘လင်းယွမ်နယ်မြေ၏ လုရှင်းယန်’ ဟုထွက်ပေါ်လာပြီး အခြားတစ်ခုတွင်တော့ ‘ဗဟိုနယ်မြေ၏ ထျန်းလုံ’ ဟုပင်။

“ထျန်းလုံ..” လုရှင်းယန်သည် ထိုနာမည်ကိုရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် ပြန်၍စဉ်းစား၍မရချေ။ ထို့နောက်သူသည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့သည်။

‘လုရှင်းယန် ဒီနေ့မင်းကို အနိုင်ယူပြီး အဲ့ဒီလူက ငါ့ကိုအရှက်ခွဲခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်’

ထျန်းလုံသည် သူ၏ စိတ်အတွင်းတွင်ကြုံးဝါးလိုက်ကာ ပြိုင်ပွဲစင်မြင့်ပေါ်သို့တက်ရန် လျှောက်လှမ်းလာသည်။ ထျန်းလုံးသည် ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွေးချယ်ပွဲတွင် အောင်မြင်ခဲ့သူဖြစ်၏။ သို့သော် ဟွမ်း၏တပည့်အဖြစ်ခံယူချင်သောကြောင့် ထိုက်ရွှမ်ဂိုဏ်းမှ နှုတ်ထွက်ရန်ဝန်မလေးခဲ့ချေ။ သို့သော် ဟွမ်း၏လှည့်ကွက်အောက်တွင် သူအတွက် ထိုက်ရွှမ်မြို့အတွင်း ခြေချနိုင်စွမ်းမရှိတော့ချေ။

ထို့ကြောင့် ထျန်းလုံသည် အလွန်ပင် ဒေါသထွက်အရှက်ရခဲ့သည်။ သူ၏ စွမ်းအားနိမ့်ကျမှုကို အားမလိုအားမရဖြစ်ခဲ့ရ၏။ စိတ်ထဲတွင်လည်း ဟွမ်းကို မုန်းတီးမှုများ ပြင်းထန်လာခဲ့သည်။ သူသည် လင်းယွမ်နယ်မြေတွင် နေထိုင်လိုစိတ်ပင်မရှိခဲ့တော့ချေ။ ထို့ကြောင့် မြောက်ပိုင်းနယ်အထိသွားရန် ကြိုးစားခဲ့၏။

ထိုစဉ်က သူ၏စွမ်းအားသည် အခြေခံအုတ်မြစ်တွင်သာရှိနေခဲ့သေးသည်။ ထို့ကြောင့် ဝေးကွာလွန်းသည့် မြောက်ပိုင်းနယ်မြေအထိရောက်အောင်သွားနိုင်ရန်မလွယ်ကူပေ။

မြောက်ပိုင်းနယ်မြေသို့သွားရာလမ်းခရီးတွင် သူသည် အန္တရာယ်များစွာနှင့် အခက်အခဲပေါင်းစုံကို ကြုံတွေခဲ့ရသည်။ သေမလိုဖြစ်ခဲ့ရသည် အကြိမ်များစွာလည်းရှိခဲ့၏။ သူအချိန်တိုင်းတွင် ဟွမ်း၏မျက်နှာကို မြင်ယောင်လာကာ လက်စားချေလိုသည့်စိတ်နှင့် ကြံ့ကြံ့ခံ အားတင်းခဲ့ရသည်။

ထိုသို့ကြုံတိုင်းတွင် ဟွမ်းကို မုန်းတီးမှုသည် ပိုမိုကြီးထွားလာသည်။ ထိုလူ့ကြောင့်သာ သူသည် ဤကဲ့သို့ ဒုက္ခများ ခံစားခဲ့ရခြင်းဖြစ်၏။

သူသည် မိစ္ဆာနယ်မြေနှင့် ဗဟိုနယ်မြေနှစ်ခုကြားရှိ နယ်စပ်တစ်နေရာသို့ ရောက်ရှိချိန်တွင် သားရဲများ၏ တိုက်ခိုက်မှုကြောင့် သေလုမြောပါးဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် ဗဟိုနယ်မြေ၏ လင်းယွင်ဂိုဏ်းချုပ် ရွှယ်လင်းကျို့သည် သူ့အားကယ်တင်ပေးခဲ့၏။

“ကျေးဇူးတင်ပါတယ်”

ထျန်းလုံးသည် အားနည်းလွန်းနေပြီး ခက်ခက်ခဲခဲ အသံကို ညစ်ထုတ်ကာပြောလိုက်၏။

“မင်းရဲ့ နိမ့်ကျတဲ့အဆင့်နဲ့ ဒီလိုနေရာထိ ရောက်လာနိုင်တာ အံ့ဩစရာပဲ၊ ဘာလာလုပ်တာလဲ”

ရွှယ်လင်းကျို့သည် ထျန်းလုံကို ကြည့်ကာ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ အခြေခံအုတ်မြစ်အဆင့်နှင့် လူသူအရောက်ပေါက် နည်းသည့် နေရာရိုင်း တစ်ခုကို တစ်ဦးဖြတ်သန်းခဲ့ဟန်ရှိ၏။ ထို့ကြောင့် အကြောင်းရင်းကို သိချင်ခဲ့သည်။

ထျန်းလုံသည် ရွှယ်လင်းကျို့၏ ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးမှုကြောင့် အတော်လေးသက်သာလာ၏။ ထို့နောက်တွင် သူကြုံခဲ့ရသည့် ကိစ္စများကို အမှန်တရားအချို့ကို ဖုန်းကွယ်ကာ ရှင်းပြလိုက်သည်။

ရွှယ်လင်းကျို့သည် ထိုအချင်းရာများကို ကြားသိရပြီးနောက် မျက်မှောင်ကြုတ်ကာ ထျန်းလုံ၏ ပါရမီအရည်အသွေးကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင် ထျန်းလုံ၏ ပါရမီသည် အလွန်ပင် မြင့်မားကြောင်းတွေ့ရှိသွား၏။

‘ဒီလို အရည်အသွေးကောင်း မျိုးစေ့လေးကို စွန့်ပစ်လိုက်တာလား၊ အဲ့ဒီလူတွေ မျက်လုံးမကောင်းကြဘူးလား၊ ဒါပေမဲ့ အဲ့ဒီအရူးတွေကို ငါကျေးဇူးတင်ရမယ်’

ရွှယ်လင်းကျို့သည့် အတွေးများထွက်ပေါ်လာပြီးနောက် ပြုံးလိုက်မိ၏။ ထို့နောက်တွင် ထျန်းလုံကိုကြည့်ကာ လေးလေးနက်နက်ဆိုလိုက်သည်။

“ငါက လင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရွှယ်လင်းကျို့ပဲ၊ မင်းကို ငါ့ရဲ့တပည့်အဖြစ်ခေါ်ယူချင်တယ်၊ မင်းလက်ခံမလား”

“ကျုပ်..”

ထျန်းလုံ၏ ရည်ရွယ်ချက်သည် အရင်းအမြစ်များစွာနှင့် ကျင့်ကြံမှုပြုလုပ်ပြီး အားအကောင်းဆုံးလူတစ်ယောက်ဖြစ်ချင်ခြင်းပင်။ ထိုအတွက် အင်အားကြီးလူတစ်ဦးထံတွင် တပည့်ခံယူလိုသည်။ ရွှယ်လင်းကျို့ ကဲ့သို့ နတ်ဘုရင်တစ်ဦး၏ တပည့်ခေါ်ယူလိုမှုကို ငြင်းဆန်စရာအကြောင်းမရှိပေ။

“ဆရာ့ကို ဂါရဝပြုပါတယ်”

ရွှယ်လင်းကျို့၏ တည်ငြိမ်သည့် အမူအယာနဲ့ ထျန်းလုံ၏ အရိုအသေပေးမှုကိုလက်ခံကာ လင်းယွင်ဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့သည်။ လေးနှစ်ဝန်းကျင်ခန့်နှင့် ထျန်းလုံသည် အခြေခံအုတ်မြစ်အဆင့်မှ သူတော်စင်ကနဦးအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ပါရမီသည် အားလုံးထက်ပင် သာလွန်လွန်း၏။

လက်ရှိတွင် ဟွမ်းကို အနိုင်မယူနိုင်သေးပေ။ သို့သော်လည်း ဟွမ်း၏တပည့်များကို အနိုင်ယူလိုက်လျှင် သူ့အား တပည့်အဖြစ်လက်မခံမိခဲ့သည်အတွက် နောင်တရစေလိုသည်။

‘ဒီကောင့်ကို မြင်ဖူးသလိုပဲ’

လုရှင်းယန်သည် စင်မြင့်ပေါ်တက်လှမ်းလာသည့် ထျန်းလုံကို ဇဝေဇဝါနှင့် ကြည့်လိုက်၏။ စင်ပေါ်ရောက်ချိန်တွင် ထျန်းလုံသည် လုရှင်းယန်ကို ကြုံးဝါးလိုက်သည်။

“ဒီနေ့မှာ မင်းကို အနိုင်ယူပြီး မင်းရဲ့ဆရာကိုနောင်တရစေမယ်”

“မင်းက ဘယ်သူတုန်း”

လုရှင်းယန်သည် စဉ်းစားရခက်နေသည့်လေသံနှင့် မေးလိုက်၏။

ထျန်းလုံ “...”

လုရှင်းယန်၏ အမူအယာကို ကြည့်ရင်း ထျန်းလုံ၏ ဒေါသမီးများသည် အလွန်တောက်လောင်လာသည်။ သူသည် ငါးနှစ်ခန့် အမုန်းတရားများကို သယ်ဆောင်ထားရကာ ထိုလူများ၏မျက်နှာကို ရိုးတွင်းခြင်ဆီအထိပါ စွဲမြဲနေသော်လည်း ထိုလူများသည် သူ့အားမှတ်မိပုံပင် မပေါ်ချေ။

“မင်းဘယ်သူမှန်းတော့ ငါမသိပေမဲ့၊ မင်းမှာ ငါ့ရဲ့ဆရာကို နောင်တရအောင်လုပ်နိုင်တဲ့စွမ်းရည် မရှိဘူး”

လုရှင်းယန်၏ အေးစက်သည့် လေသံနှင့် ထပ်မံပြောဆိုလိုက်၏။ ဘာကောင်မှန်းမသိသည့် အကောင်သည် သူ့ဆရာကိုပင် စော်ကားရန်ကြိုးစားနေသည်။ သူ၏ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

“ဒုန်း..”

လုရှင်းယန်သည် ချက်ချင်းပင် ဖီးနစ်နှလုံးသားလှံကို ကြမ်းကြမ်းတမ်းတမ်း ထုတ်ယူလိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်၊ ငါ့ကို မမှတ်မိဘူးဆိုရင် အစကနေ မှတ်မိသွားတဲ့အထိ မင်းကိုရိုက်နှက်ပေးမယ်”

ထျန်းလုံသည်လည်း အလွန်ပင်ပေါက်ကွဲနေပြီဖြစ်ကာ အနီရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓားသည် အပြားကြီးပြီး ဓားသွားတစ်ခုလုံးနီရဲနေ၏။

ထိုနှစ်ဦးမျက်နှာချင်းဆိုင်နေသည့် ပြိုင်ပွဲစင်မြင့်ရှိ လေထုပင် ပေါက်ကွဲလုမတက်ဖြစ်နေသည်။

“ဒီကောင်လေးက ရောင်းရင်းဟွမ်းရဲ့ တပည့်နဲ့ ရန်ငြိုးရှိနေတာလား”

ရှင်းဝေ့ကျန်းသည် တီးတိုးရေရွတ်လိုက်၏။ လုရှင်းယန်နှင့် ရန်ငြိုးရှိရုံဆိုလျှင်ဖြေရှင်းရလွယ်ကူသေးသည်။ သို့သော် ထိုလူငယ်သည် ဟွမ်းကိုပင် မကျေမလည်ဖြစ်နေပုံရသည်။ ထိုသို့ဆိုလျှင် ဖြေရှင်းရန်မလွယ်ကူတော့ချေ။

“တကယ်တမ်းတော့ ဒီလူငယ်က လင်းယွမ်နယ်မြေကလာခဲ့တာ..”

ထိုက်ဟုန်ကျွင်းသည် ထိုလူငယ်ကို မြင်ကတည်းက မှတ်မိနေသည်ဖြစ်ရာ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်၏။ ရှင်းဝေ့ကျန်းပင် အလွန်အံ့ဩသွားသည်။

“အဲ့ဒီလူငယ်ရဲ့ကိစ္စက ဒီပြိုင်ပွဲမှာပဲ ရှင်းလင်းသွားရင်ကောင်းမယ်၊ မဟုတ်ရင် လင်းယွမ်ဂိုဏ်းပါ ဒုက္ခတွင်းထဲရောက်သွားနိုင်တယ်”

ထိုက်ဟုန်ကျွင်း၏ ရှင်းပြချက်နှင့် ထျန်းလုံ၏ လက်ရှိအမူအယာသည် ဤပြိုင်ပွဲနှင့်ပင် ပြီးဆုံးသွားမည်ဟု မထင်မိချေ။ သူသည် ဟွမ်းနှင့်တွေ့ဆုံပြီးသည့်အချိန်မှစ၍ ဗဟိုနယ်မြေမှ အဖြစ်အပျက်များကို တားဆီးနိုင်စွမ်းမရှိခဲ့ချေ။ သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေသည်။

“ဟွမ်း အဲ့ဒီကောင်က ကျွန်မအရှိန်အဝါကြောင့် သတိလစ်သွားတဲ့ကောင်လေ”

မော့ရွှယ်အာသည် ထျန်းလုံကို မှတ်မိနေကာ ဟွမ်းကို သတိပေးလိုက်၏။ ဟွမ်းသည် တစ်ချက်မျှသာကြည့်လိုက်သော်လည်း နောက်ထပ် ဂရုမစိုက်တော့ချေ။ သူ့အကြည့်များသည် လုရှင်းယန်အပေါ်တွင်သာရှိနေသည်။

ချုးယွီဟွာသည် နားမလည်သည် အမူအယာနှင့်ကြောင့် ယွဲ့ဝူယောင်သည် အသေးစိတ်ရှင်းပြလိုက်၏။ ထိုစဉ်က သူမသည် ထိုအခမ်းအနားတွင် မရှိခဲ့ပေ။

“တတိယအစ်ကို အဲ့ကောင်က ဘယ်သူတုန်း”

လျှိုမင်ယွမ်သည် ထျန်းလုံ၏ စကားကို ကြားပြီးနောက် အလွန်ပင် ဒေါသထွက်နေခဲ့၏။

“ငါလဲ စဉ်းစားရခက်နေတယ်”

ပိုင်ကျန့်ယွီသည် သူ၏ စူးရှသည့် မျက်လုံးအစုံသည် ထျန်းလုံအား ထိုးဖောက်လုမတက်ပင် ကြည့်နေသည်။ သူ၏ ပြိုင်ပွဲပြီးသွားသည်ကိုပင် နောင်တရနေ၏။

“သူက လင်းယွမ်ဂိုဏ်းရဲ့ တပည့်တစ်ဦးပဲ၊ ပြီးတော့ လင်းယွင်ဂိုဏ်းချုပ်ရဲ့ လက်ရင်းတပည့်လေ၊ သူရဲ့ပါရမီက အတော်လေးကောင်းတယ်၊ ဂိုဏ်းရောက်ပြီး နှစ်နှစ်လောက်အကြာမှာ အခြေတည်ဝိညာဉ်အဆင့်ထိရောက်နေခဲ့တာ၊ ပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်ကပဲ သူတော်စင်အဆင့်ကို တက်လှမ်းခဲ့ပြီး လင်းယွမ်ဂိုဏ်းရဲ့ ထိပ်သီးတပည့်တစ်ဦးဖြစ်လာတာပဲ၊ သူဘယ်ကလာလဲဆိုတာတော့ လင်းယွင်ဂိုဏ်းက ထုတ်ဖော်ထားခြင်းမရှိဘူး”

လင်းယိုဟန်သည် ထိုနှစ်ဦးစဉ်းစားရကျပ်နေသည်ကိုကြည့်ရင်း ထျန်းလုံအကြောင်းရှင်းပြလိုက်၏။

သို့သော် လျှိုမင်ယွမ်တို့နှစ်ဦး၏ အတွေးသည် သူမ ရှင်းပြမှ ပို၍ပင် ကျပ်တည်းသွားသည်။

All Chapters