← Chapters

နှလုံးသားကိုထိုးဖောက်ခြင်း

Vol. 8 Ch. 117

နှလုံးသားကိုထိုးဖောက်ခြင်း

Vol. 8 Ch. 117

ပြိုင်ပွဲစင်မြင့်ထက်တွင် ထျန်းလုံသည် လုရှင်းယန်ကို မုန်းတီးမှုများပြည့်နှက်နေသည့် အကြည့်များနှင့် ကြည့်ကာ တိုက်ပွဲစလိုက်၏။

သူ၏ အနီရောင်ဓားကြီးကို စွဲကိုင်ကာ လုရှင်းယန် ထံတစ်ဟုန်ထိုး တိုက်ခိုက်လိုက်သည်။ ထိုဓားနှင့် လုရှင်းယန်၏ ဦးခေါင်းကို ချိန်ရွယ်ခုတ်ပိုင်းလိုက်၏။

သို့သော် လုရှင်းယန်သည် အသာယာ ရှောင်တိမ်းကာ သူ၏အရှိန်အဝါကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်၏။ သူသည် ထျန်းလုံကို သူထက်အဆင့်နိမ့်သည် ဟူ၍ ညှာတာမနေတော့ချေ။ လုရှင်းယန်သည် သူ၏ လှံကို ပြင်းထန်လှသည့် စွမ်းအင်များထည့်သွင်းကာ ထိုးနှက်လိုက်၏။

ထျန်းလုံသည် သူ၏ ဓားချက်ကို လုရှင်းယန် ရှောင်တိမ်းသွားချိန်တွင် မျက်မှောင်ကြုတ်သွား၏။ ထို့အပြင် ပြင်းထန်လွန်းသည့် အားတစ်ခုသည် သူ၏ ဝမ်းဗိုက်သို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

“အား..”

လုရှင်းယန်၏ လှံသည် သူ၏ ဝမ်းဗိုက်အား ထိုးစိုက်သွားခဲ့သည်။ သူသည် နာကျင်စွာ ဟစ်ဟော်လိုက်ရ၏။ ထျန်းလုံသည် လုရှင်းယန်၏ လှံကို မည်သို့မျှပင် မရှောင်တိမ်းနိုင်လိုက်ပေ။ လွန်စွာကြောက်စရာကောင်းသည် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်ထားသည့် အလားပင်။ ထို့နောက်ပြင်းအားကြောင့် အဝေးသို့ပင် လွင့်စင်သွားခဲ့သည်။

“မင်းရဲ့ စွမ်းအားက မင်းရဲ့ စိတ်ဓာတ်လိုပဲ တိုးတက်မလာဘူး”

လုရှင်းယန်သည် သူ၏လှံကို ဆွဲနှုတ်လိုက်ရင်း ဆို၏။ သူသည် ထျန်းလုံကို မှတ်မိသွားခဲ့သည်။ ထျန်းလုံသည် သူ၏ဆရာအား ထိုက်ရွှမ်ဂိုဏ်းထက် အင်အားကြီးမှန်းသိသည်နှင့် ထိုက်ရွှမ်ဂိုဏ်းကို စွန့်ပစ်ရန် ဝန်မလေးခဲ့သူဖြစ်သည်။ လုရှင်းယန်သည် ထျန်းလုံ၏ တိုးတက်မှုကို နည်းနည်းမှပင်အထင်ကြီးတော့ချေ။ ထျန်းလုံ၏ တိုးတက်မှုသည် အံ့အားသင့်စရာကောင်းသော်လည်း အတော်လေးနိမ့်ကျနေဆဲပင်။ သူ၏ သာမန်တိုက်ခိုက်သည့် တိုက်ကွက်ကိုပင် ခံနိုင်ရည်မရှိချေ။

“ဟားဟား..အဲ့ဒီလူရဲ့ တပည့်တွေက ထင်ထားတဲ့အတိုင်း တကယ်ကို အစွမ်းထက်တာပဲ၊ ငါ့ရဲ့ လက်ရှိစွမ်းရည်က မင်းနဲ့ တိုက်ခိုက်ဖို့ မလုံလောက်ဘူးပဲ”

ထျန်းလုံသည် နာကျင်စွာရယ်လိုက်ပြီး ပြန်ထလာသည်။

“ဒါပေမဲ့ ဒါက ငါ့ရဲ့အစစ်အမှန်စွမ်းရည်မဟုတ်သေးဘူး”

ထျန်းလုံသည် ခက်ခက်ခဲခဲလှောင်ပြုံးပြုံးလိုက်ကာ လက်သင်္ကေတ တစ်ခုပြုလုပ်လိုက်၏။

“ဝုန်း..”

ထိုအချိန်တွင် ပြိုင်ပွဲကွင်းပြင် ပတ်လည်တွင် မသတီစရာ အငွေ့အသက်များထွက်ပေါ်လာပြီး ဆိုးရွားသည့်သွေးညှီနံ့များ ထွက်ပေါ်လာကာ သူ၏ အရှိန်အဝါသည် သူတော်စင်ကနဦးအဆင့်အရှိန်အဝါမှ တဟုန်ထိုးတိုးတက်လာကာ အဆင့်များစွာ ဆက်တိုက် ကျော်ဖြတ်လာ၏။

လုရှင်းယန်သည် မျက်မှောင်ကြုတ်သွား၏။ အကြောင်းမှာ ထျန်းလုံ၏ အဆင့်သည် သူတော်စင်အထွတ်ထိပ်အဆင့်ပင် ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။

ထျန်းလုံ၏ ခန္ဓာကိုယ်မှ အေးစက်လွန်းသည့် သွေးညှီနံ့များ ထွက်ပေါ်နေပြီး ကျက်သီးထစရာကောင်းနေ၏။ သူ၏ ဝမ်းဗိုက်ရှိ လှံဒဏ်ရာသည် သွေးများတိတ်သွားပြီး အကောင်းအတိုင်းပြန်ဖြစ်လာခဲ့သည်။ ထိုအချိန်နွင် သွေးများဖုံးလွှမ်းထားသည့်အလား ရဲရဲနီနေသည့် သူ၏ မျက်လုံးများနှင့် လုရှင်းယန်ကို မုန်းတီးစွာကြည့်လိုက်၏။ သူ၏ အနီရောင်ဓားကြီးသည်လည်း ရဲရဲတောက်နီမြန်းလာပြီး သွေးဓားကြီးသဖွယ်ဖြစ်တည်လာသည်။ ထိုဓား၏ အရှိန်အဝါသည်လည်း သွေးဆာနေသည့် မကောင်းဆိုးဝါးဓားတစ်လက်အလားပင်။ သူ၏ အနက်ရောင်ဝတ်စုံ၊ အနီရောင်မျက်လုံးများ၊ ခန္ဓာကိုယ်ပတ်လည်ရှိအနီရောင်စွမ်းအင်များနှင့် သွေးဓားကြီးကိုင်ဆောင်ထားပုံသည် မကောင်းဆိုးဝါးတစ်ကောင်အလားပင်။

“ဒီပုံစံ..”

ရှင်းဝမ်ကျဲသည် ထျန်းလုံ၏ လက်ရှိပုံစံကို တွေ့မြင်ပြီးနောက် အလွန်ပင် ထိတ်လန့်သွားခဲ့၏။ ထို့နောက် သူသည် နေရာမှ တိတ်တဆိတ်ထွက်ခွာသွားကာ ရှင်းဝေ့ကျန်း ရှိရာစင်မြင့်သို့ ချဉ်းကပ်သွားသည်။

“ဒါဘယ်လို နည်းစနစ်မျိုးလဲ၊ လင်းယွင်ဂိုဏ်းမှာ ဒီနည်းစနစ်ရှိတယ်လို့မကြားဖူးပါဘူး”

ရှင်းဝေ့ကျန်းသည် မျက်မှောင်ကြုတ်သွားကာ လင်းယွင်ဂိုဏ်းချုပ်ရှ်ိရာသို့ ကြည့်လိုက်၏။ ရွှယ်လင်းကျို့သည် တည်ငြိမ်သည် ဟန်ပန်ကို ထိန်းထားသော်လည်း သူ၏ မျက်ဝန်းအတွင်းတွင် ထျန်းလုံကို ဂုဏ်ယူစွာကြည့်နေသည့်အလားပင်။ သူ၏ စိတ်အတွင်း ပို၍ပင်ထူးဆန်းသွားသည်။

“မင်းတို့ကို အနိုင်ယူဖို့အတွက် ငါဒုက္ခမျိုးစုံကို ကျော်ဖြတ်ပြီးရရှိလာတဲ့ စွမ်းအားပဲ”

ထျန်းလုံသည် သူ၏သွေးဓားကြီးကို တင်းကျပ်အောင်ဆုပ်ကိုင်ထားရင်းပြောလိုက်၏။ သူ၏အရှိန်အဝါသည်လုရှင်းယန် ထုတ်ဖော်ထားသည့်အရှိန်အဝါထက်ပင် အလွန်ပင် ပြင်းထန်နေသည်။

“ဒီလောက်စွမ်းရည်လေးနဲ့ ငါ့ကိုအနိုင်ယူနိုင်ပြီထင်နေတာလား..”

လုရှင်းယန်သည် ဂရုမစိုက်သည့် အလားပင်ချေပလိုက်၏။

“ဒါဆိုလက်တွေ့ပြမယ်..”

ထျန်းလုံသည် ဒေါသထွက်လာသည့်အလား သွေးဓားကြီးကို ဝှေ့ယမ်းကာ လုရှင်းယန်ထံဦးတည်လိုက်၏။ ယခင်တိုက်ခိုက်မှုထက် မြန်ဆန်လာသည့်အပြင် ခွန်အားလည်း အလွန်ပြင်းထန်လာသည်။

“သွေးမုန်တိုင်း ဓားချက်”

ထျန်းလုံသည် ထိုနည်းစနစ်နှင့် လုရှင်းယန်ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။ ဓားချက်တိုင်းတွင် သွေးနံ့များ လွင့်ပျံ့လာပြီး လေထုပင် ပူနွေးလာသည်။

လုရှင်းယန်၏ တည်ငြိမ်မှုသည် မကွယ်ပျောက်ပေ။ ထျန်းလုံ၏ သွေးမုန်တိုင်း ဓားချက်များ သူ့အနားသို့ ရောက်လာချိန်တွင် သူ၏ ဖီးနစ်နှလုံးသားလှံကို ရှေ့သို့ ထိုးထုတ်ကာ လှံ၏ထိပ်အသွားနှင့် ထျန်းလုံ၏ နည်းစနစ်ကို ဖျတ်ဆီးလိုက်၏။ ထို့နောက်တွင် သူ၏ လှံ၏ အဆက်မပြတ် ထိုးနှက်လိုက်သည်။

လုရှင်းယန်၏ လှံချက်များသည် တိကျပြီး လျင်မြန်ကာ ထျန်းလုံ၏ ပြင်းထန်သော သွေးဓားကြီးကိုပင် ဖိနှိပ်နေ၏။ လုရှင်းယန်သည် ထျန်းလုံအား သက်ညှာမှု အနည်းငယ်မျှပင် မပေးချေ။

ထျန်းလုံသည်လည်း အလားတူပင်။ လုရှင်းယန်ကို သတ်ဖြတ်မည့်အလားပင် သေကွင်းသေကွက် နေရာများကို ဦးတည်တိုက်ခိုက်နေသည်။ သူတို့နှစ်ဦးသည် စတင်တိုက်ခိုက်သည့်အချိန်နှင့်ကွာခြားသွားကာ လက်ရည်တူတိုက်ခိုက်နေကြပြီဖြစ်သည်။

ထိုလှံနှင့် သွေးဓားကြီးတို့ ထိပ်တိုက်ဆုံတွေ့လိုက်တိုင်း ‘ချွင်ကနဲ့’ မြည်သံများပေါ်ထွက်နေပြီး မီးပွားများပါ လွင့်စင်နေသည်။

ထျန်းလုံ၏ မုန်းတီးမှုများ ပြည့်နှက်နေသော တိုက်ခိုက်မှုများကို လုရှင်းယန်သည် တည်ငြိမ်စွာ ထိထိရောက်ရောက် တားဆီးထားနိုင်သည်။

ထို့နောက် ထျန်းလုံသည် သူ၏ ဓားချက်များကို ရုတ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးနီရောင်အငွေ့အသက်များ စတင်လည်ပတ်စေလိုက်သည်။ ထို့နောက် သူ၏ အနီရောင်သွေးဓားကြီးကို မြှောက်တင်လိုက်ပြီး လုရှင်းယန်ထံသို့ ကြီးမားသော ဓားချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“သွေးဖြင့်ကြီးစိုးမည့်ဓားချက်”

ဤဓားချက်က ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဝိညာဥ်ကိုပါ ခြောက်လှန့်မှုပေးနေပြီး စူးရှသည့်သွေးညှီနံ့များနှင့်ပြည့်နှက်နေ၏။ သာမန်သူတော်စင်များသည် ထိုဓားချက်ကြောင့်ပင် စိတ်ဝိညာဉ်ပါ ကြေမွသွားနိုင်သည်။

လုရှင်းယန်သည် သူ့ထံ ဦးတည်လာနေသည့် ကြီးမားပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည့် သွေးဓားကြီးကို မြင်တွေ့လိုက်၏။ သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်ကာ မျက်လုံးမှိတ်လိုက်ပြီး ဖီးနစ်နှလုံးသားလှံကို မြှောက်လိုက်၏။ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များသည် လှံအတွင်းစီးဝင်လာပြီး လှံ၏ထိပ်ဖျားတွင် အနီရောင်စွမ်းအင်များ တောက်ပလာသည်။ ထို့နောက် အားမန်အပြည့်နှင့် ရေရွတ်ကာ သွေးဓားကြီးကို တားဆီးလိုက်၏။

“နှလုံးသားကိုထိုးဖောက်ခြင်းလှံချက်”

“ဝုန်း...”

လှံနှင့် ဓားကြီး တွေ့ဆုံချက်တွင် အနီရောင်စွမ်းအင်နှစ်ခုသည် ယှက်နွယ်နေပြီး အပြင်းအထန် တိုက်ခိုက်နေကြသည်။ လုရှင်းယန်၏ သန့်စင်သည့် အနီရောင်စွမ်းအင်များနှင့် ထျန်းလုံ၏ ညစ်ညမ်းသည့် သွေးနီရောင်စွမ်းအင်တို့သည် တစ်ခုနှင့်တစ်အခု လုံးထွေးနေပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေ၏။

ထိုနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြိုင်ပွဲစင်မြင့် တစ်ခုလုံး လှုပ်ခါယမ်းနေပြီး လေထုသည်လည်း အလွန်ပင်မွန်းကျပ်စရာကောင်းနေ၏။ ထျန်းလုံသည် စွမ်းအင်များစွာ သုံးစွဲ၍ လုရှင်းယန်ကို သတ်ဖြတ်ရန်အထိကြိုးစားနေသည်။ လုရှင်းယန်သည်လည်း အံကိုတင်းတင်းကြိတ်ကာ ထျန်းလုံ၏ စွမ်းအင်များကို ခုခံနေသည်။ သူတို့နှစ်ဦးသည် စွမ်းအင်ချင်းယှဉ်ပြိုင်နေသည့်အလားပင်။

“ဒီလောက်တောင် ကြောက်စရာကောင်းတာလား”

“ဒီလူငယ်က အစကတည်းက အစစ်မှန်စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပေါ့”

“ဒီလို အစွမ်းထက်လူငယ်နှစ်ယောက်ထဲက တစ်ယောက် ထွက်ရမှာနှမြောစရာပဲ”

ပရိတ်သတ်များသည် အခြေတင်ဆွေးနွေးနေကြသည်။ ထျန်းလုံ၏ စွမ်းအားများသည် သူတို့ကိုပင် မှင်သက်သွားစေ၏။ ထိုလူငယ်များသည် ထူးချွန်လွန်းကြသည်။ သူတို့သည်ပင် သူတော်အဆင့်အဆင့်ရောက်ရန် ကြိုးစားနေကြဆဲဖြစ်သော်လည်း သူတို့ထက် များစွာ ငယ်ရွှယ်သည့် လူငယ်များသည် သူတော်စင်အထွတ်ထိပ်အဆင့်ကိုပင် ရောက်ရှိနေကြပြီဖြစ်သည်။

“ဆရာ..”

ရှင်းဝမ်ကျဲသည် ရှင်းဝေ့ကျန်းရှိရာသို့ရောက်ရှိလာခဲ့ပြီး တီးတိုးပြောဆိုလိုက်၏။ ရှင်းဝေ့ကျန်းသည် သူတပည့်ပြောသည်ကို နားထောင်ရင်း မျက်မှောင်ကြုတ်သွားရသည်။

All Chapters