အရိုက်ခံချင်လား
Vol. 8 Ch. 119
ပရိတ်သတ်များသည် နောက်ဆုံးပြိုင်ပွဲ၏ အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့မှုကြောင့် မှင်သတ်နေဆဲပင်။ ရှေ့ပြိုင်ပွဲသုံးခုတွင် အဆင့်ကွာဟချက်များကြောင့် မြန်ဆန်စွာပြီးဆုံးသွားခဲ့သည်။ သို့သော် နောက်ဆုံးပြိုင်ပွဲတွင် ထျန်းလုံ၏ လက်ရည်တူတိုက်ခိုက်နိုင်မှုကြောင့် အလွန်ပင် မြိုင်ဆိုင်ခဲ့၏။ သို့သော်လည်း ရလဒ်သည်တော့ မပြောင်းလဲခဲ့ပေ။ ထျန်းလုံသည် အလွန်ထက်မြက်သည့် ပါရမီရှင်ဖြစ်လာသော်လည်း လုရှင်းယန်ကို မမှီခဲ့ချေ။
လုရှင်းယန်သည် သူ၏နှလုံးတည့်တည့်ကို မထိုးစိုက်ခဲ့ပေ။ မဟုတ်လျှင် ထျန်းလုံသည် ဤနေရာတွင် သေဆုံးသွားမည်ဖြစ်သည်။ ထိုအရာသည် လုရှင်းယန်၏ သက်ညှာမှုပင်ဖြစ်၏။ သို့သော် ထိုလုပ်ရက်သည် သက်ညှာမှုဖြစ်သည်လား၊ ညှင်းပန်းမှု ဖြစ်သည်လားတော့ မသေချာပေ။ အကြောင်းမှာ ယခုတွင် ထျန်းလုံသည် သူ၏ ရှုံးနှိမ့်မှုနှင့် နှိမ့်ကျမှုကို တစ်သတ်တာ ခံစားနေရတော့မည်ဖြစ်သည်။
ယဲ့ချန်းရန်၏ ဝင်ခွင့်ရသူများ၏ နာမည်ကို ထုတ်ပြန်ကြေညာချက်ကြောင့် ရွှယ်လင်းကျို့၏ မျက်ဝန်းများသည် ကျဉ်းမြောင်းသွား၏။ ထိုနောက်တွင် လဲကျနေသည့် ထျန်းလုံ အနားသို့ ရောက်ရှိလာပြီးနောက် ထျန်းလုံ၏ အခြေအနေကို စစ်ဆေးလိုက်၏။ ရွှယ်လင်းကျို့သည် လုရှင်းယန် ထွက်ခွာနေချိန်တွင် ဒေါသတကြီး အမိန့်ပေးလိုက်၏။
“ရပ်စမ်း..”
“ဘာကိစ္စလဲ..”
လုရှင်းယန်၏ ပုံစံသည် အားနည်းဟန် ရှိနေသော်လည်း လေသံမာမာနှင့်သာ ဖြေလိုက်သည်။
“ကောင်လေး လူကြီးကို လေးစားတက်ဖို့ သင်ကြားမထားဘူးလား”
ရွှယ်လင်းကျို့သည် လုရှင်းယန်၏ လေသံကြောင့် ပို၍ဒေါသထွက်သွားရ၏။ ထျန်းလုံ ယခုကဲ့သို့ အခြေအနေရောက်သွားအောင် လုပ်ခြင်းကိုပင် မခံမရပ်နိုင်ဖြစ်နေခဲ့ရာ လုရှင်းယန်၏ လေသံကြောင့် သူ၏ဒေါသများကို မထိန်းနိုင်တော့ချေ။
“ခင်ဗျားက ဘာကောင်မလို့ အကြောင်းမဲ့လေးစားပြရမှာလဲ”
ပိုင်ကျန့်ယွီသည် လုရှင်းယန်အနားသို့ရောက်လာပြီးနောက် သူ၏စူးရှသည် မျက်ဝန်းများနှင့် ရွှယ်လင်းကျို့ကိုကြည့်ကာ မေးခွန်းထုတ်လိုက်၏။ လျှိုမင်ယွမ်သည်လည်း ရွှယ်လင်းကျို့အား အေးစက်သည့် မျက်ဝန်းများနှင့် ကြည့်နေ၏။ လူငယ်သုံးဦး၏ အကြည့်နှင့် သက်လက်ပိုင်းလူရွယ်တို့၏ အကြည့်များဆုံစည်းနေပြီး လေထုပင်တင်းကျပ်လာ၏။
“ဂိုဏ်းချုပ်ရွှယ် ခင်ဗျားတပည့်ကိုလာသယ်တာဆိုရင် ပြန်ခေါ်သွားလို့ရပါပြီ”
ရှင်းဝေ့ကျန်းသည် ထိုလေထုကို ရှင်းလင်းရန် ကြားဝင်လိုက်၏။ ထို့အပြင် ရွှယ်လင်းကျို့ကို လာရောက်ကူညီခြင်းဟုပြောလျှင်ပို၍ မှန်ပေလိမ့်မည်။ သူ့ကို ပြသနာမရှာစေချင်ပေ။ အဆုံးသတ်ရလာဒ်သည် ဆိုးရွားနိုင်သောကြောင့်ပင်။ ထို့အပြင် လင်းယွင်ဂိုဏ်းသည် ဗဟိုမြို့တော်နှင့် ကွာဝေးသောကြောင့် ဟိုင်ချင်းအိမ်တော်ဖြစ်ပျက်သွားသည့် အကြောင်းကိစ္စကို တိတိပပ သိဦးမည်မဟုတ်ပေ။ ထို့အပြင် ရွှယ်လင်းကျို့သည် ပြိုင်ပွဲနှင့် မပတ်သတ်သည့် ထိုကိစ္စများကို စိတ်ဝင်စားမည်မဟုတ်ချေ။
“ကျုပ် နတ်အင်ပါယာရှင်းကို မေးခွန်းထုတ်ချင်တယ်၊ ပြိုင်ပွဲပုံစံကို ခင်ဗျားတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး၊ ကျုပ်တို့ နတ်ဘုရင်တွေရဲ့ သဘောတူညီမှုကို မရယူခဲ့တာလဲ”
ရွှယ်လင်းကျို့သည် ရှင်းဝေ့ကျန်းထံ ဖြေရှင်းချက်တောင်းလိုက်၏။ ထိုသို့လုပ်ရပ်ကြောင့် သူတပည့်၏ အခွင့်အလမ်းသည် ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။
ထွက်ခွာသွားတော့မည့် ပရိတ်သတ်များသည် ထိုအချင်းအရာကို ထပ်မံစောင့်ကြည့်ရန် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကြ၏။ သူတို့သည် ထိုကဲ့သို့ အချင်းများသည့် ကိစ္စများကို စိတ်ဝင်စားကြ၏။
“ဒါက နတ်အင်ပါယာလေးပါးရဲ့ မျှတတဲ့ ဆုံးဖြတ်ချက်ပဲ၊ ပြီးတော့ အဲ့ဒီအချိန်တုန်းက ခင်ဗျားလက်ခံခဲ့တာပဲမဟုတ်ဘူးလား၊ ခင်ဗျားတပည့် ရှုံးသွားတဲ့အချိန်မှ ဘာကြောင့် အပြစ်တင်ချင်နေတာလဲ”
ရှင်းဝေ့ကျန်းသည် မျက်မှောင်ကြုတ်ကာဖြေရှင်းလိုက်၏။ ဤနေ့တွင် ရွှယ်လင်းကျို့သည့် အလွန်ပင်ရဲတင်းနေသည်။ အခြားနယ်မြေများတွင် နတ်ဘုရင်များရှိသော်လည်း အားလုံးသည် နတ်အင်ပါယာ၏ ဆုံးဖြတ်ချက်တွင်သာ လိုက်နာကြ၏။ သို့သော် ဗဟိုနယ်မြေတွင်တော့ လင်းယွင်ဂိုဏ်းသည်လည်း အင်အားကြီးဂိုဏ်းတစ်ခုအဖြစ်ရပ်တည်နေပြီး ရွှယ်လင်းကျို့သည် ရှင်းဝေ့ကျန်း၏ အရိပ်အောက်တွင်ရှိမနေချေ။ သို့သော် ထိုအကြောင်းအရင်းတွက်နှင့် နတ်ဘုရင်တစ်ပါးထံမှ ခွင့်ပြုချက်ကို တောင်းခံစရာမလိုချေ။
“ကျုပ် လက်ခံခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ဘယ်သူမှန်း မသိရတဲ့ မိန်းကလေးတစ်ဦးက ဘာကြောင့် ဝင်ခွင့်စာရင်းထဲပါနေရတာလဲ”
ရွှယ်လင်းကျို့သည် ချုးယွီဟွာကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သူမရယူသွားသည့် ထိုနေရာကြောင့် သူ၏တပည့်ဖြစ်သူ ဝင်ခွင့်ဆုံးရှုံးရခြင်းဟု ထင်မြင်နေ၏။ သို့သော် သူ၏ထင်မြင်ချက်သည်မမှားပေ။ ဟွမ်းသာ ချုးယွီဟွာ အတွက် စီစဉ်မပေးခဲ့လျင် ရလဒ်သည်လည်း တစ်မျိုးတစ်မည် ပြောင်းလဲ သွားနိုင်သည်။
“ဒီကိစ္စအတွက် ကျုပ်တိတိကျကျရှင်းပြခွင့်မရှိဘူး၊ အခြားနတ်အင်ပါယာတွေလည်း သိရှိပြီး လက်ခံပြီးသားမို့ ထပ်ပြောစရာအကြောင်းမရှိတော့ဘူး”
“ချန်းရန် အခမ်းအနားသိမ်းလိုက်တော့”
ရှင်းဝေ့ကျန်းသည် ဒေါသထွက်လာဟန်ရှိသည်။ ထို့ကြောင့် ပရိတ်သတ်များကို ပြန်စေရန် အလိုငှာ ယဲ့ချန်းရန်ကို အခမ်းအနားပြီးဆုံးကြောင်းကြေညာခိုင်းလိုက်၏။
“ဟား..ဟား.. ခင်ဗျားတို့က နတ်အင်ပါယာတွေဆိုတိုင်း လုပ်ချင်တာလုပ်လို့ရနေတာလား”
ရွှယ်လင်းကျို့သည် ဒေါသအသံနှင့်ရယ်မောလိုက်၏။
“ခင်ဗျား ဘာလိုချင်တာလဲ”
“ကျုပ် အဲ့ဒီနေရာကို အချောင်ယူသွားတဲ့ ကျင့်ကြံသူကို တွေ့ချင်တယ်”
“ခင်ဗျား အဲ့ဒီအတွက် ပြန်ပေးဆပ်ရမဲ့ တန်ဖိုးက အရမ်းကြီးတယ်”
ရှင်းဝေ့ကျန်းသည် သက်ပြင်းချကာပြောလိုက်၏။ သူအနေနှင့် ရွှယ်လင်းကျို့၏ ဒေါသထွက်ပုံကို နားလည်မိသည်။ မကြာသေးခင်ကမှ ရရှိထားသည့်တပည့်ဖြစ်သူကို အစွမ်းကုန် ပြုစုပျိုးထောင်ခဲ့သည်။ ထို့အပြင် ဤပြိုင်ပွဲတွင် အနိုင်ရရှိစေရန် များပြားသည့် အရင်းအမြစ်များကိုပါ သုံးစွဲခဲ့သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးတွင် ပါဝင်နိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် အလွန်ပင်ပေါက်ကွဲနေခြင်းဖြစ်သည်။ သို့သော် ရှင်းဝေ့ကျန်းလည်း မတက်နိုင်ချေ။ ဟွမ်းပေးအပ်ထားသည့် အကျိုးအမြတ်ကြောင့် နေရာတစ်နေရာစာ ပေးအပ်လိုက်ရခြင်းမှာ မပြောပတော့ပေ။
“ဟမ့် ဘာအတွက် ကျုပ်ကကြောက်နေရမှာလဲ”
“ဝုန်း..”
ရွှယ်လင်းကျို့စကားများရပ်တန့်သွား၏။ ကြီးမားသည့် အနက်ရောင်တံစဉ်ကြီးသည် သူ၏ ဘေးရှိမြေလွှာတွင် ရုတ်ချည်း ထိုးစိုက်သွားသောကြောင့်ပင်။သူသည် နတ်ဘုရင် ဖြစ်သော်လည်း ထိုတံစဉ်း၏ ဖြတ်သန်းလာပုံကို မခံစားခဲ့မိပေ။ သူသည် မျက်မှောင်ကြုတ်သွား၏။
အနီရောင်ဝတ်စုံရှည်နှင့် မိန်းကလေးသည် တလှမ်းချင်းလျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။ ထို့နောက် သူမသည် မြေလွှာတွင် စိုက်ဝင်နေသည့် တံစဉ်းကြီးကို ဆွဲနှုတ်လိုက်သည်။
“မင်းက ဘယ်သူလဲ”
ရွှယ်လင်းကျို့သည် ခက်ထန်သည့်လေသံနှင့်မေးလိုက်၏။
“မိန်းကလေးမော့၊ လင်းယွင်ဂိုဏ်းချုပ်က ခဏတာ စိတ်ရှုပ်ထွေးသွားတာကြောင့်ပါ”
သို့သော် ရှင်းဝေ့ကျန်းသည် အလျှင်အမြန်ကြားဝင်လိုက်သည်။ ဗဟိုမြို့တော်တွင် နောက်ထပ်ကြီးမားသည့် တိုက်ပွဲများ မဖြစ်စေလိုတော့ပေ။ နတ်အင်ပါယာ တစ်ပါးအနေနှင့် ဗဟိုနယ်မြေတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ဝင်ရောက်တားဆီးနိုင်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် တိုက်ပွဲများ မဖြစ်ပွားစေရန်သာ ညှိနှိုင်းမှုများ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ သူ့ကိုယ်သူ နတ်အင်ပါယာတစ်ပါးဟုတ်ရဲ့လားဟုပင် သံသယဝင်နေမိ၏။
“ဝင်ခွင့်မရယူနိုင်လောက်အောင် အားနည်းတဲ့ ရှင့်တပည့်ကိုအပြစ်တင်လေ၊ ပြီးတော့ ရှင်ရဲ့ သဘောတူညီမှု မလိုအပ်လောက်အောင် ရှင်က အားနည်းနေလို့”
မော့ရွှယ်အာ၏ အသံသည် ချိုသာလှသော်လည်း ရွှယ်လင်းကျို့၏ နားထဲတွင် အပ်ပေါင်းအစင်းတစ်ထောင်လောက်နှင့် ထိုးနှပ်ခံလိုက်ရသည့်အလားပင်။
“မင်း..ဘာပြောတယ်”
ရွှယ်လင်းကျို့သည် ပေါက်ကွဲလုနီးနီး ဒေါသများထွက်ပေါ်လာ၏။ ဤကဲ့သို့ စော်ကားမှုမျိုးမကြုံဖူးချေ။ ထိုမိန်းကလေးသည် မောက်မာလွန်း၏။
“သွားကြမယ်..”
မော့ရွှယ်အာသည် လုရှင်းယန်တို့ သုံးဦးကို ပြောလိုက်၏။ သူမသည် ရွှယ်လင်းကျို့အား ရိုက်နှက်ချင်သော်လည်း ဟွမ်းသည် တွေ့ကရာလူများကို ရိုက်နှက်ရန် မသင့်တော်ဘူးဟု ပြောဆိုထားသည်။ ထိုဖရိုဖရဲဖြစ်နေသည့်လူသည် သူ့တပည့်ရှုံးနှိမ့်မှုကြောင့် စိတ်မမှန်ဖြစ်နေသည့်အလားပင်။ ထို့ကြောင့် သူမသည် လုရှင်းယန်တို့ကိုခေါ်ကာ ထွက်ခွာသွားရန်ပြင်လိုက်၏။
“ရပ်စမ်း..”
ရွှယ်လင်းကျို့သည့် ထွက်ခွာခွင့်မပေးချေ။ ထိုမိန်းကလေးသည့် သူ့အားတံစဉ်းနှင့်လည်း ခြိမ်းခြောက်ကာ မောက်မောက်မာမာပြောဆိုခဲ့သေး၏။ အဆိုးဆုံးသည် သူ့အားလျစ်လျုရှုကာ ထွက်ခွာသွားသေးသည်။ သူ၏ မျက်နှာသည်လည်း ပေါက်ကွဲလုနီးပါးရှိသည့် မီးတောင်အလား နီရဲနေသည်။
“စင်ပေါ်သွားနှင့်ကြ..”
မော့ရွှယ်အာသည် လုရှင်းယန်တို့ကို စင်မြင့်ထက်သို့ ပြန်စေလိုက်သည်။ ထို့နောက်တွင် သူမသည် စိတ်မရှည်တော့ချေ။ ရွှယ်လင်းကျို့ကို အပေါ်စီးကကြည့်ကာ မေးလိုက်၏။
“အရိုက်ခံချင်လို့လား..”