တိုက်တိုင်းအောင်ဗုဒ္ဓနှင့် နွားရိုင်းမိစ္ဆာဘုရင်
Vol. 98 Ch. 1365
အခန်း (၁၃၆၅) တိုက်တိုင်းအောင်ဗုဒ္ဓနှင့် နွားရိုင်းမိစ္ဆာဘုရင်
တိုက်တိုင်းအောင်ဗုဒ္ဓနှင့် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ တို့ တိုက်ခိုက်နေကြသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲသည်ပင် ထိတ်လန့်တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
လက်ရှိတွင် သူတို့နှစ်ယောက် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
ရွှေရောင်အလင်းတန်းနှင့် အနက်ရောင်လေပြင်းတို့ ထိပ်တိုက်တွေ့သည့်အခါ ကောင်းကင်တစ်ခွင်လုံး အနက်ရောင်တိမ်တိုက်များနှင့် ရွှေရောင်အလင်းများပေါင်းစည်းထားသော မှုန်ဝါးသည့် မြင်ကွင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။
ရန်ကျောက်ကဲက ဤအခွင့်အရေးကိုအသုံးချပြီး သူ၏စိုးရိမ်ပူပန်မှုများအားလုံးကို ဖယ်ရှားလိုက်သည်။ သူ့မျက်လုံးထဲမှ ပရမ်းပတာပုံရိပ်များကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ယခု အစိမ်းရောင်ကြာပလ္လင်ထက်တွင် ရှိနေသော ဦးခေါင်းအလုံး(၂၀) နှင့် လက် (၁၈)ဖက်ရှိသော ရွှေရောင်ဗုဒ္ဓကို တွေ့မြင်ရပြီ ဖြစ်သည်။
သူ၏လက်များထဲတွင် လည်ဆွဲ ၊ ထီး ၊ ပန်းအိုး ၊ ငါးရုပ် ၊ ကျောက်မျက်ပန်း ၊ ရွှေခေါင်းလောင်း ၊ ရွှေလေးမြား ၊ ငွေလှံ ၊ အလံရှည်နှင့် အခြားသော ရတနာပစ္စည်းမျိုးစုံကို ကိုင်ဆောင်ထားသည်။
သူ၏ဦးခေါင်းထိပ်တွင် အလင်းရောင်များတောက်ပနေပြီး ၊ ဦးခေါင်းထက်တွင် တိမ်တိုက်တစ်ခုရှိနေသည်။ တိမ်တိုက်ထက်တွင် မီးအိမ်တစ်လုံးရှိနေပြီး ထိုမီးအိမ်ထဲတွင် ဓာတ်တော်တစ်ခု ရှိနေသည်။
ရှေးဟောင်းစာပေများအရ ဤသည်မှာ တိုက်တိုင်းအောင်ဗုဒ္ဓ အခြားသူများနှင့်တိုက်ခိုက်စဉ် ထင်ရှားထွက်ပေါ်လာတတ်သော ပုံပန်းသဏ္ဌန်ပင် ဖြစ်၏။
သူ၏အမူအရာက တည်ငြိမ်အေးချမ်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဆွဲဆောင်မှုရှိလျှက် ငြိမ်သက်ခြင်းကို ပေးစွမ်းသည်။
ဤဗုဒ္ဓသည် အတိတ်တစ်ချိန်က နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မိမည် မဟုတ်ပေ။
သူက အစိမ်းရောင်ကြာပလ္လင်ထက်တွင်ထိုင်နေပြီး နေရာမှ တစ်ချက်ရွေ့လျားခြင်း မရှိပေ။
သို့သော် သူ၏လက်(၁၈)ဖက်ကတော့ ရတနာပစ္စည်းများနှင့်အတူ လှည့်ပတ်လှုပ်ရှားလျှက် ရှိသည်။
သူ့ကိုကြည့်ရသည်မှာ ရန်သူကိုတိုက်ခိုက်နေသည်လား ၊ ဤအတိုင်း ငြိမ်သက်စွာထိုင်နေသည်လား ဝေခွဲမရ ထင်ယောင်ထင်မှား ခံစားရစေသည်။
တစ်ဖက်မှာတော့ သူ၏ရန်သူက ဧရာမ အဖြူရောင်နွားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အရွယ်အစားအရဆိုလျှင်တော့ ထိုအဖြူရောင်နွားကြီးက လုံးဝ ကြီးမားနေခြင်း မရှိပေ။
ရန်ကျောက်ကဲအနိုင်ယူခဲ့သော မဟာအမတ’ရူယိ’ ၏ နွားပုံစံနှင့်နှိုင်းယှဉ်ပါက များစွာသေးငယ်နေသေးသည်။
သို့ပေသိ နွားရိုင်းအရွယ်အစားသေးငယ်သော်လည်း ၎င်းတွင်ရှိနေသောခွန်အားက မဟာအမတ’ရူယိ’ ၏ ခွန်အားထက် အဆပေါင်းများစွာ သာလွန်သည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၏ ရတနာပစ္စည်းများ၏တိုက်ခိုက်မှုများက ထို အဖြူရောင်နွားရိုင်းကို ဝိုင်းရံထားသော်လည်း ထိုနွားရိုင်းက မရပ်မနား ရှေ့သို့ ဆက်လက်ပြေးလွှားနေဆဲပင်။
နွားရိုင်း၏ဦးချိုများက တိုက်တိုင်းအောင်ဗုဒ္ဓ၏လက်များဆီသို့ ဦးတည်ထားလေရာ ၊ သံမဏိမျှော်စင်ကြီးများနှင့်တူသော နွားရိုင်းဦးချိုများကို ရှောင်တိမ်းရန်အတွက် တိုက်တိုင်းအောင်ဗုဒ္ဓ၏လက်များက ရှောင်တိမ်းလိုက်ရသည်။
ကြည်လင်သည့်ရွှေရောင်အလင်းတန်းများက မိုးရေစက်များပမာ အောက်ဘက်သို့ ကျဆင်းလာသည်။
သို့သော် တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် ကြည်လင်သည့်အလင်းတန်းများက အဝေးသို့ရောက်သွားပြီး နောက်တစ်ကြိမ် လွတ်လပ်စွာ လှုပ်ရှားလာပြန်သည်။
အဖြူရောင်နွားရိုင်းက တိုက်တိုင်းအောင်ဗုဒ္ဓကို အစိမ်းရောင်ကြာပလ္လင်ထက်မှပြုတ်ကျသွားအောင်တိုက်ခိုက်ရန် ရှေ့သို့ ဆက်လက်ပြေးလွှားနေသည်။
နွားရိုင်းက အမြီးကို ရုတ်တရက်ဝှေ့ယမ်းလိုက်ရာ တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဦးခေါင်းထက်ရှိ ရွှေရောင်မီးအိမ်အတွင်းမှ ဓာတ်တော်ရတာကို ထိမှန်သွားသည်။
သို့ပေသိ တိုက်တိုင်းအောင်ဗုဒ္ဓကလည်း နွားရိုင်းအား ထိုသို့ပြုလုပ်ရန် အခွင့်အရေးမပေးခဲ့ပေ။
ဓာတ်တော်ရတနာအတွင်းမှ ရောင်ခြည်တစ်ခု ထွက်ပေါ်လာပြီး နွားရိုင်း၏အမြီးထက်သို့ကျရောက်သွားကာ နွားရိုင်းအား အဝေးသို့ တွန်းထုတ်လိုက်သည်။
ခဏမျှ အပြန်အလှန်တိုက်ခိုက်ကြပြီးနောက် နွားရိုင်းအိုကြီးက ထိုသို့ပင် ထပ်မံလုပ်ဆောင်ပြန်သည်။
နွားရိုင်းကြီးက သူ၏အမြီးကို ဓာတ်တော်ရတနာဆီသို့ ထပ်မံဝှေ့ယမ်းတိုက်ခိုက်လိုက်ပြန်သည်။
နွားရိုင်းကြီး၏အမြီးဝှေ့ယမ်းမှုမှထွက်ပေါ်လာသော တန်ခိုးစွမ်းအားမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ သို့မဟုတ် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတို့ကဲ့သို့ ကြီးမားသောကမ္ဘာများကိုပင် အလွယ်တကူဖျက်ဆီးနိုင်ကြောင်း ရန်ကျောက်ကဲ သံသယမရှိ ယုံကြည်ထားသည်။
အကယ်၍ နွားရိုင်းအမြီးရိုက်ချက်မှာ ကျဲရှင်ကမ္ဘာ သို့မဟုတ် အလားတူကမ္ဘာများထက်သို့ ကျရောက်လာမည်ဆိုပါက ဖုန်မှုန့်မျှသာ ကျန်ရစ်ပေမည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၏ တိုက်ကွက်များက ပေါ့ပါးသည်ဟု ထင်မှတ်ရသော်လည်း သူ၏တိုက်ခိုက်မှုတွင်ပါဝင်သော တန်ခိုးစွမ်းအားက ကမ္ဘာတစ်ခုကို ဖျက်ဆီးရန် လုံလောက်သည်။
သူ၏လက်များအားလုံးက အဖြူရောင်နွားရိုင်းကြီးဆီသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်လာခဲ့သည်။
သူ၏တိုက်ခိုက်မှုများက အာရုံစူးစိုက်မှုရှိသည်သာမက ထိုးနှက်မှုတစ်ချက်ချင်းစီတိုင်းတွင် မကျော်လွှားနိုင်သည့် အလေးချိန်များ ပါဝင်နေသည်။
ကောင်းကင်ချဲ့ထွင်တန်ခိုးစွမ်းအားကို အသုံးပြုပြီးနောက် နွားရိုင်းကြီး၏ခံစစ်စွမ်းအားတွင် ကြီးမားသောတိုးတက်မှုရရှိခဲ့သော်လည်း တိုက်တိုင်းအောင်ဗုဒ္ဓ၏အင်အားကို အနည်းငယ်သာလျှင် ခံနိုင်ရည်ရှိခဲ့သည်။
အကယ်၍ ကောင်းကင်ချဲ့ထွင်တန်ခိုးစွမ်းအားကို မထုတ်ဖော်ခဲ့ပါက နွားရိုင်းကြီးအနေဖြင့် တိုက်တိုင်းအောင်ဗုဒ္ဓ၏ တိုက်ခိုက်မှုစက်ကွင်းများထဲတွင် နစ်မြုပ်သွားမည်ဖြစ်၏။
“သွားကြရအောင်...”
ရန်ကျောက်ကဲ ဆက်ကြည့်ချင်သေးသော်လည်း အကြည့်များကို ရုတ်သိမ်းလိုက်သည်။
နွားရိုင်းမိစ္ဆာဘုရင်ရောက်ရှိလာပြီဖြစ်ရာ တိုက်တိုင်းအောင်ဗုဒ္ဓ၏ဖိအားက အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားပေပြီ။
အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် ခဏမျှ သက်သာရာရသွားပြီဖြစ်လေရာ သူတို့၏တိုက်ပွဲစိတ်ဓာတ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
ထိုသို့ဖြင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓသည်လည်း သူ၏အစွမ်းသတ္တိကိုပြသရန် ထပ်မံအခွင့်အရေးရရှိခဲ့သည်။ သူ၏ညွှန်ကြားမှုအောက်တွင် အဖြူရောင်ကြာပန်းသုခဘုံမှ ဘုန်းတော်ကြီးများ ပြန်လည်ရပ်တည်လာနိုင်ခဲ့ကြသည်။
သို့ပေသိ တိုက်တိုင်းအောင်ဗုဒ္ဓနှင့် နွားရိုင်းမိစ္ဆာဘုရင်တိုက်ပွဲကတော့ တစ်လောကလုံးကို တုန်လှုပ်သွားစေသည်။
သူတို့၏တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းလုံးများက သေးငယ်သည့်ကမ္ဘာများအတွက် ကပ်ဘေးတစ်ခုပမာပင်။
တစ်ဖက်တွင်လည်း အုပ်စုနှစ်ခုကြားတိုက်ပွဲသည် လှိုင်းတံပိုးများစွာကိုဖြစ်ပေါ်စေပြီး ထိုလှိုင်းလုံးများက နေရာအတော်များများသို့ ပျံ့နှံ့သွားခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံတွင်ရှိသော ဗုဒ္ဓဘာသာကမ္ဘာများမှာ လက်ရှိဖြစ်ပျက်နေသော တိုက်ပွဲကို မျက်မြင် တွေ့မြင်နေကြရသည်။
သူတို့အနေဖြင့် တိုက်ပွဲအသေးစိတ်ကိုမသိနိုင်သော်လည်း ဤမျှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြီးက ဘုရားလောင်းနှင့် အဖြူရောင်ကြာပန်းသုခဘုံမှ ဘုန်းတော်ကြီးများ၏ သြဇာလွှမ်းမိုးမှု အနည်းနှင့်အများ ထိခိုက်စေနိုင်သည်။
သို့ဖြစ်ပါက သူတို့၏ ယုံကြည်ခြင်းစွမ်းအားဖြင့်တည်ဆောက်ထားသော ဗုဒ္ဓအလင်းတန်း တန်ခိုးစွမ်းအားသည်လည်း ယိုင်နဲ့သွားပေလိမ့်မည်။
ဤကိစ္စက သိပ်မသိသာသည့်ကိစ္စဟု ထင်ရသော်လည်း အလွန်ကြီးမားသော ကိစ္စတစ်ခု ဖြစ်သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ချက်ချင်းပင် သူ၏ဗုဒ္ဓအလင်းတန်းကိုဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကမ္ဘာများ တိုက်ပွဲကိုမတွေ့မြင်ရစေရန် အလင်းတံတိုင်းတစ်ခုဖြင့် ပိတ်ဆို့လိုက်သည်။
ကျဲရှင်ကမ္ဘာသည်လည်း ပိတ်ဆို့ခံလိုက်ရလေသည်။
ကံကောင်းသည်မှာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက လောလောဆယ် အနောက်ဘက်သူတော်စင်ဘုံမှ ရန်သူများကို အာရုံစိုက်နေသဖြင့် ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့ကို သတိထားမိခြင်း မရှိခဲ့ပေ။
သို့သော် သူတို့ပြန်လည်ဆုတ်ခွာမည့်လမ်းကြောင်းကတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ယုံကြည်ခြင်းအလင်းတန်းဖြင့် ပိတ်ဆိုခံလိုက်ရပြီ ဖြစ်သည်။
ရန်ကျောက်ကဲက...
“လောလောဆယ် အဲဒါကိုအရေးမစိုက်နဲ့ဦး ၊ ငါတို့ ရှေ့ဆက်သွားရအောင်”
သူက ဆက်ပြောလိုက်သည်။
“အခုနေ ငါတို့ဒီရောက်နေတာ ပေါ်သွားရင် တကယ်ပိတ်မိသွားလိမ့်မယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ရောက်လာပြီဆိုတော့ အနောက်ဘက် သူတော်စင်ဘုံက စစ်ကူတွေထပ်ရောကမလာဘူးဆိုရင် သူတို့တွေ အနိုင်ရဖို့ ခက်ခဲလိမ့်မယ် ၊ နောက်ဆုံး သူတို့ ဆုတ်ခွာသွားရမှာပဲ”
သူမက ဆက်ပြောသည်။
“အဲဒီအချိန်ကျရင် အဖြူရောင်ကြာပန်းသုခဘုံက အခွင့်အရေးကိုအသုံးချပြီး ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်ယူပြီး ရန်သူတွေကိုလိုက်တိုက်လိမ့်မယ် ၊ အဲဒီအချိန်ကျ ကျွန်မတို့လည်း ဒီနေရာကထွက်သွားဖို့ အခွင့်အရေးရမှာပဲ”
ရန်ကျောက်ကဲက လျှင်မြန်စွာ ရှေ့ဆက်သွားနေရင်းမှ...
“အမှန်ပဲ...”
သူတို့နှစ်ယောက် ကျဲရှင်ကမ္ဘာနှင့် နယ်ခြားတောင်ကို ဆက်သွယ်ပေးထားသည့်နေရာသို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။
ကျဲရှင်ကမ္ဘာအတွင်းမှ အရာအားလုံးက ယခင်အတိုင်းပင်ရှိနေပြီး ရန်ကျောက်ကဲ ပထမဆုံးရောက်ခဲ့စဉ်ကအတိုင်း ပြောင်းလဲခြင်းမရှိပေ။
ပြင်ပတွင်ဖြစ်ပွားနေသော ပြင်းထန်သည့်တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့်သက်ရောက်မှုများကို အဖြူရောင်ကြာပန်းသုခဘုံမှ တန်ခိုးစွမ်းအားရှင်များက ဖိနှိပ်ပေးထားသဖြင့် ကျဲရှင်ကမ္ဘာနှင့် အခြားသောပတ်ဝန်းကျင်ကမ္ဘာများ ထံသို့ ရောက်ရှိလာနိုင်ခြင်း မရှိပေ။
ဤကမ္ဘာတွင်နေထိုင်သူများက ပုံမှန်အတိုင်းပင် ဘုရားစာများကို ရွတ်ဆိုနေကြဆဲ ဖြစ်သည်။ ထောင်နှင့်သောင်းနှင့်ချီသောနေ့ရက်များက သူတို့အတွက်တော့ နေ့ရက်တစ်ရက်ပမာသာပင်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က မည်သူမှ သတိမထားမိအောင် ပုန်းလျှိုးကွယ်လျှိုးဖြင့် လှုပ်ရှားနေကြသည်။
ထိုနေရာတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများက နေရာအနှံ့တွင် ရှိနေလေသည်။
သို့သော် အတိတ်တစ်ချိန်ကကဲ့သို့ သူတို့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို သတိပြုနိုင်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကွာဟမှုက အလွန်ကြီးမားနေသောကြောင့်ပင်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ရှေ့တွင် အထီးကျန်ဆန်သော တောင်မြင့်ကြီးတစ်လုံး ရှိနေလေသည်။
ယခင်က ဒြပ်စင်ငါးပါးတောင်ဖြစ်ပြီး ယခု သူတော်စင်ဗုဒ္ဓတောင်ထွတ်ဟု ခေါ်ဆိုကြသည်။
ဤတောင်ကို အမည်ပေးခဲ့သော ဗုဒ္ဓကတော့ အပြင်လောကတွင် အခြားသူများနှင့် ကြောက်မက်ဖွယ်ရာတိုက်ပွဲကို ဆင်နွှဲလျှက် ရှိသည်။
တူညီသောရှုခင်းကို ကြည့်နေရခြင်းဖြစ်သော်လည်း ရန်ကျောက်ကဲ၏စိတ်က ယခင်ကနှင့်လုံးဝ မတူညီတော့ပေ။
“တိုက်တိုင်းအောင်ဗုဒ္ဓက ဟိုးရှေးယခင်ကတည်းက အနောက်ဘက် သူတော်စင်ဘုံကို ပြောင်းရွှေ့သွားခဲ့တယ် ၊ ဆိုတော့ သူက အဖြူရောင်ကြာပန်းသုခဘုံရဲ့ ရန်သူတစ်ယောက်ပဲ”
ရန်ကျောက်ကဲ မျက်လုံးများကိုကျဉ်းမြောင်းရင်း တွေးတောလိုက်သည်။
“အဖြူရောင်ကြာပန်းသုခဘုံရဲ့ ဓလေ့ထုံးစံအရဆိုရင် သူတို့က တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ၊ ဗုဒ္ဓစာပေတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားမှာပဲ ၊ ဒါမှ သူ့ကို တခြားသူတွေ မသိကြမှာ”
အဖြူရောင်ကြာပန်းသုခဘုံတွင် တာအိုဝါဒမှ စန်းချင်း(၃)ပါး အဆက်အနွယ်တို့၏ ဒဏ္ဍာရီများ ၊ အော်မီတော်ဖုဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များနှင့်သက်ဆိုင်သော အချက်အလက်များကို လက်စဖျောက်ထားခဲ့သည်။
“ဒါပေမဲ့ ကျဲရှင်ကမ္ဘာကလူတွေကတော့ တိုက်တိုင်းအောင်ဗုဒ္ဓကို သိရှိကြတယ်”
“ပြီးတော့ ဒြပ်စင်ငါးပါးတောင်ကိုလည်း ရှေးယခင်အချိန်ကတည်းက သူတော်စင်ဗုဒ္ဓတောင်ထွတ်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်”
ရန်ကျောက်ကဲ သူ့အရှေ့မှ တောင်မြင့်ကြီးကို စူးစိုက်ကြည့်ရင်း စဉ်းစားနေမိသည်။
“ဘာလို့ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ ဒြပ်စင်ငါးပါးတောင်က ပြောင်းလဲခြင်းတရားတွေကနေ ကင်းလွတ်နေရတာလဲ ၊ လင်စန်းတောင်က ဗုဒ္ဓကိုယ်တိုင် တိုက်တိုင်းအောင်ဗုဒ္ဓကို ဒီနေရာမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာကြောင့်လား”
ထိုအချိန် ဖန်းယွင်ရှန်းက...
“ကျွန်မ အခုချိန်ထိ ဘာသံမှမကြားရသေးဘူး”
“ငါတော့ ဆက်တိုက်ကြားနေရတာပဲ”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ခဏလေး...”
ခဏမျှစဉ်းစားပြီးနောက် ဖန်းယွင်ရှန်းက မျက်လုံးများကိုမှေးမှိတ်လိုက်ပြီး သူမ၏စွမ်းအားရောင်ဝါသည်လည်း တဖြည်းဖြည်းမှေးမှိန်အားနည်းသွားသည်။
ဖန်းယွင်ရှန်းအနေဖြင့် အထူးအကြောင်းရင်းများကြောင့် သူမ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားရန် အလွန်ခက်ခဲသည်။
သို့သော် ခဏမျှတော့ ထိုသို့ပြုလုပ်နိုင်ပေသည်။
ယခု သူမက ကျင့်ကြံခြင်းအဆင့်ကို သိုင်းသူတော်စင်အဆင့်သို့ ဖိနှိပ်ချလိုက်သည်။
ရန်ကျောက်ကဲက သူမကို အကဲခတ်နေလေသည်။
ခဏအကြာတွင် ဖန်းယွင်ရှန်းက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး...
“ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်ကို ဖိနှိပ်လိုက်တဲ့နောက် တစ်ခုခုကို အာရုံခံမိသလိုပဲ ၊ ဒါပေမဲ့ အဲဒါ ဘာလဲဆိုတာတော့ နားမလည်နိုင်သေးဘူး”
“နတ်ဘုရားသိမြင်ခြင်းအဆင့်မှာရှိနေတုန်းကလည်း ကျွန်မ ဘာမှမကြားရဘူး ၊ ကျွန်မရဲ့ကျင့်ကြံခြင်းအဆင့် သိုင်းသူတော်စင်အောက်ရောက်နေတော့လည်း ဘာမှမကြားရဘူး”