← Chapters

တောင်ခြေမှစည်းတံဆိပ်

Vol. 98 Ch. 1366

တောင်ခြေမှစည်းတံဆိပ်

Vol. 98 Ch. 1366

အခန်း (၁၃၆၆) တောင်ခြေမှစည်းတံဆိပ်

ဖန်းယွင်ရှန်း၏စကားကိုကြားပြီးနောက် ရန်ကျောက်ကဲက တစ်ချက်စဉ်းစားလိုက်သည်။

“ကြည့်ရတာ... ဒီနေရာမှာ စည်းတံဆိပ်တစ်ခုထက်ပိုပြီးရှိနေတယ် ၊ စည်းတံဆိပ် နှစ်ခုရှိတာဖြစ်ရမယ်”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏စကားကို ချက်ချင်းနားလည်လိုက်သည်။

“စည်းတံဆိပ်နှစ်ခုက တစ်ခုနဲ့တစ်ခုထပ်နေတော့ အက်ကွဲကြောင်း ခပ်သေးသေးတစ်ခု ဖြစ်လာတယ် ၊ ဒါကြောင့် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်က တစ်ခုခုကို အာရုံခံနိုင်ပေမယ့် ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူ ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်မြင့်မားသူတွေကတော့ ဘာမှ သတိမထားမိနိုင်ဘူး ၊ ရှင်ပြောချင်တာ အဲဒီလိုလား”

ရန်ကျောက်ကဲက...

“ဒါက ငါ့ယူဆချက်ပဲ ၊ အဖြေဟုတ်မလားဆိုတာ မသေချာဘူး”

ထို့နောက် သူက အခြားကမ္ဘာတစ်ခုတွင်ရှိ‌နေဟန်တူသော တောင်မြင့်ကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်ကနှင့်ဆာလျှင် ယခု ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်က များစွာပိုမိုမြင့်မားနေပေပြီ။  သို့သော် သူတွေ့ကြံရသည့်အရာကတော့ အတိတ်ကနှင့် ကွာခြားမှု မရှိပေ။

သူ မည်မျှပင် ရှေ့ဆက်လျှောက်နေပါစေ လက်ရှိနေရာမှာပင် ရှိနေသလို ခံစားရပြီးတောင်မြင့်ကြီးအနားသို့ ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ရန်ကျောက်ကဲ စိတ်ဓာတ်မကျခဲ့ပါ။

သူက လမ်းလျှောက်နေရင်း ဗလာနယ်ထဲမှ ပြောင်းလဲမှုများနှင့် လေထုထဲမှ ဝိညာဉ်စွမ်းအားများ၏ စည်းချက်ညီမှုကိ ခွဲခြမ်းစိတ်ဖြာနေသည်။

နံဘေးတွင်ရှိနေသည့် ဖန်းယွင်ရှန်းက...

“ရှင် အင်အားအရမ်းသုံးတာမျိုး မလုပ်သင့်ဘူးနော်”

သူမက ဆက်ပြောသည်။

“မဟုတ်ရင် အပြင်ဘက်မှာ တိုက်ခိုက်နေတဲ့သူတွေ သတိပြုမိသွားလိမ့်မယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...

“အဲဒါတင်မကဘူး ၊ ဒါက လင်စန်းတောင်က တထာဂတဿ စကြာမုနိဗုဒ္ဓချန်ထားခဲ့တဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ တခြားသူတွေက ဒီနေရာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာသိပေမယ့် သူတို့ကိုယ်တိုင် ဒီကိုမလာနိုင်ကြဘူး ၊ ဘာလို့လဲဆိုတော့ တထာဂတဿဗုဒ္ဓ စီစဉ်ထားခဲ့တဲ့အရာတွေကို မတော်တဆ ထိပါးသွားနိုင်လို့ပဲ ၊ အတိတ်က အစီအစဉ်တွေက အခုထိ အလုပ်လုပ်နေသေးလား ၊ ဒါမှမဟုတ် စကြာမုနိဗုဒ္ဓကိုယ်တိုင် ဒီနေရာကို အာရုံစိုက်နေသေးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

အလယ်ပိုင်းသုခဘုံ၏အရှင်သခင် တထာဂတဿဗုဒ္ဓက လောကကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လူအများက သူ့ကို စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများနှင့် အဆင့်အတန်းတူသူအဖြစ် မှတ်ယူကြသည်။

ထိုသို့သောအဆင့်ပုဂ္ဂိုလ်များက သူတို့ကို ဒေါသဖြစ်စေသည့်ကိစ္စတစ်ခုခုရှိလာပါက ပြန်လည်ထွက်ပေါ်လာကြမည်လား မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများအနေဖြင့် ထိုသူများနှင့်ပတ်သက်လာလျှင် အမြဲတမ်း ဂရုတစိုက် ပြုမူရပေသည်။

နောက်တစ်ချက်မှာ ထိုသို့သောအဆင့်ရှိ‌သောပုဂ္ဂိုလ်တစ်ယောက် ဤနေရာကို အာရုံစိုက်လာခဲ့လျှင်လည်း ရလဒ်က ခန့်မှန်းမရအောင် ဖြစ်လာနိုင်သည်။

ဖန်းယွင်ရှန်းက မျက်မှောင်ကျုံ့လိုက်ရင်း...

“ဒါဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်က ရှင့်ကို ဘာလို့ ဒီကိုလာခိုင်းရတာလဲ”

ရန်ကျောက်ကဲက...

“ဒီအတိုင်း ကြည့်ပေးဖို့ပဲ ၊ ဒီနေရာမှာ ဖိနှိပ်ထားတဲ့သူကို ငါ မလွှတ်ပေးသရွေ့ ဘာပြဿနာမှ မဖြစ်ဘူး”

ခဏမျှစဉ်းစားပြီးနောက် သူက ဖန်းယွင်ရှန်းနားနားကပ်ပြီး တစ်စုံတစ်ခု တီးတိုးပြောဆိုလိုက်သည်။

ဖန်းယွင်ရှန်းခေါင်းညိတ်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများ စတင်လှုပ်ရှားလာသည်။

နက်ပြာရောင်နတ်ဆိုးမီးလျှံက ပါးလွှာသည့် မြူခိုးအလွှာတစ်ခုအဖြစ်‌ ပြောင်းလဲသွားပြီး သူမ၏မျက်ဝန်းများကို ဖုံးအုပ်သွားကာ မျက်ဝန်းအလယ်ဗဟိုတွင် မှိန်ဖျော့သောအလင်းရောင်တစ်ခု လက်ခနဲ တောက်ပလာသည်။

ဖန်းယွင်ရှန်းက ဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ရင်း စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလေသည်။

အချိန်အတန်ကြာပြီးနောက်...

သူမအရှေ့တွင်ရှိနေသော တောင်မြင့်ကြီးတည်ရှိရာ ကမ္ဘာလောကမြင်ကွင်းက သူမ၏မျက်ဝန်းများထဲသို့ ဝင်ရောက်လာသည်။

ဗလာနယ်ထဲတွင် များပြားလှစွာသော နက်ပြာရောင်မျဉ်းကြောင်းများထွက်ပေါ်လာပြီး ထိုမျဉ်းကြောင်းများက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေကြသည်။

ထိုအခါမှ ဖန်းယွင်ရှန်းက မတ်တတ်ရပ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။

သူမက နက်ပြာရောင်အက်ကွဲကြောင်းများထက် လမ်းလျှောက်သွားပြီး ဗလာနယ်ထဲသို့ ဖြတ်သန်းဝင်ရောက်သွားသည်။ ရန်ကျောက်ကဲလည်း သူမနောက်မှ လိုက်ပါသွားလေသည်။

လမ်းလျှောက်ရင်းဖြင့် သူက ဗလာနယ်အပြောင်းအလဲများကို ဆက်တိုက်ဆိုသလို ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။

သူတို့နှစ်ယောက်ပုံစံက ဝင်္ကပါထဲ လှည့်ပတ်သွားလာနေသည့်ပမာဖြစ်သည့်တိုင် အရှေ့မှ တောင်မြင့်ကြီးတည်ရှိရာလောကနှင့် တဖြည်းဖြည်းနီးကပ်လာသည်။

သူတို့နှစ်ယောက် “နယ်ခြားတောင်” နှင့် ပိုမိုနီးကပ်လာပြီ ဖြစ်လေသည်။

ရှေ့သို့အနည်းငယ်ဆက်လျှောက်ပြီးနောက် ဖန်းယွင်ရှန်းက ခြေလှမ်းများ ရပ်တန့်လိုက်၏။

သူမက...

“အပြောင်းအလဲတစ်ခုရှိတယ်”

ထိုခဏတွင် ဗလာနယ်ထှဲ နက်ပြာရောင်မျဉ်းကြောင်းများက သူမ၏မျက်ဝန်းထဲတွင် သိပ်သည်းစွာ ဖြစ်တည်လာသည်။

သို့သော် ထိုမျဉ်းကြောင်းကွန်ယက်ကို ကျော်လွန်ပြီး ကြည့်လိုက်သည့်အခါ နယ်ခြားတောင်ခြေတွင်ရှိနေသော တောက်ပသည့်အလင်းတန်းတစ်ခုကို တွေ့မြင်ရပြီး နက်ပြာ‌ရောင် မြူခိုးအလွှာက ထိုအလင်းတန်းကို ဖုံးလွှမ်းထားသည့်ပမာ ဖြစ်လေသည်။

ဖန်းယွင်ရှန်းက...

“ကြည့်ရတာ အလွှာနှစ်ထပ်ဖွဲ့စည်းထားတဲ့ စည်းတံဆိပ်တစ်ခုလိုပဲ ၊ ဒါပေမဲ ဒီစည်းတံဆိပ်(၂)ခုကို တည်ဆောက်တဲ့သူက တစ်ယောက်တည်း ဟုတ် မဟုတ်ဆိုတာတော့ မသေချာဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...

“တောင်ခြေရောက်ရင် အဲဒီအလွှာနှစ်ထပ် စည်းတံဆိပ် ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သိရမှာပါ”

သူတို့နှစ်ယောက် ဗလာနယ်ထဲတွင်လှည့်ပတ်ရင်း ရှေ့ဆက်လျှောက်ခဲ့ကြသည်။ အချိန်ကြာရှည်စွာ စွန့်စားသွားလာပြီးနောက် နောက်ဆုံး တောင်မြင့်ကြီးဆီသို့ ရောက်လာလေသည်။

ဤနေရာက တောရိုင်းမြေတစ်ခုပမာ ထင်မှတ်ရသော်လည်း ဖြူဖျော့သည့်ဗုဒ္ဓအလင်းတန်းများဖြင့် ပြည့်နက်နေကာ တည်ငြိမ်အေးချမ်းသည့်အငွေ့အသက်များက ပြင်ပသို့ စိမ့်ထွက်လျှက် ရှိသည်။

ထိုတောင်မြင့်ကြီးကို အာရုံစူးစိုက်ပြီး ကြည့်ရှုမည်ဆိုပါက အချိန်ကြာလာပါက ခပ်ရေးရေးရှုမျှော်ခင်းတစ်ခုကို တွေ့ရမည်ဖြစ်ပြီး တောင်မြင့်ကြီးက ဖောက်ထွင်းမြင်နိုင်သည့် ကြည်လင်သည့်အလွှာပုံစံမျိုး ဖြစ်လာသည်ကို တွေ့ရပေသည်။

ဒဏ္ဍာရီလာတောင်မြင့်ကြီးကို မြင်တွေ့ရသည့်အခါ ရန်ကျောက်ကဲ စိတ်လှုပ်ရှားမှုအနည်းငယ် ခံစားလိုက်ရသည်။

“အနောက်ဘက် သူတော်စင်ဘုံရဲ့ကျူးကျော်မှုကြောင့် ငါတို့ပြန်ဆုတ်မယ့်လမ်းကြောင်း ပျောက်သွားပြီ ၊ ဒါပေမဲ့ အချိန်တော့ အလုံအလောက်ရသွားတာပေါ့”

ရန်ကျောက်ကဲ ပြောလိုက်ရင်း ခါးထောက်လျှက် ဗလာနယ်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

“လက်ရှိတိုက်ပွဲအခြေအနေအရဆိုရင် ငါတို့ (၂)နာရီထက်ပိုပြီး အချိန်ရနိုင်တယ်”

“ဒါပေမဲ့ တိုက်ပွဲမှာ ဘယ်သူအနိုင်ရလဲ ဆုံးဖြတ်ပြီးရင် ငါတို့ အခွင့်အရေးရှာပြီး ဒီနေရာက ထွက်သွားရမယ် ၊ ဆိုတော့ အချိန်သိပ်ဖြုန်းလို့တော့ မဖြစ်ဘူး”

ဖန်းယွင်ရှင်း၏မျက်ဝန်းထဲမှ နက်ပြာရောင်မီးလျှံအလင်းတန်းက ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ သူမ၏မျက်ဝန်းထဲတွင် အရှေ့မှကမ္ဘာ၏မြင်ကွင်းကို မှိန်ဖျော့သည့်အလင်းရောင်ဖြင့် တွေ့မြင်နေရသည်။

တောင်မြင့်ကြီးနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူမ၏မျက်ဝန်းထဲမှ တောက်ပသော မြူခိုးအလင်းတန်းက ပိုမို မှိန်ဖျော့လာသည်။

သို့သော် ဤသည်က အလင်းရောင်အားနည်းသွားခြင်း မဟုတ်ဘဲ အလင်းရောင်က ထိန်းချုပ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုနေရာနှင့် ပိုမိုနီးကပ်လာလေ စည်းတံဆိပ်၏လွှမ်းမိုးနိုင်စွမ်းက ပိုမိုအားကောင်းလာလေ ဖြစ်သည်။

စည်းတံဆိပ်၏ခမ်းနားသည့်ဖြစ်စဉ်က သူ့ကိုယ်သူ စတင်ဖုံးကွယ်နေပြီး အခြားသူများ မထိတွေ့နိုင်အောင် ပြုလုပ်ထားသည်။

“စည်းတံဆိပ်ကိုထိဖို့ မကြိုးစားသရွေ့ ဒီ အလွှာနှစ်ထပ်စည်းတံဆိပ်က သူ့ရဲ့တန်ခိုးစွမ်းအားကို ပြမှာ မဟုတ်သလို ငါတို့ ချဉ်းကပ်လာတာကိုလည်း တားဆီးမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ဒါပေမဲ့ အပြင်ဘက်မှာရှိတဲ့ ပထမအလွှာစည်းတံဆိပ်ကတော့ တခြားသူတွေချဉ်းကပ်လာတာကို အလွယ်တကူ တားဆီးနိုင်တယ်”

ရန်ကျောက်ကဲ တောင်ထိပ်ဆီသို့ မသိမသာလှမ်းကြည့်လိုက်သည်။ တောင်ထိပ်တွင် လင်စန်းတောင်မှ တထာဂတဿဗုဒ္ဓရေးသားထားသော စာလုံး(၆)လုံး ရှိနေသေးသေးသည်လား သိချင်သောကြောင့်ဖြစ်သည်။

သို့သော် ထိုနေရာတွင် မည်သည့်အရာမှ ရှိမနေတော့ပေ။

ရန်ကျောက်ကဲက...

“အောက်ကို အရင်ဆင်းကြမယ်”

ထို့နောက် သူတို့နှစ်ယောက် လက်ချင်းတွဲပြီး တောင်ခြေသို့ ဆင်းလိုက်ကြသည်။

တောင်ခြေရောက်သည်နှင့် သူတို တောင်မြင့်ကြီးအပြင်ဘက်တွင် လှည့်ပတ်ကြည့်လိုက်ကြသော်လည်း မည်သည့်ထူးခြားချက်မှ တွေ့ရှိခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲနားထဲတွင် ဆူညံသောအော်ဟစ်သံက မရပ်မနားထွက်ပေါ်နေဆဲဖြစ်ပြီး ၊ ထိုအော်သံက တောင်မြင့်ကြီး၏နေရာအနှံ့မှ ထွက်ပေါ်လာပုံရကာ မည်သည့်နေရာက ထွက်ပေါ်လာသည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။

သူတို့ တောင်မြင့်ကြီးအတွင်း နက်ရှိုင်းသည့်နေရာသို့ ဆက်လက်လျှောက်လှမ်းသွားကြသည်။

နောက်ဆုံးတော့ ထိုနေရာမှ တောက်ပသည့်မြူခိုးများဖြင့် ထိတွေ့နိုင်ခဲ့လေသည်။

ထိုတောက်ပသောမြူခိုးများက မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်ခဲ့သလို သူတို့နှစ်ယောက် ဝင်ရောက်လာခြင်းကိုလည်း တားမြစ်ခြင်း မရှိခဲ့ပေ။

မြူခိုးများကိုဖြတ်သန်းပြီးနောက် ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...

“အလွှာနှစ်ထပ်စည်းတံဆိပ်ကို ပြုလုပ်ခဲ့တဲ့သူက တစ်ယောက်တည်းဟုတ်ဘူး”

သူတို့ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ခြင်းမရှိသည့် ပထမအလွှာစည်းတံဆိပ်က အသုံမဝင်ဟုထင်ရသော်လည်း ဒုတိယအလွှာစည်းတံဆိပ်ထက် ပိုမိုအားကောင်းလေသည်။

တိုက်တိုင်းအောင်ဗုဒ္ဓ ၊ နွားရိုင်းမိစ္ဆာဘုရင်နှင့် အခြားသူများ သူတို့ကို ရှာဖွေတွေ့ရှိသွားမည်ကို ထည့်မစဉ်းစားရဘူးဆိုလျှင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအနေဖြင့် ဒုတိယအလွှာ စည်းတံဆိပ်ကိုဖြတ်ကျော်ရန် ကြိုးစားကြည့်နိုင်သည်။

သို့သော် သူတို့ရှေ့တွင်ရှိနေသော ပထမအလွှာစည်းတံဆိပ်ကို အတင်းအကျပ် ဖျက်ဆီး၍ မရနိုင်ပေ။

“ဒါက အရင်တုန်းက လင်စန်းတောင်က တထာဂတဿဗုဒ္ဓ ပြုလုပ်ခဲ့တာများလား”

ဖန်းယွင်ရှန်းက စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ရန်ကျောက်ကဲဘက်သို့ လှည့်ကြည့်ရင်းမေးလိုက်သည်။

“ဒါပေမဲ့ ဘုန်းတော်ကြီး’စန်းကျန့်’ က အဲဒါကို ဖွင့်ပေးလိုက်ပြီ မဟုတ်ဘူးလား ၊ ပြီးတော့ တထာဂတဿဗုဒ္ဓရဲ့ စာလုံး(၆)လုံးမန္တန်က  တောင်ထိပ်မှာရှိရမှာလေ ၊ ဒါပေမဲ့ ဒီနေရာမှာ လုံးဝမတွေ့ရဘူး ၊ ဒီစည်းတံဆိပ်က အဲဒီမန္တန်ရဲ့အကြွင်းအကျန်လား ၊ ဒါမှမဟုတ် အသစ်ထပ်လုပ်ထားတဲ့ စည်းတံဆိပ်လား”

ရန်ကျောက်ကဲက သူမစကားကို ချက်ချင်းပြန်မဖြေဘဲ နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။

ခဏကြာပြီးမှ သူက...

“အထဲကို ဆက်သွားရအောင်”

အချိန်အတန်ကြာ ရှေ့ဆက်လျှောက်လာပြီးသည့်နောက် ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ထွက်ပေါ်နေသည့်အသံက ရုတ်တရက် ရပ်တန့်သွားသည်။

အသံပေါင်းစုံ ရုတ်တရက် စုစုံသွားသည့်ပမာ ဖြစ်လေသည်။

ရန်ကျောက်ကဲ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး မျက်ဝန်းတစ်စုံက သူ့အား စူးစိုက်ကြည့်နေသည့်ပမာ အာရုံခံလိုက်မိလေ၏။

All Chapters