အခန်း (၁၂၆)
Vol. 10 Ch. 126
"လူတစ်ယောက်ကို တဲတစ်လုံးစီရမယ်။ နေရာမလုံလောက်ရင် ရှင်းတဲ့နေရာကို သုံးလိုက်ပါ"
"လူတိုင်းမှာ ကိုယ့်အဆင့်ထက် မပိုတဲ့ လက်ထောက်တစ်ယောက်စီ ထားရမယ်"
"ဒဏ်ရာရသူတွေကို သယ်ဖို့ ကူညီတဲ့ စစ်သား အရေအတွက်က ကန့်သတ်မထားဘူး"
ဘုန်းတော်ကြီးချုပ် ဟိုလ်နာသည် ကုသရေးဧရိယာဘေးရှိ ပွင့်လင်းနေရာတွင် ရပ်နေရင်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။
အခြေအနေတွေ ဘယ်လို ဖြစ်လာတာလဲ။ ငါဘယ်လိုလုပ်ပြီး ဂါးရက်နဲ့ ကုသရေး ပြိုင်ဆိုင်ဖို့ သဘောတူခဲ့တာလဲ။
ငါသဘောမတူခဲ့ပါဘူ။ ငါက ပြိုင်ပွဲအတွက် စေတနာ့ဝန်ပဲထမ်းခဲ့တာ…
မနေ့ကလိုပင် ဂါးရက်က "ကျွန်တော့်နည်းလမ်းက ကုသရေးပညာ တိုးတက်ဖို့အတွက် အကျိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကုသရေးစွမ်းရည်က အံ့မခန်းပဲ။ ဘာညာဘာညာ..." လို့ ပြောခဲ့သေးတယ်။
"ခင်ဗျားထက် ပိုကောင်းတယ်" လို့တောင် အရိပ်အမြွက်ပြောပြီး ဘေးနားက တစ်ယောက်ယောက်က မီးထိုးပေးနေခဲ့၏။
ပြီးတော့ ဘယ်လိုဖြစ်သွားမှန်းမသိဘဲ သူက ပြိုင်ပွဲအတွက် စိန်ခေါ်လိုက်မိတာလား။
သဘာဝနတ်ဘုရားကို ကိုးကွယ်သူတွေက လိမ္မာပါးနပ်ကြတယ်။ ပထမအဆင့် ဘုန်းတော်ကြီးတွေတောင်မှပဲ….
ဟုတ်တယ်… ဂါးရက် ဘာလို့မလာသေးတာလဲ။ နေတောင် မြင့်နေပြီ။
ခရိုင်ရှိ အဓိကဘုန်းတော်ကြီးနှင့် နွေဦးနတ်သမီးဘုရားကျောင်း၏ အချစ်တော်တပည့်ဖြစ်သူ ဘုန်းတော်ကြီးချုပ် ဟိုလ်နာသည် စိတ်အေးအေးထားပြီး မကျေမနပ်ဖြစ်နေပုံမရပေ။ သို့သော် လာရောက်ကြည့်ရှုကြသည့် အတန်းဖော်များနှင့် မိတ်ဆွေများ၊ ဟတ်လန်းမြို့မှ ဘုန်းတော်ကြီးများကတော့ သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ တီးတိုးပြောဆိုနေကြသည်။
"ဘာလို့မလာသေးတာလဲ"
"ပြိုင်ဖို့ ကြောက်နေတာလား"
"နေရာသေးသေးလေးက လူတွေက…"
"တိတ်စမ်း"
"သူက သင်းအုပ်ဆရာကို အသုံးချပြီး အပေါ်တက်ချင်ခဲ့တာများ အခုမှ နောင်တရနေတာလား"
"သေချာတယ်။ သင်းအုပ်ဆရာ ဟိုင်းဒယ်က အရမ်းတော်တယ်။ ဆရာရဲ့ တိုက်ရိုက်တပည့်ပဲ။ သူဘယ်လိုလုပ်နိုင်မှာလဲ"
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက အားပါးတရ ချောင်းဆိုးလိုက်ပြီး စကားပြောနေသူများကို အကြည့်ဖြင့် တားမြစ်လိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ နေက နောက်ထပ်နည်းနည်း ပိုမြင့်လာသည်။ ဝေးကွာသော တိုက်ပွဲသံများ သဲ့သဲ့ကြားနေရချိန်တွင် ဂါးရက်က ကမန်းကတန်း ပြေးလာသည်။
"ဆောရီး ဆောရီး ကျွန်တော် နောက်ကျသွားတယ်" ဟု သူက စာရွက်ပုံတစ်ပုံကို ကိုင်
ဆောင်ထားပြီး ချွေးတွေ တဒီးဒီးကျနေလျက်ဟု ပြောလိုက်သည်။ စောင့်မနေတော့ဘဲ သူရောက်သည်နှင့် တပြိုင်နက် တောင်းပန်လိုက်သည်။ ဘုန်းတော်ကြီး အလုပ်သင် ဂျွန်လည်း နောက်ကလိုက်လာပြီး စာရွက်ပုံတစ်ပုံကို သယ်လာကာ ဗီရိုထဲ ထည့်လိုက်သည်။ လေပြေတစ်ချက်တိုက်ခတ်ရာ စာရွက်များ ပွင့်သွားပြီး ဘုန်းတော်ကြီးချုပ် ဟိုလ်နာက စူးစမ်းလိုစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ရှန်ဒီ၊ ကျား၊ ၂၅ နှစ်၊ အဆင့် ၃ စစ်သည်တော်။ ဘယ်ဘက်လက်မောင်း အထက်ပိုင်း ပြတ်တောက်၊ သွေးထွက်တာ ၅၀၀+ မီလီလီတာ ရှိမယ်လို့ သံသယရှိ။ ပေါင်ရိုးအဆစ်ဖြတ်တောက်မှု ပြုလုပ်မယ်… ခွဲစိတ်ပြီးနောက် ဖျားတာ ၃၉ အထိ ရောက်…."
ဒါဘာတွေလဲ။
ငါနည်းနည်းလေးတောင် နားမလည်ဘူး…
အနီးကပ်ကြည့်လိုက်ရာ ဂါးရက်၏ မျက်လုံးများ နီရဲနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ ဘုန်းတော်ကြီးချုပ် ဟိုလ်နာသည် မျက်မှောင်ကြုတ်လျက် စာရွက်ပုံအား လက်ညှိုးထိုးပြကာ ဆူပူပြောဆိုလိုက်သည်။
"ဒါတွေအားလုံး မင်းကိုယ်မင်း ပင်ပန်းအောင် လုပ်နေတာလား။ မင်းရဲ့ နတ်ဘုရားပညာတွေ ပြန်မကောင်းသေးရင် ဒီနေ့ ပြိုင်စရာမလိုဘူး"
"ကျွန်တော် သေချာနားထားပါတယ်"ဟု ဂါးရက်က အလျင်အမြန် ပြန်လည်ဖြေကြားသည်။ သူသည်လည်း စောစောအိပ်စက်လိုခဲ့ပါသည်…
သို့သော် ဆေးမှတ်တမ်းများကို မရေးသားဘဲ နေ၍ ရပါမည်လော။ ဆေးရုံလှည့်လည်ခြင်းများအား ကျော်လွန်၍ ရပါမည်လော။ ဆေးဝါးများကို မပြောင်းလဲဘဲ နေ၍ ရပါမည်လော။
ဆေးဌာနမှ စစ်ဆေးခြင်း မရှိခြင်း၊ မှတ်တမ်းမပြည့်စုံမှုကြောင့် ဒဏ်ကြေးပေးဆောင်ရခြင်းကို ရှောင်ရှားနိုင်သည်ဆိုလျှင်ပင် မရေးသားဘဲနေရန် အကြောင်းပြချက် မဟုတ်ပေ။ မရေးသားဘဲနေရန်မှာ မဖြစ်နိုင်ချေ။ ဆေးမှတ်တမ်းများ ရှိမှသာ အချက်အလက် စုစည်းမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများ ရှိလာမည် ဖြစ်သည်။ အချက်အလက် စုစည်းမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများ ရှိမှသာ စာတမ်းတစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်။
ဆေးရုံလှည့်လည်ခြင်းနှင့် ဆေးဝါးပြောင်းလဲခြင်းတို့မှာ သူ ညသန်းခေါင်ယံတွင် ဆေးရုံမလှည့်လည်ဘူးဆိုလျှင်ပင်၊ ညဉ့်နက်၍ နံနက်စောစောလှည့်လည်ခြင်းများနှင့် ဆေးဝါးပြောင်းလဲခြင်းများမှာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာများပင်။
မနေ့က လူအများအပြားကို ကုသခဲ့ရပြီး၊ ညနှောင်းပိုင်းအထိ ဂျွန်နှင့် အခြားသူများနှင့်အတူ ဆေးမှတ်တမ်း အများအပြားအား အပြီးသတ်ရန် နေခဲ့ရခြင်းမှာ သနားစရာပင်။ နံနက်စောစောတွင်လည်း ဆေးရုံလှည့်လည်ရန် ထရသေးသည်။ တရားထိုင်ခြင်းပြီးနောက် သူ၏ စိတ်စွမ်းအားများ လုံးဝပြန်လည်ကောင်းမွန်ခြင်း မရှိခဲ့ပါက ယနေ့ လဲကျသွားနိုင်ဖွယ် ရှိသည်။
ဟုတ်တာပေါ့… ခွင့်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရေးပေါ်ဌာနမှာဆိုရင် မင်းကို မထနိုင်အောင် နာမကျန်းဖြစ်စေတဲ့ ဖျားနာမှုမျိုး မဟုတ်သရွေ့ IV drip ချိတ်ထားရင်တောင် လူနာတွေအတွက် ခွဲစိတ်ပေးရသေးတယ်။
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက သူ့ကို တစ်ဝက်တစ်ပျက် သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်သည်။ ဂါးရက်က တိတ်တဆိတ် ချွေးပြန်နေပြီး စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားလိုက်သည်။
"ကျွန်တော်တို့ စလိုက်ကြမလား။ ဒဏ်ရာရသူတွေ ရောက်လာပြီ။ ခင်ဗျား လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ယူလာခဲ့လား။ ကျွန်တော်ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ကြည့်ပြီး လိုအပ်ရင် ယူသွားချင်လား"
"မလိုဘူး"
ဘုန်းတော်ကြီးချုပ် ဟိုလ်နာ၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားသည်။ ထိုအကြံပြုချက်က စဉ်းစားပေးရာ ရောက်သည်ဟု ထင်လိုက်သည်။ သို့သော် ယူစရာ မလိုပေ။
အိမ်ရှင်ဖြစ်သည့်အပြင် နွေဦးနတ်သမီးဘုရားကျောင်းနှင့် အဓိကဘုန်းတော်ကြီး ဆရာ၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် သူလိုအပ်သည့် ပစ္စည်းမှန်သမျှ ရနိုင်သည်။
သူတို့၏ နတ်ဘုရားပညာများကိုသာ အားကိုးရန် ကြိုတင်သဘောတူထားခြင်း မရှိခဲ့ပါက သူ၏ ဆေးသေတ္တာကို အမျိုးမျိုးသော ကုသဆေးများ၊ အဆိပ်ဖြေဆေးများ၊ စွမ်းအင်ဆေးများဖြင့် ပြည့်လျှံစေနိုင်ပြီး ဤပြိုင်ပွဲကို အလွယ်တကူ အနိုင်ရနိုင်မည်ဖြစ်သည်။
"ဒဏ်ရာရသူတွေ ရောက်ပြီဆို စကြစို့"
အမိန့်ပေးလိုက်သည်နှင့် ဒဏ်ရာရသူများကို သယ်ဆောင်လာသော လူအုပ်ကြီးသည် စခန်းဝင်ပေါက်တွင် ဘယ်ညာကွဲသွားပြီး ဒဏ်ရာရသူများကို တဲနှစ်လုံးဆီသို့ ပို့ဆောင်ပေးခဲ့သည်။ ဘုန်းတော်ကြီးချုပ် ဟိုလ်နာက တိုးတိုးလေး ဆုတောင်းလိုက်ရာ နူးညံ့သော အဖြူရောင်အလင်းနှင့် အပြာနုရောင်ရေတို့ ဆက်တိုက် ထွက်ပေါ်လာပြီး ဒဏ်ရာရသူများကို အံ့ဩဖွယ်ကောင်းအောင် ကုသပေးခဲ့သည်။ တဲအဝင်ဝတွင် စစ်နတ်ဘုရားဘုရားကျောင်းမှ မှတ်တမ်းတင်သူက အသံကျယ်ကျယ်ဖြင့် ရေတွက်နေသည်။
"၁"
"၂"
"၃"
"ဒါ လေးယောက်မြောက်"
ဂါးရက်ဘက်တွင်မူ တိတ်ဆိတ်နေသည်။ ဒဏ်ရာရစစ်သားများ ဝင်ရောက်လာသော်လည်း ကုသပျောက်ကင်းသော စစ်သားများ ထွက်ပေါ်မလာပေ။ တဲ၏ ပိတ်ထားသော ကုလားကာတွင် တိုးညှင်းသော အမိန့်သံများသာ ကြားရသည်။
"ချိတ်လိုက်"
"မြှောက်လိုက်"
"ကိုင်ပြီး ဘေးနှစ်ဖက်ကို ဆန့်လိုက်"
"Normal saline."
(T/L Normal saline ဆိုတာက ဆားရဲ့ရေကို ပေါင်းစပ်ထားတဲ့အရည်တစ်မျိုးပါ။ အလွယ်ပြောရရင် ဆားရည်ပေါ့)
ဂါးရက်ဘက်တွင် မှတ်တမ်းတင်သူသည် တဲ၏ ဘယ်ဘက်ခြမ်းမှ ညာဘက်သို့ ညာဘက်မှ ဘယ်ဘက်သို့ လမ်းလျှောက်နေပြီး "၁" ဟူ၍ပင် မပြောဘဲ ရှိနေသည်။
ဒါက ပျင်းစရာကောင်းတယ်။
သဘာဝကျစွာပင် ဂါးရက်အတွက် ပွဲကြည့်စင်တွင် အားပေးသံများ မရှိခဲ့ပေ။ ဘုန်းတော်ကြီးချုပ် ဟိုလ်နာ၏ ပရိသတ်များဖြစ်စေ၊ ဟတ်လန်းမြို့မှ ဘုန်းတော်ကြီးများဖြစ်စေ၊ အားလုံးသည် ဘုန်းတော်ကြီးချုပ် ဟိုလ်နာနားတွင် စုရုံးကာ ချီးကျူးဂုဏ်ပြုစကားများ ပြောနေကြသည်။
"ဒီကုသရေးပညာက အရမ်းလှပတာပဲ"
"မပျောက်ဘူးထင်ခဲ့တာ… ဒါပေမယ့် သူတို့ ပြန်ကောင်းလာပြီ"
"တကယ်ပဲ သင်းအုပ်ဆရာ ဟိုင်းဒယ်ပါပဲ… သူ့ရဲ့ သွေးစီးဆင်းမှုကို ထိန်းချုပ်နိုင်စွမ်းက အရမ်းအားကောင်းတယ်။ ငါမလုပ်နိုင်တဲ့အရာပဲ…"
"သူက ငါ့ထက် စာလုံးပေါင်းတာ ၂၀% ပိုမြန်တယ်"
ဘုန်းတော်ကြီးချုပ် ဟိုလ်နာ ကိုယ်တိုင်လည်း အတော်လေး ဂုဏ်ယူနေသည်။ တောင်ဝှေးကို ကိုင်ထားရင်း ဆက်တိုက် ဆုတောင်းနေသည်။ နဖူးပေါ်တွင် ချွေးစများ စို့နေသော်လည်း သုတ်ရန် မေ့လျော့နေပြီး စိုးရိမ်တကြီး ရောက်လာသော ညီမငယ်နှစ်ယောက်ကိုသာ ကြည့်နေသည်။
သို့သော် ဒုတိယအဆင့် ဘုန်းတော်ကြီးတစ်ဦးသည် သေးငယ်သော ဒဏ်ရာများအတွက်သာ ကုသပေးနိုင်ပြီး နေ့စဉ်စာလုံးပေါင်းရွတ်ဆိုရန် အကန့်အသတ်ရှိသည်။ ခုနစ်ယောက်မြောက် ဒဏ်ရာရသူကို ခေါ်လာသောအခါ ဘုန်းတော်ကြီးချုပ် ဟိုလ်နာပင် ဒွိဟဖြစ်သွားသည်။
ဘာလို့ မပျောက်သေးတာလဲ။ နောက်ထပ် အသေးစားကုသရေးတစ်ခုပဲဟာ။ ဘာတုံ့ပြန်မှုမှ မရှိသေးဘူးလား။ အို မဟုတ်ဘူး တစ်ခုပဲ ကျန်တော့တာပဲ။
"ဘုန်းတော်ကြီးချုပ် ဟိုလ်နာ ဆက်လုပ်ဦးမလား"
မှတ်တမ်းတင်သူက တိုးတိုးလေး မေးလိုက်သည်။ ဘုန်းတော်ကြီးချုပ် ဟိုလ်နာက အံကြိတ်ပြီး…..
"ဆက်လုပ်မယ်"
နောက်ဆုံး မိုးဖွဲဖွဲလေး ကျဆင်းလာသည်။ အလွန်အကျွံ အသုံးပြုမှုကြောင့် ပင်ပန်းနွမ်းနယ်မှု ခံစားချက်သည် ဘုန်းတော်ကြီးချုပ် ဟိုလ်နာ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ သူမျက်လုံးများ မှိတ်ပြီး အသက်ရှူလိုက်သည်။ ထိုအတောအတွင်း တစ်ဖက်တဲတွင် မှတ်တမ်းတင်သူက နောက်ဆုံးတွင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"၃"
နေဦး ဒဏ်ရာရသူတွေ မရောက်သေးဘူးလား။
ကျွန်တော့်ရဲ့ ကုသရေးစာလုံးပေါင်းတွေ ကုန်သွားပြီ…
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ထိုင်ခုံတစ်လုံးကို ယူပြီး ထိုင်နားရန် အမူအရာပြလိုက်သည်။ ခဏကြာပြီးနောက် ဒဏ်ရာရသူများကို ပို့ခိုင်းတော့မည့်အချိန်တွင် တစ်ဖက်က ပြန်ရေတွက်လိုက်သည်။
"၄"
ဒါက လေးယောက်မြောက်ပဲ။ ကျွန်တော် သူ့ကို သုံးယောက်နဲ့ ဦးဆောင်နေတာ။
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက မနည်းကြိုးစား ထရပ်လိုက်ပြီး ဒဏ်ရာရသူ နှစ်ယောက်ကို ထပ်ကုသပေးလိုက်သည်။ သူ၏ ကုသရေးပညာက လုံးဝကုန်ခန်းသွားပြီဖြစ်သည်။ သူက သူ့ထိုင်ခုံမှာ လှုပ်ရှားမှုမရှိဘဲ ထိုင်နေရင်း နီရဲနေသော နေလုံးက ကောင်းကင်အလယ်သို့ ရွေ့လျားသွားသည်ကို ကြည့်နေသည်။ တစ်ဖက်က မှတ်တမ်းတင်သူ ရေတွက်နေသည်ကို နားထောင်နေသည်။
"၉"
အခုဆိုရင် ကျွန်တော်တို့ တူနေပြီ… သူဆက်ပြီး ကုသနိုင်သေးလား။ ကျွန်တော်တော့ ပြီးပြီ။
"၁၀"
သူ့မှာ နတ်ဘုရားပညာတွေ ရှိနေသေးတာလား။ ဒါမမှန်ဘူး။ ကျွန်တော်တို့ ကြိုတင်ပြီး မသုံးဖို့ သဘောတူထားတာ… အာ အဲဒီ လီနာက ခိုးကြောင်ခိုးဝှက် စစ်ဆေးခဲ့တာလား။ သူ့မျက်လုံးတွေက ထက်မြက်တယ်။ သူက တစ်ခုခု ရှာမတွေ့နိုင်ရင် ဘာမှမရှိဘူး…
"၁၃"
နေတောင် မွန်းတည့်နေပြီ… အဲဒီလူ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ… အနည်းဆုံးတော့ ထမင်းစားဖို့ ထွက်လာဦးလေ…
"၁၈"
သူက ကျွန်တော့်ထက် နှစ်ဆသာနေပြီ။
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက ဇွဲရှိရှိ ထရပ်လိုက်သည်။
"ဒဏ်ရာရသူတွေကို ဆက်ပို့"
"ဘုန်းတော်ကြီးချုပ် ဟိုလ်နာ"
"ကျွန်တော် ဆက်ကုသနိုင်သေးတယ်။ လိမ်းဆေးတွေ၊ ပတ်တီးတွေ၊ ကုသဖို့ သုံးနိုင်တဲ့ ဘယ်
ပစ္စည်းမဆို၊ တတ်နိုင်သမျှ ပေး"
မှတ်တမ်းတင်သူက အလုပ်ကြိုးစားစွာ ဆက်ရေတွက်နေသည်။ သို့သော် မကြာမီတွင် သူက ကိန်းဂဏန်းများစွာကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
"တစ်ဦး သေဆုံး"
"နှစ်ဦး သေဆုံး"
"သုံးဦး သေဆုံး…"
ကျွန်တော်တို့ ဆက်လုပ်ဖို့ လိုအပ်သေးလား… ဒီလို ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့၊ နတ်ဘုရားပညာတွေမပါဘဲ၊ ကျွန်တော် သူတို့ကို ကယ်နိုင်မှာ မဟုတ်လောက်ဘူးလား။
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက တစ်ဖက်သို့ ကြည့်လိုက်သည်။ ဂါးရက်၏ တဲတွင် လူများသည် စီးဆင်းနေသော မြစ်ရေကဲ့သို့ ဆက်လက် ဝင်ရောက်နေဆဲဖြစ်သော်လည်း ယခုအချိန်အထိ နှစ်ဦးသေဆုံးခဲ့ပြီဖြစ်သည်။ သို့သော် သူ့ဘက်နှင့် နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်းက အများကြီး နည်းပါးသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်… လူများကို တစ်ဖက်သို့ ပို့ပြီး အခွင့်အရေး ပေးလိုက်ခြင်းက အသက်ကယ်ရာ ရောက်မည်လား။
ဘုန်းတော်ကြီးချုပ် ဟိုလ်နာက ဝမ်းနည်းစွာ ရပ်တန့်လိုက်သည်။ ဂါးရက်၏ တဲရှေ့တွင် မှတ်တမ်းတင်သူက နောက်ထပ်တစ်ကြိမ် အစီရင်ခံလိုက်သည်။
"၂၅"
သူက စွမ်းအင်ဆေးတွေ သုံးထားတာလား။ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မသုံးဖို့ သဘောတူထားတာ… အာ လီနာ အဲဒီ ကောင်မလေးက ခိုးကြောင်ခိုးဝှက် ဝင်ကြည့်ခဲ့တာ။ သူ့မျက်လုံးတွေက ထက်မြက်တယ်။ သူမက သူ့ကို မမိနိုင်ဘူးဆိုရင် ဖမ်းစရာ ဘာမှမရှိလောက်ဘူး…
အရိပ်တွေက နောက်တစ်လှမ်း ရွေ့သွားသည်။ မှတ်တမ်းတင်သူ၏ ရေတွက်သံက ထပ်မံ ထွက်ပေါ်လာသည်။
"၃၀"
မဖြစ်နိုင်ဘူး… သုံးဆ ကွာခြားနေပြီ… ကျွန်တော်နဲ့ သူ့ကြားက ကွာဟချက်က ဒီလောက်ကြီးတာလား။
တီးတိုးသံများက သူ့ကို ဝန်းရံနေသည်။ ပြိုင်ပွဲစတင်ချိန်က သူ့အတွက် ချီးကျူးစကားများ ပျောက်ကွယ်သွားပြီး ချီးကျူးသော အကြည့်များသည်လည်း ထူးဆန်းသွားသည်။ ဘုန်းတော်ကြီးချုပ် ဟိုလ်နာက အံကြိတ်လိုက်ပြီး တဲထဲမှ ခပ်သွက်သွက် လျှောက်ထွက်လာကာ ဂါးရက်ထံ ဦးတည်သွားသည်။
"ကျွန်တော် အရှုံးပေးပါတယ်။ ခင်ဗျားကို ကူညီလို့ ရမလား"