← Chapters

အခန်း (၁၂၇)

Vol. 10 Ch. 127

အခန်း (၁၂၇)

Vol. 10 Ch. 127

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တဲအတွင်းအပြင် နှစ်ဖက်အတွက် ရေတွက်ပေးနေသော မှတ်တမ်းတင်သူများ၊ ဟိုင်းဒယ်နှင့်အတူ လာရောက်ကြည့်ရှုကြသော အဆင့်နိမ့် ဘုန်းတော်ကြီးများ၊ ဒဏ်ရာရစစ်သားများကို မမောမပန်း သယ်ယူပို့ဆောင်ပေးနေသော သူရဲကောင်းများနှင့် မှူးမတ်မျိုးနွယ်များ၊ ဟိုင်းဒယ်မှ ကုသပေးပြီးသော လူနာများ…

တစ်ယောက်ပြီးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။

ဟိုင်းဒယ်က တကယ်ပဲ အရှုံးပေးလိုက်တာလား။

ဂါးရက်ကတော့ လုံးဝမအံ့သြပေ။ လူနာတစ်ဦးကို ကုသပြီးနောက် သူသည် လက်ဆေးရန် ထပ်မံကုန်းညွှတ်လိုက်ရင်း တစ်ပြိုင်နက်တည်း ပြုံးပြုံးရွှင်ရွှင် ခေါင်းမော့လိုက်သည်။

"ခင်ဗျား မရှုံးပါဘူး။ ခင်ဗျား ကုသပေးခဲ့တဲ့ လူနာတွေအားလုံး ပျောက်ကင်းသွားပြီး ဘယ်အချိန်မဆို စစ်မြေပြင်ကို ပြန်သွားနိုင်တယ်။ ကျွန်တော် ကုသပေးခဲ့တဲ့သူတွေကတော့ အသက်တစ်မျှင်ပဲ ကျန်နေသေးတယ်လို့ ပြောလို့ရတယ်။ တခြားဘုန်းတော်ကြီးတွေက ထပ်မံကုသပေးဖို့ ဒါမှမဟုတ် သူတို့ဘာသာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာဖို့ စောင့်နေရတုန်းပဲ။ အဲဒီအပိုင်းမှာတော့ ခင်ဗျား တကယ်နိုင်တာပါ"

ဂါးရက် ထိုစကားကို ပြောလိုက်ပြီးနောက် ဟိုင်းဒယ်နောက်မှ ဘုန်းတော်ကြီးများနှင့် မှူးမတ်လူငယ်များအားလုံး မျက်နှာအမူအရာများ ပြေလျော့သွားကာ ညင်သာစွာ ပြုံးလိုက်ကြသည်။ မှန်ပါသည်။ မည်သူမျှ မပျောက်ကင်းသေးပါက ကုသမှု အောင်မြင်သည်ဟု မည်သို့ ရေတွက်နိုင်မည်နည်း။ ထိုကျေးလက်သားလေးမှာ အနည်းငယ်မျှ မိမိကိုယ်ကို သိစိတ်ရှိသည်။ သူသည် သူရှုံးနိမ့်သည်ကို ဝန်ခံသင့်ပေသည်။

သူတို့ ကျေနပ်သွားကြသည်။ သို့သော် ဟိုင်းဒယ် ကိုယ်တိုင်ကတော့ မကျေနပ်ခဲ့ပေ။ သူနောက်ထပ် တစ်လှမ်းတိုးလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ဒါပေမယ့် ခင်ဗျားက အသက်ပေါင်းများစွာကို ကယ်ခဲ့တာ။ ခင်ဗျားပြောသလိုပဲ၊ လူအများကြီး ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်ရင် ကျွန်တော်က တစ်နေ့ကို ဆယ်ယောက်ပဲ ကယ်နိုင်ပေမယ့် ခင်ဗျားကတော့ သုံးဆယ်ကို ကယ်နိုင်တယ်။ ခင်ဗျားရဲ့ ကုသရေးစွမ်းရည်က ကျွန်တော့်ထက် တကယ်ကောင်းပါတယ်။ ကျွန်တော့်ကို သင်ပေးလို့ ရမလား"

နောက်ထပ်တစ်ယောက်ကို ထပ်ဖမ်းမိပြန်ပြီ ဟီးဟီး…..

ဂါးရက်က သူ့ကိုယ်သူ ကျေနပ်အားရစွာ ပခုံးပုတ်ပေးချင်နေခဲ့ပြီဖြစ်သည်။ ကြီးမားသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရချိန်တွင် စစ်သားများသည် နတ်ဘုရားမှော်ပညာဖြင့် ကုသမှုကို အများအားဖြင့် မရနိုင်သောကြောင့် တစ်ယောက်ချင်းစီကို ကယ်ဆယ်ခြင်းသည်ပင် အောင်မြင်မှုတစ်ခုဖြစ်သည်။ သူက နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"သင်ပေးတယ် မသင်ပေးဘူးဆိုတာ မဟုတ်ပါဘူး။ လူတွေကို ကယ်ဖို့ အတူတူ ပူးပေါင်းကြပါစို့၊ ကျွန်တော်လည်း ခင်ဗျားဆီက သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်"

"ဒါဆို သဘောတူပြီနော်"

ဟိုင်းဒယ်က ကမန်းကတန်း ဂါးရက်ဘေးသို့ လျှောက်သွားသည်။ သူ ခေါ်လာသော လူနာများကို ကြည့်ရန် ကုန်းညွှတ်လိုက်ပြီး ကုသရေးမှော်ပညာကို ထုတ်လွှတ်ရန် အလိုအလျောက်ပင် ပြုလုပ်မိသည်။ သူလက်မြှောက်လိုက်မှ သူ့မှော်စွမ်းအားများ ကုန်ခန်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူက တဟဲဟဲ ရယ်လိုက်သည်။

"ဒီနေ့တော့ မှော်စွမ်းအား မကျန်တော့ဘူး… တခြားဘာများ ကူညီပေးရမလဲ"

"ကျွန်တော့်အတွက် မှတ်တမ်းတွေ မှတ်ပေးပါ"

ဂါးရက်က သက်ပြင်းချလိုက်သည်။ သူ နံနက်ပိုင်းက စာရွက်နှစ်ပုံယူလာခဲ့သော စင်ကို လက်ညှိုးထိုးပြလိုက်ရာ ထိုနေရာတွင် အားလုံး ပုံထားခဲ့သည်။

"ကျွန်တော်ပြောမယ်။ ခင်ဗျားက မှတ်"

နောက်ဆုံးတော့ ဆေးမှတ်တမ်း ရေးတတ်တဲ့ တစ်ယောက်ကို ဖမ်းမိပြီ။

ရင်းနှီးတဲ့ ဘုန်းတော်ကြီးတွေကလည်း အလုပ်များလွန်းလို့ ဒါမှမဟုတ် ပျင်းလို့ မကူညီနိုင်ကြဘူး။ လူတွေကို ကူသယ်ပေးတဲ့ စစ်သားတွေထဲမှာလည်း စာတတ်သူ တစ်ယောက်မှ မရှိခဲ့ဘူး။

ဘုန်းတော်ကြီး ဟိုင်းဒယ်သည် ထိုနည်းဖြင့် ဆေးမှတ်တမ်းပုံထဲသို့ နစ်မြုပ်သွားသည်။ သူသည် နေဝင်သည်အထိ မမောမပန်း အလုပ်လုပ်ခဲ့သည်။ ဂါးရက်က ဆယ်ဦးခန့်ရှိသော ပြင်းထန်ဒဏ်ရာရလူနာများကို ဖြတ်တောက်၊ ချုပ်လုပ်၊ ဆွဲယူပြီး အဆက်မပြတ် အသက်ကယ်နေသည်ကို သူစောင့်ကြည့်ခဲ့ပြီး အလွန်ပင် ချီးကျူးခဲ့သည်။ နောက်တစ်နေ့ မနက်စောစောတွင် သူသည် အစားအစာအနည်းငယ်ကို အလျင်အမြန် စားသောက်ပြီး ကုသဆေးရည်များနှင့် စိတ်စွမ်းအင်ဆေးရည်များပါသော သေတ္တာတစ်လုံးကို ထုပ်ပိုးကာ ဂါးရက်ဆီသို့ စိတ်အားထက်သန်စွာ ပြေးသွားခဲ့သည်။

"ဂါးရက် ကျွန်တော်ရောက်ပြီ။ အာ… ဒါဘာလဲ။"

ကြမ်းတမ်းသော လက်တိုအင်္ကျီတစ်ထည်ကို သူ့ဆီသို့ ပစ်ချလိုက်သည်။ ဂါးရက်၏ အသံက တည်ငြိမ်နေသည်။

"အဝတ်လဲပြီး လက်ဆေးလေ"

"ကျွန်တော်ပါ ဝတ်ရမှာလား"

ဟိုင်းဒယ် အံ့အားသင့်သွားသည်။ ဒီလူငယ်ဆီကနေ သင်ယူတာ ဘာမှမဟုတ်ပါဘူး၊ သူ့ရဲ့ ကုသရေးစွမ်းရည်က တကယ်ပဲ သူ့ထက် ပိုကောင်းတာကိုး။

ရွှံ့နွံပေကျံနေတဲ့သူတွေကို ကုသတာလည်း ဘာမှမဟုတ်ပါဘူး။ ကုသရေးပညာကို လေ့ကျင့်တာက ကျန်းမာတဲ့လူတွေကို ဆွဲဆောင်ရတာ မဟုတ်ပါဘူး။

လက်တွေ ရေးလို့ကျိုးတော့မတတ်ဖြစ်အောင် မှတ်တမ်းတွေကို ကူညီပေးတာတောင် ဘာမှမဟုတ်ဘူး။ အရေးအသားရဲ့ အသုံးဝင်ပုံကိုတောင် သူ မသိခဲ့ဘူး။ ဘုန်းတော်ကြီးတစ်ပါးရဲ့ ဘယ်အလုပ်သင်က ဆရာကို အလုပ်မကူညီဖူးလဲ။ သူက မှူးမတ်မျိုးနွယ်ကနေ ဆင်းသက်လာတာ၊ ဘုရားကျောင်းမှာ စာရေးစာချီအလုပ်တချို့လုပ်တာ၊ နည်းနည်းဆိုးတဲ့ နောက်ခံကလာတဲ့သူတွေကတော့ လက်ဖက်ရည်ခပ်တာကနေ အိပ်ယာပြင်တာအထိ အကုန်လုပ်ရတယ်။

ဒါပေမယ့် ဒီလို ဆိုးရွားတဲ့ အဝတ်အစားကို လဲလှယ်ဝတ်ဆင်ရမယ်တဲ့လား။

ဟိုင်းဒယ်က အလိုလိုပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူသည် သူ့ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်ပြီး မေးစေ့ကို မော့ကာ "ဒါက ကျွန်တော့်ရဲ့ အလှအပကို အရမ်းထိခိုက်စေတယ်။ ဒီထက်လှတာ မရှိဘူးလား"

ဘယ်တော့မှ မဖြစ်နိုင်ဘူး….

ငါ ခေါင်းလည်း အဖြတ်ခံနိုင်တယ်။ သွေးတွေထွက်နေရင်တောင်ရသေးတယ်။ ဒါပေမယ့် ဆံပင်ပုံစံကတော့ မရှုပ်ပွစေရဘူး…..

ငါက ခရိုင်ရဲ့ အချောဆုံးလူငယ်လေးလေ။ ငါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလေ။ လှည့်လည်သွားလာတဲ့ ကဗျာဆရာတွေရဲ့ ချီးကျူးသီချင်းဆိုခြင်းရဲ့ ဗဟိုပဲ။

ငါကို ဒီလိုရုပ်ဆိုးတဲ့ အဝတ်အစား၊ လက်တို၊ ဘောင်းဘီတို၊ လည်ပင်းမှာ ဇာမပါ၊ ခါးမှာ ပုံစံမပါတာတွေ ဝတ်ပြီး တစ်နေ့လုံး ဒီလိုအလုပ်တွေ လုပ်ခိုင်းမယ်လို့ ဆိုလိုတာလား။

ဒီလိုသာဆို ငါ့ကို လာတွေ့တဲ့ ဘုန်းတော်ကြီးမလေးတိုင်း ရင်ကွဲနာကျသွားမှာပေါ့

မဖြစ်သေးပါဘူး။

"မဟုတ်ဘူး ဒါက လက်ဆေးဝတ်စုံပဲ"

ဂါးရက်က ခြောက်သွေ့စွာ ပြန်ဖြေလိုက်သည်။

"ခွဲစိတ်ခန်းရဲ့ ပိုးသန့်စင်မှုစည်းမျဉ်းတွေပါ။ လိုက်နာပေးပါ"

"… အဲဒါ ဘာလဲ"

ဂါးရက် သက်ပြင်းချလိုက်သည်။

သူတကယ်ပဲ "ထွက်သွား" လို့ တိုက်ရိုက်ပြောချင်နေခဲ့တာ ဖြစ်သည်။

သူ၏ ယခင်ဘဝ ဆေးရုံတွင် အဝတ်မလဲဘဲ ခွဲစိတ်ခန်းအတွင်း ဝင်ရောက်ရဲသည့် အလုပ်သင်များကို ဆေးရုံမှနေ၍ ပိုးသတ်ဆေးဖြင့် ဖြန်းထုတ်ခဲ့ပြီးသား ဖြစ်သည်။ ကျောင်းတက်သည့် ပထမနှစ်မှစတင်၍ အလုပ်သင် စတင်ချိန်အထိ ပိုးသန့်စင်မှု လုပ်ထုံးလုပ်နည်း အခြေခံများကိုပင် မသင်ယူထားပါက ဆေးရုံထဲသို့ ခြေချရန်ပင် မထိုက်တန်ပေ။

ဤဘဝတွင်ပင် ဆေးရုံ၌ လာရောက်သင်ယူသည့် ဘုန်းတော်ကြီးအချို့ကို လက်ဆေးဝတ်စုံ မလဲဘဲ လက်ဆေးနည်း ခုနစ်ဆင့် မပြီးစီးပါက ခွဲစိတ်ခန်းအတွင်း မဝင်ရဟု သူ အော်ပြော၍ အကျင့်လုပ်ခိုင်းခဲ့ရသည်။ လက်ဆေးဝတ်စုံ မလဲဘဲ ခွဲစိတ်ခန်းအတွင်း ဝင်ရောက်ခြင်းက မဖြစ်နိုင်ပေ။

သို့သော် သူ၏ရှေ့မှ ဤသူက...

ထားလိုက်ပါ။ ထားလိုက်ပါ။ မသင်ပေးဘဲ သတ်ခြင်းမှာ ရက်စက်ရာကျသည်။ သူသည် ကုန်းညွှတ်၍ သေတ္တာအတွင်းမှ စာများအပြည့်ပါသည့် စာရွက်ပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။

"လူနာတွေ မရောက်သေးဘူး။ အေးအေးဆေးဆေး ဖတ်ကြည့်။ နားမလည်ရင် မေး။ မေးပြီးရင် စည်းကမ်းအတိုင်း လိုက်နာ ဒါမှမဟုတ် ထွက်သွား"

စာရွက်အထပ်လိုက်ကြီး ဟိုင်းဒယ်၏လက်ထဲ ကျလာသည်။ သူ အောက်သို့ ကြည့်လိုက်ရာ ပထမစာမျက်နှာတွင် ခေါင်းစဉ်တစ်ခုတည်းကိုပင် စာကြောင်းနှစ်ကြောင်းဖြင့် ရေးသားထားသည်ကို တွေ့လိုက်ရသည်။

"အခြေခံမှော်ပညာအမျိုးမျိုးနှင့် နတ်ဘုရားပညာတို့၏ ပိုးသန့်စင်မှုအာနိသင်များ၊ အပူချိန်မြင့် ဖိအားမြင့် ပိုးသန့်စင်ခြင်းနှင့် နှိုင်းယှဉ်ချက်၊ နှင့် မတူညီသော အခြေအနေများတွင် ပိုးသန့်စင်မှု စည်းမျဉ်းများ၏ လိုအပ်ချက်များ"

…

…

စကားလုံးတိုင်းက ရင်းနှီးပေမယ့် ပေါင်းစပ်လိုက်တော့ ဘာအဓိပ္ပာယ်လဲဆိုတာ သူ လုံးဝမသိပေ…

ဟိုင်းဒယ်သည် အကျဉ်းချုပ်၊ သော့ချက်စကားလုံးများနှင့် စာရေးသူနာမည်ကို တစ်ကြောင်းချင်းစီ ဖတ်ကြည့်သည်။ အကျဉ်းချုပ်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေပြီး၊ သော့ချက်စကားလုံးများဖြစ်သည့် မှော်ပညာ၊ နတ်ဘုရားပညာနှင့် မရင်းနှီးသည့် စကားလုံးများ ပေါင်းစပ်ထားသည်မှာ စာရေးသူ၏ စိတ်ကူးစိတ်သန်းများ ကျယ်ပြောသည်ဟုသာ ထင်

စေသည်။ စာရေးသူမှာ ဂါးရက် နော့ဒ်မတ် နောက်တွင် သဘာဝဘုရားကျောင်း၊ မှော်

မျှော်စင်နှင့် ဆေးရုံ ဟု ရေးသားထားသည်။

ဒါက ဘာအဓိပ္ပာယ်လဲ။

သူပိုဖတ်လေလေ ခေါင်းများ ပိုမိုမူးလာလေလေ ဖြစ်သည်။ ပထမအပိုင်းတွင် "ဘက်တီးရီးယား" ဟုခေါ်သည့် အရာတစ်ခုကို သေသေချာချာ သရုပ်ဖော်ထားပြီး သူ နားမလည်သော်လည်း ရောဂါများ ဖြစ်စေနိုင်သည်ကိုမူ နားလည်ခဲ့သည်။

ဒုတိယအပိုင်းတွင် ဘက်တီးရီးယားကို မည်သို့ မြင်နိုင်ကြောင်း ရှင်းပြထားသည်။ ၎င်းက သူ့အတွက် နားမလည်နိုင်စရာပင်။ "မှန်ဘီလူး" ဟုခေါ်သည့် အရာတစ်ခုနှင့် "ဘက်တီးရီးယားမွေးမြူခြင်း" ဟုခေါ်သည့် နည်းလမ်းတစ်ခုကို သုံး၍ ဤအရာကို မြင်နိုင်သည်ကိုသာ သိရှိရသည်။

တတိယအပိုင်းတွင် ဤစာတမ်းထဲ၌ သူနားလည်လိုက်သည်မှာ ရေစစ်၊ မှော်ပညာနှင့် သန့်စင်ထားသည့် ကိရိယာများ၊ ရေဖန်တီးသည့် မှော်စာလုံးဖြင့် ဖန်တီးထားသည့်ရေ၊ "သန့်ရှင်းသော အစားအစာ" နတ်ဘုရားပညာဖြင့် သန့်စင်ထားသည့်ရေ၊ မှော်မျှော်စင်က ရေဓာတ်မူလဘူတရေကန်မှ တိုက်ရိုက်သယ်ယူလာသည့်ရေနှင့် အပူချိန်မြင့် ဖိအားမြင့်ဖြင့် ပိုးသန့်စင်ထားသည့် ကိရိယာများကို နှိုင်းယှဉ်ထားခြင်းပင်။

“ဘာလို့ ကုသဆေးရည်တွေကို မနှိုင်းယှဉ်တာလဲ”

ဟိုင်းဒယ်၏ ပါးစပ်မှ ထွက်သွားသည်။ ဂါးရက်က ကိရိယာများကို စုစည်းရာတွင် အလုပ်များနေသောကြောင့် ခေါင်းတောင် မလှည့်ဘဲ

"တတ်နိုင်စွမ်း မရှိလို့"

ဆင်းရဲတာလား။

ဒီလိုကြီး အကုန်အကျများတာတော့ မဟုတ်ဘူး။

ကျွန်တော်လည်း ကုသဆေးရည်တွေကို အတူတူ သုတေသနလုပ်ချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ အသေးစားကုသရေးဆေးရည်တစ်လုံးကို ရွှေဒင်္ဂါး ၅၀၊ နှိုင်းယှဉ်စမ်းသပ်မှု လုပ်ဖို့ဆိုရင် အနည်းဆုံး လေးလုံး လိုတယ်။ ကျွန်တော့်ဆေးရုံမှာ ငွေသား ဘယ်လောက်ရှိလို့လဲ။

အာ ဒီဟိုင်းဒယ် ဘုန်းတော်ကြီးက ချမ်းသာတယ်ဆိုတော့ သူ့ဆီကနေ ပိုက်ဆံနည်းနည်း တူးထုတ်ဖို့ ငါနည်းလမ်းရှာသင့်လား။

All Chapters