အခန်း (၁၃၇)
Vol. 10 Ch. 137
အလောင်းကောင်များကို ထိန်းချုပ်သည့် မှော်ဆရာသည် ဘာတစ်ခွန်းမှ မပြောဘဲ ဂါးရက် နော့မတ်ခ်ကို ဆွဲခေါ်သွားပြီး လမ်းတစ်လျှောက်လုံး မြည်တမ်းနေခဲ့သည်။ သူ၏ မြည်တမ်းသံများသည် မှော်ဆရာ၏တဲထဲသို့ ရောက်မှသာ ရပ်တန့်သွားခဲ့သည်။ သူသည် အိပ်ရာဘေးရှိ သားရေသေတ္တာတစ်လုံးကို ဆွဲထုတ်ကာ အထဲမှပစ္စည်းများကို စားပွဲပေါ် ပုံချလိုက်သည်။
“ဒါတွေက ငါ့ရဲ့ စစ်အောင်နိုင်မှု ပစ္စည်းတွေပဲ။ လာပါ ကြည့်စမ်းပါဦး။ မင်း သုံးလို့ရတာ ရှိမရှိ။ ယူသွားရုံပဲ”
ဖယောင်းတိုင်မီးရောင်အောက်တွင် လက်စွပ်အမျိုးမျိုး၊ ဆွဲကြိုးများ၊ လှပသည့် ဘယက်များသည် တလက်လက် တောက်ပနေပြီး ရတနာဆိုင်ကို ဝင်စီးထားသလားပင် ထင်ရသည်။
ဂါးရက်က အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူသည် လင်ဒီ ဖာရယ်လ်ကို တစ်ချက်ကြည့်ပြီးနောက် စားပွဲပေါ်မှ ပစ္စည်းပုံကိုကြည့်ကာ ပြီးလျှင် လင်ဒီကို ပြန်
ကြည့်လိုက်ပြီး “မင်း လူဘယ်နှစ်ယောက် သတ်ခဲ့တာလဲ။ စစ်ပွဲစတာ တစ်လတောင် မပြည့်သေးဘူး။ မင်းက ထောက်လှမ်းရေးလုပ်မယ့်အစား လူသတ်နေတာလား မသိဘူး”
“ဆုံးဖြတ်ရခက်နေတာလား။ ဒါမှမဟုတ် မမှတ်မိဘူးလား”
ဂါးရက်၏ အံ့အားသင့်နေသည့် အမူအရာကို မြင်သောအခါ လင်ဒီက ဦးဆောင်၍ မိတ်
ဆက်ပေးသည်။
“ဒီလက်စွပ်ကတော့ 'အအေးဒဏ်ခံနိုင်ရည်' မှော်ပညာ ပါဝင်မှာပဲ၊ တော်တော် အသုံးဝင်တယ်။ ငါ့မှာ တစ်ခုရှိပြီးသားဆိုတော့ မင်း ဒါကို ယူလို့ရတယ်။
ဒီဘယက်ကတော့ သေချာမသိဘူး ဒါပေမဲ့ သူ့ပေါ်က မှော်ဆရာဝိုင်းတွေကို ကြည့်ရတာတော့ တိုက်ခိုက်တဲ့ နတ်ဘုရားမန္တာန်တစ်ခု ဖြစ်ပုံရတယ်။ မင်း စမ်းကြည့်လို့ရတယ်။
ဒီဆွဲကြိုးကတော့ အလင်းရဲ့စွမ်းအားကို ဆောင်ထားတယ်။ ငါတော့ မသုံးနိုင်ဘူး။ ဒါပေမဲ့ မင်းကတော့ သုံးနိုင်မှာပါ...”
ဂါးရက်က ငြင်းရန် အချိန်မရလိုက်ပေ။ သူသည် ယဉ်ကျေးမှုအရ ဖြစ်စေ တစ်ခုခုကို ကျပန်းရွေးတော့မလို့ပင်။ သို့သော် သူ၏အကြည့်က ပစ္စည်းပုံပေါ် ဝေ့သွားချိန်မှာမူ သူ၏နှလုံးသားက လှုပ်ရှားသွားသည်။
ပိုတက်စီယမ် ပါမန်ဂနိတ်
“နေဦး ဒါဘာလဲ”
လင်ဒီက သုလက်ညှိုးထိုးပြသည့်အတိုင်း ကြည့်လိုက်ရာ သာမန်မျက်စိဖြင့် မမြင်သာသည့် ခရမ်းရောင်နက် အမှုန့်ပုလင်းတစ်လုံးကို တွေ့လိုက်ရသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် မှိန်ဖျော့ဖျော့ တလက်လက်တောက်ပနေပြီး အကြေးခွံလို သတ္တုအရောင်ကို ဖော်ပြနေသည်။ လင်ဒီက ပေါ့ပေါ့ပါးပါး ရှင်းပြသည်။
“ခရမ်းရောင် အကြေးခွံကျောက်၊ အယ်လ်ခမ်ပစ္စည်းပဲ။ ဒါ ဘယ်လိုရောက်လာမှန်းတော့ ငါမသိဘူး... ဒီပစ္စည်းက သိပ်အသုံးမဝင်ဘူး။ ဂရုမစိုက်ဘဲ ထားရင် မဲမဲပြာပြာ အဖုအဖြစ် ပြောင်းသွားတယ်။ စိတ်ဝင်စားလား။ လိုချင်ရင် ယူသွား”
“ကျွန်တော် တစ်ဝက်ယူမယ်”
ဂါးရက်က ထိုအရာကို ရတနာတစ်ခုလို ပွေ့ဖက်၍ ထောင့်ပေါင်းစုံမှနေ၍ စစ်ဆေးသည်။ အရောင်၊ ပုံသဏ္ဍာန်၊ တောက်ပမှု... အားလုံးက သူ့အတွက် မူလတန်းကျောင်းမှနေ၍ ကောလိပ်အထိ ရင်းနှီးကျွမ်းဝင်နေသည့် အရာများပင်။ ဤပစ္စည်းကို သူမြင်လိုက်ရသောအခါ သူ၏ ဉာဏ်အလင်းက စကားလုံးလေးလုံးကို အော်ဟစ်လိုက်သည်။
“ပိုတက်စီယမ် ပါမန်ဂနိတ်။ ပိုတက်စီယမ် ပါမန်ဂနိတ်”
ဤပစ္စည်းသည် သဘာဝအရ တည်ငြိမ်မှုမရှိသလို အလွယ်တကူ ပြိုကွဲနိုင်သည်။ ထို့ပြင် မည်သည့်နတ်ဘုရားက ဤပစ္စည်းကို ပေါင်းစပ်ထုတ်လုပ်ခဲ့သည်ကို မည်သူမျှ မသိပေ။ တကယ်လို့ ၎င်းသည် ပိုတက်စီယမ် ပါမန်ဂနိတ်သာဆိုလျှင် သု့အတွက် အရေးကြီးသည့် ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မည်ပင်။
ဂါးရက်က လင်ဒီဆီမှ အညိုရောင်ပုလင်းတစ်လုံး တောင်းကာ အထဲမှ တစ်ဝက်ကို ဂရုတစိုက် လောင်းထည့်ကာ ပုလင်းကို ပိတ်ပြီး ပြန်ပေးလိုက်သည်။ လင်ဒီက မယူပေ။ ထို့ကြောင့် ဂါးရက်က သူ၏လက်ထဲသို့ အတင်းထိုးထည့်ရင်း ပြောသည်။
“ဒီပစ္စည်းက အသုံးဝင်တယ်။ ကျွန်တော်ထင်ထားတဲ့အတိုင်းဆိုရင် တန်ဖိုးမဖြတ်နိုင်အောင် အသုံးဝင်လိမ့်မယ်။ ဟေး ကျွန်တော်နဲ့ လိုက်ခဲ့။ ကျွန်တော် အတည်ပြုပြီးတာနဲ့ ဘယ်လိုသုံးရမယ်ဆိုတာ ပြောပြမယ်”
လင်ဒီက သူ့နောက်မှ လိုက်၍ အကွေ့အကောက်လမ်းများမှတစ်ဆင့် ဂါးရက်၏ နေအိမ်သို့ ပြန်ရောက်လာသည်။ စားပွဲကို ရှင်းလင်းပြီးနောက် ဂါးရက်က အယ်လ်ခမ်ပုံးတစ်ပုံးကို ဆွဲထုတ်လိုက်သည်။ သူလှည့်လိုက်သောအခါ လင်ဒီက ငြီးငွေ့စွာ ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် စာရွက်ပုံတစ်ပုံကို သူ့အား ပေးလိုက်သည်။
"ဒါတွေက ကျွန်တော့်ရဲ့ မကြာသေးခင်ကမှ တွေ့ရှိထားတဲ့ သုတေသနရလဒ်တွေပါ။ ခင်ဗျား ဒါတွေကို အရင်ဖတ်လို့ရတယ်။ အော် ဒါကတော့ မိုက်ခရိုစကုပ်ပါ။ ကျွန်တော် စမ်းသပ်မှုတွေ လုပ်နေတုန်း ခင်ဗျား အဲဒါနဲ့ ဆော့နေလို့ရတယ်။ ရလဒ်တွေရတာနဲ့ ခင်ဗျားကို ခေါ်မယ်"
လင်ဒီက မမျှော်လင့်ဘဲ ခေါင်းစဉ်တပ်ထားသည့် စာမူများပုံကို လက်ခံရရှိခဲ့ပြီး သူ တစ်ခါမှ မမြင်ဖူးသည့် ခေါင်းစဉ်များချည်းပင်။ သူ မဖတ်သေးဘဲ အော်လိုက်သည်။
“မင်း ဒါတွေ ထုတ်ဝေပြီးပြီလား”
“တချို့က ထုတ်ဝေပြီးပြီ၊ တချို့က မထုတ်ဝေရသေးဘူး။ အရင်ဖတ်ကြည့်ပါ”
အရက်မီးခွက်များ၊ ဖန်ခွက်အမျိုးမျိုးတို့ကို အလုပ်ရှုပ်စွာ ချိတ်ဆင်နေသည့် ဂါးရက်က နောက်လှည့်မကြည့်ပေ။ လင်ဒီက သူ၏ အာရုံစိုက်မှုကို မရနိုင်တော့ဘဲ ပထမဆုံးဆောင်းပါးဖြစ်သည့် “အိမ်လုပ်မိုက်ခရိုစကုပ် အသုံးပြု၍ ဖော့၊ ကြက်သွန်နီ၊ အသားနှင့် သွေးတို့ကို လေ့လာခြင်း” ကို ဖတ်ရှုစပြုလိုက်သည်။ သူ ဖတ်နေရင်းနှင့် ဆန်အိုးထဲ ပြုတ်ကျသွားသလိုပင် ဂါးရက်၏ တီးတိုးသံများကို မကြားနိုင်တော့ပေ။
တကယ်ပဲ ဂါးရက်က တီးတိုးညည်းနေတာ။
ပိုတက်စီယမ် ပါမန်ဂနိတ်ကို အပူပေးပြီး အောက်ဆီဂျင် ထုတ်လုပ်သည့် စမ်းသပ်မှုက သူအထက်တန်းကျောင်းမှာ လုပ်ခဲ့ဖူးခြင်းပင်။ သို့သော် အခု ဒီအသေးစိတ်အချက်အလက်များကို ပြန်မှတ်မိဖို့အတွက် သူ့မှတ်ဉာဏ်ထဲကနေ ပြန်ထုတ်ရုံသက်သက်မဟုတ်ဘဲ သီချင်းဆိုပြီး မှတ်ရမည်ပင်။
“ငါးဆယ့်ခြောက်မျိုးသော လူမျိုးစုများ၊ တန်ဖိုးမြင့်တက်လာ... ဟင့်အင်း မဟုတ်ဘူး။ စာသားမှားနေတယ်။ ပြန်စရအောင်…
‘ဒြပ်စင်ငါးဆယ့်ခြောက်မျိုးတန်ဖိုးမြင့်တက်လာ’ ခုံကို ချလိုက်…
‘မောင်နှမ ငါးဆယ့်ခြောက်ယောက် ဓာတ်တိုးပြီး’ အရက်မီးခွက်ကို ချလိုက်၊ မြှင့်တင်ဖို့တစ်ခုခုရှာ….
“အက်ဆစ်နဲ့ ဘေ့စ် ငါးဆယ့်ခြောက်မျိုး တစ်ကြောင်းတည်းနဲ့ ပေါင်းချုပ်”
ရေဇလားကို ခုံ၏ တစ်ဖက်ခြမ်းမှာ ချ….
“ပိုတက်စီယမ် ပါမန်ဂနိတ်၊ ပိုတက်စီယမ် ပါမန်ဂနိတ်၊ ပိုတက်စီယမ် ပါမန်ဂနိတ်!
” ဓာတ်ငွေ့စုဆောင်းပုလင်းကို ရေဖြည့်ပြီး ဇလားထဲမှာ ဇောက်ထိုးထားလိုက်။
(T/L သူအထက်တန်းကျောင်းမှာကိုသင်ခဲ့တဲ့ ကဗျာလိုလို သီးချင်းလိုလိုပါ။ ဒီနားလေးတော့ နည်းနည်းသည်းခံပေးနော်)
အင်း အခု အပူပေးဖို့ အချိန်တန်ပြီ။
ဂါးရက်က ပိုပျော်ရွှင်စွာဖြင့် အသံကို နည်းနည်းမြှင့်ပြီး သီဆိုလိုက်သည်။
“ပိုတက်စီယမ် ပါမန်ဂနိတ် အောက်ဆီဂျင် ထုတ်လုပ်နည်း”
ပိုတက်စီယမ် ပါမန်ဂနိတ်မှုန့် အနည်းငယ်ကို ခပ်၊ စမ်းသပ်ပြွန်ထဲ ထည့်၊ ရော်ဘာအဖုံးနှင့် မှန်ပြွန်လေးနှင့် ပိတ်…
“ပိုတက်စီယမ် ပါမန်ဂနိတ် ဂွမ်းနဲ့ အပူပေး”
မှတ်မိပြီ မှတ်မိပြီ အရင်ဆုံး ဂွမ်းကို အတွင်းထဲ ထည့်….
“ပိုတက်စီယမ် ပါမန်ဂနိတ် စမ်းသပ်ပြွန်ကို အနည်းငယ် စောင်းထား”
ပြဿနာမရှိဘူး… ထောင့်ကို ချိန်ညှိပြီး စမ်းသပ်ပြွန်ခုံမှာ တင်းကျပ်စွာ ချိတ်…
“ပိုတက်စီယမ် ပါမန်ဂနိတ် စမ်းသပ်နေစဉ်အတွင်း စမ်းသပ်ပြွန်ကို လက်နဲ့မထိပါနဲ့ ဒါမှမဟုတ် ခင်ဗျားရဲ့ အရေပြား ဓာတ်တိုးသွားလိမ့်မယ်”
အို မဟုတ်သေးပါဘူး အခုမှ ငါဒီစာကြောင်းကို မှတ်မိသွားတာ။
သူ့လက်ဖြင့် စမ်းသပ်ပြွန်ကို ကိုင်မိတာ... သူ့လက်ပေါ်မှာ... သူ့အရေပြား... ပိုတက်စီယမ် ပါမန်ဂနိတ်မှုန့် နည်းနည်း ထိသွား၍….
မြန်မြန်…ရေနဲ့ဆေးရမယ်…..
ဂါးရက်က သူ၏လက်ချောင်းများကို စိတ်ပျံ့လွင့်စွာ ဆေးကြောလိုက်သည်။ ကံကောင်းစွာဖြင့် နောက်ဆက်တွဲ စမ်းသပ်မှုများသည် ချောချောမွေ့မွေ့ ဖြစ်သွားပြီး ပြွန်ထဲကနေ ဓာတ်ငွေ့များ ပူဖောင်းထွက်လာကာ ပုလင်းထဲသို့ အချိန်တိုအတွင်း ပြည့်သွားသည်။ ဂါးရက်က သစ်သားလေးတစ်ချောင်းကို မီးရှို့ပြီး မီးပွားလေးသာ ကျန်သည်အထိ လှုပ်လိုက်ကာ အသက်အောင့်ပြီး ဓာတ်ငွေ့စုဆောင်းပုလင်း၏ ပါးစပ်ဝသို့ ထိုးလိုက်သည်။
တောက်ပသည့် မီးတောက်တစ်ခုထွက်လာသည်…..
သန့်စင်တဲ့ အောက်ဆီဂျင်လား။
“ဟေး”
ဂါးရက်က အားတက်သရော အော်လိုက်သည်။ အလောင်းကောင်များကို ထိန်းချုပ်သည့် မှော်ဆရာက ခေါင်းထောင်ကြည့်ပြီး ဂါးရက်က သူ့အား ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ပိုတက်စီယမ် ပါမန်ဂနိတ်မှုန့် အနည်းငယ်ကို ခပ်ယူပြီး နောက်ထပ် စမ်းသပ်ပြွန်တစ်လုံးထဲ ထည့်လိုက်သည်။ ပြွန်ကို ကိုင်ရင်း သူ့စိတ်ကို စုစည်းလိုက်ပြီး တရားထိုင်ခြင်းဖြင့် မှော်အတတ်ပုံစံကို ပုံဖော်လိုက်သည်။
မီးမှော်ပညာတိုင်းမှာ အခြေခံပုံစံနှစ်မျိုးရှိသည်။ တစ်မျိုးက "မီးစတင်လောင်ကျွမ်းစေတဲ့ အနှစ်သာရ" ကို စုဆောင်းဖို့ဖြစ်ပြီး နောက်တစ်မျိုးကတော့ “ထိုအနှစ်သာရကို ဆွဲဆောင်သည့် လေကောင်းလေသန့်" ကို စစ်ထုတ်ဖို့ပင်။
ဂါးရက် ပြုပြင်ပြီးနောက်တွင် စစ်ထုတ်သည့်ပုံစံသည် စမ်းသပ်ပြွန်ကို ညွှန်ပြနေပြီး တစ်ချိန်တည်းမှာပင် စမ်းသပ်ပြွန်ကို သတ်မှတ်ထားသည့် အပူချိန်တစ်ခုအထိ အပူပေးရန် မှော်ပညာပုံစံတစ်ခုကို ထပ်ပေါင်းထည့်လိုက်သည်။ သူ အရင်က ဤမှော်ပညာကို မာကျူရီအောက်ဆိုဒ်ကို အပူပေးခြင်းဖြင့် တိုးတက်အောင် လုပ်ခဲ့ဖူးသော်လည်း ထိုနည်းလမ်းမှာ ကုန်ကျစရိတ်များပြီး အချိန်လည်း ကြာသည်။ ကံကောင်းစွာပင် သူသည် ပိုတက်စီယမ် ပါမန်ဂနိတ်ကို တွေ့ရှိခဲ့သည်။
သုံး..
နှစ်..
တစ်…
မီးပွားမှော်ပညာ ….
လောင်ကျွမ်း….
မီးစတင်လောင်ကျွမ်းသည့် “ချောက်” ကနဲ အသံသည် မူလက စက္ကူနှင့် သစ်ရွက်ခြောက်များကိုသာ လောင်ကျွမ်းစေနိုင်သည့် မှိန်ဖျော့ဖျော့ မီးပွါးမှော်ပညာက တဲအလယ်ရှိ ရွှံ့နွံပြင်ပေါ်တွင် ပိုမိုတောက်ပစွာ ပေါက်ကွဲထွက်လာသည်။
အလောင်းကောင်များကို ထိန်းချုပ်သည့် မှော်ဆရာပင် ဤအရာကို အံ့အားသင့်သွားသည်။ လင်ဒီသည် စာရွက်ပေါ်မှနေ၍ ခေါင်းထောင်ကြည့်လိုက်ပြီး ဂါးရက်ကို ကြည့်ကာ ဘာဖြစ်ခဲ့သည်ကို သူ့အကြည့်ဖြင့် မေးမြန်းလိုက်သည်။ ဂါးရက်က ပျော်ရွှင်စွာ ပြုံးရင်း ရောက်လာပြီး
“ကျွန်တော် မှော်ပညာတစ်ခုကို တိုးတက်အောင် လုပ်ခဲ့တယ်။ ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ ‘အပူပေးမာကျူရီမှတစ်ဆင့် လောင်ကျွမ်းမှု၏ အနှစ်သာရကို သရုပ်ပြခြင်း’ ဆောင်းပါးကို ဖတ်ပါဦး။ မြန်မြန်ဖတ် ခင်ဗျား ဖတ်ပြီးတာနဲ့ မှော်ပညာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော် ပြောပြမယ်”
ဆောင်းပါးများဖတ်ခြင်း၊ စမ်းသပ်မှုများကို လေ့လာခြင်း ထို့ပြင် ဂါးရက် ဆွဲထားသည့် မှော်ပညာပုံစံဇယားကို လေ့လာရင်း လင်ဒီက မှတ်မိရန်နှင့် တရားထိုင်ရန် ကြိုးစားခဲ့သည်။ မှော်ပညာပုံစံက မှော်ဆရာ လင်ဒီအတွက် ခက်ခဲခြင်း မရှိသော်လည်း ဆောင်းပါးကို နားလည်ခြင်း၊ လောင်ကျွမ်းခြင်း၏ နိယာမကို နားလည်ခြင်း၊ ထို့ပြင် မှော်ပညာအသစ်တစ်ခုအတွက် တွေးခေါ်မှုလမ်းကြောင်းကို ရောက်ရှိခြင်း... ဤသည်မှာမူ တော်တော်လေး စိန်ခေါ်မှုရှိခဲ့သည်။ ဂါးရက်က ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ စမ်းသပ်မှုများနှင့် ရှင်းပြမှုများ ပြုလုပ်ခဲ့သည်။ သူ့တံတွေးများပင် ခန်းခြောက်လုနီးပါး ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် လင်ဒီ နည်းနည်း နားလည်လာခဲ့သည်။
တစ်နာရီကျော်ကြာပြီးနောက် မှော်ဆရာနှစ်ဦးကို လူရိုင်းကြီးများက တစ်ဦးတစ်ဖက်စီ ဆွဲ၍ စစ်တပ်စခန်းထဲမှနေ၍ လေလိုမြန်စွာ ခိုးထွက်သွားကြပြီး သူတို့၏ မှော်ပညာများကို စမ်းသပ်ရန် စခန်း၏ အဝေးကြီးကို ဦးတည်သွားကြသည်။
မီးပွါးမှော်ပညာ….
မယုံနိုင်စရာကောင်းလောက်အောင် တောက်ပသည့် မီးပွါးများပင်။
လောင်ကျွမ်းနေသောမှော်လက်….
တောက်ပသည့် အဖြူရောင်နှင်ြ ပြင်းထန်သည့် စွမ်းအားရှိသော ကန်တော့ပုံမီးတောက်။
မီးလုံးမှော်ပညာ…
မီးလုံးကြီးက အဝေးသို့ ပျံဝဲသွားပြီး ပိုမြင့်သည့်အဆင့် မီးလုံးမှော်ပညာ၏ စွမ်းအားနှင့် ညီမျှစွာ ကောင်းကင်တွင် ပေါက်ကွဲသွားသည်။
မှော်ဆရာ လင်ဒီက မီးလုံးကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။ သူ စကားပြောနိုင်သည့်အခါ သူ၏ စကားလုံးတိုင်း တုန်ယင်နေခဲ့သည်။
“ဂါးရက် မင်း... မင်း ငါ့ကို ဘာပေးလိုက်တာလဲဆိုတာ မင်းသိလား”