← Chapters

ချီထျန်းမဟာသူတော်စင်

Vol. 98 Ch. 1367

ချီထျန်းမဟာသူတော်စင်

Vol. 98 Ch. 1367

အခန်း (၁၃၆၇) ချီထျန်းမဟာသူတော်စင်

မည်သည့်နေရာကမှန်းမသိ သူ့ကို တိတ်တဆိတ်စူးစိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

ထို့နောက် သူ ဖန်းယွင်ရှန်ကို လှမ်းကြည့်လိုက်သည်။

သူတို့နှစ်ယောက် အချင်းချင်း ကောင်းကောင်းနားလည်ကြသည်ဖြစ်ရာ စကားပြောဆိုနေစရာ မလိုအပ်ခဲ့ပေ။

ဖန်းယွင်ရှန်းက...

“အရင်တုန်းက အဲဒီအသံကို ကျွန်မ မကြားရဘူး ၊ ဒါပေမဲ့ အခု ကျွန်မ မြင်ရပြီ”

ရန်ကျောက်ကဲက...

“ငါတို့ ပထမအလွှာစည်းတံဆိပ်ရဲ့ အတွင်းပိုင်းကို ရောက်နေပြီ ၊ ဒီစည်းတံဆိပ်က ငါတို့ တစ်ဖက်လူနဲ့တွေ့ဆုံမှာကို ဟန့်တားထားတာမျိုး မရှိဘူး”

ပဲ့တင်ထပ်ထွက်ပေါ်နေသည့် အော်ဟစ်သံ ပျောက်ကွယ်သွားရခြင်းမှာ အသံရင်းမြစ်မှ အော်ဟစ်သံ ရပ်တန့်သွားသောကြောင့် မဟုတ်ပေ။

ဤနေရာတွင် အသံရင်းမြစ်က ဖိနှိပ်ခံထားရသည့်အရာမျိုး မဟုတ်ဘဲ ၊ ဒေါသဖြင့်ပြည့်နေသည့် မဆုတ်မနစ်သော အငွေ့အသက်က ဗလာနယ်ထဲတွင် ပုံသဏ္ဌန်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်၏။

မူလပိုင်ရှင်ကသာ အရေးမစိုက်လျှင် ထိုအရာက ဤနေရာတွင် ထာဝရတည်ရှိနေမည် ဖြစ်သည်။

သို့ဖြစ်ရာ ဤနေရာတွင် ဖိနှိပ်ခံထားရသူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအား သတိထားမိသွားပြီး သူတို့ထံ အာရုံစိုက်လိုက်သည့်အခါ အသံက သဘာဝအတိုင်း ပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။

အကြင်နာကင်းမဲ့ပြီး ရက်စက်ကြမ်းတမ်းသည့်အကြည့်က အခြားသူများအား ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက စိတ်စွမ်းအားမြှင့်တင်လိုက်ပြီး တောင်အတွင်းပိုင်းဆီသို့ ဆက်လျှောက်သွားကြသည်။  သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း တစ်စုံတစ်ခု ခံစားမိသည့်အတွက် တပြိုင်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။

ကြေးမုံမှန်ပမာရှိသော မျက်ဝန်းတစ်စုံက သူတို့အား စူးစိုက်ကြည်နေကြောင်း တွေ့လိုက်ရလေသည်။

ထိုအကြည့်က မျက်စိဖြင့်မြင်နိုင်သည့်အရာမဟုတ်ဘဲ စိတ်ဖြင့်သာ အာရုံခံနိုင်သည့်အရာ ဖြစ်သည်။

ထိုအကြည့်က အဆုံးမရှိသော အမှောင်ထုအား ထွင်းဖောက်ထိုးထွက်လာသည့် ကြေးမုံမှန်အလင်းရောင်ပမာ ဖြစ်သည်။ ထိုအလင်းရောင်မှ မည်သည့်အရာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအကြည့်ဖြင့် စူးစိုက်ကြည့်ခြင်းခံရသည့်အခါ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းမှာ ခန္ဓာကိုယ်များ ထုံကြဉ်လာသလိုပင် ခံစားလိုက်ကြရသည်။

ဤခံစားမှုက လက်တွေ့နှင့် အိပ်မက်ကြား မည်သည့်အရာများ ဖြစ်ပျက်နေမှန်းမသိရသည့် အခြေအနေတွင်ရှိပြီး အရာအားလုံး ဆက်တိုက်ပြောင်းလဲလျှက် ရှိသည်။

ထိုအကြည့်က သူတို့နှစ်ယောက်၏ နတ်ဘုရားခန္ဓာများကို အရေးမစိုက်ဘဲ သူတို့၏စိတ်ဝိညာဉ်များကို တိုက်ရိုက်ထိခိုက်စေကာ သူတို့၏စိတ်များကို ဗလာကျင်းသွားစေသည်။

ထိုသို့မဟုတ်ပါက ထိုအကြည့်က သူတို့၏စိတ်ဝိညာဉ်များကို အရေးမစိုက်ဘဲ ရုပ်ခန္ဓာများကို ထိခိုက်စေမည်ဖြစ်လေရာ သူတို့၏ခန္ဓာကိုယ်များ လှုပ်ရှား၍ရနိုင်မည် မဟုတ်တော့ပေ။

ရန်ကျောက်ကဲမျက်ဝန်းထဲမှ ပရမ်းပတာဖြစ်စဉ်များက ကျယ်ပြန့်လာပြီး ဖန်းယွင်ရှန်း မျက်ဝန်းထဲမှ နက်ပြာရောင်နတ်ဆိုးချီစွမ်းအားက ဗလာအတိ အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

ခံစားချက်များ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြောင်းလဲသွားပြီးနောက် နောက်ဆုံး သူတို့နှစ်ယောက်လုံး၏ စိတ်ဝိညာဉ်ရော ရုပ်ခန္ဓာပါ ပြန်လည်တည်ငြိမ်အောင် ကြိုးစားနိုင်ခဲ့ကြသည်။

ကြေးမုံမှန်အလင်းကဲ့သို့သောအကြည့်က နှောက်ယှက်ရန် မကြိုးစားတော့ဘဲ ရုတ်တရက်ပင် အကြည့်ကို ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။

ထို့နောက် ကောင်းကင်ထက်မှ အရိပ်တစ်ခု ဆင်းသက်လာပြီး သူတို့နှစ်ယောက်ရှေ့သို့ ရောက်ရှိလာသည်။

ထိုသူ၏ပုံစံကို သေချာတွေ့မြင်လိုက်ရသည်နှင့် ရန်ကျောက်ကဲ စိတ်မထိန်းနိုင်ဘဲ နှုန်ခမ်းများပင် တုန်ယင်သွားရသည်။

ထိုသူ၏ခန္ဓာကိုယ်က အလွန်ကြီးမားခြင်း မရှိသော်လည်း နေရာတွင် ဝပ်နေလျှင်ပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အသွင်အပြင်ရှိလေသည်။

သူ့ပုံစံက ကောင်းကင်ကိုပင် ထမ်းထားနိုင်သည့်အလားဖြစ်ပြီး သူ၏ခြေထောက်များက ငရဲပြည်မှ ဝိညာဉ်မြစ်ကို နင်းထားသည့်ပမာ ၊ သူ၏ဦးခေါင်းက ကောင်းကင်ကိုးထပ်သည့် ထိုးဖောက်သွားသည့်ပမာ ထင်မှတ်ရသည်။

သူ၏မျက်နှာက အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး မျောက်တစ်ကောင်နှင့် ဆင်တူသည်။

သူက ဇာမဏီအမွှေးတပ်ဆင်ထားသည့် ခရမ်းရွှေရောင်သရဖူကိုဆောင်းထားပြီး ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။

ခြေထောက်တွင် ကြာပန်းပိုးထည်ဖြင့်ပြုလုပ်ထားသော တိမ်လွှာခြေနင်းကိုစီးထားပြီး လက်ထဲတွင် တုတ်တစ်ချောင်းကိုင်ဆောင်ထားသည်။

ယခု သူက ရန်ကျောက်ကဲနှင် ဖန်းယွင်ရှန်းတို့ (၂)ယောက်ကို စူးစိုက်ကြည့်နေသည်။

မည်သည့်စည်းမျဉ်းဥပဒေနှင့်မှ ထိန်းချုပ်နိုင်မည်မဟုတ်သော ရွှေရောင်အမွှေးရှိသည့် ရက်စက်ကြမ်းတမ်းသော မျောက်မင်းကိုတွေ့ရသည့်အခါ ၊ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းထားပြီးသည့်တိုင် ရန်ကျောက်ကဲ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ပေ။

သူတို့ရှေ့တွင် ထွက်ပေါ်လာသူမှာ ဒဏ္ဍာရီလာမျောက်ဘုရင် ‘ချီထျန်းမဟာသူတော်စင်’ စွန်းဝူခုန်းပင် ဖြစ်သည်။

သို့သော် ဤနေရာတွင် စွန်းဝူခုန်း ရှိနေသည်ဆိုပါက အပြင်ဘက်တွင်ရှိနေသော တိုက်တိုင်းအောင်ဗုဒ္ဓက မည်သူပါနည်း။

တခြားတစ်ယောက်က တိုက်တိုင်းအောင်ဗုဒ္ဓအဖြစ် ဟန်ဆေင်ထားခြင်းလား ၊ သို့မဟုတ် ယခု သူတို့ရှေ့တွင်ရှိနေသော မျောက်မင်းက အတုအယောင် ဖြစ်နေသည်လား။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်၏မျက်ဝန်းများကို တစ်ယောက်ကြည့်ရင်း မရောရာမှုများကို ဖယ်ရှားနိုင်ခဲ့ကြသည်။

ထိုအချိန် ရက်စက်ကြမ်းတမ်းဟန်ရှိသောမျောက်မင်းက စကားစတင်ပြောဆိုလိုက်သည်။

“ယွိချင်အဆက်အနွယ်တပည့်တစ်ယောက်နဲ့ နတ်ဆိုးရဲ့ဆက်ခံသူတစ်ယောက်လား...”

ထို့နောက် သူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ထူးဆန်းလိုက်တာ... ထူးဆန်းလိုက်တာ”

မျောက်မင်းက ဖန်းယွင်ရှန်းကိုကြည့်လိုက်ပြီး...

“ရုတ်တရက်ကြည့်ရင်တော့ မင်းက နတ်ဆိုးရဲ့ဆက်ခံသူလို့ ထင်ရတယ် ၊ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ယွိချင်အဆက်အနွယ်နဲ့ ထိုက်ချင်အဆက်အနွယ်က ဆင်းသက်လာတာလို့ အာရုံခံမိနေတယ်”

သူက ရန်ကျောက်ကဲဘက်လှည့်ကြည့်လိုက်ပြီး...

“မင်းက ပိုပြီးထူးဆန်းတာပဲ... နေဦး... မင်းက စန်းချင်း(၃)ပါး ကျင့်စဉ်တွေကို တပြိုင်တည်းကျင့်ကြံနေတာလား”

မျောက်မင်းက ရုတ်တရက် ရယ်မောလိုက်ပြီး...

“စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာပဲ”

ရယ်သံမရပ်တန့်ခင်မှာပင် မျောက်မင်း ရုတ်တရက် အံ့အားသင့်သွားပြီ အော်ဟစ်လိုက်သည်။

“မင်းက အတော်ထူးဆန်းတာပဲ”

ခဏအတွင်း သူ၏မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး နောက်ဆုံး သူ၏မူလအမူအရာဖြစ်သော ရှုပ်ထွေးသည့်အကြည့်များအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ရန်ကျောက်ကဲအား စူးစိုက်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

“သူ ဘာကိုများ သတိထားမိသွားတာလဲ”

ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

သို့သော် မျက်နှာအမူအရာက မပြောင်းလဲဘဲ မျောက်မင်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ကျွန်တော်က ယွိချင်အဆက်အနွယ်တပည့် ရန်ကျောက်ကဲပါ ၊ ဒီမိန်းကလေးကတော့ ကျွန်တော့်ဇနီးဖြစ်သလို ဂိုဏ်းတူညီမလေးလည်း ဖြစ်ပါတယ် ၊ သူက အကြောင်းအမျိုးမျိုးကြောင့် ငရဲကိုးထပ်က မဟာနတ်ဆိုးရဲ့တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားပါတယ် ၊ ဒါပေမဲ့ သူက နတ်ဆိုးဆက်ခံသူတော့ မဟုတ်ပါဘူး”

သူက ဆက်ပြီးမေးမြန်းလိုက်သည်။

“ခင်ဗျားက ဘယ်သူများလဲ”

ရန်ကျောက်ကဲ၏မေးခွန်းကိုကြားတော့ မျောက်မင်းက ခေါင်းမော့ကာ ရယ်မောလိုက်ပြီး...

“ငါ ဒီတောင်ထဲမှာပိတ်မိနေတာ ဘယ်လောက်ကြာနေပြီလဲ မသိဘူး ၊ အခု အငယ်တန်းတပည့်တစ်ယောက်ကတောင် လောင်စွန်းကို မမှတ်မိတော့ဘူးပေါ့”

မျောက်မင်း သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုသည်ကို ကြားရသည့်အခါ ရန်ကျောက်ကဲက ချက်ချင်းပင် ပြောလိုက်သည်။

“အရှေ့ဘက်ကုန်းမြေက ထိပ်တန်းနတ်ဘုံဖြစ်တဲ့ အောက်လိုင်ပြည် ၊ ပန်းမာလ်သစ်သီးတောင် ၊ ရေလိုက်ကာလိုဏ်ဂူရဲ့ အရှင်သခင် ၊ ချီထျန်းမဟာသူတော်စင် မျောက်မင်း’စွန်းဝူခုန်း’ မဟုတ်လား”

ထိုစကားကိုကြားတော့ မျောက်မင်းက ပြုံးလိုက်ပြီး...

“အိုး... ဒါဖြင့် မင်း ငါ့ကို မှတ်မိသေးသားပဲ ၊ ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ”

ရန်ကျောက်ကဲက ခဏမျှ တိတ်ဆိတ်သွားပြီးမှ...

“ဘာလို့လဲဆိုတော့ မကြာခင်ကပဲ ကျွန်တော် တခြား ချီထျန်းမဟာသူတော်စင်တစ်ယောက်ကို တွေ့ခဲ့ရလို့ပါ”

ရန်ကျောက်ကဲ၏စကားကိုကြားသည်နှင့် မျောက်မင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ကိုစူးစိုက်ကြည့်လိုက်သည်။

ထိုမျက်ဝန်းများထဲမှ အဆုံးမရှိသော အဆိပ်ပြင်းသည့်ရက်စက်ကြမ်းတမ်းမှုများ ထွက်ပေါ်လာကာ တောင်မြင့်ကြီးပင် တုန်လှုပ်သွားသည့်ပမာ ထင်မှတ်ရသည်။

“သူက ဒီတောင်ရဲ့အပြင်ဘက်မှာ ရောက်နေတာလား”

မျောက်မင်းက ဒေါသမထိန်းနိုင်ဘဲ သူ၏ခန္ဓာကိုယ်အား အလျှင်အမြန် ကြီးထွားစေလိုက်ရာ နယ်ခြားတောင်တစ်ခုလုံး ငလျင်လှုပ်သည့်ပမာ ခါရမ်းသွားရသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ချက်ချင်းပင် ဟန်ချက်ညီအောင်ထိန်းလိုက်ရပြီး နောက်သို့ဆုတ်ခွာလိုက်သည်။

ဒေါသထွက်နေသော မျောက်မင်း၏မျက်ဝန်းများထဲတွင် အနီရောင်သွေးကြောများထင်ဟပ်လာပြီး သူ၏ခန္ဓာကိုယ်သည်လည်း နေမင်းထက်ပင် ပိုမိုမြင့်မားသွားကာ ကောင်ကင်ကို ထိုးဖောက်တော့မည့်အလား ထင်မှတ်ရသည်။

သို့သော် နဂိုက မရှိသလိုထင်ရသည့် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာကာ နယ်ခြားတောင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

စကြာဝဠာနဂါးငွေ့တန်းထက်ပင် ပိုမိုတောက်ပသည့် မြူခိုးများက နယ်ခြားတောင်ကိုပိတ်ဆို့လိုက်ပြီး ဒေါသထွက်နေသည့်မျောက်မင်းကို ဖိနှိပ်ထားလိုက်သည်။

မျောက်မင်း၏ခန္ဓာကိုယ်က လျှင်မြန်စွာပင် ပြန်လည်သေးငယ်သွားပြီး မြူခိုးများ၏ဖိနှိပ်မှုကြောင့် နောက်သို့လွင့်စင်သွားကာ တောင်‌စောင်းမှ ကျောက်တုံးများဖြင့် ရိုက်မိသွားသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အနီးကပ်ကြည့်လိုက်တော့ ထို ကျောက်တုံးများအလယ်တွင် ထင်ရှားခြင်းမရှိသည့် ဝိညာဉ်ကျောက်တုံးတစ်တုံး စိုက်ထူထားကြောင်း တွေ့လိုက်ရသည်။

ကျောက်တုံတစ်ဝက်က အပြင်ဘက်သို့ထွက်နေပြီး ကျန်တစ်ဝက်က တောင်ထဲတွင် နစ်မြုပ်နေသည်။

မျောက်မင်း၏ပုံရိပ်က ကျောက်တုံးငယ်ထဲသို့ အတင်းအကျပ် ပြန်ဝင်သွားပြီး သူက ပြန်ထွက်လာရန် ထပ်မံကြိုးစားသည့်တိုင် ပိတ်ဆို့ထားခြင်း ခံလိုက်ရသည်။

လွတ်မြောက်ရန် အကြိမ်ကြိမ်ကြိုးစားသည့်တိုင် အရာမထင်သော်လည်း မျောက်မင်းက အလျှော့ပေးခြင်းမရှိဘဲ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။

ဟိန်းဟောက်သံထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းမှာ မခံရပ်နိုင်စွာ နားများကိုပိတ်လိုက်သည့်တိုင် ထိုအသံကြောင့် နားစည်များကွဲတော့မတတ် ခံစားလိုက်ရသည်။

“အတော်လေး တန်ခိုးစွမ်းအားမြင့်မားတာပဲ ၊ အချိန်အကြာကြီး ချိတ်ပိတ်ခံထားရလို့ တန်ခိုးစွမ်းအားအသုံးမပြုတာ အရမ်းကြာနေတာတောင် ဒီလောက် ရှုပ်ထွေးတဲ့အခြေအနေမျိုး ဖန်တီးနိုင်သေးတယ်”

ရန်ကျောက်ကဲတွေးလိုက်သည်။

ယခု သူ သဘောပေါက်သွားပြီဖြစ်သည်။

သူတို့ရှေ့တွင်ပေါ်လာသည့်မျောက်မင်းက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။

တောင်စောင်းမှ ကျောက်တုံးများကြားတွင်ရှိနေသော ဝိညာည်ကျောက်တုံးကသာ ချိတ်ပိတ်ခံထားရပြီးနောက် မျောက်မင်း၏မူလပုံစံ ဖြစ်လေသည်။

“စောစောက ကျွန်‌တော် မရောရာတဲ့စကားတွေ ပြောခဲ့မိတာ မဟာသူတော်စင် ခွင့်လွှတ်ပေးစေချင်ပါတယ်”

ရန်ကျောက်ကဲက စကားဆိုလိုက်သည်။

“အပြင်မှာရှိနေတဲ့သူကို... ချီထျန်းမဟာသူတော်စင်လို့ မခေါ်ကြတော့ပါဘူး ၊ လူအများစုက သူ့ကို ‘တိုက်တိုင်းအောင်ဗုဒ္ဓ’ လို့ပဲ ခေါ်ကြတော့တယ်”

စွန်းဝူခုန်းက ဒေါသတကြီးဖြင့် ဆဲရေးလိုက်ပြီး...

“အဲဒီ တိုက်တိုင်းအောင်ဗုဒ္ဓဆိုတာ ဘာ သောက်အဓိပ္ပါယ်မဲ့တဲ့ဟာလဲ”

ရန်ကျောက်ကဲက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားလိုက်မိပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ပြောပြလိုက်သည်။

“ဟုတ်ပါတယ်... ခင်ဗျားက ဘုန်းတော်ကြီး’စန်းကျန့်’ ကို ကာကွယ်ပေးပြီး ဗုဒ္ဓကျမ်းစာတွေ ပင့်ဆောင်နိုင်ဖို့ ကူညီပေးခဲ့တယ် ၊ ပြီးတော့ အရှေ့တိုင်းမှာ ဗုဒ္ဓဘာသာကို ပျံ့ပွားစေခဲ့တယ် ၊ အဲဒါကြောင့် အလယ်ပိုင်းသုခဘုံ ဖွံ့ဖြိးတိုးတက်လာခဲ့တယ် ၊ နောက်ဆုံးမှာတော့ ခင်ဗျားကိုယ်တိုင် တရားအလင်းရရှိပြီး ဗုဒ္ဓဖြစ်သွားခဲ့....”

သူ့စကားမဆုံးခင်မှာပင် မျောက်မင်းက ကြားဖြတ်ပြီး အော်ဟစ်လိုက်၏။

"အဓိပ္ပါယ်မရှိဘူး... ငါက ဘယ်တုန်းက ဗုဒ္ဓဖြစ်သွားတာလဲ”

မျောက်မင်း၏ စကားဖြတ်ပြောမှုကြောင့် ရန်ကျောက်ကဲက မကျေမနပ်ဖြစ်မသွားဘဲ ချက်ချင်းပင် မေးမြန်းလိုက်သည်။

“ဒါဆို မဟာသူတော်စင်က ဗုဒ္ဓကျမ်းစာတွေပင့်ဆောင်ပြီး ဗုဒ္ဓဖြစ်ပြီးတဲ့နောက်မှ ဒီမှာပြန်ပြီး ချိတ်ပိတ်ခံလိုက်ရတာလား”

All Chapters