အနောက်သို့ခရီးသွားမှတ်တမ်းတိုက်ပွဲ
Vol. 98 Ch. 1368
အခန်း (၁၃၆၈) အနောက်သို့ခရီးသွားမှတ်တမ်းတိုက်ပွဲ
“ကျမ်းစာပင့်တယ်... ဗုဒ္ဓဖြစ်လာတယ်... တရားအလင်းရတယ်... ဟုတ်လား”
ထိုစကားများကိုကြားတော့ မျောက်မင်းက ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်သည်။ သို့သော် ရယ်သံထဲတွင် ဒေါသနှင့် မကျေနပ်မှုများ ပြည့်နက်နေသည်။
“ဗုဒ္ဓဘာသာရဲ့ တရားအလင်းရတယ်ဆိုတာ ဘယ်လောက်များ တန်ဖိုးရှိလို့လဲ”
သူက အသံများပြာသွားသည်အထိ အော်ဟစ်လိုက်သည်။
“ငါ့မျက်လုံးထဲမှာတော့ အလကားပဲ ၊ လူလိမ်တွေ... ငါ့ကို အစကတည်းက လှည့်စားခဲ့ကြတာ”
“အနောက်ဒေသက ဗုဒ္ဓဘာသာ အရှေ့ဘက်ကို ပျံ့နှံ့လာပြီး ဗုဒ္ဓရဲ့အဆုံးအမတွေ တစ်လောကလုံးကို ပျံ့နှံ့သွားတာ... ဘာများ ကောင်းကျိုးပြုတာ ရှိလို့လဲ ၊ ကောင်းကျိုးပြုတယ်ဆိုရင်တောင် ငါ့ညီအစ်ကိုတွေရဲ့အသက်တွေအပေါ်မှာနင်းပြီး ရယူခဲ့တဲ့ကောင်းကျိုးကို ဘယ်သူက တန်ဖိုးထားနေမှာလဲ”
ထိုစကားများကိုကြားသည်နှင့် ရန်ကျောက်ကဲ အတွေးနက်နဲသွားတော့သည်။
ဖန်းယွင်ရှန်းက မနေနိုင်ဘဲမေးလိုက်၏။
“မဟာသူတော်စင်... ရှင်က ဒီနေရာမှာရှိနေတာဆိုတော့... အပြင်မှာရှိနေတဲ့ ‘တိုက်တိုင်းအောင်ဗုဒ္ဓက ‘နားရွက်ခြောက်ဖက်မျောက်’ လား”
ဒြပ်စင်ငါးပါးတောင်သို့ ခရီးထွက်ရမည်ဟု သိရှိလိုက်သည်နှင့် ဖန်းယွင်ရှန်းက အလယ်ခေတ် အနောက်သို့ခရီးသွားမှတ်တမ်းနှင့်ပတ်သက်သော ဗဟုသုတများကို အလျှင်အမြန်ပင် လေ့လာထားခဲ့သည်။
ခေတ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်လေရာ သမိုင်းမှတ်တမ်းအများစုမှာ ပါးစပ်ရာဇဝင်အဖြစ်သာ ကျန်ရစ်ကြတော့သည်။ သို့သော် ရှေးခေတ်အချိန်က မျောက်မင်း အတုနှင့်အစစ် ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးကြောင်း ဖန်းယွင်ရှန်း သိရှိခဲ့သည်ပင်။
ထိုဇာတ်လမ်းအရ အနောက်ဘက်သို့ ကျမ်းစာပင့်ခရီးတွင် ဇာစ်မြစ်မသိသော နားရွက်ခြောက်ဖက်ရှိသည့် မျောက်တစ်ကောင်က ချီထျန်းမဟာသူတော်စင် မျောက်မင်း ‘စွန်းဝူခုန်း’ အဖြစ် ဟန်ဆောင်ကာ ကြီးမားသော ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။
ထိုစဉ်အချိန်က မျောက်မင်းအတုနှင့်အစစ်ကို မည်သူမှ ခွဲခြားနိုင်ခြင်း မရှိခဲ့ပေ။
လင်စန်းတောင်မှ တထာဂတဿဗုဒ္ဓ ရောက်ရှိလာပြီး အတင်းအကျပ်ဖိအားပေးမှသာ ‘နားရွက်ခြောက်ဖက်မျောက်’ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး စွန်းဝူခုန်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယခု ဤနေရာတွင်ရှိနေသောမျောက်မင်းမှာ အမှန်တကယ်ပင် ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ ဖြစ်သည်ဆိုပါက ၊ အပြင်ဘက်တွင် ဗုဒ္ဓဘာသာ၏အဆင့်အတန်းတစ်ခုကိုရရှိထားသော ‘တိုက်တိုင်းအောင်ဗုဒ္ဓ’ ဆိုသည်က မည်သူဖြစ်ပါသနည်း။
ဖန်းယွင်ရှန်းက...
“မျောက်မင်းက အစကတည်းက ဒီမှာဖိနှိပ်ခံထားရပြီး နားရွက်ခြောက်ဖက်မျောက်က အခွင့်ကောင်းယူပြီး မျောက်မင်းနေရာမှာ အစားထိုးဝင်ရောက်နေတာလား”
သူမ၏မေးခွန်းကို မျောက်မင်းက ဖြေကြားခြင်းမပြုသော်လည်း သူ၏ခံစားချက်ပြင်းထန်နေမှုများကတော့ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
“တိုက်တိုင်းအောင်ဗုဒ္ဓ ၊ တိုက်တိုင်းအောင်ဗုဒ္ဓ... ဒီကောင်က ဗုဒ္ဓဘာသာရဲ့အသီးအပွင့်ကိုရရှိပြီး ဗုဒ္ဓဖြစ်သွားပြီဆိုတော့... သူတို့အောင်မြင်သွားပြီပေါ့”
မျောက်မင်းက တီးတိုးရေရွတ်လိုက်သည်။
“အနောက်ဒေသက ဗုဒ္ဓအဆုံးအမတွေ အရှေ့တိုင်းကိုပျံ့နှံ့သွားပြီး အလယ်ပိုင်းသုခဘုံ ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတော့... ဗုဒ္ဓဘာသာ ကြီးထွားလာခဲ့တာပဲ... သူတို့တွေ တကယ်ပဲ အောင်မြင်သွားကြပြီပေါ့”
အတန်ကြာမှ သူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ခေါင်းမော့ကြည့်လိုက်ပြီး...
“ကလေးတို့... လောင်စွန်း ဒီမှာပိတ်မိနေတာကြာပြီဆိုတော့ ပြင်ပလောကအကြောင်း သိပ်မသိတော့ဘူး ၊ အနောက်ဒေသခရီးစဉ်နဲ့ ကျမ်းစာပင့်တဲ့ကိစ္စ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ငါ့ကိုပြောပြစမ်းပါ”
ခဏနားပြီးနောက် မျောက်မင်းက ထပ်ဖြည့်ပြောလိုက်သည်။
“မင်းတို့ကြားဖူးသမျှအကုန်လုံး အစကနေ ပြန်ပြောပြစမ်းပါ ၊ ငါ ဘုန်းတော်ကြီး’စန်းကျန့်’ နဲ့ စတွေ့တဲ့အချိန်ကနေစပြီး ပြောပြပေးပါ”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်း အလွန်အံ့အားသင့်သွားပြီး ရန်ကျောက်ကဲကိုလှမ်းကြည့်လိုက်သည်။ ရန်ကျောက်ကဲ အတွေးထဲနစ်မျောနေသည်ကိုတွေ့တော့ သူမက ခဏမျှစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒီတပည့်သိတာ အရမ်းနည်းပါတယ် ၊ ဒါကြောင့် မဟာသူတော်စင်ကို လမ်းမှားရောက်သွားအောင်လုပ်မိမှာ စိုးရွံ့မိပါတယ်”
ထို့နောက် ဖန်းယွင်ရှန်းက သူမသိရှိထားသည့် တိကျမှုရှိသော ဒဏ္ဍာရီအချို့ကို ရွေးချယ်ပြီး မျောက်မင်းအား ပြောပြလိုက်သည်။
ဖန်းယွင်ရှန်းပြောသည်များကိုနားထောင်ရင်း မျောက်မင်း၏မျက်လုံးများ ပိုမိုပြူးကျယ်လာကာ အသံထွက်သည်သည်အထိ သွားများကိုကြိတ်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာ စိတ်ခံစားချက်များကို မနည်းထိန်းချုပ်နေရသလိုပင်။
အနောက်သို့ ကျမ်းစာပင့်ခရီးစဉ် ပြီးပြည့်စုံစွာအောင်မြင်ခဲ့ပြီး ကျမ်းပင့်ဘုန်းတော်ကြီးက ‘စန္ဒကူးဗုဒ္ဓ’ အဖြစ်သို့ရောက်ရှိခဲ့ပြီး စွန်းဝူခုန်းကတော့ ‘တိုက်တိုင်းအောင်ဗုဒ္ဓ’ အဖြစ်သို့ ရောက်ရှိခဲ့သည်။
နောက်ဆုံး ရှည်လျားသည့် ခေတ်အဆက်ဆက်ကိုဖြတ်ကျော်ခဲ့ပြီး လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားခဲ့သည်။
ထိုအကြောင်းများကိုနားထောင်ရင်း မျောက်မင်းက ကျယ်လောင်သည့် ကြုံးဝါးသံကြီးတစ်သံ ပြုလုပ်လိုက်သည်။
ထိုအသံထဲတွင် ဒေါသများပါဝင်နေသလို ဝမ်းနည်ကြေကွဲခြင်းများလည်း ပြည့်နက်နေသည်။
အချိန်အတန်ကြာမှာ သူ၏မျက်နှာထက် စိတ်မကောင်းသည့်အရိပ်အယောင်များထင်ဟပ်လာကာ သက်ပြင်းရှည်တစ်ချက်ချလိုက်၏။
ဖန်းယွင်ရှန်းက စကားပြောခြင်းကိုရပ်တန့်လိုက်သည်။
ထိုအချိန် ယခင်က တိတ်ဆိတ်နေသော ရန်ကျောက်ကဲက ရုတ်တရက် မေးမြန်းလိုက်သည်။
“မဟာသူတော်စင်... နောင်တရနေတာလား”
“ဘာကိုနောင်တရမှာလဲ”
မျောက်မင်း၏ ဒေါသမီးလျှံများ ပြန်လည်ထွက်ပေါ်လာကာ အော်ဟစ်ပြောဆိုလိုက်သည်။
“ငါသာ ဗုဒ္ဓအဖြစ်ကို တပ်မက်တယ်ဆိုရင်... ဒီတောင်အောက်မှာတောင် ပိတ်မိနေမှာမဟုတ်ဘူး”
ဖန်းယွင်ရှန်း အံ့အားသင့်သွားပြီး...
“တောင်အောက်မှာဖိနှိပ်တာခံရပြီးကတည်းက... မဟာသူတော်စင်က ဒီ ဒြပ်စင်ငါးပေါင်းတေင်ထဲက လုံးဝမထွက်ရသေးဘူးလား”
ထိုသို့ဆိုလျှင် နားရွက်ခြောက်ဖက်မျောက် ထွက်ပေါ်မလာခင်ကတည်းကပင် မျောက်မင်းအသွင်ဟန်ဆောင်ပြီး ဘုန်းတော်ကြီး’စန်းကျန့်’ ကို အနောက်ဒေသသို့ လိုက်ပါပို့ဆောင်ခဲ့သော စွန်းဝူခုန်းက မည်သူပါနည်း။
နောက်ဆုံး တိုက်တိုင်းအောင်ဗုဒ္ဓအဖြစ် ရောက်ရှိခဲ့သူက မည်သူပါနည်း။
သို့မဟုတ် ယခု သူတို့ရှေ့တွင်ရှိနေသောမျောက်မင်းက အတုအယောင်ဖြစ်ပြီး သူတို့ကိုလှည့်ဖြားနေခြင်းလား။
ဖန်းယွင်ရှန်း ကျောရိုးထဲ စိမ့်သွားသည့်ပမာ ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူ့ရှေ့တွင်ရှိသော မျောက်မင်းကို စူးစိုက်ကြည့်နေပြီး သူ၏အကြည့်များထဲမှ စူးစမ်းလိုစိတ်ကို ဖုံးကွယ်မထားခဲ့ပေ။
မျောက်မင်းက သူ့ကိုလှမ်းကြည့်ပြိး နှာတစ်ချက်မှုတ်လိုက်သည်။
“ငါက အဲဒီလိုမဖြစ်ချင်ပေမယ့် ဖြစ်ချင်တဲ့သူတစ်ယောက် ရှိနေတယ်လေ ၊ တကယ်တော့ အဲဒီလူက ငါပဲဖြစ်ပြီး ငါကလည်း အဲဒီလူပါပဲ ၊ ဒါပေမဲ့ သူလုပ်ခဲ့တဲ့အလုပ်မျိုး ငါကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒီနေရာမှာ နောက်ထပ် နှစ်ပေါင်း သိန်းနဲ့သောင်းနဲ့ချီပြီး ထပ်ပြီးဖိနှိပ်ခံရမယ်ဆိုရင်တောင် ငါပြောမယ့်စကားက ပြောင်းလဲမှာမဟုတ်ဘူး”
မကျေမချမ်း အံတကြိတ်ကြိတ်ဖြစ်နေသော မျောက်မင်းကိုကြည့်ရင်း ရန်ကျောက်ကဲက ရုတ်တရက် ပြောလိုက်သည်။
“ဒါဖြင့် အရင်တုန်းက... ခင်ဗျား နှစ်ပိုင်းကွဲသွားခဲ့တာလား”
ပိုးသားဧကရာဇ်’ဖုယွင်ချီ’ နှစ်ပိုင်းကွဲသွားသည့်ကိစ္စကို ကြုံတွေ့ခဲ့ဖူးသော ဖန်းယွင်ရှန်းက ချက်ချင်းပင် သဘောပေါက်သွားပြီး သူမအရှေ့မှ ချီထျန်းမဟာသူတော်စင်ကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက တစ်လုံးချင်းပြောလိုက်သည်။
“စွန်းရှင်ကျေက ဦးခေါင်းကိုတင်းကျပ်စေတဲ့ ရွှေခေါင်းပတ်ကိုပတ်ပြီး ဘုန်းတော်ကြီး’စန်းကျန့်’ နဲ့အတူ အနောက်ဘက်ကို ကျမ်းစာပင့်ထွက်ခွာသွားတဲ့အချိန်မှာ... ချီထျန်းမဟာသူတော်စင်ကတော့ ဒီနေရာမှာပဲ ဆက်ရှိနေခဲ့တာပေါ့”
“စွန်းရှင်ကျေ” ဆိုသည်က စွန်းဝူခုန်းပင်ဖြစ်သလို “ချီထျန်းမဟာသူတော်စင်” သည်လည်း စွန်းဝူခုန်းပင် ဖြစ်သည်။
သို့သော် “စွန်းရှင်ကျေ” ကတော့ “ချီထျန်းမဟာသူတော်စင်” မဟုတ်တော့ပေ။
“ဟား... ဟား... ဒါပေါ့... လောင်စွန်းက ဒီမှာပဲ ရှိနေခဲ့တာပေါ့”
မျောင်မင်း၏မျက်လုံးအစုံသည် ကြေးမုံမှန်ကဲ့သို့ကြည့်လင်နေပြီး ထိုမျက်ဝန်းများထဲတွင် မီးတောက်မီးလျှံများ ခုန်ပျံနေကာ မယိမ်းယိုင်သော ခိုင်မာသည့်စိတ်ဓာတ်ဖြင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲက နက်ရှိုင်းစွာတွေးတောလိုက်ရင်း...
“ဒါဖြင့် အဲဒီ နားရွက်ခြောက်ဖက်မျောက်က...”
ချီထျန်းမဟာသူတော်စင် မျောက်မင်း’စွန်းဝူခုန်း’ က တစ်ချက်ရယ်မောလိုက်ပြီး...
“တခြားကိစ္စဆိုရင်တော့ ငါမသိဘူး ၊ မင်းတို့နှစ်ယောက်ကိုတောင် ပြန်မေးရဦးမှာ ၊ ဒါပေမဲ့... အဲဒီ နားရွက်ခြောက်ဖက်မျောက်ကိုတော့ ငါသိတယ် ၊ သူ့ရဲ့တည်ရှိမှုကို ငါသိတယ် ၊ သူ ဘယ်အချိန်မှာ မွေးဖွားလာလဲဆိုတာ ငါသိတယ် ၊ ဘယ်အချိန်မှာ ပျောက်ကွယ်သွားလဲဆိုတာလည်း ငါသိတယ်”
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ သဘောပေါက်သွားကြသည်။
“စွန်းရှင်ကျေရဲ့ စိတ်ဝိညာဉ်နတ်ဆိုး...”
စွန်းဝူခုန်း နှစ်ပိုင်းကွဲသွားပြီးနောက် ဆန့်ကျင်ပုန်ကန်ရန် အခိုင်အမာဆုံးဖြတ်ထားသော ချီထျန်းမဟာသူတော်စင်က ဤတောင်အောက်တွင် ဆက်လက်ဖိနှိပ်ထားခြင်းခံရပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားခဲ့သော စွန်းရှင်ကျေကတော့ ဤနေရာမှ ထွက်ခွာသွားခဲ့သည်။
သို့ပေသိ သူတို့နှစ်ယောက်လုံးက စွန်းဝူခုန်းပင် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ထွက်ခွာသွားသော စွန်းဝူခုန်းသည်ပင် ထပ်မံ၍ စိတ်နှစ်သွယ် ကွဲပြားသွားခဲ့သေးသည်။
စိတ်မကောင်းစရာမှာ ဤအပြောင်းအလဲက နောက်ဆုံး ဖိနှိပ်ခံလိုက်ရပြီး အရာအရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ သမိုင်းသည်လည်း ဆက်လက်ရွေ့လျားသွားခဲ့သည်။
ရန်ကျောက်ကဲ သက်ပြင်းရှည်ချလိုက်ရင်း...
“ဒီကိစ္စနောက်ကွယ်မှာ ငရဲကိုးထပ်ရဲ့ အရိပ်လည်း ရှိနေနိုင်တယ် ၊ အလယ်ပိုင်းသုခဘုံနဲ့ တထာဂတဿဗုဒ္ဓ လောကကိုကျော်လွန်မှာကို နှောက်ယှက်ဖို့အတွက်ပေါ့”
ထို့နောက် သူ့ရှေ့တွင်ရပ်နေသော ချီထျန်းမဟာသူတော်စင်ကိုကြည့်ရင်း ထပ်မံမေးခွန်းထုတ်လိုက်သည်။
“အနောက်ဘက်ခရီးစဉ်က ဗုဒ္ဓဘာသာ မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်သလို နတ်မိစ္ဆာမျိုးနွယ်တွေ ကျဆင်းသွားရတဲ့ အကြောင်းရင်းလည်းဖြစ်တယ် မဟုတ်လား”
မျောက်မင်းက သူ့ကိုလှမ်းကြည့်တော့ ရန်ကျောက်ကဲ ပခုံးတွန့်ပြလိုက်သည်။
“ဒါ အမှန်ပဲလေ ၊ ဒါက ကျွန်တော်တို့ လူသားမျိုးနွယ်တွေကလွဲရင် တခြားရှေးဟောင်းမျိုးနွယ်တွေ ကျဆုံးခဲ့ရတဲ့ ကပ်ဘေးတစ်ခုပဲ မဟုတ်လား”
သူက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။
“အနောက်ဘက်ခရီးစဉ်မှာ မဟာသူတော်စင်တွေနဲ့ သူတော်စင်ငယ်တွေ ပျက်ဆီးကြွေလွင့်ခဲ့ရသလို ဖိနှိပ်ခံခဲ့ရတယ် ၊ ခင်ဗျားပြောခဲ့သလိုပဲ အဲဒီလူတွေထဲမှာ ခင်ဗျားရဲ့ ညီအစ်ကိုမောင်နှမတွေ မိတ်ဆွေဟောင်းတွေ အများကြီးပါဝင်နေတယ်”
“စွန်းရှင်ကျေက ဗုဒ္ဓဘာသာကိုပဲ စိတ်ထဲမှာစွဲကိုင်ထားပြီး အရင်ကမိတ်ဆွေတွေကို လုံးဝဂရုမစိုက်တော့ဘူး ၊ ဒါပေမဲ့ ခင်ဗျားကတော့ ဒါတွေကို ဂရုစိုက်နေတုန်းပဲ ၊ ဆိုတော့ ခင်ဗျားကိုယ်တိုင် ဒီခရီးကိုသွားခဲ့ရင်တောင် ပိုမကောင်းနိုင်ဘူးလား ၊ ခင်ဗျားသာဆိုရင် သူတို့အပေါ် ကရုဏာထားပြီး အသက်ချမ်းသာပေးနိုင်မယ်လို့ မထင်ဘူးလား”
ချီထျန်းမဟာသူတော်စင် နှာတစ်ချက်မှုတ်လိုက်ပြီး...
“ဒီကိစ္စက အဲဒီလောက်မရိုးရှင်းဘူး ၊ ငါတို့နှစ်ယောက်က သေချာပေါက် တစ်ယောက်သေမှဖြစ်မှာ”
သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း အတွေးထဲနစ်မြုပ်သွားသည်။
“ရှေးခေတ်အချိန်ကာလပြီးဆုံးတဲ့နောက် တာအိုဝါဒ စန်းချင်း(၃)ပါး လောကကို ကျော်လွန်သွားခဲ့တယ် ၊ အနောက်ဒေသက ဗုဒ္ဓဘာသာ ထွန်းကားလာပေမယ့် ရှေးဟောင်းမျိုးနွယ်တွေ အင်အားကျန်ရှိသေးတဲ့အတွက် သူတို့အုပ်စုနှစ်စုလုံး ဒီလောကရဲ့အရှင်သခင်ဖြစ်လာဖို့ ယှဉ်ပြိုင်ကြတယ်”
“ကောင်းကင်ဘုံ(၃၃)ခုကို ကျော်လွန်သွားတဲ့ နွီဝါးရဲ့ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံက အမိန့်တစ်ခု ထုတ်ပြန်ခဲ့တယ် ၊ နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ မဟာသူတော်စင်(၃၆)ပါးနဲ့ သူတော်စင်ငယ်(၇၂)ပါး ၊ စုစုပေါင်း သူတော်စင်(၁၀၈)ပါးက နွီဝါးဧကရီ ကောင်းကင်ကိုပြုပြင်တုန်းက ကျန်ရစ်ခဲ့တဲ့ ဝိညာည်ကျောက်တုံးတစ်တုံးကို ခွဲခြမ်းစိတ်ဖြာပြီး ဗုဒ္ဓဘာသာကို ခုခံဖို့အတွက် ကြီးမားတဲ့ အစီအရင်ကြီးတစ်ခု ပြုလုပ်ခဲ့ကြတယ်”
“ဝိညာဉ်ကျောက်တုံးရဲ့ အပိုင်းအစ(၁၀၈)ခုကို ကိုင်ဆောင်ထားတဲ့ မဟာသူတော်စင်တွေနဲ့ သူတော်စင်ငယ်တွေအားလုံး ပေါင်းစည်းလိုက်တာနဲ့ ဒီအစီအရင်ကို ဖျက်ဆီးတဲ့သူတိုင်း အသက်ဆုံးရှုံးရမှာပဲ”
“ဝိညာဉ်ကျောက်တုံးအပိုင်းအစတွေကို ကိုင်ဆောင်ထားတဲ့ မဟာသူတော်စင်နဲ့ သူတော်စင်ငယ်တွေကို သတ်ပစ်မယ်ဆိုရင်တောင် ကျောက်တုံးအပိုင်းအစ တစ်ခုချင်းစီက နွီဝါးရဲ့ထိုက်စုလွင်ပြင်ကောင်းကင်ဘုံကို အလိုအလျောက် ပြန်ရောက်သွားပြီး အချိန်ကြာလာတာနဲ့ အားအင်အသစ်တွေ ပြန်လည်စုစည်းလာလိမ့်မယ်”
“နွီဝါးနတ်သမီး ကောင်းကင်ကိုပြုပြင်တုန်းက စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၃)တုံး ကျန်ရစ်ခဲ့တယ် ၊ အဲဒီကျောက်တုံးတွေက ကောင်းကင် ၊ မြေကြီး ၊ လူသား ဆိုတာတွေနဲ့ ထပ်တူကျတဲ့အတွက် ကောင်းကင်အမြုတေကျောက်တုံး ၊ မြေကြီးအမြုတေကျောက်တုံးနဲ့ လူသားအမြုတေကျောက်တုံးလို့ ခေါ်ကြတယ် ၊ အဲဒီအစီအရင်ကြီးအတွက် အသုံးပြုတဲ့ကျောက်တုံးကတော့ ‘လူသားအမြုတေကျောက်တုံး’ ပဲ”
“လူသားအမြုတေကျောက်တုံးကို ဖျက်ဆီးချင်တယ်ဆိုရင် မြေကြီးအမြုတေကျောက်တုံးကို အသုံးပြုမှပဲ ရလိမ့်မယ်”
မျောက်မင်းက တည်ငြိမ်စွာဖြင့် တောင်စောင်းတွင် စိုက်ထူထားသည့် ကျောက်တုံးကို ညွှန်ပြလိုက်သည်။
“ဒီကျောက်တုံးက မြေကြီးအမြုတေကျောက်တုံးပဲ ၊ ငါ့ရဲ့ဇာစ်မြစ်ဖြစ်သလို ငါ့ရဲ့ဇာတိလည်း ဖြစ်တယ်”