မျောက်မင်း၏ဒေါသ
Vol. 98 Ch. 1369
အခန်း (၁၃၆၉) မျောက်မင်း၏ဒေါသ
“လူသားအမြုတေကျောက်တုံးကို ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ နတ်မိစ္ဆာကျင့်ကြံသူတွေ ထိန်းချုပ်ထားကြတဲ့အတွက် အဲဒီအစီအရင်ကို ဖျက်ဆိးချင်တယ်ဆိုရင် အခွင့်အလမ်း နည်းနည်းပဲရှိတယ်”
“အဲဒီ ကောင်းကင်နတ်ဘုရားအဆင့်နဲ့ အဲဒီအောက်အဆင့်ရှိတဲ့သူတွေက ငါသတ်တာခံရရင်ဖြစ်စေ ဒါမှမဟုတ် ကြောက်ရွံ့ပြီးတော့ သူတို့ကိုယ်တိုင် လူသားအမြုတေကျောက်တုံးအပိုင်းအစကို လက်လွှတ်လိုက်ရင်ဖြစ်စေ အဲဒီလူသားအမြုတေကျောက်တုံးအပိုင်းအစတွေက နွီဝါးနတ်သမီးရဲ့ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံကို ပြန်ရောက်မသွားနိုင်တော့ဘဲ အစီအရင်ပျက်သွားလိမ့်မယ်”
ထိုစကားများကိုပြောနေစဉ် မျောက်မင်း၏ မျက်နှာအမူအရာက မပြေပျောက်နိုင်သော ဒေါသကို ခံစားနေရဟန် ရှိသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အတိတ်အဖြစ်အပျက်များက သူတို့ကို အံ့အားသင့်စေခဲ့သော်လည်း ထိုခဏတွင် သူတို့နှစ်ယောက်လုံး အကြောင်းအရာတစ်ခုကို စဉ်းစားလိုက်မိကြသည်။
ဖန်းယွင်ရှန်းက အသံမထွက်ဘဲ နှုတ်ခမ်းများလှုပ်ရှားရုံသာ စကားဆိုလိုက်သည်။
“ကောင်းကင်အမြုတေကျောက်တုံး...”
ဖန်းယွင်ရှန်းက အသံမထွက်သော်လည်း ရန်ကျောက်ကဲက သူမ၏နှုတ်ခမ်းပုံစံကိုကြည့်ပြီး အဓိပ္ပါယ်သိနိုင်ခဲ့သည်။
စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးနောက် ရန်ကျောက်ကဲက တိုးလျစွာ မေးလိုက်၏။
“မဟာသူတော်စင်... နွီဝါးရဲ့ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံမှာ အမိန့်ထုတ်ပြန်ပြီး သူတော်စင်တွေကို အစီအရင်တည်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောတယ်နော် ၊ အဲဒါ နွီဝါးနတ်သမီးရဲ့ အမိန့်လား...”
ကောင်းကင်ဘုံ(၃၃)ခုကိုကျော်လွန်သည့် ထိုက်စုလွင်ပြင်ကောင်းကင်ဘုံဆိုသည်က ယခင်က ဧကရီနွီဝါး စံမြန်းနေထိုင်ခဲ့သော နွီဝါးနန်းတော်တည်ရှိရာ နေရာဖြစ်သည်။
ထိုအမည်ကိုကြားလိုက်ရသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ ခန့်မှန်းတွေးတောမှုများစွာ ထွက်ပေါ်လာသည်။
သို့သော် ချီထျန်းမဟာသူတော်စင်က ခေါင်းခါယမ်းလိုက်ပြီး...
“မဟုတ်ပါဘူး ၊ နွီဝါးဧကရီက ဟိုးအရင်ကတည်းက လောကကိုကျော်လွန်သွားခဲ့ပြီ”
ထို့နောက်မျောက်မင်းက သွားများပေါ်အောင်ပြုံးလိုက်ရင်း...
“နွီဝါးဧကရီ လောကကိုမကျော်လွန်သေးဘူးဆိုရင် ငါ့ကို မြေကြီးအမြုတေကျောက်တုံးက မွေးဖွားလာဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူက ဆက်ပြောလိုက်၏။
“အဲဒီတုန်းက ထိုက်စုလွင်ပြင်ကောင်းကင်ဘုံမှာ အာဏာချုပ်ကိုင်ထားတဲ့သူက အရှေ့ဧကရာဇ်ပဲ”
ရန်ကျောက်ကဲက ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်ရင်း...
“အရှေ့ဧကရာဇ် ဟုတ်လား...”
အရှေ့ဧကရာဇ်ဆိုသည်က ဒဏ္ဍာရီထဲမှ အရှေ့ဧကရာဇ်’ထိုက်ယိ’ ကိုပြောခြင်းဖြစ်သည်။
အရှေ့ဧကရာဇ်က ရှေးခေတ် ‘ဧကရာဇ်(၃)ပါး’ တွင် တစ်ပါးအပါအဝင်ဖြစ်ပြီး နွီဝါးဧကရီနှင့် အဆင့်တူညီသူ ဖြစ်သည်။ တကယ်တော့ သူက တာအိုဝါဒမှ စန်းချင်း(၃)ပါး ၊ အနောက်ဘက် ဗုဒ္ဓဘာသာမှ ဘိုးဘေး(၂)ပါးနှင့် ငရဲကိုးထပ်မှ ယွမ်စီကောင်းကင်နတ်ဆိုး ‘ယွမ်စီထျန်းမော်’ နှင့် အဆင့်အတန်းတူညီသူဖြစ်ပြီး စကြာဝဠာထဲတွင် အသက်အကြီးဆုံး ၊ စွမ်းအားအကြီးဆုံး တည်ရှိမှုတစ်ခု ဖြစ်၏။
သို့သော် ရှေးခေတ် “ဧကရာဇ်(၃)ပါး” ထွက်ပေါ်ခဲ့သည်မှာ အလွန်အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၊ လက်ရှိတွင် သူတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ အလွန်ပင် ရှားပါးနေကာ သူတို့၏ နောက်ဆုံးအခြေအနေနှင့် လုပ်ရပ်များကိုလည်း မှန်းဆရန် ခက်ခဲလှသည်။
သူတို့နှင့်ပတ်သက်သည့် ကောလဟလများစွာ ရှိခဲ့သည့်တိုင် ယနေ့မှသာ သူတို့၏ သတင်းအတိအကျကို ‘ချီထျန်းမဟာသူတော်စင်’ စွန်းဝူခုန်းထံမှ ရန်ကျောက်ကဲ ကြားဖူးခြင်း ဖြစ်၏။
နွီဝါးဧကရီဟူသော နွီဝါးနတ်သမီးက တာအိုဝါဒမှ စန်းချင်း(၃)ပါး ၊ လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓတို့ကဲ့သို့ လောကကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ချီထျန်းမဟာသူတော်စင်၏စကား မမှားဘူးဆိုပါက နွီဝါးဧကရီသည် စကြာမုနိဗုဒ္ဓထက်ပင် စောလျှင်စွာ လောကကိုကျော်လွန်သွားခြင်း ဖြစ်သည်။
သို့သော် ရှေးခေတ် “ဧကရာဇ်(၃)ပါး” ထဲမှ ကျန်ရှိသောဧကရာဇ်နှစ်ပါး၏ လက်ရှိအခြေအနေကိုတော့ သိရှိရခြင်း မရှိသေးပေ။
နတ်မိစ္ဆာမျိုးနွယ်များ၏ ချန်စန်းရှင်းဟိုင်စကြာဝဠာကို အရှေ့ဧကရာဇ်က ဆက်လက်ထိန်းချုပ်နေဆဲလားဆိုသည်ကို မသိရှိနိုင်ပေ။
ရန်ကျောက်ကဲက သက်ပြင်းချရင်း စိတ်ထဲမှ တွေးလိုက်သည်။
“အရှေ့ဧကရာဇ်က ရှေးဟောင်းမျိုးနွယ်တွေကို အမိန့်ပေးပြီး ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ခိုင်းခဲ့တာပဲ...”
“နောက်ဆုံးတော့... ဗုဒ္ဓဘာသာဘက်က စွန်းရှင်ကျေကို ဗုဒ္ဓဘာသာထဲရောက်အောင် ဆွဲခေါ်နိုင်ခဲ့ပြီး ဘုန်းတော်ကြီး’စန်းကျန့်’ အနောက်ဒေသကို ကျမ်းဂန်ပင့်ဆောင်ရာမှာ ကူညီစေခဲ့တယ်”
“အနောက်ဘက်ကောင်းကင်ဘုံ ၊ တာ့လေယင်းကျောင်းတော်မှာရှိတဲ့ တခြား ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်တွေရဲ့ အကာအကွယ်နဲ့ ထိန်းချုပ်မျုအောက်မှာ သူတို့က နွီဝါးနတ်သမီးရဲ့ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံမှာ ပြင်ဆင်ထားတဲ့ အစီအရင်ကြီးကို ခရီးစဉ်တစ်လျှောက် ဖြိုခွင်းသွားပြီး ဗုဒ္ဓဘာသာ ဒုတိယအကြိမ် အရှေ့ကိုဘက်ကိုပျံ့နှံ့ရေးအတွက် အဟန့်အတားတွေကို ရှင်းလင်းပေးခဲ့ကြတယ်”
“အနောက်ဘက်ကကောင်းကင်ဘုံက ဗုဒ္ဓတွေ အရှေ့ဘက်ကိုရောက်လာကြပြီး မဟာသူတော်စင်တွေနဲ့ သူတော်စင်ငယ်တွေကို တိုက်ထုတ်ခဲ့တယ် ၊ ဗုဒ္ဓဘာသာရဲ့သင်ကြားမှုတွေကို လောကအနှံ့ပျံ့နှေံ့စေပြီး လူသားတွေကိုကယ်တင်ဖို့ ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြတယ် ၊ ဒါတွေကြောင့်ပဲ အလယ်ပိုင်းသုခဘုံရဲ့ ကြီးမားတဲ့အခြေခံအုတ်မြစ် တည်ဆောက်နိုင်ခဲ့ပြီး နောက်ဆုံး လင်စန်းတောင်က တထာဂတဿဗုဒ္ဓလည်း လောကကိုကျော်လွန်နိုင်ခဲ့တယ်”
ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။
“အနောက်ဒေသ သူတော်စင်ဘုံ ၊ တာအိုဝါဒဂိုဏ်းတွေနဲ့ ငရဲကိုးထပ်တို့က ဒီဖြစ်စဉ်မှာ ဘယ်လိုအခန်းကဏ္ဍတွေက ပါဝင်ခဲ့ကြသလဲ”
စဉ်းစားရင်း သူက စွန်းဝူခုန်းကို လှမ်းကြည့်လိုက်သည်။
“မဟာသူတော်စင် ၊ ဒဏ္ဍာရီအရဆိုရင် ကျွန်တော်တို့ တာအိုဝါဒရဲ့ ထိုက်ချင်ဘိုးဘေးက အလယ်ခေတ်မှာ ထပ်မံထွက်ပေါ်လာခဲ့ဖူးတယ် ၊ ဒါပေမဲ့ စန်းချင်း(၃)ပါးအားလုံးက ရှေးခေတ်ကာလ အဆုံးသတ်ချိန်မှာ လောကကို ကျော်လွန်သွားခဲ့တယ် ၊ ဒီတော့ အလယ်ခေတ်မှာ ထွက်ပေါ်လာခဲ့တဲ့ ထိုက်စန့်လောင်ကျွင်းက ဘယ်သူဖြစ်နိုင်မလဲ”
ချီထျန်းမဟာသူတော်စင်က ထိုစကားကိုကြားတော့ အဖြေမပေးဘဲ ကြေးမုံမှန်ကဲ့သို့ ကြည်လင်သောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။
ထက်ရှသောမျက်ဝန်းများကြောင့် ရန်ကျောက်ကဲဦးခေါင်းတစ်ခုလံး ထုံကျင်သွားသည့်ပမာ ခံစားလိုက်ရသည်။
“မဟာသူတော်စင်... ဒီကိစ္စမှာ တားမြစ်ချက်တစ်ခုခု ရှိနေလို့လား”
မျောက်မင်းက ရန်ကျောက်ကဲကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက် ပြုံးလိုက်ရင်း...
“ဘာတားမြစ်ချက်မှ မရှိဘူး”
သူက ဆက်ပြောလိုက်သည်။
“တောက်တယ်ထျန်းကျွင်းဆိုတာ ထိုက်စန့်လောင်ကျွင်းပဲလေ ၊ မင်းက ဘယ်သူလို့ထင်လို့လဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျွန်တော့်ရဲ့ထင်မြင်ချက် မရှိပါဘူး ၊ ဒါပေမဲ့ အလယ်ခေတ်ကစပြီး မရေမတွက်နိုင်တဲ့ ခန့်မှန်းမှုတွေနဲ့ ဒဏ္ဍာရီတွေရှိခဲ့ကြတယ် ၊ အရမ်းနည်းပါးသွားပြီဖြစ်တဲ့ ရှေးဟောင်းလူတွေကလွဲလို့ ဘယ်သူမှ အမှန်တရားကို မသိနိုင်ပါဘူး”
လောင်ကျွင်းနှင့်ပတ်သက်သည့်ကောလဟလများက အမှန်တကယ်ပင်များပြားလှပြီး အမျိုးမျိုးပြောဆိုလေ့ရှိကြသည်။
အကြမ်းဖျင်းအားဖြင့် လူပြောများသော ဒဏ္ဍာရီ (၃)မျိုး ရှိသည်။
ပထမအချက်မှာ -
အလယ်ခေတ်တွင်ထွက်ပေါ်လာသော ‘လောင်ကျွင်း’ က အမှန်တကယ်ပင် ထိုက်ချင်ဘိုးဘေး ’တောက်တယ်ထျန်းကျွင်း’ ဖြစ်သည်ဟု လက်ခံကြသည်။
သူက လောကကိုကျော်လွန်ပြီးသည့်တိုင် ဘာကြောင့်မှန်းမသိ ဤလောကတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သို့မဟုတ် လောကကိုကျော်လွန်သွားသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ဤလောကသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
ဒုတိယအချက်မှာ -
သူက တကယ်ပဲ ထိုက်ချင်ဘိုးဘေး ‘တောက်တယ်ထျန်းကျွင်း’ မဟုတ်ဘဲ ထိုက်စန့်ကောင်းကင်နတ်ဆိုးက ဟန်ဆောင်ထားခြင်း ဖြစ်နိုင်သည်။
“မိုးမြေ မဖန်ဆင်းမီ ရှေးဦးအနန္တစကြာဝဠာတွင် ထိုက်ချင်ဘိုးဘေး’ထိုက်စန့်လောင်ကျွင်း’ က ဘိုးဘေးနတ်ဆိုးတစ်ပါး၏နေရာကို ရယူရန်အတွက် “ထိုက်စန့်ကောင်းကင်နတ်ဆိုး” အဖြစ် အသွင်ဆောင်ကာ မိစ္ဆာကျင့်စဉ်လမ်း၏ ကံကြမ္မာကို ချိုးဖျက်ခဲ့သည်။
သူနှင့်အတူ ပူးပေါင်းလှုပ်ရှားခဲ့သူမှာ အနောက်ဘက်သူတော်စင်ဘုံမှ’အော်မီတော်ဖုဗုဒ္ဓ’ ဖြစ်ပြီး “သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး” အဖြစ် အသွင်ဆောင်ကာ ဘိုးဘေးမဟာနတ်ဆိုး၏နေရာတစ်ခုကို သိမ်းပိုက်ယူဆောင်ခဲ့သည်။
နတ်ဆိုးအင်အားစု၏မိစ္ဆာလမ်းစဉ်မှာ ဤနည်းအားဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးနှက်ခံခဲ့ရပြီး အခြေအနေဆိုးရွားသွားခဲ့သည်။ နောက်ပိုင်းတွင် အခြားသောကျင့်စဉ်လမ်းမှလူများ ပူးပေါင်းတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ရ၏။
ထို့ကြောင့် ဤလောကတွင် တာအိုဝါဒ စဉ်ဆက်မပြတ်တိုးပွားလာချိန်တွင် နတ်ဆိုးများ၏ သြဇာလွှမ်းမိုးမှုကတော့ ကျဆင်းခဲ့ရသည်။
တောက်တယ်ထျန်းကျွင်းက ထိုက်စန့်ကောင်းကင်နတ်ဆိုးအဖြစ်ပြောင်းလဲသွားပြီး အော်မီတော်ဖုဗုဒ္ဓက သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ သူတို့၏အသွင်ပြောင်းခြင်းသာဖြစ်ပြီး ရုပ်ခန္ဓာခွဲထွက်သွားသည့် ကိုယ်ပွားခန္ဓာများ မဟုတ်ပေ။
သို့သော် တောက်တယ်ထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးသည့်နောက် ထိုက်စန့်ကောင်းကင်နတ်ဆိုးက အတုအယောင်မှသည် အစစ်အမှန်သို့ပြောင်းလဲသွားခဲ့သည်။
ထိုနတ်ဆိုးက သီးခြားဖြစ်တည်မှုတစ်ခုဖြစ် ပြောင်းလဲသွားခဲ့သည်လားဆိုသည်ကိုတော့ အသေးစိတ်သိရှိသူ အနည်းငယ်သာ ရှိသည်။
ထို့ကြောင့် လောကကိုကျော်လွန်သွားပြီဖြစ်သော ‘တောက်တယ်ထျန်းကျွင်း’ က ထိုက်စန့်လောင်ကျွင်းအဖြစ် အလယ်ခေတ်တွင် ပြန်လည်ထွက်ပေါ်လာသည့်အခါ လူအချို့က ထိုက်စန့်ကောင်းကင်နတ်ဆိုးမှ အသွင်ပြောင်းထားသည်ဟု သံသယဝင်ခဲ့ကြသည်။
တတိယယူဆချက်ကတော့ ထိုသူက ‘သောပေါင်ထျန်းကျွင်း’ ဖြစ်သည်ဟု ခန့်မှန်းကြသည်။
နတ်ဘုရားများအုပ်စိုးစဉ်ကာလ မဟာစစ်ပွဲကြီးဆင်နွှဲချိန်တွင် စန့်ချင်ဘိုးဘေး၏ ပထမဆုံးတပည့် ‘သောပေါင်ထျန်းကျွင်း’ ကို တောက်တယ်ထျန်းကျွင်းက ခေါ်ဆောင်သွားခဲ့ပြီး ထိုသူ၏သတင်းအစအန ပျောက်ဆုံးသွားခဲ့သည်။
သောပေါင်ထျန်းကျွင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိခဲ့သည်။
ထိုကောလဟလထဲမှတစ်ခုမှာ “လောင်ကျီဟွာဟူ” ဖြစ်၏။
ထိုဒဏ္ဍာရီအရဆိုလျှင် -
သောပေါင်ထျန်းကျွင်းက အလယ်ခေတ်တွင် အလယ်ပိုင်းသုခဘုံ၏ လောက၏လေးစားခြင်းကိုခံရသော ‘တထာဂတဿဗုဒ္ဓ’ ၊ စကြာမုနိအရှင် ဖြစ်လာသည်ဟု အဆိုရှိသည်။
ထို့ပြင် နောက်ထပ် ကောလဟလတစ်ခုမှာ ရှေးဟောင်းခေတ်တွင် စန်းချင်း(၃)ပါး လောကကိုကျော်လွန်သွားသော်လည်း အလယ်ခေတ်တွင် ထိုက်စန့်လောင်ကျွင်း ပြန်လည်ထွက်ပေါ်လာသည်ဖြစ်ရာ ထိုဖြစ်ရပ်နှစ်ခုက ဝိရောဓိဖြစ်နေသည်။
ထို့ကြောင့် အလယ်ခေတ်တွင် ထွက်ပေါ်လာသော ထိုက်စန့်လောင်ကျွင်းမှာ သောပေါင်ထျန်းကျွင်း ပြန်လည်ဝင်စားခြင်းဖြစ်သည်ဟု ယူဆကြပြန်သည်။
ဤကောလဟလများအရဆိုလျှင် စန့်ချင်အဆက်အနွယ်တပည့်ဖြစ်သော’သောပေါင်ထျန်းကျွင်း’ သည် ယွိချင်နှင့် ထိုက်ချင်အမွေအနှစ်ကိုပါ ဆက်ခံခဲ့ပြီး နောက်ဆုံး ကောင်းကင်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေသည်။
သူက အဘယ့်ကြောင့် ထိုက်စန့်လောင်ကျွင်းအဖြစ် ဤလောကတွင် ထွက်ပေါ်လာရသည်ကို မည်သူမှ မသိနိုင်ကြပေ။ ဤအကြောင်းရင်းက နက်နဲသိမ်မွေ့သောပုစ္ဆာတစ်ခုသာ ဖြစ်သည်။
ကောင်းကင်နတ်ဘုရားအဆင့်ကိုကျော်လွန်သွားသော တည်ရှိမှုများက သာမန်လူများအတွက် အလွန်နက်နဲဆန်းကျယ်လှသည်ဖြစ်ရာ ကောလဟလများနှင့် ခန့်မှန်းချက်များ အမျိုးမျိုးထွက်ပေါ်လာခဲ့သည် အမှန်ပင်။
“တောက်တယ်ထျန်းကျွင်းဆိုတာ ထိုက်စန့်လောင်ကျွင်းပဲ”
မျောက်မင်းက ထပ်ပြောလိုက်သည်။
ထို့နောက် သူက လေသံကိုပြောင်းလိုက်ပြီး...
“ဒါပေမဲ့ ထိုက်စန့်လောင်ကျွင်းကတော့ တောက်တယ်ထျန်းကျွင်း မဟုတ်ဘူး”
ရန်ကျောက်ကဲ စိတ်ထဲက တိတ်တဆိတ်တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် သဘောပေါက်ပြီ ၊ ယွိချင်ဘိုးဘေးက အရာဝတ္တုအားလုံးက မရှိမှုကနေမွေးဖွားလာတယ်ဆိုတာကို သင်္ကေတပြုတယ် ၊ စန့်ချင်ဘိုးဘေးကတော့ ရှိမှုကနေ မရှိမှုကိုပြောင်းလဲသွားခြင်းအတွက် သင်္ကေတပြုတယ် ၊ ထိုက်ချင်ဘိုးဘေးကတော့ မရှိမှုနဲ့ ရှိမှုကြားမှာ တည်ရှိနိုင်တယ် ၊ သူက လောကကိုကျော်လွန်သွားပေမယ့် သူ့အရိပ်ကို ဒီလောကမှာ ချန်ထားခဲ့တယ် ၊ ဒါက သူ့ရဲ့ ပင်ပခန္ဓာလည်းမဟုတ်သလို ကိုယ်ပွားလည်းမဟုတ်ဘူး ၊ ပြီးတော့ အသွင်ပြောင်းထားတဲ့သူလည်း မဟုတ်ဘူး”
မျောက်မင်းက စိတ်မရှိဟန်ဖြင့်...
“အေး... ဒါပဲလေ...”
ဖန်းယွင်ရှန်းက...
“ကျွန်မ မေးချင်တာတစ်ခုရှိပါတယ် ၊ ရှင်တို့ခေတ်ရဲ့ ကောင်းကင်နတ်ဘုရားအဆင့်တန်ခိုးစွမ်းအားရှင်တွေက ဒီလောကမှာ အသက်ရှင်လျှက် ရှိသေးလား ၊ ရှင်သိတဲ့တစ်ယောက်ယောက်များ အသက်ရှင်နေတဲ့သူတွေထဲမှာ ရှိနိုင်လား ၊ တာအိုဆရာ’ကျူးထီ’ ၊ အော်မီတော်ဖုဗုဒ္ဓ ၊ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ၊ ပြီးတော့ ရှေးခေတ် “ဧကရာဇ်(၃)ပါး” ထဲက နွီဝါးဧကရီ ၊ အရှေ့ဧကရာဇ် ၊ ဖုရှီဧကရာဇ် ... အခု သူတို့တွေ ဘယ်မှာလဲ”
“တာအိုဆရာ’ကျူးထီ’ ဟုတ်လား...”
မျောက်မင်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
ပြီးမှ သူက ထူးဆန်းစွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံတွင် ရှုပ်ထွေးသည့်ခံစားချက်များရောယှက်နေပြီး လူတစ်ယောက်၏စိတ်အစဉ်ကို တုန်လှုပ်သွားစေနိုင်သည်။
ဒေါသ ၊ မနှစ်သက်မှု ၊ ဝမ်းနည်းမှု ၊ ပင်ပန်းနွမ်းနယ်မှုများ....။
“သူ လောကကို ကျော်လွန်သွားပြီလေ...”
ချီထျန်းမဟာသူတော်စင်က ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ကာ ရယ်မောလိုက်ရင်း...
“အခုလေးတင်ပဲ မင်းတို့ ငါ့ကို ပြောပြလိုက်တာ မဟုတ်ဘူးလား”