မယိမ်းယိုင်သောမဟာသူတော်စင်
Vol. 98 Ch. 1370
အခန်း (၁၃၇၀) မယိမ်းယိုင်သောမဟာသူတော်စင်
မျောက်မင်း၏ရယ်သံများထဲတွင် စိတ်ပျက်မှုနှင့် ဝမ်းနည်းကြေကွဲမှုများ ပါဝင်နေသည်။
ဤနေရာပတ်ဝန်းကျင်တွင် မျောက်မင်း၏ရယ်မောသံက လူတစ်ယောက်၏ဦးရေပြားကိုပင် ထုံကျဉ်လာစေသည်။
ရန်ကျောက်ကဲစိတ်ထဲ အံ့အားသင့်မှုများနှင့်အတူ...
“ထင်တဲ့အတိုင်းပဲ ၊ အဲဒီလိုဖြစ်နေတာကိုး”
ဟူသည့်အတွးများက ရောယှက်ထွက်ပေါ်လာသည်။
အံ့အားသင့်မှုနှင့်ယှဉ်လျှင် “ထင်တဲ့အတိုင်းပဲ” ဆိုသည့်ခံစားချက်က ပိုမိုများပြားပေသည်။
အစောပိုင်းတွင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက လောကကိုကျော်လွန်သွားသည့် ပုဂ္ဂိုလ်တစ်ယောက်ကအကြောင်း မျောက်မင်းကို ပြောပြခဲ့သည်။
ထိုသူမှာ အလယ်ခေတ်တွင် လောကကိုကျော်လွန်သွားသည့် လင်စန်းတောင်မှ “တထာဂတဿဗုဒ္ဓ” ပင် ဖြစ်၏။
မျောက်မင်း၏စကားများတွင် လျှို့ဝှက်ချက်တစ်ခုကို ထင်ရှားစွာ ဖော်ပြထားသည်။
ရှေးခေတ်ကာလ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သော တာအိုဆရာ’ကျူးထီ’ ဆိုသူမှာ အလယ်ခေတ်တွင် လောကတစ်ခွင်လေးစားခံရသည့် လင်စန်းတောင်မှ ‘စကြာမုနိဗုဒ္ဓ’ ဖြစ်နေခဲ့သည်။
“ဆရာ...”
ယခင်က အပြင်ဘက်မှကြားခဲ့ရသော အချိန်နှင့်နေရာကို ဖြတ်ကျော်ထိုးဖောက်လာဟန်ရှိသော ဒေါသတကြီးအော်ဟစ်သံက ယခု နားထဲတွင် ထပ်မံပဲ့တင်ထပ်လာသလို ခံစားရသည်။
ဤနေရာတွင်ရှိနေသော မျောက်မင်းက ဗုဒ္ဓဘာသာကျင့်ကြံသူများထံသို့ ဘယ်သောအခါမှ ဦးမညွှတ်ခဲ့ပေ။ သူက ဤနေရာတွင် ထာဝရဖိနှိပ်ခံထားရပြီး ဘယ်သောအခါမှ လွတ်မြောက်ခွင့် ရရှိမည် မဟုတ်ပေ။
မျောက်မင်း “ဆရာ” ဟု ခေါ်နေသူမှာ ဘုန်းတော်ကြီး’စန်းကျန့်’ နှင့်လုံးဝမသက်ဆိုင်ခဲ့ပေ။
မျောက်မင်း “ဆရာ” ဟု ခေါ်ဆိုသူ ဤလောကတွင် တစ်ယောက်သာ ရှိသည်။ ထိုသူကတော့ ဒဏ္ဍာရီထဲမှ ‘ဗောဓိဘိုးဘိုး” ဖြစ်ပြီး ထိုသူက ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ ကို ကျင့်စဉ်များသင်ကြားပေးခဲ့သော ဆရာသမားပင် ဖြစ်၏။
ရှေးခေတ်အချိန်မှသည် ယုခအချိန်ထိ ကောလဟလများစွာ ပြောဆိုကြသည်မှာ လင်ထိုင်ဖန်းကျွင်းတောင် ၊ လခြမ်းကြယ်သုံးပွင့်ဂူတွင်နေထိုင်သည့် ‘ဗောဓိဘိုးဘိုး’ မှာ ရှေးခေတ်ကာလ အနောက်ဒေသမှ ဒုတိယဘိုးဘိုး တာအိုဆရာ’ကျူးထီ’ ပြန်လည်ဝင်စားခြင်း ဖြစ်သည်။
ရှေးခေတ်ကာလ လွန်လေပြီးနောက် တာအိုဆရာ’ကျူးထီ’ က လောကတွင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။ သူ မည်သည့်နေရာသို့ရောက်သွားသည်လဲ မည်သူမှ မသိရပေ။
ယခု ချီထျန်းမဟာသူတော်စင်၏စကားအရ တာအိုဆရာကျူးထီမှာ သူ၏ဆရာ ‘ဗောဓိဘိုးဘိုး’ ပင် ဖြစ်သည်။
ထို့ပြင် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓသည်လည်း တာအိုဆရာ’ကျူးထီ’ ပင် ဖြစ်လေသည်။
သို့ဖြစ်လျှင် သူ့ကို ပညာသင်ကြားပေးခဲ့သော ဗောဓိဘိုးဘိုးသည်ပင် သူ့ကို ဤနေရာတွင် ဖိနှိပ်ထားခဲ့သော စကြာမုနိဗုဒ္ဓ ဖြစ်နေခဲ့သည်။
ယခု မျောက်မင်း၏ခံစားချက်များ အတော်လေး ရှုပ်ထွေးနေဟန်ပင်။
ဒေါသ ၊ အလျှော့မပေးခြင်း ၊ စိတ်ပျက်မှုနှင့် ဝမ်းနည်းခြင်းများ ရောထွေးနေသည်။
ဖန်းယွင်ရှန်းက...
“ဒါကြောင့် သူက စကြာမုနိဗုဒ္ဓကို လူလိမ်လို့ စွပ်စွဲအော်ဟစ်ခဲ့တာပဲ ၊ ဘာလို့လဲဆိုတော့ မျောက်မင်းကိုယ်တိုင် နဂိုကတည်းက အရူးလုပ်ခံလိုက်ရတာလေ”
ဖန်းယွင်ရှန်း သက်ပြင်းဖွဖွချလိုက်ပြီး စာနာစိတ်ဖြင့် ခံစားချက်ထဲ နစ်မြုပ်သွားသည်။
ရန်ကျောက်ကဲက သူမ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ခေါင်းခါယမ်းရင်း...
“တိုက်ပွဲမှာ အရှေ့ဧကရာဇ် ရှုံးနိမ့်သွားခဲ့တာပဲ”
အရှေ့ဧကရာဇ် တိုက်ပွဲရှုံးနိမ့်သွားခြင်းက သူတို့ရှေ့မှ မျောက်မင်း’စွန်းဝူခုန်း’ အမှန်တကယ် ဝမ်းနည်းကြေကွဲနေသည့် ကိစ္စဖြစ်သည်။
သာမန်လူတစ်ယောက်လက်ထဲ အဖိုးတန်ရတနာပစ္စည်း ကိုင်ဆောင်မိခြင်းက အပြစ်ရှိပေသည်။
မျောက်မင်းက မြေကြီးအမြုတေကျောက်တုံးမှ မွေးဖွားလာသူဖြစ်လေရာ သူက လူသားအမြုတေကျောက်တုံးကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။
ဤသည်က သူ၏မွေးရာပါတန်ဖိုးဖြစ်လေသည်။
သို့သော် သူ့အပေါ်ချမှတ်ထားသည့် ကံကြမ္မာအား ငြင်းဆန်မရနိုင်ခဲ့ပေ။
အရှေ့ဧကရာဇ်ဦးဆောင်သော နတ်မိစ္ဆာများက လူသားအမြူတေကျောက်တုံးဖြင့် ကြီးမားသည့်အစီအရင်တစ်ခု တည်ဆောက်ခဲ့ကြသည်။
ဗုဒ္ဓဘာသာဘက်က မြေကြီးအမြုတေကျောက်တုံးကိုအသုံးပြုပြီး ထိုအစီအရင်ကို ချိုးဖျက်ရပေမည်။
ထို့ကြောင့် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ တဖြစ်လဲ တာအိုဆရာ’ကျူးထီ’ က ဗောဓိဘိုးဘိုးအဖြစ် ပြောင်းလဲခဲ့ပြီး စွန်းဝူခုန်းကို လျှို့ဝှက်စွာဖြင့် တပည့်အဖြစ် လက်ခံခဲ့သည်။
စိတ်မကောင်းစရာမှာ ချီထျန်းမဟာသူတော်စင်က ဗုဒ္ဓဘာသာအား လုံးဝစိတ်မဝင်စားခဲ့ပေ။
ဗောဓိဘိုးဘိုးက သူ့ကို ပညာသင်ကြားပေးသည့် ဆရာဖြစ်သော်လည်း လူသားအမြုတွေကျောက်တုံးအပိုင်းအစများဖြင့် တည်ဆောက်ထားသော အစီအရင်ကြီးကိုချိုးဖျက်ရန်အတွက် စွန်းဝူခုန်းက သူ၏မိတ်ဆွေဟောင်းများနှင့် ရင်းနှီးသူများစွာကို တိုက်ခိုက်သတ်ဖြတ်မည် မဟုတ်ပေ။
စွန်းဝူခုန်း၏ ကိုယ်ပိုင်ရပ်တည်ချက်က မည်သည့်ဘက်သို့တိမ်းညွှတ်ပါစေ ဤအချက်တစ်ခုတည်းဖြင့်ပင် သူ့အတွက် လက်ခံနိုင်စရာ မရှိခဲ့ပေ။
ဤလောကမှ အနောက်သို့ခရီးသွားမှတ်တမ်း ဇာတ်ကြောင်းက အရင်ဘဝတွင် သိရှိခဲ့သောဇာတ်ကြောင်းနှင့် အတော်လေးကွဲပြားနေကြောင်း ရန်ကျောက်ကဲ သိရှိထားပြီးဖြစ်၏။
အကွဲပြားဆုံးအချက်မှာ မဟာသူတော်စင်များကြားတွင် စွန်းဝူခုန်းနှင့် သွေးသောက်ညီအစ်ကိုတော်ခဲ့ကြသော နတ်မိစ္ဆာမျိုးနွယ် ‘မဟာသူတော်စင်(၇)ပါး’ မှာ စွန်းဝူခုန်း၏သံတုတ်အောက်တွင် အသက်ပျောက်ခဲ့ရခြင်း ဖြစ်သည်။
ပင်းထျန်းမဟာသူတော်စင် ‘နွားရိုင်းမိစ္ဆာဘုရင်’ သည်ပင် ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် ဖိနှိပ်ခံထားရသော ချီထျန်းမဟာသူတော်စင်အနေဖြင့် လောကနှင့်အဆက်အသွယ် ပြတ်တောက်နေပြီး ပြင်ပလောကမှဖြစ်ရပ်များကို အနည်းအကျဉ်းသာ သိရှိနိုင်သည်။
သို့သော် သူ့အနေဖြင့် အနောက်ဒေသ ကျမ်းစာပင့်ဆောင်သည့်ခရီးစဉ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို တွေးတောမိသည်နှင့် ထိတ်လန့်သွားပြီး အလွန်အမင်းဒေါသထွက်ကာ စိတ်ပျက်ဝမ်းနည်းလာတော့သည်။
ကံမကောင်းစွာဖြင့်ပင် သူ၏ခန့်မှန်းချက်အများစုက အမှန်တကယ် ဖြစ်ပျက်လာခဲ့၏။
အစီအရင်တည်ဆောက်ရာတွင် ပါဝင်ကြသည့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များအားလုံး သုတ်သင်မခံရသော်လည်း အများစုမှာ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်။
ရန်ကျောက်ကဲ ခန့်မှန်းချက်အရဆိုလျှင် အရှေ့ဧကရာဇ်အနေဖြင့် လူသားအမြုတေကျောက်တုံးဖြင့် အစီအရင်တည်ဆောက်ချိန်တွင် မြေကြီးအမြုတေကျောက်တုံးနှင့်ပတ်သက်ပြီး အရန်အစီအစဉ်တစ်ခု စဉ်းစားထားခဲ့သင့်သည်။
သို့သော် နောက်ဆုံးတွင် တထဂတဿဗုဒ္ဓက ဉာဏ်ပညာအရာတွင် တစ်ဆင့်သာလွန်ကာ အနိုင်ရခဲ့သည်။
အရှေ့ဧကရာဇ် ရှုံးနိမ့်ခဲ့ရခြင်းက လူသားများအပေါ် မထိခိုက်သော်လည်း ရှေးဟောင်းမျိုးနွယ်များအတွက် အလွန်ပြင်းထန်သော ထိခိုက်မှု ဖြစ်ခဲ့သည်။
အရှေ့ဧကရာဇ် ရှုံးနိမ့်သွားခြင်းကြောင့်အလယ်ပိုင်းသုခဘုံ ပိုမိုထွန်းကားလာပြီး ဗုဒ္ဓဘာသာသည်လည်း အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာကာ နောက်ဆုံး တထာဂတဿဗုဒ္ဓသည်လည်း သံသရာမှလွတ်မြောက်ကာ အပြည့်အဝအောင်မြင်မှုရရှိပြီး လောကကိုကျော်လွန်သွားခဲ့သည်။
ကံကောင်းသည်မှာ အရှေ့ဧကရာဇ်က ဆုံးဖြတ်ချက်ပြတ်သားပြီး ရဲရင့်သူတစ်ယောက် ဖြစ်နေခြင်းပင်။
သူက အရှုံးကိုလက်ခံခဲ့ပြီး ရှေးဟောင်းမျိုးနွယ်များကို ဦးဆောင်ကာ ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ ဆုတ်ခွာသွားကာ လောကအလယ်မှ ပုန်းရှောင်သွားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် နတ်မိစ္ဆာမျိုးနွယ်များ တဖြည်းဖြည်း ပြန်လည်အင်အားကောင်းလာပြီး သူတို့၏စွမ်းအားကို ပြန်လည်ရရှိလာခဲ့သည်။
ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း နတ်မိစ္ဆာများ ပြန်လည်ထွက်ပေါ်လာကာ ကိုယ့်ကြမ္မာကိုယ်ရေးရန် ထပ်မံအားထုတ်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
စိတ်မကောင်းစရာမှာ ထိုစဉ်အချိန်တစ်လျှောက်လုံး ချီထျန်းမဟာသူတော်စင်က ဤနေရာတွင် ဖိနှိပ်ခံထားခဲ့ရသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။
ရန်ကျောက်ကဲက...
“မဟာသူတော်စင် စိတ်အေးအေးထားပါ”
သို့သော် ဤသို့သောအခြေအနေတွင် စွန်းဝူခုန်းကို မည်သို့နှစ်သိမ့်ပေးရမှန်း သူတို့နှစ်ယောက်လုံး စဉ်းစားမရခဲ့ကြပေ။ မျောက်မင်းခံစားရသည်များကို “ထပ်တူနားလည်ပေးနိုင်သည်” ဟု ပြောလျှင်လည်း လိမ်ညာရာကျပေမည်။
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးနောက်...
“ဒီနေရာက စည်းတံဆိပ်ကို ကျွန်တော်တို့အဆင့်နဲ့ ချိုးဖျက်လို့မရနိုင်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မဟာသူတော်စင်ရဲ့အခြေအနေကို အရှေ့ဧကရာဇ်ထံ ကျွန်တော်တို့ ပြောပြပေးမယ်ဆိုရင် ဖြစ်နိုင်မလား”
ထိုသို့ပြောလိုက်ရသော်လည်း ရလဒ်မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရခက်လှသည်။
ချီထျန်းမဟာသူတော်စင် ဤနေရာတွင် ချုပ်နှောင်ခံထားရသည်ကို အရှေ့ဧကရာဇ် သိရှိပါမည်လား မသေချာပေ။ ရန်ကျောက်ကဲ၏ခန့်မှန်းချက်အရဆိုလျှင်တော့ “သိရှိနိုင်သည်” ဟု ယူဆသည်။
သို့သော် အရှေ့ဧကရာဇ် သိရှိသည်ဆိုလျှင်တောင်မှ မျောက်မင်းကို ကယ်တင်ပေးနိုင်မည်လား မသေချာပေ။
အကြောင်းမှာ ဤနေရာတွင်ရှိနေသည့် စည်းတံဆိပ်က လောကကိုကျော်လွန်သွားသည့် စကြာမုနိဗုဒ္ဓ ချန်ထားခဲ့သော စည်းတံဆိပ် ဖြစ်နေသောကြောင့်ပင်။
အရှေ့ဧကရာဇ်နှင့် စကြာမုနိဗုဒ္ဓက ယခင်က ပြိုင်ဘက်များဖြစ်ခဲ့သော်လည်း ယခုချိန်တွင် စကြာမုနိဗုဒ္ဓက လောကကိုကျော်လွန်သွားပြီဖြစ်ရာ အရာအားလုံး ပြီးဆုံးသွားပေပြီ။
စကြာမုနိဗုဒ္ဓ ဤလောကတွင် ပြန်လည်ထွက်ပေါ်လာမည်ကို မည်သူမှ မလိုလားကြပေ။
“မိမိအင်အားကိုထိန်းသိမ်းပြီး လက်လွှတ်သင့်သည်များကို လွှတ်ချနိုင်ရမည် ၊ ပစ္စုပ္ပန်တွင် ခိုင်မာစွာရပ်တည်ပြီး အနာဂတ်ကို မျှော်ကြည့်ခြင်းသည်သာ မှန်ကန်သောနည်းလမ်းဖြစ်သည်”
ဟု အဆိုအမိန့်ရှိလေသည်။
ဤသည်ကပင် မှန်ကန်သော နည်းလမ်း ဖြစ်နိုင်သည်။
ယခု ပြိုင်ဘက်က လုံးဝ အခြေအနေမတူသူတစ်ယောက် ဖြစ်နေပေပြီ။
ထိုက်စန့်လောင်ကျွင်းကို လူအများမြင်ကြသည့် ဥပမာကဲ့သို့ပင် ဖြစ်သည်။
ထိုက်စန့်လောင်ကျွင်းက မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင် တာအိုဝါဒကို လျစ်လျူရှုထားခဲ့သော်လည်း သူ၏စိတ်နေစိတ်ထားက ခန့်မှန်းရခက်လှသည်။
ထို့ကြောင့် အလွန်လိုအပ်သည့်အချိန် သို့မဟုတ် အကျိုးအမြတ်က အန္တရယ်ထက် များပြားသည့်ကိစ္စမျိုးမရှိဘဲ မည်သူမှ တာအိုဝါဒတစ်ခုလုံးကို ဖျက်ဆီးပစ်မည် မဟုတ်ပေ။
အခြားအင်အားစုများအနေဖြင့် တာအိုဝါဒ၏လှုပ်ရှားမှုများကို ဖိနှိပ်ကန့်သတ်ထားရုံသာ လုပ်ဆောင်ကြမည် ဖြစ်သည်။
မဟာကပ်ဘေးကြီးကာလအတွင်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော် ပျက်ဆီးခဲ့ရပြီး စန်းချင်း(၃)ပါး အဆက်အနွယ်များ ဒုက္ခရောက်ခဲ့ရကာ တာအိုဝါဒ၏ အတွင်းပိုင်းတွင် အစီအစဉ်မကျမှုများ ဖြစ်ပေါ်လာခဲ့သည်။
ဤပဋိပက္ခများဖြစ်ရခြင်းမှာ အခြားသောပြင်ပအင်အားစုများ၏ လှုံ့ဆော်မှုကြောင့်ဟု ရန်ကျောက်ကဲ သံသယဝင်မိသော်လည်း ၊ ထိုအင်အားစုများပူးပေါင်းပြီး တာအိုဝါဒကို တိုက်ရိုက်ဖျက်ဆီးခဲ့ခြင်းမျိုးမရှိဘဲ သွယ်ဝိုက်သောနည်းဖြင့်သာ ပါဝင်ခဲ့ကြသည်။
ထိုအင်အားစုများအနေဖြင့် တာအိုဝါဒကို တိုက်ရိုက်ဖျက်ဆီးခြင်းမပြုသည်မှာ လောကကိုကျော်လွန်သွားပြီဖြစ်သော စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။
အထူးသဖြင့် ထိုက်စန့်လောင်ကျွင်းက ဤလောကတွင် ရှိနေဆဲဖြစ်သောကြောင့်ပင်။
သို့ပေသိ လောင်ကျွင်း၏ စိတ်နေစိတ်ထားကိုခန့်မှန်းရန်မှာ မဖြစ်နိုင်လောက်အောင် ခဲယဉ်းလှ၏။
အလားတူအကြောင်းပြချက်ဖြင့်ပင် ချီထျန်းမဟာသူတော်စင်ကို လွှတ်ပေးခြင်းက တထာဂတဿဗုဒ္ဓကို ဒေါသထွက်စေမည်လား မည်သူမှ မသိနိုင်ပေ။
“မလိုပါဘူး...”
မျောက်မင်းက တောက်ပသည့်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း ပြောလိုက်သည်။
“ဒီလောက်နှစ်တွေကြာမှတော့ လောင်စွန်းမှာလည်း နည်းလမ်းရှိပါတယ် ၊ ဒါမေပဲ့ အခက်အခဲတချို့တော့ ရှိတာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ကလေးနှစ်ယောက်... မင်းတို့ လောင်စွန်းကို တကယ်ကူညီချင်တယ်ဆိုရင် ငါ့ကို ကူညီပေးမယ့်သူတွေကို ရှာပေးရုံပဲ ၊ မင်းတို့ကလေးနှစ်ယောက်ကတော့ ငါ့ကိုကူညီဖို့မဖြစ်နိုင်ဘူး ၊ ငါနဲ့ မျိုးနွယ်တူတဲ့သူတွေကပဲ ကူညီနိုင်မယ် ၊ မင်းတို့လို လူသားမျိုးနွယ်တွေက ကူညီချင်တယ်ဆိုရင်တော့ ဝူကျိမြေသားဝိညာဉ်ကို ပိုင်ဆိုင်ထားမှ အောင်မြင်နိုင်မယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ မျက်ခုံးများ ပင့်လိုက်မိသည်။
စွန်းဝူခုန်းက အလွန်ပင် စိတ်ထက်မြက်သူဖြစ်ရာ ရန်ကျောက်ကဲ၏မျက်နှာအမူအရာကိုတွေ့မြင်သည်နှင့် နှာတစ်ချက်မှုတ်လိုက်သည်။
“ငါက အစားထိုးမယ့်သူတစ်ယောက် ရှာချင်နေတယ်လို့ ထင်နေတာလား ၊ ဒါဆိုရင်တော့ လောင်စွန်းကို အထင်သေးလွန်းနေပြီ”
ရန်ကျောက်ကဲက ကမန်းကတန်းပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“မဟာသူတော်စင် ကျေးဇူးပြုပြီး ရှင်းပြပေးပါ”
ဝူခုန်းက တောက်ပသည့် ရွှေမျက်ဆံမီးမျက်စိဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...
“လောင်စွန်း သူတို့ခန္ဓာကိုယ်ကို ငှားရမ်းအသုံးပြုဖို့တော့လိုတယ် ၊ ဒါပေမဲ့ သူတို့ကို ငါ့အစား ဒုက္ခခံခိုင်းမှာတော့မဟုတ်ဘူး ၊ သူတို့ကို ကြီးမားတဲ့အခွင့်အရေးတစ်ခုပေးဖို့ပဲရှိတယ်”
သူက ဆက်ပြောသည်။
“ငါ့ရဲ့ကျင့်ကြံခြင်းအားလုံးကို စွန့်လွှတ်ပြီး သူတို့ဆီ လွှဲပြောင်းပေးမယ် ၊ သူတို့က ကြီးကျယ်တဲ့ ကံကြမ္မာတစ်ခု ရလိမ့်မယ် ၊ ငါကတော့ လွတ်လပ်မှု ရလိမ့်မယ်”
ထို့နောက် ချီထျန်းမဟာသူတော်စင်က ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...
“အရင်တုန်းက တထာဂတဿဗုဒ္ဓက ငါ့ကို ပညာသင်ကြားပေးတယ် ၊ အခု သူ့ဆီက သင်ယူခဲ့တာတွေအားလုံး ငါ စွန့်လွှတ်လိုက်မယ်”
“အရာအားလုံး အသစ်ကပြန်စဖို့ ကြောက်နေစရာမရှိပါဘူး ၊ နှစ်ပေါင်းထောင်ချီ သောင်းချီရုံမကလို့ သန်းနဲ့ချီပြီးကြာမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”
“ငါ လောကကိုကျော်လွန်တဲ့အထိ ငါ့ဆရာကို လိုက်ရှာမယ် ၊ ပြီးတော့ သူနဲ့ ပြောစရာရှိတာတွေကို ပြောရမယ်”