ဝူခုန်း၏တောင်းဆိုမှု
Vol. 98 Ch. 1371
အခန်း (၁၃၇၁) ဝူခုန်း၏တောင်းဆိုမှု
ကြီးမြတ်သော တန်ခိုးစွမ်းအားရှင်များအားလုံးက လွတ်မြောက်မှုကိုရှာဖွေကြသည်ဖြစ်ရာ ဝူခုန်းလည်း အတူတူပင် ဖြစ်သည်။
သူ့အတွက် အတိတ်အကြောင်းအရာများက အရေးမကြီးတော့ပေ။ လောကကိုကျော်လွန်ရန်သာ အရေးကြီးတော့သည်။
အခြားအကြောင်းကြောင့်မဟုတ် ၊ လွတ်မြောက်မှုအတွက်လည်းမဟုတ် ၊ စကြာမုနိဗုဒ္ဓနှင့်တွေ့ဆုံပြီး တရားမျှတမှု တောင်းဆိုရန်သာ ဖြစ်သည်။
စိတ်ထဲတွင် အမှတ်အတေးများရှိနေပြီး ဒေါသများသည်လည်း မငြိမ်းသတ်နိုင်သည်ဖြစ်ရာ လူအများက သူ့အကြောင်း မည်သို့ပင်ပြောဆိုပါစေ အရေးစိုက်မည် မဟုတ်ပေ။
သူ့ဘဝကို သူ့စိတ်တိုင်းကျ နေထိုင်မည်သာ ဖြစ်သည်။
မျောက်မင်း၏မျက်ဝန်းထဲမှ မီးတောက်မီးလျှံများက ကောင်းကင်ကိုပင် လောင်မြိုက်တော့မည့်ပမာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့က သူတို့ရှေ့မှ ချီထျန်းမဟာသူတော်စင် မျောက်မင်း’စွန်းဝူခုန်း’ ကိုကြည့်ရင်း မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
မိမိကိုယ်ကို ဖြိုချဖျက်ဆီးပြီး အရာအားလုံး အသစ်မှ ပြန်လည်စတင်မည်။
အပြောလွယ်သလောက် အလုပ်ခက်သည့်ကိစ္စပင်။
ထိုသို့ပြုလုပ်ရန်မှာ နှစ်ပေါင်း ထောင်ချီ သောင်းချီမက ၊ ထို့ထက်ပို၍ပင် ကြာမြင့်နိုင်သလို ကာလများစွာ ပြင်းထန်စွာအားထုတ်ရပေမည်။
ထိုမျှကြိုးစားသည့်အတိုင် အောင်မြင်ပါမည်လား မသေချာပေ။
စွန်းဝူခုန်းက မြေကြီးအမြုတေကျောက်တုံးမှ မွေးဖွားလာသူဖြစ်သည့်တိုင် ယခုကဲ့သို့ မဟာအမတရုပ်ခန္ဓာ ပြန်လည်ရရှိမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
အနာဂတ်တွင် လွတ်မြောက်ရန် အခွင့်အလမ်းရှိမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
သေချာစဉ်းစားကြည့်လျှင် ဘဝကို အသစ်ပြန်လည်စတင်နေရင်း အချိန်မတိုင်မီ သေဆုံးရခြင်းဖြင့် ကြုံတွေ့နိုင်သည်။ သဘာဝဘေးဒဏ်နှင့် လူသားတို့ပေးသော ဘေးဒဏ်တို့ကြောင့်လည်း သေဆုံးနိုင်ခြေ ရှိနေသေးသည်။
သို့သော် သူတို့ရှေ့မှ မျောက်မင်းကတော့ နည်းနည်းလေးပင် သံသယရှိဟန် မတူပေ။
သူ့အတွက်တော့ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဤနေရာတွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး လွတ်မြောက်ခွင့်မရသည်ထက်ဆာလျှင် ပိုမိုကောင်းမွန်ပေသည်။
ရန်ကျောက်ကဲက ချီထျန်းမဟာသူတော်စင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ကျွန်တော်ဆိုရင်လည်း ချုပ်နှောင်ခံထားရတာထက်ဆာရင် သေတာက ပိုကောင်းတယ်လို့ ယူဆမှာပါပဲ ၊ မိုးနဲ့မြေကို ရင်ဆိုင်တိုက်ခိုက်မယ် ၊ ဘာကိုမှ ကြောက်မှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဆိုတော့... ကျွန်တော် ခင်ဗျားကိုကူညီပြီး သင့်တော်တဲ့သူကို ရှာပေးပါ့မယ် မဟာသူတော်စင်”
ချီထျန်းမဟာသူတော်စင်က ရန်ကျောက်ကဲကို အချိန်အတန်ကြာ စူးစိုက်ကြည့်နေပြီးမှ စကားပြောလာသည်။
“ကောင်လေး... မင်းက တထာဂတဿဗုဒ္ဓ ဒေါသထွက်မှာကို မကြောက်ဘူးလား ၊ သူက လောကကို ကျော်လွန်သွားပြီဆိုပေမယ့်... ဒီကိုပြန်လာဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါလည်း မမှားပါဘူး ၊ ဒါပေမဲ့ ကျွန်တော်က စကြာမုနိဗုဒ္ဓကို ဒေါသထွက်အောင်လုပ်မှာ မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် စကြာမုနိဗုဒ္ဓ ဒေါသထွက်အောင်လုပ်ရမယ်ဆိုရင်တော့ ကျွန်တော် နည်းနည်းလောက် ပြန်စဉ်းစားရလိမ့်မယ်”
“ကြောက်လို့တော့မဟုတ်ပေမယ့်... တစ်ယောက်တည်းဗိုက်ပြည့်ရုံနဲ့ တစ်မိသားစုလုံး ဗိုက်ပြည့်တာ မဟုတ်ဘူးလေ”
သူက ဖန်းယွင်ရှန်းကို လှည့်ကြည့်ပြိး ဆက်ပြောလိုက်သည်။
“ကျွန်တော့်မှာ မိသားစုတွေ ၊ မိတ်ဆွေတွေ ၊ ဂိုဏ်းတူမောင်နှမတွေ ရှိတယ် ၊ သူတို့အတွက် စဉ်းစားပေးရမှာပေါ့ ၊ ဒါပေမဲ့ ကျွန်တော်သာ ခင်ဗျားလို တစ်ကိုယ်တည်းသမားဆိုရင်တော့ စကြာမုနိဗုဒ္ဓကို ဒေါသထွက်အောင်လုပ်သင့်တဲ့ကိစ္စမျိုးရှိလာရင် လုပ်ရမှာပါပဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အကျိုးအမြတ်ကိုရှာဖွေပြီး အန္တရယ်ကိုရှောင်ရှားတာ လူ့သဘာဝပါပဲ ၊ ကျွန်တော့်မှာလည်း ခြွင်းချက်မရှိပါဘူး ၊ ဒါပေမဲ့ ကိစ္စအားလုံးကို အကျိုးအမြတ်ပဲကြည့်ပြီး လုပ်ရမှာမျိုးတော့လည်း မဟုတ်ဘူးလေ”
“တခါတလေတော့ ကျွန်တော်လည်း စိတ်အလိုလိုက်ပြီး ရိုးရှင်းတဲ့ပျော်ရွှင်မှုမျိုးကို လိုချင်မိပါတယ်”
မျောက်မင်းက အချိန်ကြာမြင့်စွာ သူ့ကို စူးစိုက်ကြည့်နေပြီးမှ မေးခွန်းထုတ်လိုက်သည်။
“မင်းတို့ ကလေးနှစ်ယောက် ဒီကို ဘယ်လိုရောက်လာကြတာလဲ”
ရန်ကျောက်ကဲက တည်ကြည်သည့်မျက်ဝန်းများဖြင့် အမှန်အတိုင်းဖြေလိုက်သည်။
“လူတစ်ယောက်က တာဝန်ပေးလိုက်လို့ပါ”
သူက ဆက်ပြောသည်။
“အဲဒီလူက ဒီနေရာမှာ ဖိနှိပ်ခံထားရတဲ့သူ ဘယ်သူလဲဆိုတာ သွားကြည့်ဖို့ တာဝန်ပေးလိုက်တာပါ ၊ ဒါပေမဲ့ မဟာသူတော်စင်ဖြစ်နေမယ်လို့ ထင်မထားမိဘူး”
မျောက်မင်းက ဆက်မေးလိုက်သည်။
“ဘယ်သူက တာဝန်ပေးတာလဲ”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးမှ...
“ကျွန်တော်တို့ တာအိုဝါဒရဲ့ ဧကရာဇ်(၄)ပါးထဲက တစ်ပါးဖြစ်တဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်ပါ”
ချီထျန်းမဟာသူတော်စင်က ခေါင်းတစ်ချက်ညိတ်ရင်း...
“တောင်ပိုင်းချန်စန်းအဘိုးကြီးလား...”
ထို့နောက် ခဏမျှ စဉ်းစားနေပြီးမှ သူ့မျက်နှာထက် အပြုံးတစ်ခုပေါ်လာသည်။
“မင်း စိတ်ရင်းမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ... ကူညီပေးမယ်ဆိုတာနဲ့တင် လောင်စွန်း တကယ်ကျေးဇူးတင်နေပါပြီ”
ရန်ကျောက်ကဲက...
“ဒါနဲ့... မဟာသူတော်စင် ရှာနေတဲ့သူတွေအတွက် ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်ရှိလား ၊ လူဦးရေကရော ဘယ်လောက်လိုအပ်မှာလဲ”
ချီထျန်းမဟာသူတော်စင်က လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ကျင့်ကြံခြင်းအဆင့်မြင့်ရင် လူဦးရေနည်းလည်းရတယ် ၊ ဥပမာ... မင်းဘေးက ကောင်မလေးအဆင့်လောက်ဆိုရင် တစ်ယောက်တည်းနဲ့တောင် လုံလောက်တယ်”
ဆိုလိုသည်က ကျင့်ကြံခြင်းအဆင့်နိမ့်ပါးလျှင်တော့ လူများစွာလိုအပ်မည်ဆိုသည့် သဘောပင်။
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...
“ကောင်းပြီ... ကျွန်တော် မှတ်ထားပါ့မယ်”
မျောက်မင်းက ထပ်မေးလိုက်သည်။
“စောစောက ဒီမိန်းကလေး ဇာတ်ကြောင်းပြောပြတာ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားတဲ့အထိပဲ ပြောသွားတယ် ၊ အဲဒီနောက် ဘာတွေဆက်ဖြစ်သေးလဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
“အများကြီးပဲ... စကားတစ်ခွန်းလောက်နဲ့ ပြီးပြည့်စုံအောင် ပြောလို့ရမှာ မဟုတ်ဘူး”
သူက အလယ်ခေတ် ပြီးဆုံးသွားပြီးနောက် မဟာကပ်ဘေးကြီးမတိုင်ခင်နှင့် မဟာကပ်ဘေးကြီးပြီးဆုံးသည့် နောက်ပိုင်းကာလများတွင် ဖြစ်ပွားခဲ့သော အရေးကြီးကိစ္စများကို ရွေးချယ်ပြောပြလိုက်သည်။
မျောက်ဘုရင်က နားထောင်ရင်း မျက်လုံးများ ပိုမိုပြူးကျယ်လာသည်။
“ဟားဟား... စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားပေမယ့် သူ့ရဲ့ဒဿနအမွေအနှစ်တွေလည်း ပျက်ဆီးသွားပြီပဲ”
ချီထျန်းမဟာသူတော်စင်က အော်ဟစ်ရယ်မောလိုက်သည်။
“ဘုရားလောင်းဖြစ်တဲ့ မီလဲ့ကိုယ်တော်က စကြာမုနိဗုဒ္ဓချန်ထားခဲ့တဲ့ ပုံမှန်လမ်းအတိုင်းလိုက်ရုံနဲ့ ရလဒ်ကောင်းကို ဆုပ်ကိုင်နိုင်မျာပဲ ၊ ဒါပေမဲ့ တစ်ယောက်ရောက်က သူသွားမယ့် မူလလမ်းကြောင်းကို ပိတ်ဆို့လိုက်လို့ တခြားလမ်းကို ပြောင်းလဲလိုက်ရတာ ၊ ဒီတော့ စကြာမုနိဗုဒ္ဓရဲ့ဒဿနအမွေအနှစ်ကလည်း လုံးဝ ပုံစံပြောင်းသွားတာပေါ့”
ချီထျန်းမဟာသူတော်စင် မျောက်မင်းက အေးစက်စွာ ပြုံးလိုက်ရင်း...
“နေဦး... စဉ်းစားကြည့်ဦးမယ် ၊ မီလဲ့ကိုယ်တော်ရဲ့ မူလလမ်းကြောင်းကို ပိတ်ဆို့လိုက်တဲ့သူက အော်မီတော်ဖူဗုဒ္ဓတော့ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ မငြိမ်းသောမီးအိမ်ဗုဒ္ဓပဲ ဖြစ်ရမယ်”
သူက နှာတစ်ချက်မှုတ်ရင်း...
“အဲဒီ ကျောရိုးမရှိတဲ့သူက တစ်လျှောက်လုံး သူများတွေရဲ့ဘဝကို လိုက်ဖျက်ဆီးနေတာပဲ ၊ လူသားအမြုတေကျောက်တုံးအပိုင်းအစတွေလည်း အလယ်ပိုင်းသုခဘုံမှာပဲ ရှိနေလောက်တယ် ၊ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားပြီဆိုတော့ အဲဒါတွေက မီလဲ့ကိုယ်တော်ရဲ့အခြေခံအုတ်မြစ် ဖြစ်လာနိုင်တယ်”
ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားပြီး အတွေးထဲ နစ်မျောသွားသည်။
“ဒါဆို အခု အဖြူရောင်ကြာပန်းသုခဘုံမှာ စုစည်းနေတဲ့ ဗုဒ္ဓအလင်းတန်းတွေရဲ့ မူလရင်းမြစ်က လူသားအမြုတေကျောက်တုံး ဖြစ်နေတာပေါ့”
“ဒါပေမဲ့ လောလောဆယ်မှာ အဖြူရောင်ကြာပန်းသုခဘုံက နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ မဟာမိတ်ဖွဲ့ထားတယ် ၊ ဒီတော့ နတ်မိစ္ဆာတွေဆီမှာ လူသားအမြုတေကျောက်တုံးအပိုင်းအစတွေ ကျန်နေနိုင်သေးတယ်”
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုသည့် အမည်ကိုကြားတော့ မျောက်မင်းက နားရွက်နောက်မှအမွှေးများကို ကုတ်ခြစ်လိုက်ရင်း...
“ဒီလူက ဘယ်လမ်းကြောင်းက လာတာလဲ ၊ သူ့ဆီမှာ တကယ်ပဲ ကောင်းကင်အမြုတေကျောက်တုံး ရှိတာလား ၊ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ သံသယဝင်စရာ လူနည်းနည်းလောက်ပဲရှိတယ် ၊ သူက သူတို့ထဲကတစ်ယောက် ဖြစ်ရမယ်”
ဒြပ်စင်ငါးပါးတောင်သို့ လာရောက်ခြင်းက အချည်းနှီးမဟုတ်ကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရသည်။ သူ့ရှေ့တွင်ရှိနေသော ချီထျန်းမဟာသူတော်စင်ထံမှ လျှို့ဝှက်ချက်များစွာကို သိလိုက်ရသည် မဟုတ်ပါလား။
ရန်ကျောက်ကဲနှင့် သမိုင်းဖြစ်စဉ်များကြား ခြားနားထားသော မြူခိုးလွှာသည်လည်း တဖြည်းဖြည်းပါးလျလာပြီဖြစ်ကြောင်း ခံစားလိုက်မိသည်။
ဟုတ်ပေ၏။
စွန်းဝူခုန်းပြောသည့်စကားများက အမှားမပါဘူးဆိုလျှင်တောင် သူသိရှိသောဘောင်အတွင်းမှ ပြောဆိုခြင်း ဖြစ်သည်။ ထိုစကားများအားလုံးက သမိုင်းအမှန်ဟု အတည်ပြု၍ မရနိုင်ပေ။
သို့ပေသိ ရန်ကျောက်ကဲအတွက်တော့ ဤအချက်အလက်များက အလွန်ပင် တန်ဖိုးရှိလှသည်။
အဘယ်ကြောင့်ဆိုသော် ဝူခုန်းပြောပြသည့်အချက်အလက်များကို သူကိုယ်တိုင်သိရှိထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်နိုင်သောကြောင့် ဖြစ်၏။
သေးငယ်သည့်သတင်းအချက်အလက်လေးများကို စုစည်းလိုက်သည့်အခါ အသုံးမဝင်ဟုထင်ရသော အချက်အလက်များသည်ပင် အဓိပ္ပါယ်ရှိလာခဲ့သည်။
ရန်ကျောက်ကဲက...
“မဟာသူတော်စင်... ကျွန်တော်တို့ဇနီးမောင်နှံ ပြန်ပါတော့မယ် ၊ ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ဒြပ်စင်ငါးပါးတောင်သို့ သူတို့ရောက်နေသည်မှာ အချိန်မနည်းတော့ပေ။
အနောက်ဘက် သူတော်စင်ဘုံမှလူအများ လာရောက်တိုက်ခိုက်နေသည့်တိုင် သူတို့ ရောက်ရှိနေသည်မှာ အချိန် (၁)နာရီ ကျော်သွားပြီ ဖြစ်သည်။
ပြန်လည်ဆုတ်ခွာရန် အချိန်လိုအပ်သေးသည်ဖြစ်ရာ ရန်ကျောက်ကဲက နှုတ်ဆက်စကားဆိုလိုက်သည်။
“ဒီနှစ်တစ်လျှောက်လုံး မင်းတို့လိုကလေးတွေ ငါနဲ့လာပြီးစကားပြောတာ မရှိသလောက်ပဲ ၊ မင်းတို့ပြန်သွားရင် ငါတစ်ယောက်တည်း အထီးကျန်နေရတော့မယ်”
မျောက်မင်းက ရေရွတ်လိုက်ပြီးနောက် သူ၏ပါးနှင့် နားရွက်များကို ကုတ်လိုက်ရင်း...
“သွားကြ သွားကြ... မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့ကြ”
ပြန်ခါနီးကျမှ ရန်ကျောက်ကဲက သတိရသွားဟန်ဖြင့်...
“ဟုတ်သားပဲ... အပြင်မှာ တိုက်တိုင်းအောင်ဗုဒ္ဓအပြင် ပင်းထျန်းမဟာသူတော်စင် ‘နွားရိုင်းမိစ္ဆာဘုရင်’ လည်း ရှိနေသေးတယ် ၊ ကျွန်တော် သူနဲ့ဆက်သွယ်ပြီး ခင်ဗျားရဲ့အကြောင်း ပြောပြပေးရမလား”
တိုက်တိုင်းအောင်ဗုဒ္ဓဆိုသည့်အမည်ကိုကြားသည်နှင့် သူတို့ရှေ့တွင်ရှိနေသော ချီထျန်းမဟာသူတော်စင်၏မျက်လုံးများထဲတွင် ရန်လိုပြီးဒေါသနှင့်ပြည့်သော အလင်းရောင်များ တောက်ပလာသည်။
တိုက်တိုင်းအောင်ဗုဒ္ဓဆိုသည်က သူ့အတွက် အတိတ်ဒဏ်ရာတစ်ခုနှင့်တူပြီး အမြဲတမ်း အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်နေသည်ပင်။
သို့သော် ပင်းထျန်းမဟာသူတော်စင် နွားရိုင်းမိစ္ဆာဘုရင်ဆိုသည့်အမည်ကို ကြားလိုက်သည်နှင့် သူ၏မျက်ဝန်းများထဲမှ ဒေါသတရားများ ပျောက်ကွယ်သွားပြီး သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချလိုက်လေသည်။
စောစောက ဖန်းယွင်ရှန်း ပြောပြသည့် အနောက်သို့ခရီးသွားမှတ်တမ်း ဒဏ္ဍာရီများစွာထဲတွင် နွားရိုင်းမိစ္ဆာဘုရင်နှင့် သူ၏မိသားစုအကြောင်း အကျဉ်းချုပ် ပါဝင်သည်။
“မပြောနဲ့... မပြောနဲ့”
ချီထျန်းမဟာသူတော်စင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“လောလောဆယ် သူနဲ့တွေ့ဖို့ စိတ်ကူးမရှိဘူး ၊ ပြီးတော့ မင်း သူ့ကို ငါ့အကြောင်းသွားပြောရင်လည်း သူက လိမ်ပြောတယ်လို့ပဲ ထင်နေမှာ”
မျောက်မင်းက အံတင်းတင်းကြိတ်လိုက်ရင်း...
“အဲဒီ သူရဲဘောကြောင်တဲ့မျောက်ကိုသတ်ပြီးမှ ငါကိုယ်တိုင် ငါ့ညီအစ်ကိုဟောင်းတွေကို အကုန်ရှင်းပြမယ်”
ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ပြီး တည်ကြည်သောမျက်နှာထားဖြင့်...
“ကောင်းပြီ... ဒါဆိုလည်း မပြောတော့ပါဘူး”
ထို့နောက် သူက နှုတ်ဆက်စကားဆိုလိုက်သည်။
“ဒါဖြင့် မဟာသူတော်စင် ဂရုစိုက်ပါ ၊ ကျွန်တော်တို့ ပြန်ပါတော့မယ်”
ချီထျန်းမဟာသူတော်စင်က တောင်ပေါ်မှ ကျောက်တုံးထက်သို့ ခုန်ထက်လိုက်ပြီး စင်ငယ်လေးထက်သို့လက်တင်လျှက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ထွက်ခွာသွားသည်ကို ငေးကြည့်နေလေသည်။
“ငါ့မျက်လုံးတွေက ငါ့ကိုလှည့်စားနေတာတော့ မဟုတ်ဘူးမလား”
မျောက်မင်းက တီးတိုးရေရွတ်လိုက်လေ၏။