← Chapters

မဆင်မခြင် ‘ရန်ကျောက်ကဲ’

Vol. 98 Ch. 1372

မဆင်မခြင် ‘ရန်ကျောက်ကဲ’

Vol. 98 Ch. 1372

အခန်း (၁၃၇၂) မဆင်မခြင် ‘ရန်ကျောက်ကဲ’

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တောင်မြင့်ကြီးဘေးမှ ဖြတ်သွားရင်း လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ ကြေးမုံမှန်ကဲ့သို့တောက်ပသောမျက်လုံးအစုံမှ အလင်းရောင်တဖျတ်ဖျတ်တောက်ပနေသည်ကို တွေ့မြင်နေရဆဲ ဖြစ်သည်။

သူတို့ မျောက်မင်းကို လက်ပြနှုတ်ဆက်ပြီးနောက် ဒြပ်စင်ငါးပါးတောင်မြင့်ကြီးကို ကျောခိုင်းခဲ့ကြသည်။

“ကျောက်ကဲ... ချီထျန်းမဟာသူ‌တော်စင်က ရှင့်ကိုအကဲခတ်နေတဲ့ပုံပဲ ၊ သူ့စိတ်ထဲမှာ တစ်ခုခု အထူးတလည် ရည်ရွယ်ထားသလို ခံစားရတယ်”

လမ်းတွင် ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးရင်း မရေရာစွာဖြင့် မေးခွန်းထုတ်လိုက်သည်။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... အမှန်ပဲ ၊ ပြီးတော့ အရင်တုန်းက ငါတောင် သတိမထားမိတဲ့ကိစ္စတွေကို သူက သတိထားမိနေသလိုပဲ”

သူက ဆက်ပြောလိုက်သည်။

“သူ ဘာကိုသတိထားမိသွားလဲ မသိပေမယ့်... ဘာနဲ့ဆက်စပ်နေလဲဆိုတာတော့ ခန့်မှန်းလို့ရတယ်...”

“‌လောင်ကျွင်းပဲ...”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း...

“သူက တခြားသူတွေလိုတော့ မဟုတ်ဘူး ၊ တခြားသူတွေဆိုရင် လောင်ကျွင်းနဲ့တွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ ၊ အများဆုံး... အဝေးကလှမ်း ဂါရဝပြုပြီး စကားနည်းနည်းပါးပါး ပြောခွင့်ရဖို့လောက်ပဲ ဖြစ်နိုင်ခြေရှိတယ်”

“ဒါပေမဲ့ ဒီမဟာသူ‌တော်စင်ကတော့ အရင်တုန်းက လောင်ကျွင်းနဲ့ ဆက်ဆံမှုရှိခဲ့တယ်လို့ ဒဏ္ဍာရီတွေမှာ ပြောထားတယ်”

“သူ့ကို လောင်ကျွင်းကိုနားအလည်နိုင်ဆုံး ကောင်းကင်နတ်ဘုရားတစ်ပါးလို့ အတိအကျ မသတ်မှတ်နိုင်ပေမယ့် သူက သာမန်လူတွေထက်တော့ လောင်ကျွင်းအကြောင်း ပိုနားလည်တာ သေချာတယ်”

ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားပြီးနောက်...

“ဒါဖြင့် ရှင်က လောင်ကျွင်းနဲ့ တစ်ခုခုဆက်နွယ်နေတယ်လို့ ချီထျန်းမဟာသူတော်စင်က ထင်နေတာလား”

ရန်ကျောက်ကဲက...

“တကယ်တော့ ငါခန့်မှန်းထားတာတွေလည်း ရှိပါသေးတယ် ၊ ဒါပေမဲ့ စဉ်းစားထားတာတွေကို သေချာမစုစည်းနိုင်ခဲ့ဘူး ၊ အခု ဒီမဟာသူတော်စင်ရဲ့တုံ့ပြန်မှုက ငါ့ရဲ့မှန်းဆချက်တွေကို အတည်ပြုပေးလိုက်တာပဲ”

သူက ဆက်ပြောလိုက်သည်။

"ငါ မင်းကို အရင်က ပြောဖူးတယ်မလား ၊ ထိုက်ချင်အဆက်အနွယ်ရဲ့ ထိပ်တန်းသိုင်းပညာတွေကို ကျင့်ကြံတဲ့အခါ ငါ ပိုပြီးကျွမ်းကျွမ်းကျင်ကျင် ကျင့်ကြံနိုင်တယ် ၊ ပြီးတော့ အဲဒီသိုင်းပညာတွေအပေါ် နက်ရှိုင်းတဲ့နားလည်မှုလည်း ရှိတယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ကျွန်မ မှတ်မိပါတယ်”

ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ရင်း...

“ဒီကိစ္စတစ်ခုတည်းကတော့ မထူးခြားလှပါဘူး ၊ ကျင့်ကြံသူတစ်ယောက်ရဲ့အရည်အချင်းကို နားလည်နိုင်မှုစွမ်းရည်တစ်ခုတည်းနဲ့ တိုင်းတာလို့မရဘူး”

သူ့ဖခင် ‘ရန်တိ’ က ထိုက်ယိဟွာတိမ်တိုက်နှင့် နှစ်ပေါင်းတစ်ထောင်ကြာ အတူရှိနေခဲ့ပြီး ဖန်ဆင်းခြင်းဓားဝိညာဉ်ကို ကျင့်ကြံနိုင်ခဲ့သည်။

ရန်တိအတွက် ယွိချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ် သိုင်းပညာများကို ကျင့်ကြံခြင်းက ဘာမှကွာခြားမှု မရှိပေ။ သူ့အနေဖြင့် ထိုက်ချင်အဆက်အနွယ် သိုင်းပညာရပ်များကို ကျင့်ကြံလျှင်လည်း သိသာထင်ရှားသော အကျိုးကျေးဇူးများ ရှိနိုင်မည် မဟုတ်ပေ။

သွေးသားဆက်နွယ်သူများကြားတွင် မွေးရာပါအရည်အချင်းများကို လက်ဆင့်ကမ်းပေးနိုင်သည်မှန်သော်လည်း သိုင်းကျင့်ကြံသူများ ကျင့်ကြံရာတွင်တော့ သူတို့၏နားလည်နိုင်စွမ်းက သွေးသားနှင့်မသက်ဆိုင်ပေ။  သူတို့ဝိညာဉ်၏ထူးခြားချက်ကြောင့် ဖြစ်နိုင်ခြေ ပိုများသည်။

ဥပမာ - စစ်ခုန်ချင်းက ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစ၏ သရုပ်သကန်ဖြစ်သောကြောင့် သူ၏နားလည်မှုစွမ်းရည်က မွေးရာပါထူးချွန်သည်။ သို့သော် ဤသည်က သူ၏ သွေးသားမျိုးဆက် ဆင်းသက်လာမှုနှင့် မသက်ဆိုင်ပေ။

ထို့ကြောင့် ထိုက်ယိဟွာတိမ်တိုက်က အရည်အချင်းကို လက်ဆင့်ကမ်းပေးနိုင်သည်ဆိုသော အယူအဆက လက်တွေ့မကျလှပေ။

ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ အရည်အချင်းများတွင် ရန်ကျောက်ကဲသည်လည်း ရန်ကျောက်ကဲအလျောက်ဖြစ်ပြီး ရန်တိသည်လည်း ရန်တိအလျောက် ဖြစ်သည်။ အရည်အချင်းနှင့်ပတ်သက်ပြီး သူတို့နှစ်ယောက်ကြား ပတ်သက်ဆက်နွယ်မှု မရှိပေ။

အစဉ်အဆက်ကာလတစ်လျှောက်တွင် ကျင့်ကြံသူတစ်ယောက် သိုင်းပညာတစ်မျိုးတည်းတွင် အထူးပြုကျွမ်းကျင်မှုရှိခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သည်။

ကောင်းကင်ဘုံကမျက်နှာသာပေးသူများ ထွက်ပေါ်လာတတ်ပြီး ၊ ထိုသူများတွင် အလွန်ထူးချွန်သည့် အရည်အချင်းများ ရှိကြသည်။

ဥပမာ - ရန်ရှင်းထန် ၊ တိချင်းလျန် ၊ ကောင်းချင်းရွှမ် ၊ လုန်ရှင်းချမ် ၊ ယင်းရှီယန် ၊ လုန်ရွှယ်ကျီး ၊ နျဲ့ကျင်းရှန် ၊ ယွဲ့ကျန့်ပေ ၊ ယွီယဲ့ ၊ ဟယ်မြန်နှင့် အခြားသူများသည် ဓားသိုင်းနှင့်ပတ်သက်ပြီး အလွန်မြင့်မားသည့် အရည်အချင်းရှိသူများ ဖြစ်ကြသည်။

ထိုသူများထဲတွင် လုန်ရွှယ်ကျီးနှင့် ယွီယဲ့တို့က ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်တို့နှင့် ဆက်နွယ်မှုရှိသော်လည်း သူတို့ရရှိခဲ့သော အောင်မြင်မှုများက များသောအားဖြင့် သူတို့၏ အရည်အချင်းမြင့်မားမှုကြောင့်သာဖြစ်ပြီး သွေးသားတော်စပ်ခြင်းဖြင့် ဆက်စပ်မှု မရှိပေ။

ဓားသိုင်းနှင့်ပတ်သက်သော သူတို့၏နားလည်နိုင်စွမ်းက များသောအားဖြင့် ကိုယ်ပိုင် မွေးရာပါစွမ်းအား အခြေခံအုတ်မြစ် ဖြစ်သည်ပင်။

ထို့ကြောင့် ရန်ကျောက်ကဲ၏ စန်းချင်း(၃)ပါး သိုင်းပညာရပ်များ၏ အတွေးအခေါ်အပေါ် နားလည်နိုင်စွမ်းနှင့် အထူးခံစားနိုင်မှုများက မယုံနိုင်စရာကိစ္စရပ်များ မဟုတ်ပေ။

အခြားသူများက တစ်ခုတည်းသောသိုင်းပညာရပ်နှင့်ပတ်သက်ပြီး ထူးခြားသောအရည်အချင်းရှိကြသလို သူကတော့ သိုင်းပညာရပ်တစ်ခုလုံး ၊ အတွေးအခေါ်တစ်ခုလုံးနှင့်ပတ်သက်ပြီး ထူးခြားသောအရည်အချင်း ရှိသူ ဖြစ်သည်။

သို့ပေသိ ဤသည်က တိုက်ဆိုင်မှုတစ်ခုဟု ထင်ရသော်လည်း ဆက်နွယ်နေသည့် အပိုင်းအစများကို ချိတ်ဆက်ကြည့်လိုက်သည့်အခါ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်တော့ပေ။

အနည်းဆုံးတော့ ရန်ကျောက်ကဲက “တိုက်ဆိုင်မှု” ဆိုသည့်အချက်ကို မယုံကြည်ပေ။

“အရှေ့ဧကရာဇ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ၊ မီလဲ့ကိုယ်တော်နဲ့ တခြား ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေတောင် လောင်ကျွင်းရဲ့အတွေးဘယ်လိုရှိတယ်ဆိုတာ မသိမြင်နိုင်ကြဘူး ၊ ငါတို့လိုလူတွေကတော့ ပြောမနေနဲ့တော့”

ရန်ကျောက်ကဲ သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“လက်ရှိ ငါ့ရဲ့အခြေအနေက လောင်ကျွင်းနဲ့ပတ်သက်နေသလားဆိုတာ သေချာမသိနိုင်သေးဘူး ၊ ဒါပေမဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်က တစ်ခုခုကို ထိုးထွင်းသိမြင်ခဲ့တဲ့ပုံပဲ ၊ ဒါကြောင့်လည်း ငါတို့ကို ဒီကိုလာဖို့ တောင်းဆိုခဲ့တာ ဖြစ်နိုင်တယ်”

လင်စန်းတောင်မှ တထာဂတဿဗုဒ္ဓကို အပြစ်ပြုရမည်ကို မကြောက်ရွံ့သည့် တစ်ယောက်ယောက်ကို ရွေးချယ်ခဲ့မည်ဆိုလျှင် ၊ ထိုသူသည် စန်းချင်း(၃)ပါး ဘိုးဘေးများ ၊ သို့မဟုတ် နွီဝါးမယ်တော်သာလျှင် ရှိသည်။

သို့သော် ထိုသူများအားလုံးက လောကကို ကျော်လွန်သွားကြပေပြီ။

အကယ်၍ ရန်ကျောက်ကဲက လောင်ကျွင်း၏ အစီအစဉ်များထဲတွင် ပါဝင်ပတ်သက်နေသူတစ်ယောက် ဖြစ်သည်ဆိုလျှင် သူ့အနေဖြင့် ဒြပ်စင်ငါးပါးတောင်တွင် ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။

အနည်းဆုံးတော့ သူ့အနေဖြင့် တထာဂတဿဗုဒ္ဓ ဒေါသထွက်အောင်လုပ်မိမည်ကို စိုးရိမ်စရာမရှိပေ။

ဟုတ်ပေ၏။

ဤသည်က နှိုင်းယှဉ်ပြောဆိုခြင်းသာ ဖြစ်သည်။

ဤသည်က လူသားများ၏ခံစားချက် အခြေခံမူများကို အသုံးပြုပြီး ထင်ကြေးပေးခြင်းသာ ဖြစ်သည်။

သို့သော် တထာဂတဿဗုဒ္ဓ ၊ စန်းချင်း (၃)ပါး ဆရာဘိုးဘိုးများနှင့် အခြားသူများ၏ စိတ်ခံစားချက်များကို သာမန်နည်းလမ်းများဖြင့် ထင်ကြေးပေး၍ မရပေ။

ထို့ကြောင့် အန္တရယ်က ရှိနေဆဲဖြစ်ပြီး ၊ ထိုအန္တရယ်က မည်မျှကြီးမားကြောင်း မည်သူမှ သေချာမသိနိုင်ပေ။

“တောင်ပိုင်းချန်စန်းဧကရာဇ်က ဒြပ်စင်ငါးပါးတောင်အောက်က အမှန်တရားကို မသိခဲ့ဘူး ၊ ဒါပေမဲ့ တထာဂတဿဗုဒ္ဓက ဒီနေရာမှာ လူတစ်ယောက်ကို ကိုယ်တိုင် ဖိနှိပ်ထားတယ်ဆိုတာကိုတော့ သူသိတယ် ၊ ပြီးတော့ ဒီကိစ္စက လုံးဝမရိုးရှင်းဘူးဆိုတာလည်း ရိပ်မိတယ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်က ဒီအကြောင်းနဲ့ပတ်သက်ပြီး သိုးသိုးသန့်သန့် သတင်းရလို့ ငါ့ကို သွားခိုင်းလိုက်တာပဲ”

ရန်ကျောက်ကဲ ဆံပင်ကို ခပ်ဖွဖွတစ်ချက်သပ်ရင်း မချိပြုံးပြုံးလိုက်သည်။

ဖန်းယွင်ရှန်းက တိုးလျသည့်အသံဖြင့်...

“ဘာပဲဖြစ်ဖြစ် ရှင် ဒီကိုရောက်လာခဲ့တာပဲလေ”

သူမက ဆက်ပြောလိုက်သည်။

“ပြီးတော့ ရှင်က အန္တရယ်ကိုရင်ဆိုင်ရုံတင်မကဘူး ချီထျန်းမဟာသူတော်စင်ကိုတောင် လွတ်မြောက်အောင်ကူညီပေးမယ်လို့ ကတိပေးလိုက်သေးတယ်”

ရန်ကျောက်ကဲက ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်သည်။

“ငါ ချီထျန်းမဟာသူတော်စင်ကို ကတိပေးလိုက်တာက လောကဝတ်ကြောင့်လည်းမဟုတ်ဘူး ၊ သူ့ကို ဆွဲဆောင်နိုင်ဖို့ ပြောလိုက်တာလည်းမဟုတ်ဘူး ၊ အဲဒါက ငါ့ရဲ့ စိတ်ရင်းမှန်ပဲ”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ကျွန်မ သိပါတယ်”

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“ပွင့်ပွင့်လင်းလင်းပြောရရင်... ငါ့ရဲ့ကိုယ်ကျင့်တရားက အကန့်အသတ်ရှိတယ် ၊ အချိန်အများစုမှာတော့ ငါက လက်တွေ့ကျကျပဲလုပ်တတ်တယ်”

“ပုံမှန်ဆိုရင် ငါက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စကိုပဲ လုပ်လေ့ရှိတယ် ၊ ငါ့အတွက် အကျိုးရှိမယ့်ကိစ္စကိုပဲ ရွေးချယ်တာ အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့လူတချို့ကတော့ ခြွင်းချက်ပေါ့”

“အကျိုးအမြတ်ကိုရှာဖို့ အန္တရယ်ကိုရှောင်ရှားဖို့ ၊ အရှုံးအမြတ်တွက်ဖို့... ငါက ဒါတွေကိုပဲ စဉ်းစားတတ်တယ်”

ထို့နောက် သူ့မျက်နှာက တည်ကြည်လေးနက်သွားပြီး သူ၏ဘယ်ဘက်ရင်ဘတ်ဆီသို့ လက်ညှိုးညွှန်ပြရင်း...

“ဒါပေမဲ့ တခါတလေတော့ ငါ့ရင်ထဲမှာ စိတ်ကူးယဉ်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်လေ ၊ တချို့ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူက မဆင်မခြင်ခုန်ထွက်လာတတ်တယ်”

အတိအကျပြောရလျှင် ယခုလည်း ထိုသို့ပင် ဖြစ်ပေသည်။

ချီထျန်းမဟာသူတော်စင် - စွန်းဝူခုန်း...။

သူ့အရင်ဘဝ ဝေးလံသည့်အမှတ်တရားများထဲတွင် မျောက်မင်းစွန်းတူခုန်းက သူ၏ငယ်ဘဝ အသည်းစွဲဖြစ်ခဲ့ဖူးသည်။

စာအုပ်များစွာ ဖတ်ရှုပြီးသည့်နောက် သူ၏ ကလေးဘဝ စွဲမက်ခဲ့ရသော မျောက်မင်း’စွန်းဝူခုန်း’ ၏ ပြီးပြည့်စုံခြင်းမရှိသည်များကိုနားလည်လာသည့်တိုင် သူ့စိတ်က ပြောင်းလဲခဲ့ခြင်း မရှိပေ။

မတူကွဲပြားသော တချို့ဇာတ်ကြောင်းများတွင် မျောက်မင်းက ကောင်းကင်ဘုံနန်းတော်ကို မွှေနှောက်ခဲ့ခြင်းမရှိသလို သေမျိုးလူသားလောကကိုလည်း ပရမ်းပတာဖြစ်အောင် မပြုလုပ်ခဲ့ပေ။

တိမ်လွှာပျံသန်းနန်းတော်ထဲ မဝင်ရောက်ခင်မှာပင် ကောင်းကင်ဘုံ စစ်သူကြီးတစ်ယောက် နှင်ထုတ်သည်ကို ခံခဲ့ရသည်။

နောက်ပိုင်း အနောက်သို့ခရီးသွားမှတ်တမ်းထဲတွင်လည်း မျောက်မင်းမှာ ဒုက္ခများစွာခံစားခဲ့ရပြီး အမြဲတမ်း အကူအညီများ ရှာဖွေနေခဲ့ရသည်။

ရန်ကျောက်ကဲသိသလောက် မူရင်းဇာတ်လမ်းက ဘုန်းတော်ကြီး’စန်းကျန့်’ ၏ ကိုယ်တွင်းမိစ္ဆာများကို ဖော်ပြထားခြင်း ဖြစ်နိုင်သည်။

(အချို့သူများက ထန်စန်းကျန့်၏တပည့်(၄)ယောက်ဖြစ်သော စွန်းဝူခုန်း ၊ ကျူးပါကျဲ ၊ ရှားဝူကျင့်နှင့် သူ၏မြင်းတို့အား ထန်စန်းကျန့်၏ ကိုယ်တွင်းမိစ္ဆာများ ၊ သူ၏စိတ်အတွင်းမှ မသန့်စင်မှုများဟု ခန့်မှန်းကြသည်။ ဤ လူသားဆန်သော စိတ်ခံစားချက်များကို အောင်မြင်စွာကျော်လွှားနိုင်မှသာ သူက ဗုဒ္ဓဖြစ်လာနိုင်ပေမည်__ ဘာသာပြန်သူ)

ထိုစဉ်က သူတို့နေထိုင်သည့်ခေတ်ကာလတွင်ဖြစ်ပွားသည့်ပြဿနာများကို လှောင်ပြောင်သည့်ဝတ္ထုတစ်ပုဒ်ဟု ရန်ကျောက်ကဲ တွေးထင်ခဲ့သည်။

တကယ်တော့ စွန်းဝူခုန်းအပေါ်ထားရှိသော သူ၏စိတ်ခံစားချက်များက သူ၏စိတ်ခံစားချက် ရောင်ပြန်ဟပ်မှုနှင့် ဖြည့်စွက်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။

သို့ဖြစ်ရာ သူက စွန်းဝူခုန်း၏ အပြစ်အနာအဆာများကို ပယ်ဖျက်ခဲ့ပြီး ကောင်းမွန်သောအချက်များကိုသာ အမြဲတမ်း ဖြည့်စွက်တွေးတောခဲ့သည်။

သူ့စိတ်ထဲတွင် စွန်းဝူခုန်း၏ပုံရိပ်ကို ညစ်နွမ်းစေမည့်ကိစ္စများကို ရွေးချယ် လျစ်လျူရှုခဲ့ပြီး မရှိခဲ့သော အခြားဖြစ်ရပ်များကိုပင် စိတ်ကူးယဉ်ပြီး ထည့်သွင်းခဲ့သည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် အခြားကိစ္စရပ်များတွင် ဆင်ခြင်တုံတရားရှိနိုင်သော်လည်း စွန်းဝူခုန်း ဒုက္ခရောက်သည့်ကိစ္စနှင့်ပတ်သက်လျှင်တော့ လုံးဝ ခွင့်ပြုနိုင်မည် မဟုတ်ပေ။

အခြားသူများက သူ့ကို တစ်ဖက်ပိတ်ပရိတ်သတ်တစ်ယောက်ဟု ခေါ်ဆိုလျှင်လည်း သူက လုံးဝ အရေးစိုက်မည် မဟုတ်ပေ။

ယခုဆိုလျှင် ရန်ကျောက်ကဲက ဒြပ်စင်ငါးပါးတောင်မှထွက်ခွာလာပြီး အနောက်သို့ ကျမ်းစာပင့်သွားခဲ့သည့် မျောက်မင်းကိုပင် မုန်းတီးနေခဲ့သည်။

သူ့စိတ်ထဲတွင် ကောင်းကင်ဘုံတစ်ခုလုံးကိုတိုက်ခိုက်ပြီး ဘယ်တော့မှ အရှုံးမပေးသောမျောက်မင်း သူ၏ သံမဏိတုတ်ဖြင့် လောကကိုအောင်နိုင်သော မျောက်မင်း ၊ တောင်ဘက်ကောင်းကင်တံခါးကိုနင်းချေပြီး တိမ်လွှာပျံသန်းနန်းတော်ကို ပြောင်းပြန်လှန်ခဲ့သော သူရဲကောင်းဆိုသည်မှာ ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ ပင် ဖြစ်သည်။

ဤသည်က သူ၏အရင်ဘဝမှ အဖြစ်အပျက်များသာပင်။

ယခုဘဝမှာတော့ ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်မှ စာအုပ်များကိုဖတ်ရှုပြီး ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ က အမှန်တကယ်ပင် မိုးကောင်ကင်ခုံရုံးနှင့် ကောင်းကင်ဘုံနန်းတော်ကို ဒုက္ခပေးခဲ့ကြောင်း သိရှိခဲ့ရသည်။

အမှန်တော့ စွန်းဝူခုန်းသည် ကောင်းကင်နတ်ဘုရားများကြား မရှုံးနိမ့်နိုင်သည့် ပြိုင်ဘက်ကင်း မဟာနတ်မိစ္ဆာတစ်ပါးဖြစ်ပြီး စိုးရိမ်စိတ်အလျဉ်းမရှိဘဲ ကောင်းကင်တစ်ခွင် ဆူပူခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့်ပင် နောက်ဆုံးတွင် သူက ‘စွန်းရှင်ကျေ’ ဖြစ်လာခဲ့ပြီး အနောက်သို့ခရီးစဉ်ပြီးဆုံးသည့်အခါ ဗုဒ္ဓဖြစ်လာခဲ့သည်။

ဤသည်က ရန်ကျောက်ကဲကို ပို၍ စိတ်ပျက်စေခဲ့သည်။

ဒြပ်စင်ငါးပါးတောင်အောက်မှ အမှန်တရားကို သိရှိပြီးနောက် ရန်ကျောက်ကဲခံစားရသော နှစ်သိမ့်မှုနှင့် ဝမ်းသာမှုပမာဏသည် သူ၏မျက်နှာပေါ်တွင် ရေးသားထားသည်ထက် များစွာပိုမိုပေသည်။

ထို့ကြောင့် ဖန်းယွင်ရှန်းပြောသည့်အတိုင်းပင် သူက ဒြပ်စင်ငါးပါးတောင်သို့ရောက်လာခဲ့ရုံသာမက ဤနေရာတွင်ရှိနေသော မျောက်မင်းကိုပင် ကူညီချင်ခဲ့သည်။

အခြားကိစ္စများဆိုလျှင် ရန်ကျောက်ကဲအအနေဖြင့် သူဖြစ်ချင်သည့်ဆန္ဒအတိုင်း လုပ်ဆောင်ချင်မှ လုပ်ဆောင်ပေလိမ့်မည်။

သို့သော် ယခုကိစ္စနှင့်ပတ်သက်လျှင်တော့ သူက မစဉ်းစားမဆင်ခြင်ဘဲ မျောက်မင်းဘက်မှ ရပ်တည်ပေလိမ့်မည်။

All Chapters