ပန်ဒါကျွန်
Vol. 98 Ch. 1373
အခန်း (၁၃၇၃) ပန်ဒါကျွန်
ဖန်းယွင်ရှန်း ရန်ကျောက်ကဲကိုလှမ်းကြည့်လိုက်သည်။
ချစ်သူကိုကြည့်နေရင်း သူမ၏မျက်ဝန်းများက တဖြည်းဖြည်းနူးညံ့လာပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
သူမက တိုးလျသည့်လေသံဖြင့်...
“ဘာလုပ်ရမလဲဆိုတာ ရှင် ဆုံးဖြတ်လိုက်ပါ ၊ ကျွန်မက ရှင့်နောက်ကလိုက်လုပ်ဖို့ အသင့်ပါပဲ”
ရန်ကျောက်ကဲကလည်း သူမကို ပြန်လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများက နူးညံ့သိမ်မွေ့သွားသည်။
သူက နောက်ပြောင်လိုသောလေသံဖြင့်...
“ဒီစကားကိုသာ သူများတွေကြားသွားလို့ကတော့ မင်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့သူလို့ ပြောကြလိမ့်မယ်”
ဖန်းယွင်ရှန်းက မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း...
“သူများတွေပြောတာကို အရေးမစိုက်ပါဘူး ၊ ရှင်ပြောတာကိုပဲ နားထောင်မယ် ၊ အဲဒါက ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ၊ သူများတွေနဲ့ ဘာဆိုင်တာမှတ်လို့...”
“ရှင့်စိတ်ထဲမှာ လုပ်ချင်ရာလုပ်တတ်တဲ့ လူငယ်တစ်ယောက်ရှိနေတယ်ဆိုရင် ကျွန်မစိတ်ထဲမှာရော မိုက်ရူးရဲဆန်တဲ့ ကောင်မလေးတစ်ယောက် ဘာလို့မရှိနိုင်ရမှာလဲ”
ရန်ကျောက်ကဲက လက်နှစ်ဖက် ဖြန့်လိုက်ရင်း...
“ရတယ်လေ... မင်း ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ အဆင်ပြေပါတယ်”
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။
သူတို့နှစ်ယောက် လမ်းအတိုင်းပြန်လာခဲ့ကြပြီး ဒြပ်စင်ငါးပါးတောင်၏နယ်မြေမှ ထွက်ခွာလာခဲ့ကြသည်။
ဖန်းယွင်ရှန်းက ကျဲရှင်ကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှု အပြောင်းအလဲများနှင့် ကျဲရှင်ကမ္ဘာအပြင်ဘက် စကြာဝဠာဗလာနယ်၏အပြောင်းအလဲများကို အာရုံခံလိုက်သည်။
“စစ်ပွဲ ငြိမ်သက်သွားပြီထင်တယ် ၊ ကြည့်ရတာ ကျွန်မတို့ အစီအစဉ်အတိုင်း ဖြစ်သွားတာပဲ ၊ အခုချိန် ပြန်မယ်ဆိုရင် အသင့်တော်ဆုံးပဲ ၊ နောက်ကျသွားရင် ပြဿနာတက်နိုင်တယ်”
အနောက်ဘက် သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များက ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသည့်အတွက် အဖြူရောင်ကြာပန်းသုခဘုံ၏ မူလအစီအစဉ်များ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။
အနောက်ဘက်သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း အဖြူရောင်ကြာပန်းသုခဘုံမှ တန်ခိုးစွမ်းအားရှင်များက သူတို့နောက်သို့ လိုက်ပါတိုက်ခိုက်သည့်အတွက် ဗလာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဖြူရောင်ကြာပန်းသုခဘုံက အခြေအနေကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်မည်ဖြစ်လေရာ ဤအက်ကွဲကြောင်းသည်လည်း ပြန်လည်ပျောက်ကွယ်သွားပေမည်။
သို့ဖြစ်လျှင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ပြန်လည်ထွက်ခွာရန် အလွန်ခက်ခဲသွားပေမည်။
အဖြူရောင်ကြာပန်းသုခဘုံမှ တန်ခိုးစွမ်းအားရှင်များက ပြန်လည်အားယူပြီး ဤနေရာကို အပြည့်အဝ ထိန်းချုပ်လာနိုင်မည်ဆိုပါက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအနေဖြင့် ထွက်ခွာရန်ခက်ခဲရုံသာမက ကျဲရှင်ကမ္ဘာတွင် ပုန်းအောင်းနေရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။
သူတို့ကို တစ်စုံတစ်ယောက်က သေချာပေါက် ရှာတွေ့သွားနိုင်သည်။
ရန်ကျောက်ကဲက...
“အမှန်ပဲ... ငါတို့ အမြန်သွားရအောင်”
ပြောပြီးသည်နှင့် သူက ကျဲရှင်ကမ္ဘာအပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။
ဖန်းယွင်ရှန်းက သူ့အနားမှ လိုက်ပါလာရင်း မေးမြန်းလိုက်သည်။
“ရှင်က ချီထျန်းမဟာသူတော်စင်ကို လွတ်မြောက်အောင် ကူညီပေးမယ်လို့ ကတိပေးလိုက်တယ်ဆိုတော့ ၊ အဲဒီကိစ္စအတွက် ရှင့်မှာ တိကျတဲ့အစီအစဉ် ရှိပြီးပြီလား”
ရန်ကျောက်ကဲက...
“ငါ့မှာ အကြံရှိပါတယ် ၊ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ထပ်စဉ်းစားရမှာတွေ အများကြီးရှိသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အကောင်းဆုံးရွေးချယ်မှုပဲ...”
ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားလိုက်ပြီး...
“ရှင့်ရဲ့မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ ဝူကျိမြေသားဝိညာဉ် မပါဝင်ဘူး ၊ ဒါပေမဲ့ တောင်းတျဲမိစ္ဆာနဲ့ ခွန်ဖိန်တို့ရဲ့ စွမ်းအားတွေကို အခြေခံအုတ်မြစ်အဖြစ်ယူထားတဲ့အပြင် ထိပ်တန်းနတ်မိစ္ဆာမျိုးနွယ်တွေရဲ့ စွမ်းအားအများအပြားကို ပေါင်းစည်းကျင့်ကြံထားပြီး အသွင်ပြောင်းနိုင်တဲ့ ပညာရပ်လည်းရှိတယ်”
သူမက ဆက်ပြောလိုက်သည်။
“ရှင် အရင်ကလည်း ပြောဖူးတယ်လေ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နတ်မိစ္ဆာမျိုးနွယ်တွေ နေထိုင်တဲ့ကမ္ဘာထဲကို ခိုးဝင်ပြီး နတ်မိစ္ဆာအသွင်ပြောင်းတုန်းက ဘယ်သူမှ လူသားက နတ်မိစ္ဆာအသွင်ပြောင်းထားတယ်လို့ အာရုံမခံနိုင်ကြဘူးဆို”
“ရှင်က မျောက်မျိုးနွယ်နတ်မိစ္ဆာစွမ်းအားကို သန့်စင်ပြီး အဲဒီကိုယ်ပွားကို မျောက်တစ်ကောင်ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ ကြံစည်နေတာလား”
ထိုသို့ပြောရင်း ဖန်းယွင်ရှန်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“ချီထျန်းမဟာသူတော်စင်က ချုပ်နှောင်ခံထားရပေမယ့် ဒီလိုပုံစံမျိုးနဲ့ သူ့ကို လှည့်စားလို့မရလောက်ဘူး ၊ ရှင့်ကိုယ်ပွားက နတ်မိစ္ဆာအသွင်ပြောင်းထားတာကို တခြားနတ်မိစ္ဆာတွေက မသိဘူးဆိုရင်တောင် ချီထျန်းမဟာသူတော်စင်ကတော့ သေချာပေါက် သိမှာပဲ”
ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...
“ငါက သူ့ကို လှည့်စားဖို့ မရည်ရွယ်ပါဘူး ၊ အားလုံးကို ပွင့်လင်းမြင်သာအောင် လုပ်မှာပါ”
သူက ဆက်ပြောလိုက်သည်။
“ချီထျန်းမဟာသူတော်စင်က သူနဲ့မျိုးနွယ်တူတဲ့သူမှမဟုတ်ဘူး ၊ ဝူကျိမြေသားဝိညာဉ်ကိုပိုင်ဆိုင်တဲ့ လူသားမျိုးနွယ်ဆိုရင်လည်း အဆင်ပြေတယ်လို့ ပြောခဲ့တယ်လေ ၊ ဆိုတော့... ဒီအခွင့်အရေးကိုရဖို့ မျိုးနွယ်တူ မျောက်မျိုးနွယ်နတ်မိစ္ဆာပဲဖြစ်ရမယ်လို့ သတ်မှတ်မထားဘူးလို့ ယူဆရတာပဲ”
“သူ့အတွက် အရေးကြီးတာက သူ့ရဲ့ ရွှေခန္ဓာကို ဆက်ခံမယ့် လူတစ်ယောက်ရှိဖို့ပဲ ၊ ဘယ်သူဆက်ခံမယ်ဆိုတာ သူက အရေးစိုက်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“တိုက်တိုင်းအောင်ဗုဒ္ဓကတော့ ခြွင်းချက်ပေါ့”
ဖန်းယွင်ရှန်းက ခဏမျှစဉ်းစားပြီးမှ...
“ဟုတ်တယ်... အရင်တုန်းက သူနဲ့ မသက်ဆိုင်ဖူးတဲ့ လူ ဒါမှမဟုတ် နတ်မိစ္ဆာတစ်ယောက်ယောက်က ဒီအခွင့်အရေးကိုဆက်ခံမယ်ဆိုရင် သူက ပိုပြီးသဘောကျမယ်ထင်တယ် ၊ ဘာလို့လဲဆိုတော့ ဒါက တာအိုဆရာ’ကျူးထီ’ တဖြစ်လဲ တထာဂတဿဗုဒ္ဓနဲ့ ဆက်စပ်နေလို့ပဲ ၊ ချီထျန်းမဟာသူတော်စင်ကိုယ်တိုင်က စကြာမုနိဗုဒ္ဓနဲ့ပတ်သက်မှာကိုတော့ ရှောင်ရှားချင်မှာပဲ ၊ သူက အတိတ်ကိုဖြတ်တောက်ချင်တယ် ၊ ဒါကြောင့် သူနဲ့ဆက်စပ်နေတဲ့သူတွေကို စကြာမုနိဗုဒ္ဓဆီက အကျိုးအမြတ်တွေကို ထပ်ပြီး ခံစားစေချင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ်... ဒါပေမဲ့ ငါ့အတွက်တော့ ဒီကံကြမ္မာရဲ့ရင်းမြစ်က ချီထျန်းမဟာသူတော်စင်ဆီကနေ လာတာပဲ ၊ အဲဒါကို အရေးစိုက်စရာမလိုဘူး”
ဖန်းယွင်ရှန်းက မချိုမချဉ်မျက်နှာထားဖြင့် သူ့ကိုကြည့်လိုက်ရင်း...
“စောစောကတော့ ရှင့်စိတ်ထဲက မဆင်မခြင်လုပ်တတ်တဲ့ လူငယ်လေးခုန်ထွက်လာတယ်ဆိုလို့ ကျွန်မမှာ ခံစားချက်တွေများလိုက်ရတာ ၊ အခုကျတော့ ရုတ်တရက်ကြီး အရမ်းလက်တွေ့ဆန်သွားပြန်ပြီ ၊ ရှင်က အပြောင်းအလဲ မမြန်လွန်းဘူးလား”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ငါ့အတွက် အကျိုးမရှိရင်တောင် ငါက ချီထျန်းမဟာသူတော်စင်ကို ကူညီမှာပါပဲ ၊ ဒါပေမဲ့ သူ့ကိုကူညီရင်း ငါ့အတွက်လည်း အကျိုးရှိမယ်ဆိုရင် ဒီအခွင့်အရေးကို ဘာလို့တွန်းထုတ်ရမှာလဲ ၊ ဟုတ်တယ်မလား ၊ ဦးနှောက်တော့သုံးရမှာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဒီလောက်ကြီးမားတဲ့အခွင့်အရေးတစ်ခုကို ငါနဲ့ သွေးမတော်သားမစပ် မျောက်မျိုးနွယ်မိစ္ဆာတွေကို အလကားပေးပစ်လိုက်ရမှာလား”
ရန်ကျောက်ကဲက လမ်းဆက်လျှောက်ရင်း...
“တကယ်လို့ တခြားမျောက်တွေကို အဆင်ပြေအောင်လုပ်ပေးရမယ်ဆိုရင်တောင် အရင်ဆုံး သူတို့ကိုလှည့်စားပြီး ငါ့လက်အောက်ရောက်လာဖို့လုပ်ရမယ် ၊ ငါ့အတွက် သူတို့ကို အသုံးချနိုင်ဖို့ ကြိုးစားရမယ် ၊ ဒါပေမဲ့ ဒီလိုလုပ်ရင် အချိန်အများကြီး ဖြုန်းတီးရာရောက်မယ် ၊ ဒီတော့ ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုပဲ မျောက်မျိုးနွယ်နတ်မိစ္ဆာရဲ့သွေးမျိုးဆက်ကို သန့်စင်ပေးပြီး အသွင်ပြေင်းခိုင်းလိုက်တာ ပိုကောင်းတယ် မဟုတ်ဘူးလား”
သူက ခဏမျှ စဉ်းစားလိုက်ရင်း...
“ဒါပေမဲ့ ပြဿနာရှိနေတာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိုင်းသူတော်စင် နဝမအဆင့်ပဲရှိသေးတော့ ချီထျန်းမဟာသူတော်စင်နဲ့ယှဉ်ရင် ကျင့်ကြံခြင်းအဆင့် အရမ်းနိမ့်လွန်းနေတယ် ၊ သူ့တစ်ယောက်တည်းနဲ့ဆိုရင် ဒါကို ခံနိုင်ရည်ရှိမယ် မထင်ဘူး”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား ကျင့်ကြံခြင်းအဆင့်မြင့်တက်စေရန် အဆင့်မြှင့်တင်ပေးသည်ဖြစ်စေ ၊ အခြားသူများကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ကျင့်ကြံခြင်းအဆင့်တူရန် လေ့ကျင့်ပေးသည်ဖြစ်စေ နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ပန်ပန်ဆိုတဲ့ ငပျင်းကောင်လည်း ဒီတစ်ခေါက်တော့ ကံကောင်းထောက်မပြီး အကျိုးအမြတ်တွေ ရဦးမှာပေါ့”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း စိတ်မသက်မသာဟန်ဖြင့်...
“ဒီကောင်က တစ်နေကုန် စားကောင်းသောက်ဖွယ်တွေစားသောက်ပြီး ပျင်းရိနေတာ ၊ ဒါပေမဲ့ အလိုလိုနေရင်း အကျိုးအမြတ်ရတော့မယ် ၊ ဒီကောင့်ဘဝက ငါတို့ထက်ပိုပြီး အများကြီးပေါ့ပါးအေးဆေးနေတယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲပုံစံကိုကြည့်ပြီး ခေါင်းခါရင်း ရယ်မောလိုက်သည်။
“ရှင် ပန်ပန့်ကို မနာလိုဖြစ်နေတဲ့ပုံစံက ကလေးလေးကျနေတာပဲ”
ရန်ကျောက်ကဲ နှုတ်ခမ်းများမဲ့ရွဲ့လိုက်ပြီး...
“သူများတွေက ကြောင်မွေးပြီး ကြောင်ကျွန် ၊ ငါကတော့ ပန်ဒါကျွန် ၊ ကျစ်... သူ့ကြောင့် အမြဲစိတ်ရှုပ်နေရတယ်”
“ပန်ပန်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်သေးတယ် ၊ သူနဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပေါင်းလိုက်ရင်တောင် ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကိုဆက်ခံဖို့ မလုံလောက်နိုင်သေးဘူးမလား”
ဖန်းယွင်ရှန်းက ပြောရင်း တွေးတွေးဆဆဖြင့် ရန်ကျောက်ကဲဘက်သို့ လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“အင်း... ငါလည်း အဲဒီကိစ္စတွေးနေတာ”
သူက ဖန်းယွင်ရှန်းနှင့် အကြည့်ချင်းဆုံလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဒါက ရှီကျွင်းလေးတို့သားအမိအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ် ၊ ဒါပေမဲ့ အဲဒီနတ်ဆိုးတွေက ထူးဆန်းတယ် ၊ ဒီတော့ ငါတို့အတွေ အရာအားလုံးကို စိတ်ရှည်ရှည်နဲ့ သေချာစီစဉ်ဖို့လိုတယ် ၊ မဟုတ်ရင် ရန်သူကိုအခွင့်အရေးပေးမိသလိုဖြစ်သွားပြီး ဝံပုလွေကို အိမ်ထဲဖိတ်ခေါ်သလို ဖြစ်သွားနိုင်တယ်”
ဖန်းယွင်ရှန်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... အမှားမရှိအောင် သေချာလုပ်ရမယ်”
သူတို့နှစ်ယောက် ကျဲရှင်ကမ္ဘာမှထွက်လာပြီး ပြင်ပစကြာဝဠာ ဗလာနယ်ထဲသို့ရောက်ရှိလာကြသည်။ ယခု ဤနေရာက လူသူကင်းမဲ့ပြီး မည်မျှပျက်ဆီးယိုယွင်းနေကြောင်း ရှင်းလင်းစွာ သိမြင်လိုက်ရသည်။
ယခင်ကဆိုလျှင် ဗလာနယ်က မည်သည့်အရာမှမရှိဘဲ တိတ်ဆိတ်နေသည့်တိုင် သေးငယ်သောအပြောင်းအလဲများရှိပြီး ၎င်းတို့က ကိုယ်ပိုင်ပတ်လမ်းအတိုင်း တိတ်တဆိတ်လည်ပတ်နေခဲ့သည်။
သို့သော် ယခုတော့ ပတ်ဝန်းကျင် စကြာဝဠာ ဗလာနယ်တစ်ခုလုံး လူသူကင်းမဲ့ပြီး ပြိုကွဲပျက်ဆီးမှုများဖြင့် ပြည့်နက်နေသည်။
ပြင်းထန်သည့်တိုက်ပွဲက ကျဲရှင်ကမ္ဘာကဲ့သို့သောနယ်မြေများကို မထိခိုက်စေသော်လည်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတို့တိုက်ပွဲဆိုသည်က မိုးမြေကိုဖျက်ဆီးနိုင်သော အဖျက်စွမ်းအားများပါရှိပြီး အဖြူရောင်ကြာပန်းသုခဘုံအား ရေရှည်တွင် ပျောက်ကင်းရန်ခက်ခဲသည့် ဒဏ်ရာများကို ချန်ထားခဲ့သည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဗုဒ္ဓဘာသာနယ်မြေများတွင် ယုံကြည်ခြင်းစွမ်းအားကြောင့် ဖြစ်ပေါ်နေသည့် ဗုဒ္ဓအလင်းတန်းများ ထွန်းလင်းနေဆဲဖြစ်ကြောင်း တွေ့မြင်ရသည်။
သို့သော် ထိုအလင်းတန်းများက ယခင်ကလို တစ်စုတစ်စည်းတည်း ဆက်စပ်နေခြင်း မရှိတော့ပေ။
သို့ရာတွင် ယုံကြည်ခြင်းအလင်းတန်းများက ထူထပ်စွာရှိနေဆဲဖြစ်ပြီး ကွဲပြားနေရာမှ ဖြည်းဖြည်းချင်းပြန်လည်ပေါင်းစည်းရန် ကြိုးစားနေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အလင်းတန်းများ တစ်ခုနှင့်တစ်ခု ပြန်လည်ဆက်သွယ်လာသည်ကို မျက်စိဖြင့် ထင်ရှားစွာ တွေ့မြင်လာရသည်။
ရန်ကျောက်ကဲက...
“အဖြူရောင်ကြာပန်းသုခဘုံက သူ့နယ်မြေထဲက ဗုဒ္ဓဘာသာကမ္ဘာတွေကို ပြန်ထိန်းချုပ်ဖို့ကြိုးစားနေပြီ”
သူက ဆက်ပြောလိုက်သည်။
“သူတို့က နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ပေါင်းပြီး တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ အနောက်ဘက်သူတော်စင်ဘုံက ကျင့်ကြံသူတွေကို မောင်းထုတ်ပြီးတဲ့နောက် အင်အားပြန်စုစည်းဖို့ လိုအပ်လိမ့်မယ်”
ဖန်းယွင်ရှန်းက...
“ဒါဖြင့် သူတို့ ဒီကိုပြန်မလာခင် ကျွန်မတို့ သွားကြရအောင်”
သူတို့နှစ်ယောက် ဗလာနယ်ထဲမှ အချိန်နှင့်နေရာများကို ဖြတ်ကျော်ကာ အဖြူရောင်ကြာပန်းသုခဘုံအပြင်ဘက်သို့ ဆက်လက်ထွက်ခွာလာကြသည်။
စကြာဝဠာနယ်နိမိတ်တံတိုင်းကိုဖြတ်ကျော်ပြီးနောက် နောက်ဆုံးမှာတော့ ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက သူ့နဖူးကို အသာပွတ်သပ်လိုက်ရင်း...
“အိုး... ငါတို့ တောင်ပိုင်းချန်စန်းဧကရာဇ်ကို သတင်းပို့ရဦးမယ်”