← Chapters

ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

Vol. 98 Ch. 1374

ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

Vol. 98 Ch. 1374

အခန်း (၁၃၇၄) ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

“အလုပ်တစ်ခုကို စပြီးမှတော့ အဆုံးသတ်ပေးရမှာ ထုံးစံပဲလေ”

ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်အကြောင်းပြောတော့ ဖန်းယွင်ရှန်းက ချက်ချင်းပြန်ပြောလိုက်သည်။

သူတို့ကြားတွင် နှစ်ဦးနှစ်ဖက်ယုံကြည်မှုက အကန့်အသတ်ရှိနေသေးသည်။

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကလည်း ဤအချက်ကိုနားလည်ထားသည်။

ထို့ကြောင့် သူမက ရန်ကျောက်ကဲတို့နှင့် ဆက်သွယ်ရန်နည်းလမ်းကို မတောင်းခံခဲ့ဘဲ သူမနှင့်ဆက်သွယ်ရန်နည်းလမ်းကိုသာ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ထံ ပေးထားခဲ့သည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ပြင်ပဗလာနယ် အဆုံးမရှိသော စကြာဝဠာထဲတွင် ခရီးဆက်ရင်း ထိုနည်းလမ်းကိုအသုံးပြုကာ လင်ချင်းကိုဆက်သွယ်လိုက်သည်။

နှစ်ဦးနှစ်ဖက်တွေ့ဆုံရန် အချိန်နှင့်နေရာ သဘောတူညီချက်ရရှိပြီးနောက် ရန်ကျောက်ကဲတို့နှစ်ယောက် ဆက်လက်ခရီးနှင်ခဲ့ကြသည်။

ရန်ကျောက်ကဲတို့က ချိန်းဆိုထားသည့်နေရာသို့ ကြိုတင်ရောက်ရှိလာကြသည်။

သူတို့က အခြေအနေများကိုသတိထားပြီး လှုပ်ရှားမှုများကို ဖုံးကွယ်ကာ တစ်ဖက်လူရောက်ရှိလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ရန်ကျောက်ကဲက သူ၏အသက်ရှူသံကိုဖုံးကွယ်ရာတွင် ကျွမ်းကျင်ပြီးသား ဖြစ်သည်။

ဖန်းယွင်ရှန်းသည်လည်း ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’၏ လျှို့ဝှက်နက်နဲသော သိုင်းပညာရပ်များကို နားလည်ပြီးသည့်နောက် ထိုသို့ပြုလုပ်ရာတွင် ကျွမ်းကျင်လာသည်။

အတိတ်ကာလ ခွန်လွန်အထင်ကရ(၉)ပါးတွင် ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ က လုပ်ကြံသတ်ဖြတ်ရာတွင် အထူးကျွမ်းကျင်သူအဖြစ် ထင်ရှားခဲ့ပြီး မိမိကိုယ်ကိုဖုံးကွယ်နိုင်မှုများနှင့် လျှို့ဝှက်နေရာယူမှုများတွင် အလွန်တော်သည်။

သူမ ဓားထုတ်လိုက်သည်နှင့် ပြင်းထန်သောတန်ခိုးစွမ်းအားထွက်ပေါ်လာပြီး ဓားပြန်သိမ်းလိုက်သည်နှင့် သူမ၏တည်နေရာကို ချက်ချင်းပင် ပြန်လည်ဖုံးကွယ်ထားနိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့ အချိန်အတန်ကြာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီးနောက် အဝေးတစ်နေရာမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

သို့သော် ထိုအလင်းတန်းက လင်ချင်း၏ လရောင်ခြည်ကဲ့သို့ အေးစက်ငြိမ်သက်ခြင်းမရှိဘဲ နေရောင်ကဲ့သို့ ပူလောင်တောက်ပလွန်းသည်။

ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

“ကောင်းဟန်...”

ရောက်လာသူက လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ မဟုတ်ဘဲ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ဖြစ်နေလေသည်။

ထိုသူက ရန်ကျောက်ကဲအား အမြဲတမ်း လျှို့ဝှက်စွာသတိထားနေစေရန် လှုံ့ဆော်ပေးသူ ဖြစ်၏။

အနားသို့ရောက်လာသည်နှင့် နေရောင်ခြည်စွမ်းအားက ရပ်တန့်သွားပြီး ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ အဖြူရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုသူက ‘ကောင်းဟန်’ ပင် ဖြစ်၏။

သူက တည်ငြိမ်အေးဆေးသောဟန်ပန်ဖြင့် လက်နှစ်ဖက်နောက်ပစ်လျှက် အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထို့‌နောက် ဗလာကျင်းနေသည့် ပြင်ပစကြာဝဠာထဲတွင် စိုးရိမ်ပူပန်စိတ်မရှိဘဲ စောင့်ဆိုင်းနေတော့သည်။

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်လိုက်ချိန် ဖန်းယွင်ရှန်းက သူ့ကိုလှမ်းကြည့်လာသည်။

ယခင်က ရန်ကျောက်ကဲတို့အား လင်ချင်းမှတစ်ဆင့် ဆက်သွယ်လာသည်မှာ တိုက်ဆိုင်မှု မဟုတ်ခဲ့ပေ။

ရန်ကျောက်ကဲ ၊ ချန်ရွှမ်ကျုန်း ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများက သူ့အပေါ်ထားရှိသောအထင်အမြင်က အတော်လေးဆိုးရွားကြောင်း ကောင်းဟန်က သတိထားခဲ့မိသည်။

ထို့ကြောင့် သူကိုယ်တိုင်ရှေ့ထွက်လာပါက ရန်ကျောက်ကဲအနေဖြင့် ပြင်းထန်စွာ သတိထားမည်ဖြစ်ပြီး ဆက်သွယ်လာမှုကိုပင် ငြင်းပယ်နိုင်ဖွယ် ရှိသည်။

သို့ဖြစ်ရာ ယခင်ကကိစ္စများတွင် သူက ပါဝင်ပတ်သက်ခြင်းမရှိဘဲ လင်ချင်းမှတစ်ဆင့် ရန်ကျောက်ကဲတို့အား ဆက်သွယ်စေခဲ့ခြင်းသာပင်။

သို့သော် ယနေ့တော့ သူကိုယ်တိုင် ရှေ့ထွက်လာပြီ ဖြစ်၏။

ရန်ကျောက်ကဲမျက်နှာထက် စိတ်ဝင်စားသည့်အမူအရာ ထွက်ပေါ်လာပြီး ခဏကြာမှ သူက စကားဆိုလိုက်သည်။

“ငါတို့ဘက်ကပဲ သဘောထားကြီးလိုက်ကြတာပေါ့ ၊ တစ်ဖက်လူက ရောက်လာပြီဆိုမှတော့ ထွက်တွေ့လိုက်ကြတာပေါ့”

ပြောပြီးသည်နှင့် သူတို့နှစ်ယောက် ဗလာနယ်ထဲမှထွက်လာပြီး ကောင်းဟန်ရှေ့သို့ ရောက်ရှိသွားသည်။ သူတို့ရောက်လာကြောင်း သတိပြုမိသည်နှင့် ကောင်းဟန်က လှမ်းကြည့်လာသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကိုမြင်တော့ သူ့မျက်နှာထက် အနည်းငယ် ပြုံးယောင်သမ်းသွားသည်။

“အကြိမ်ပေါင်းရာနဲ့ချီပြီးကြားသိရတာထက် တစ်ကြိမ်တွေ့ဆုံရတာက ပိုကောင်းတယ်လို့ ဆိုကြတယ် ၊ မင်းတို့ဇနီးမောင်နှံက တကယ်ပဲ နဂါးနဲ့ ဇာမဏီ လို လိုက်ဖက်ညီတဲ့ ပါရမီရှင်တွေပဲ”

ရန်ကျောက်ကဲမျက်နှာထက် မည်သည့်ထူးခြားချက်မှမပြဘဲ တည်ငြိမ်စွာဖြင့်...

“နေဝန်းထက်ယံအရှင်သခင်က ချီးကျူးလွန်းနေပါပြီ”

သူက ဆက်ပြောလိုက်သည်။

“ပြောရရင် ကျွန်တော်ကသာ နေဝန်းထက်ယံအရှင်သခင်ကို ကျေးဇူးတင်စကားပြောရမှာပါ ၊ ခင်ဗျားဖန်တီးခဲ့တဲ့ ထူးကဲယန်စည်းတံဆိပ်ကြောင့် ကျွန်တော် ကိစ္စအတော်များများကို ကျော်ဖြတ်နိုင်ခဲ့တာပါ”

ယနေ့မှ သူတို့နှစ်ယောက် အမှန်တကယ် တွေ့ဆုံဖူးကြခြင်း ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက် အပြန်အလှန်နားလည်မှုမှာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့သူများထက်ပင် ကျော်လွန်နေကြောင်း မိုးကောင်းကင်သာလျှင် သိနိုင်သည်။

ကောင်းဟန်က အနည်းငယ် ပြုံးရင်း...

“မင်းရဲ့စကားက ငါ့ကို အပြစ်တင်နေသလိုပဲ ၊ အရင်တုန်းက အောက်ဘုံကမ္ဘာမှာ အဲဒီပစ္စည်းနဲ့အစားထိုးလှည့်စားခဲ့ပြီး ငါက လွတ်အောင်ပြေးခဲ့ရတာ ၊ တကယ့်ကို လူရယ်စရာကိစ္စတစ်ခု ဖြစ်ခဲ့တာပဲ”

ဤနေရာသို့ လင်ချင်းရောက်မလာဘဲ အဘယ်ကြောင့် ကောင်းဟန်ရောက်လာရကြောင်း ရန်ကျောက်ကဲက မေးမြန်းခြင်းမပြုပေ။

သူက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

“ကျွန်‌တော်တို့ ဇနီးမောင်နှံ အဖြူ‌ရောင်ကြာပန်းသုခဘုံက ကျဲရှင်ကမ္ဘာကိုရောက်ခဲ့တယ် ၊ အဲဒီအချိန်မှာပဲ အနောက်ဘက်သူတော်စင်ဘုံက ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်တွေ ကျူးကျော်တာနဲ့ ကြုံရလို့ နယ်မြေထဲ အတော်လေးဂယက်ရိုက်သွားတယ် ၊ ဒီတော့ ကျွန်တော်တို့လည်း ထင်ထားတာထက်ပိုပြီး အချိန်ရသွားတယ်”

ကောင်းဟန်က ခေါင်းညိတ်ရင်း...

“ဒီကြောင်းကို ကျုပ်နဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်လည်း သိပြီးပါပြီ”

သူက ဆက်ပြောသည်။

“အနောက်ဘက်သူတော်စင်ဘုံကလူတွေကို တိုက်တိုင်းအောင်ဗုဒ္ဓက ဦးဆောင်လာတယ် ၊ ဒါပေမဲ့ အဖြူ‌ရောင်ကြာပန်းသုခဘုံရဲ့ မီလဲ့ကိုယ်တော်က ထွက်ပေါ်မလာတဲ့အတွက် သူတို့ကိုတားဆီးဖို့ ခက်သွားတယ် ၊ နောက်မှ နတ်မိစ္ဆာမျိုးနွယ်တွေဘက်က ပင်းထျန်းမဟာသူတော်စင် နွားရိုင်းမိစ္ဆာဘုရင်ရောက်လာပြီး တိုက်တိုင်းအောင်ဗုဒ္ဓကို တားဆီးနိုင်ခဲ့တယ်”

“နောက်တော့ အဖြူ‌ရောင်ကြာပန်းသုခဘုံဘက်က လူအင်အားပိုများလာပြီး နတ်မိစ္ဆာမျိုးနွယ်တွေဘက်ကလည်း တခြားတန်ခိုးစွမ်းအားရှင်တွေ ရောက်လာတယ် ၊ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ အနောက်ဘက်သူတော်စင်ဘုံကလူတွေ အသာစီးမရနိုင်တာသိသွားတော့ ပြန်ဆုတ်ခွာသွားကြတယ်”

သူက ရယ်မောလိုက်ရင်း...

“ဒီကိစ္စက မထင်မှတ်ဘဲ ဖြစ်သွားတာပဲ ၊ ဒါပေမဲ့ ကျုပ်တို့အတွက်တော့ အကျိုးရှိသွားတယ်”

ရန်ကျောက်ကဲ အဖြူရောင်ကြာပန်းသုခဘုံသို့ ခိုးဝင်သည်ကို ဖုံးကွယ်ပေးရန်အတွက် ကောင်းဟန်နှင့် လင်ချင်းတို့က အဖြူရောင်ကြာပန်းသုခဘုံမှ ကျင့်ကြံသူများကို အာရုံပြောင်းလဲရန် ဆူပူမှုတချို့ ဖန်တီးခဲ့ကြသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်ပင်လျှင် ရန်သူကိုထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် သဲလွန်စအချို့ ထုတ်ဖော်ပြသခဲ့ရသည်။

အနောက်ဘက်သူတော်စင်ဘုံသာ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမရှိပါက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ‌ကောင်းဟန်တို့သည်လည်း ချောချောမောမော ကိုယ်လွတ်ရုန်းလာနိုင်မည် မဟုတ်ပေ။

အနောက်ဘက်သူတော်စင်ဘုံက ပိုမိုကြီးမားသော ဆူပူမှုဖြင့် ကျူးကျော်ဝင်ရောက်လာလေရာ အဖြူရောင်ကြာပန်းသုခဘုံက သူတို့ကိုအာရုံစိုက်နေရသဖြင့် ကောင်းဟန်တို့အုပ်စု လွတ်မြောက်ရန် ပိုမိုလွယ်ကူသွားခဲ့သည်။

ရန်ကျောက်ကဲက အေးဆေးသည့်လေသံဖြင့်...

“တောင်ပိုင်းချန်စန်းဧကရာဇ် ခန့်မှန်းတဲ့အတိုင်း ဒြပ်စင်ငါးပါးတောင်အောက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတစ်ယောက် ရှိနေပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီ’ရန်’ က ပေးအပ်တဲ့တာဝန်ကို အောင်မြင်စွာထမ်းဆောင်ခဲ့ပြီး... ဒြပ်စင်ငါးပါးတောင်အောက်အထိဆင်းပြီး အတွင်းကျကျ စူးစမ်းလေ့လာခဲ့ပါတယ်”

“အဲဒီနေရာမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူက ချီထျန်းမဟာသူတော်စင် မျောက်မင်း’စွန်းဝူခုန်း’ ပါပဲ”

ထိုစကာကိုကြားတော့ ကောင်းဟန်၏မျက်ဝန်းများ တောက်ပသွားသည်။

“ချီထျန်းမဟာသူတော်စင် ဟုတ်လား ၊ ချီထျန်းမဟာသူတော်စင် (၂)ယောက် ရှိနေတာလား ၊ မင်းသိတဲ့အတိုင်း... တိုက်တိုင်းအောင်ဗုဒ္ဓကလည်း ချီထျန်းမဟာသူတော်စင်ကနေ ဗုဒ္ဓအဖြစ် ပြောင်းလဲသွားတဲ့သူပဲလေ”

သူက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဒါမှမဟုတ် သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က ဒဏ္ဍာရီထဲမှာ မျောက်မင်း အတုနဲ့အစစ် ရောထွေးအောင်လုပ်ခဲ့တဲ့ နားရွက်ခြောက်ဖက်ပါတဲ့မျောက်များလား”

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“ကျမ်းစာသွားပင့်ပြီး ဗုဒ္ဓဖြစ်လာတဲ့သူက ‘စွန်းရှင်ကျေ’ ပါ ၊ နားရွက်ခြောက်ဖက်မျောက်ကတော့ စွန်းရှင်ကျေရဲ့စိတ်နှလုံးက ပေါက်ဖွားလာတဲ့ ကိုယ်တွင်းမိစ္ဆာပါပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အခု ကျွန်တော်တို့တွေ့ခဲ့တဲ့ ချီထျန်းမဟာသူတော်စင်က အစကတည်းက ဒြပ်စင်ငါးပါးတောင်အောက်မှာ ဖမ်းဆီးထိန်းချုပ်ခံထားရပြီး တစ်ခါမှ လွတ်မြောက်မလာခဲ့ပါဘူး”

“ချီထျန်းမဟာသူတော်စင်က စွန်းဝူခုန်း ဖြစ်သလို စွန်းရှင်ကျေကလည်း စွန်းဝူခုန်းပါပဲ ၊ ဒါပေမဲ့ စွန်းရှင်ကျေက ချီထျန်းမဟာသူတော်စင် မဟုတ်ပါဘူး”

ရန်ကျောက်ကဲ၏စကားက နက်နဲသော်လည်း ကောင်းဟန်က ချက်ချင်းပင် သဘောပေါက်သွားသည်။

“ဒါဆို အရင်တုန်းက ဘုန်းတော်ကြီး’စန်းကျန့်’ သူ့ကို အချုပ်အနှောင်ကလွှတ်ပေးဖို့ ကူညီတုန်းမှာ စွန်းဝူခုန်း နှစ်ပိုင်းကွဲသွားခဲ့တာလား”

သူက ခေါင်းငုံ့ရင်း ဖြည်းညင်းစွာ ရယ်မောလိုက်ပြီး...

“မအံ့သြတော့ပါဘူး မအံ့သြတော့ပါဘူး...”

“ချီထျန်းမဟာသူတော်စင်က နွီဝါးမယ်တော် ကောင်းကင်ကိုပြုပြင်တုန်းကကျန်ရစ်ခဲ့တဲ့ ရောင်စဉ်ငါးသွယ်ကျောက်တုံးတွေထဲက မြေကြီးအမြုတေကျောက်တုံးကနေ မွေးဖွားလာတဲ့သူဖြစ်ပြီး လူသားအမြုတေကျောက်တုံးရဲ့ ထူးခြားတဲ့ပြောင်းလဲမှုကို ထိန်းချုပ်နိုင်တဲ့ အံ့သြစရာစွမ်းရည်ကို ပိုင်ဆိုင်ထားတယ် ၊ ဟိုးအရင် အလယ်ခေတ်ကာလတုန်းက နတ်မိစ္ဆာတွေက အရှေ့ဘက်ကို ဗုဒ္ဓဘာသာပျံ့ပွားလာမှာကိုတားဆီးဖို့ အစီအရင်တစ်ခုတည်ဆောက်ပြီး အဲဒီအစီအရင်မှာ လူသားအမြုတေကျောက်တုံးရဲ့ထူးခြားမှုတွေကို အသုံးပြုထားတယ် ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာကို ပြောင်းလဲဝင်ရောက်လာတဲ့ ချီထျန်းမဟာသူတော်စင်က နတ်မိစ္ဆာတွေကို ပြန်ပြီးတိုက်ခိုက်ခဲ့တယ်”

“နတ်မိစ္ဆာမျိုးနွယ်တွေ ဒေါသထွက်ခဲ့ကြပေမယ့် အစီအရင်တစ်ခုလုံး ပျက်ဆီးသွားတာကို ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး ၊ အဆုံးသတ်မှာ ဟာကွက်သေးသေးလေးတစ်ခုက အစီအရင်တစ်ခုလုံး ပြန်ပြင်လို့မရအောင် ပျက်ဆီးသွားစေပြီး လုံးဝရှုံးနိမ့်သွားခဲ့တယ်”

ကောင်းဟန်က ဆက်တိုက်ဆိုသလို ခေါင်းခါယမ်းလိုက်ပြီး...

“အဲဒီခေတ်တုန်းက စိတ်မြန်လက်မြန်ရှိတဲ့ ချီထျန်းမဟာသူတော်စင်က အလယ်ပိုင်းသုခဘုံဘက်ကို ပြောင်းလဲသွားခဲ့တယ် ၊ အဲဒီကိစ္စက လူတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားပြီး မယုံနိုင်စရာဖြစ်ခဲ့ကြရတယ် ၊ ဒါပေမဲ့ အခုလိုမျိုးဖြစ်လာမယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ကြဘူး”

သူက ရန်ကျောက်ကဲအား ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက ကျုပ်ထင်ခဲ့တာက ဖမ်းဆီးခံထားရတဲ့သူက မျောက်မင်း အစစ်လား အတုလား တစ်ယောက်ယောက်ဖြစ်မယ် ထင်ခဲ့တာ”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဒီတစ်ခေါက် ခရီးထွက်တာ အဖြေမရတဲ့ ပ‌ဟေဠိတစ်ခုကိုလည်း ချီထျန်းမဟာသူတော်စင်ဆီက အဖြေရခဲ့တယ်”

All Chapters